Skip to product information
1 of 3

Other Websites

မြသန်းတင့် - ရေပွက်ပမာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ၁၉၆၃ ခု အောက်တိုဘာလ ၂၄ ရက် ကြာသပတေးနေ့ ညနေ လေးနာရီအချိန်တွင် ကျွန်မသည် ရောမမြို့ မီနာဗာဟိုတယ်က ကျွန်မအခန်းထဲတွင် ရှိနေသည်။ နောက်တစ်နေ့တွင် အိမ်သို့ပြန်မည်ဖြစ်သဖြင့် စာရွက် စာတမ်းများကို သိမ်းဆည်းနေစဉ် တယ်လီဖုန်းခေါင်းလောင်း သံမြည်လာ၏။ ဘိုစ်က ပါရီမှ လှမ်းခေါ် နေခြင်းဖြစ်သည်။ “ခင်ဗျားအမေမတော်တဆ ထိခိုက်မိလို့ဟု သူကပြောသည်။ မော်တော်ကားတိုက်တာပဲ ဖြစ်မည်ဟု ကျွန်မထင်လိုက်သည်။ အမေသည် တောင်ဝှေးတစ်ချောင်းဖြင့် လမ်းမမှ စပြီ ပေါ်သို့ ခက်ခက်ခဲခဲ တက်မည်။ ထိုစဉ် မော်တော်ကား ဝင်တိုက်သွားပုံရသည်။ “ရေချိုးခန်းထဲမှာ ချော်လဲတာ တင်ပဆုံ ရိုးကျိုးသွားတယ်”ဟု ဘိုစ်က ပြောသည်။ ဘိုစ်သည် အမေနှင့် တစ်တိုက်တည်းနေသူဖြစ်၏။ မနေ့ည ဆယ်နာရီလောက်က သူနှင့် အော်လဂါတို့ အပေါ်ထပ်သို့တက်သွားကြောင်း၊ သူတို့အရင်လူသုံးဦး ရောက်နေသည်ကို တွေ့ရကြောင်း၊ အမျိုးသမီးတစ်ယောက်နှင့် ရဲနှစ်ယောက် တို့ဖြစ်ကြောင်း။ “ဒုတိယထပ်အထက်က လှေကားထစ် ပေါ်မှာ ဟု အမျိုးသမီးက ပြောနေသည်။ မဒမ်ဒီဗူးဗွား တစ်ခုခု ဖြစ်သလားဟု စုံစမ်းကြည့်ကြောင်း၊ လဲကျလို့ဟု ပြောကြောင်း၊ မဒမ်ဒီဗူးဗွာသည် နှစ်နာရီကြာမျှ ကြမ်းပြင် ပေါ်တွင် ဝမ်းလျားထိုးကာ တယ်လီဖုန်းဆီသို့ လာရကြောင်း၊ သူ့အသိမဒမ်ကာကို ခေါ်ပြီးအပြင်မှနေ၍ တံခါးကို ဖျက်အဝင်ခိုင်းကြောင်း၊ ဘိုစ်နှင့်အော်လဂါတို့လည်း သူတို့နှင့် အတူ အပေါ်ထပ်သို့ လိုက်သွားကြကြောင်း၊ အနီရောင် ချည်ကတ္တီပါညဝတ်အင်္ကျီကိုဝတ်လျက် ကြမ်းပြင် ပေါ်တွင် လဲကျနေသည်ကို တွေ့ရကြောင်း၊ တစ်တိုက်တည်းနေသော အမျိုးသမီးဆရာဝန် ဒေါက်တာလာကရိုးက တင်ပဆုံရိုး ကျိုးသွားသည်ဟု ပြောကြောင်း၊ သူနာပြုကားဖြင့် ဗျူစီကို ဆေးရုံသို့ ပို့လိုက်ကြောင်း၊ ထိုညတစ်ညလုံးဆေးရုံ သာမန် အခန်းတွင် ထားရကြောင်း။

          “ဒါနဲ့ ကျွန်တော်က အပြင်ဆေးတိုက် တစ်တိုက်ကို ပို့လိုက်တယ်၊ အဲဒီမှာ ဆရာဘီရှိတယ်လေ၊ အရိုးကုမှာတော့ အကောင်းဆုံးမဟုတ်လား။ အဘွားကြီးကတော့ မပို့ပါနဲ့လို့ အတင်းပြောတယ် ခင်ဗျားမှာ ပိုက်ဆံအကုန်အကျသိပ်များ နေလိမ့်မယ်တဲ့၊ မနည်းကြီးပြောမှ လက်ခံတယ်” ဟု ဘိုစ်က ပြောသည်။

