မြို့မဆရာဟိန် - ကျွန်ုပ်၏စွန့်စားခြင်း
တစ်ပါရေရီမြို့မှ ၄ မိုင်အကွာ ဒိုနိုဟီးရွာကလေးတွင် ကျွန်ုပ်သည် အိုင်းရစ်အပျော်တမ်းရဲတပ်သားတစ်ဦးအဖြစ် ပထမအကြိမ် စာရင်းသွင်း ခဲ့သည်မှာ ၁၉၁၄ ခုနှစ်ဖြစ်၏။ ထိုအခါတွင် ကျွန်ုပ်သည် အသက် ၂ဝ မျှသာရှိသေး၏။ မကြာမီ ပုလိပ်တို့က ကျွန်ုပ်အား “ဆင်ဖိန်းကလေး ဟု အမှတ်ပြုကြလေသည်။ နောင်သောအခါ၌လည်း ဤပုလိပ်များပင် ကျွန်ုပ်အား “လူသတ်မင်းသား” ဟူသော ဘွဲ့ထူးကို ချီးမြှင့်ကြပြန်၏။ ဤတွင် ခေတ္တရပ်နား၍ ကျွန်ုပ်တို့သည် ထိုအခါက အိုင်ယာလန်ပြည်၏ တိုင်းရေးပြည်ရေးအခြေအနေကို ဖော်ပြပါဦးအံ့။ ။
အင်္ဂလိပ်ပါလီမန်လွှတ်တော်က အိုင်ယာလန်ပြည်အား ဟုမ္မရူး ပေးရန် ဆုံးဖြတ်ပြဋ္ဌာန်းလိုက်လေသည်။ ဟုမ္မရူးဥပဒေကြမ်းအရ ဒပ် ဗလင်မြို့တော်တွင် ပါလီမန်လွှတ်တော် ဖွင့်လှစ်ပါလျှင် ဆန့်ကျင်ကန့် ကွက်ကြမည်ဟု ကြေညာသူများမှာ အိုင်ယာလန်ပြည်မြောက်ပိုင်းရှိ ဩ ရိန်းနယ်သူနယ်သား လူနည်းစုတို့ပင်ဖြစ်၏။ သူတို့အား ငွေအားလူအား ဖြင့် ထောက်ခံအားပေးနေသူများမှာ အင်္ဂလိပ် “တိုရီ” အသင်းဝင် ချမ်းသာ ကြွယ်ဝသူများဖြစ်ပေသည်။ ဩရိန်းနယ်သားတို့သည် အသင်းများ ဖွဲ့စည်းပြီးလျှင် အင်္ဂလိပ်ပါလီမန်လွှတ်တော်အား တော်လှန်ရန် လက်နက်စွဲ ကိုင်၍ စစ်ရေးပြကာ လေ့ကျင့်နေကြ၏။
ထိုအချိန်တွင် အိုင်ယာလန်ပြည်သူပြည်သားတို့သည် ဆင်ဖိန်း အသင်းကြီး၏ တိုင်းရေးပြည်ရေးဝါဒကို ကောင်းစွာ မသိကြသေးပေ။ အိုင်းရစ်လူများစုတို့ကို ကြိုးကိုင်နေသူများသည်လည်း အများအားဖြင့် ဂျွန်ရက်ဒမွန်ကြီးမှူးသော 'ပါလီမန်ထရီအဖွဲ့ ဝင်” အသင်းသားများဖြစ် ၏။ ပီရာဆီနှင့် မက္ကနီးအစရှိသော ဉာဏ်ထက်သည့် ခေါင်းဆောင်များ က ဩရိန်းနယ်မှ ရဲတပ်သားများကို အတုယူပြီးလျှင် ကျန် အိုင်ယာလန် ပြည်သူပြည်သားများအားလည်း ရဲတပ်သားများဖြစ်အောင် ဆောင်ရွက် ရန် ကြံစည်မိကြလေသည်။ ပီရာဆီနှင့် မက္ကနီးတို့သည် မျိုးချစ်ပုဂ္ဂိုလ်များ အား အပျော်တမ်းစစ်တပ်များသို့ ဝင်ကြရန် နှိုးဆော်တိုက်တွန်းခြင်းပြု ၏။ “ဖင်နီယံဝါဒ”(အကြမ်းဖက်သောဝါဒ)ကို ကြိုက်နှစ်သက်သူများ လည်းရှိသေး၏။ ဟုမ္မရူးဥပဒေကြမ်းကို မလိုလားသောလူများကလည်း မိမိတို့၏ အခွင့်အရေးကြုံပြီဟု ယူဆကြ၏ ။ ရဲတပ်များတည်ထောင်ရန် နှိုးဆော်သည့်အတိုင်း အိုင်းရစ်ရဲတပ်များ ဖွဲ့စည်းတည်ထောင်ကြကုန်၏။