          ဪ ဖြစ်မှဖြစ်ရလေအမေရယ်။ လွန်ခဲ့သည့် ငါးပတ် ကျွန်မ မော်စကိုမှ ပြန်ရောက်ခါစက အမေနှင့် အတူသွား၍ နေ့လယ်စာ စားခဲ့သေးသည်။ အမေ့ကို ကြည့်ရသည်မှာ ထုံးစံအတိုင်း ချည့်ချည့်နဲ့နဲ့။ တလောတုန်းကမူ သူ့ကိုယ်သူ အရွယ်နှင့်စာလျင် နုသေးသည်ဟုဆိုကာ ပီတိတွေဖြစ်ခဲ့သော သည်။ သို့ရာတွင် ယခုမူ သူ့ကိုယ်သူ မလှည့်စားနိုင်တော့။ | အမေသည် အသက်ခုနစ်ဆယ်ခုနစ်နှစ် ရှိပြီ၊ အိုစာကျရှာပြီ။ | စစ်ပြီးကတည်းကဖြစ်သော အဆစ်အမြစ်ကိုက်သည့်ရောဂါ ကလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးလာသည်။ အနှိပ်သည် တွေ ဆေးတွေ ကုခဲ့သော်လည်း ဘာမျှမထူး၊ သူနေသည့် တိုက်တန်းကို တစ်ပတ်လောက် လှည့်လျှောက်လျှင်ပင် တစ်နာရီလောက် လျှောက်ရသည်။ အကိုက်အခဲအားကြီး သဖြင့် အက်စပရင် ခြောက်ပြားလောက် သောက်သည့်တိုင် ညညတွင် ကောင်းကောင်းမအိပ်နိုင်။ လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ် အထူးသဖြင့် လွန်ခဲ့သည့် ဆောင်းတွင်းတုန်းကမူ မျက်ကွင်းကြီးတွေ မဲညိုနေကာ မျက်နှာကလည်း အတော်ချီး ကျသွားသည်။ နှာခေါင်းတစ်ဝိုက်ကလည်း ကျုံ့ဝင်သွား သည်။ ဆရာဝန် ဖြစ်သူဒေါက်တာဒီကမူ အသည်း ချွတ်ယွင်းပြီး ဝမ်းချုပ်လို့ဖြစ်တာ၊ ကိစ္စမရှိဟု ပြောသည်။ ဆရာသည် အမေ့ကို ဆေးအမျိုးမျိုးပေး၏။ ဝမ်းချုပ်သည့် အတွက် မန်ကျည်းယိုကို အစားခိုင်း၏။ ထိုနေ့က အမေ ကောင်းကောင်း၊ မကျန်းမာသည်ကို တွေ့ရသည့်အခါတွင်ကျွန်မအံ့ဩခြင်းမဖြစ်။ အမေသည် နွေရာသီတွင် အနားမယူ ဖြစ်ခဲ့သည့်အတွက်သာ ကျွန်မစိတ်မကောင်းဖြစ်မိသည်။ တကယ်ဆိုလျှင် အမေသည် ကျေးလက်က စခန်းကလေး တစ်ခုတွင် ဖြစ်ဖြစ်၊ မယ်သီလရှင်ဇရပ်တွင်ဖြစ်ဖြစ် သွား၍ အနားယူဖို့ကောင်း၏ ၊ သို့ရာတွင် မေရီနက်တွင်ရှိသည့် ကျွန်မညီမဝမ်းကွဲ ဂျင်းကခေါ်မည်လား၊ ရှာရက်ဘာဂျင်ရှိ ကျွန်မညီမက ခေါ်မည်လားဟု မျှော်နေပုံရသည်။ သူတို့ နှစ်ယောက်စလုံးက မခေါ်ဖြစ်သည့်အခါတွင် အမေသည် ပါရီတွင် သောင်တင်နေရစ်ခဲ့၏။ မိုးကလည်း ရွာလိုက်သည့် ဖြစ်ခြင်း၊ ပါရီတစ်မြို့လုံးလည်း လူသူကင်းရှင်းလျက်၊ “ငါ ဘယ်တုန်းကမှ အားမငယ်တတ်ဘူး။ ဒါပေမယ့် အဲဒီတုန်းကတော့ တော်တော်အားငယ်တယ်” ဟု အမေက ပြောသည်။ကံအားလျော်စွာကျွန်မနှင့်တွေ့ပြီးမကြာခင်မှာပင် ညီမဖြစ်သူက အယ်ဇေနယ်သို့ ခေါ်သွားသည်။ ယခုဆိုလျှင် သူ့အပေါင်းအသင်းတွေလည်း ပါရီသို့ ပြန်ရောက်ကုန်ကြပြီ။ ကျွန်မလည်း ကမ္ဘာအနှံ့ခရီး ထွက် နေရာမှ ပြန်လာပြီ။ တင်ပဆုံရိုးကျိုးသည်မှအပအမေ့ကျန်းမာရေးသည်အကောင်း ပကတိ၊ နှလုံးအခြေအနေ ကလည်းကောင်း၊ သွေးပေါင်ချိန် ကလည်း ငယ်ငယ်ရွယ်ရွယ် မိန်းမပျိုကလေး တစ်ယောက် အတိုင်းပင်၊ ရုတ်တရက်ချက်ချင်း သည်လိုအဖြစ်မျိုးနှင့် တွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်မ မထင်ခဲ့။