၁၉၁၄ ခုနှစ်၊ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာသောအခါ အိုင်ယာ လန်ပြည်တွင် ရည်ရွယ်ချက်တစ်မျိုးစီနှင့် အဝတ်အစားတစ်မျိုးစီ ခြားနားသော စစ်တပ်အဖွဲ့ သုံးမျိုး ပေါ်ပေါက်လာ၏။ ဤစစ်တပ်များမှာ အင်္ဂလိပ်စစ်တပ်၊ အိုင်ယာလန်မြောက်ပိုင်းရှိ ဩရိန်းနယ် အပျော်တမ်း တပ်နှင့် အိုင်းရစ်ရဲတပ်များဖြစ်၏။
ကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ဂျွန်ရက်ဒမွန်နှင့် သူ၏နောက် လိုက်နောက်ပါတစ်စုသည် ဗြိတိသျှလူမျိုးတို့နှင့် ပူးပေါင်းကာ အင်္ဂလိပ် စစ်တပ်သို့၊ အိုင်ယာလန်ပြည်သားများ ဝင်ရောက်ကြရန် တိုက်တွန်းနှိုး ဆော်၏။ ဩရိန်းနယ် အပျော်တမ်းတပ်သားများကလည်း အင်္ဂလိပ်တို့အား ကူညီကြရန် အားတက်သရော ဆောင်ရွက်နေကြ၏။
ထိုအခါတွင် အိုင်းရစ်ရဲတပ်သားတို့လည်း အချင်းချင်း သဘော ကွဲလွဲလျက် ဝါးအစည်းပြေသကဲ့သို့ဖြစ်ရာ များစွာသော အိုင်းရစ်ရဲတပ် သားတို့သည် အင်္ဂလိပ်စစ်တပ်များသို့ ဝင်ကြကုန်၏။ သို့သော် ခေါင်းမာ သော လူငယ်တစ်စုသာလျှင် အိုင်ယာလန်ပြည်၏အကျိုးကိုသာကြည့်၍ ကြားနေကြ၏။ အင်္ဂလိပ်တို့က ‘တိုင်းငယ်ပြည်ငယ်များကို ကာကွယ်ရန် တိုက်ခိုက်ရခြင်း” သဘောတူစာချုပ်များ၏ဂုဏ်ကို ထိခိုက်သောကြောင့် တိုက်ခိုက်ရခြင်း” ဟူ၍ အကြောင်းပြသော ပရိယာယ်စကားတို့ကို မယုံ ကြည်သူတို့မှာ ဤမျိုးချစ်လူငယ်တစ်စုသာဖြစ်၏။ ဤလူငယ်တစ်စု သည် အိုင်ယာလန်ပြည် လုံးဝလွတ်လပ်မှုကိုသာ နှလုံးသွင်းကြ၏ ။ သူတို့အထဲမှ စကားပြောကောင်းသူတို့သည် ဆင်ဖိန်းအသင်း၏ စည်း မျဉ်းဝါဒကို ထောက်ခံအားပေးသူများဖြစ်၍ သူတို့အား ဆင်ဖိန်းရဲ တပ်သား” များဟု ခေါ်ဝေါ်ကြကုန်၏။
ဒိုနိုဟီးရွာရှိ ကျွန်ုပ်တို့ရဲတပ်ကလေးသည် အထက်ပါ လူနည်းစု မျိုးချစ်များ၏ အသင်းခွဲတစ်ခုပင်ဖြစ်၏။ အင်္ဂလိပ်စစ်တပ်သို့ဝင်ရန် တိုက်တွန်းသော ဂျွန်ရက်ဒမွန်၏စကားကို ကျွန်ုပ်တို့သည် အရေးစိုက်သူ များမဟုတ်ပေ။ အချိန်တန်လျှင် ကျွန်ုပ်တို့၏ တစ်ဦးတည်းသောရန်သူဟု မှတ်ထားသော အင်္ဂလိပ်အား “ဆော်”ရန်အတွက် ကျွန်ုပ်တို့သည် အတိ အလင်း စစ်ရေးပြခြင်း၊ လေ့ကျင့်ခြင်းကို ပြုကြကုန်၏။
ကမ္ဘာစစ်ကြီးဖြစ်ပွားနေစဉ် ပုလိပ်တို့သည် ကျွန်ုပ်တို့အား အထူး စောင့်ကြည့်နေကြ၏။ ကျွန်ုပ်တို့အား “ဂျာမန်ဘက်သား” များဟု စွပ်စွဲကြ ၏။
ဤသို့ မဟုတ်မမှန် စွပ်စွဲရေးသားသော သတင်းစာများကို ဖတ်ရှု ပြီးလျှင် များစွာသော အိုင်းရစ်လူမျိုးတို့သည် အင်္ဂလိပ်နှင့် ဂျာမန်စစ်ပွဲကြီးတွင် အင်္ဂလိပ်တို့ကို အားပေးကြလေသည်။ စစ်မြေပြင်ဝယ် မြေကတုတ် အတွင်း၌ နေကြရသော အင်္ဂလိပ်စစ်သားများ၊ သက်သာချောင်ချိရေး အတွက် ရန်ပုံငွေများ ကောက်ခံကြရာ အင်္ဂလိပ်အစိုးရအမှုထမ်းများ၊ အိုင်းရစ်ဓနရှင်များနှင့် မြေပိုင်ရှင်ကြီးများက အထူးအားပေး၍ ရန်ပုံငွေ များ ထည့်ဝင်လှူဒါန်းကြ၏။ ကျွန်ုပ်တို့ အိုင်းရစ်ရဲတပ်သားများသည် ဤလူစုထဲတွင် မပါဝင်ချေ။ ကျွန်ုပ်သည် ဤရန်ပုံငွေသို့ တစ်ပြား တစ်ချပ်မျှ ထည့်ဝင်လှူဒါန်းခြင်းမပြုသဖြင့် ပုလိပ်တို့သည် ကျွန်ုပ်အား မျက်မုန်းကျိုးနေကြ၏။ ကျွန်ုပ်သည် “ဂရိတ်-ဆောက်သင်း-အင်ဝက် စတန်းရေးလေ” ခေါ် မီးရထားဘက်ဌာနတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ရာ ကျွန်ုပ်၏အထက်အရာရှိများအား ကျွန်ုပ်သည် သစ္စာဖောက်သူ ဖြစ်ကြောင်းနှင့် ပုလိပ်တို့က “ချောက်တွန်း” ထားလေသည်။
ဤပုလိပ်အဖွဲ့များအကြောင်းကို သိရှိရန် ရှင်းလင်းပါဦးအံ့။ ယခု အခါ သမိုင်း၌သာ အမည်တည်ရစ်သော ရွိုင်ရယ်အိုင်းရစ်ကွန် စတက် ဖြူလာရီ” ခေါ် ပုလိပ်အဖွဲ့သည် အခြားတိုင်းပြည်ရှိ ပုလိပ်အဖွဲ့များနှင့် အလျဉ်းမတူပေ။ ဤအဖွဲ့ ဝင် ပုလိပ်သားများအား လက်နက်များ စွဲကိုင် တတ်အောင် သင်ကြားပြသပေးပြီးနောက် ရိုင်ဖယ်သေနတ်များနှင့် ယမ်းတောင့်များ ပေးထားရကား စစ်အတတ်နှင့် ပုလိပ်အလုပ် တွဲထားသော “စစ်ပုလိပ်” များပင်ဖြစ်လေသည်။ (ဤသို့သော ပုလိပ်များ ကျွန်ုပ်တို့ မြန်မာပြည်၌လည်း ရှိ၏။ သူတို့အား (Military Police) စစ်ပုလိပ်” ဟူ၍ပင် ခေါ်နေကြ၏) စင်စစ်အားဖြင့် အိုင်ယာလန်ပြည်တွင် ရာဇဝတ် မှုများ မရှိသလောက် ကင်းရှင်းရကား ထိုစစ်ပုလိပ်တို့၏အလုပ်မှာ ကျွန်ုပ် တို့ အိုင်းရစ်ရဲတပ်သားများနှင့် အိုင်ယာလန်ပြည် လုံးဝလွတ်မြောက်ရေး အတွက် ကြိုးပမ်းအားထုတ်နေသူများကို ခြေရာခံ၍ လိုက်နေရခြင်းပင် ဖြစ်၏။ အိုင်းရစ်ဘုန်းကြီးများ ဟောသော တရားများကိုပင် အထက်အစိုးရထံ သူတို့ အစီရင်ခံရလေသည်။ နေရာဒေသ အကြီးအငယ်ကို လိုက်၍ တချို့ရွာကလေးတွင် နှစ်ယောက်၊ တချို့မြို့တွင် ဆယ်ယောက်၊ တချို့မြို့တွင် နှစ်ဆယ် စသည်ဖြင့် အဆိုပါ စစ်ပုလိပ်တို့ကို တစ်တိုင်း တစ်ပြည်လုံး အနှံ့အပြား နေရာချထားရာ စုစုပေါင်း တစ်သောင်းခန့် အရေအတွက်ရှိ၏။ ဤစစ်ပုလိပ်များကား အများအားဖြင့် အိုင်းရစ်အမျိုး သားများမှ ပေါက်ဖွားသူတို့ပင်ဖြစ်လျက် အိုင်ယာလန်ပြည်တွင်ရှိသော အင်္ဂလိပ်စစ်တပ်၏ ဦးနှောက်များဟူ၍ သူတို့အား ခေါ်ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် အိုင်ယာလန်ပြည်၌နေရသော အင်္ဂလိပ်စစ်သား ၄ဝဝဝဝ ခန့်တို့သည် တိုင်းပြည်၏ အကြောင်း၊ တိုင်းရင်းသားတို့၏ အကြောင်းနှင့် သမိုင်းရာဇဝင်ကို နားလည်သူများ မဟုတ်ရကား ဤ ရွိုင်ရယ်အိုင်းရစ်စစ်ပုလိပ်အဖွဲ့ ဝင်များကသာ သူတို့အား အကူအညီမပေး ပါလျှင် သူတို့ ဘာမျှ ထိရောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ချေ။
ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသောအခါ ကျွန်ုပ်သည် မိမိအလုပ်ကို နေ့စဉ်ပင် လုပ်ကိုင်မြဲလုပ်ကိုင်နေ၏။ ကျွန်ုပ်တို့မြို့ရှိ အိုင်းရစ်ရဲတပ်တွင် ရဲတပ်သား ရိုးရိုးထက် ပို၍ ဆောင်ရွက်ခြင်းမပြုပေ။ တနင်္ဂနွေတစ်ပတ် လျှင် တစ်ကြိမ်နှစ်ကြိမ်မျှ စစ်ရေးပြလေ့ရှိ၏။ ရိုင်ဖယ်သေနတ်ဖြစ်စေ၊ ခြောက်လုံးပြူးဖြစ်စေ ရသမျှလက်နက်ကို တွေ့ရာနေရာမှ အလစ်သုတ် ခြင်းကိုမူ မကြာခဏပြုရ၏။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ ရဲတပ်သားများ မှာ လက်နက်အနည်းငယ်သာရှိ၏။
ကျွန်ုပ်တို့သည် အထက်ပါနည်းအတိုင်း ၁၉၁၅ ခုနှစ်မှ ၁၉၁၆ ခုနှစ်အထိ လက်နက်များ စုဆောင်းခဲ့ကြသည်။ ၁၉၁၆ ခုနှစ်၊ အီစတာပွဲ နေ့တွင် ဒပ်ဗလင်မြို့၌ လွတ်လပ်ရေးတိုက်ပွဲကြီး စတင်တိုက်ခိုက်ရာတွင် ကျွန်ုပ်တို့ထံသို့ရောက်သော အမိန့်များမှာ အမျိုးမျိုးဖြစ်နေသဖြင့် ကျွန်ုပ် တို့၏အစွမ်းသတ္တိကို မပြလိုက်ကြရပေ။