            ညနေခြောက်နာရီတွင် အမေရှိရာ အပြင်ဆေးကုခန်း

           သို့ ကျွန်မ တယ်လီဖုန်း ဆက်၍စကားပြောသည်။ ကျွန်မ လည်းအိမ်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း၊ ရောက်လျှင် ရောက်ချင်း အမေ့ဆီလာခဲ့မည် ဖြစ်ကြောင်း ပြောလိုက်၏။ အကို မယုံမရဲ၊ အသံတုန်တုန်ဖြင့် စကားတွေ ပြန်ပြော၏။ ဒေါက်တာဘီက တယ်လီဖုန်းကို ကောက်ကိုင်ပြီး စနေနေ့ မနက်တွင် အမေ့ အရိုးကို ခွဲစိတ်ကုသမည်ဟု ဆိုသည်။

           ပြန်ရောက်၍ သူ့ခုတင်အနီးသို့ ကျွန်မရောက်သွား သည့်အခါတွင် “နေနိုင်လိုက်တာ၊ နှစ်လလုံးလုံး စာကလေး တစ်စောင် ရေးဖော်မရဘူးဟု ပြောသည်။

          ကျွန်မက မကြာသေးမီကမှ ခွဲခဲ့ရခြင်းဖြစ်ကြောင်း၊ ရောမမှာနေ၍ စာတစ်စောင်ထည့်လိုက်သေးကြောင်း ပြန်ပြောသည့်အခါတွင် အမေသည် ကျွန်မစကားကို မယုံသည့်ဟန်ဖြင့် နားထောင်နေသည်။ သူ့လက်နှင့် နဖူးမှာ ချစ်ချစ်တောက်လျက်။ ပါးစပ်ကလည်း နည်းနည်းရဲ့ နေသည်။ စကားပြောတော့လည်း မပီမသ ဗလုံးဗထွေး။ သတိလည်းသိပ်မကောင်းချင်၊ လဲကျသွားစဉ်က လန့်သွား သဖြင့် ထိုသို့ဖြစ်နေသလောမသိ။ သို့မဟုတ်လျှင်လည်း နည်းနည်းပါးပါး လေဖြတ်သောကြောင့်လဲကျသွားခြင်းလော မဆိုနိုင်၊ အမေသည် အမြဲတမ်းအကြောဆွဲနေတတ်သည်။ (အမြဲတမ်းချည်းတော့ မဟုတ်ပါ။ ကြာတော့ကြာပါပြီ။ ဘယ်တုန်းက ဖြစ်ခဲ့သည်ကိုကျွန်မမမှတ်မိတော့၊ အမေသည် မျက်လုံးကို မကြာခဏစုံမှိတ်တတ်၏၊ မျက်ခုံးသည်အထက်သို့ တက်သွားပြီး နဖူးတွန့်သွားတတ်၏ ၊သူ့အနားသို့ ကျွန်မရောက်ကတည်းက တချိန်လုံးထိုအတိုင်း ဖြစ်နေ သည်။ တစ်စက္ကန့်ကလေးမျှမရပ်။ ပြေချောဝိုင်းဝန်းသည့် မျက်ခွံများအောက်သို့ ကျလာသည့်အခါတွင် မျက်လုံးကို လုံးဝဖုံးသွားတတ်သည်။ လက်ထောက်ဆရာဝန်ဖြစ်သည့် ဒေါက်တာ လာကြည့်ပြီး ခွဲစိတ်ကုသဖို့ မလိုကြောင်း၊ တင်ပဆုံရိုး ကျိုးသွားခြင်းမဟုတ်ဘဲ ရွေ့သွားခြင်းသာ ဖြစ်ကြောင်း၊ သုံးလလောက်အတွင်းတွင် ပြန်ကောင်းသွား မည်ဖြစ်ကြောင်းဖြင့် ပြောသည်။ အမေသည် စိတ်သက်သာ ရာရသွားပုံရ၏ တယ်လီဖုန်းနားသို့ ရောက်အောင် ဘယ်လို ပင်ပန်းတကြီးသွားရပုံ၊ သူဘယ်လို စိုးရိမ်ပုံစသည်တို့ကို မပီမသဖြင့် ပြောသည်။ ဘိုစ်နှင့် အော်လဂါတို့က သူ့ကို ဘယ်လိုစောင့်ရှောက်ပုံတို့ကိုလည်း မပီမသဖြင့် ပြောသည်။ အမေ့ကို ဆေးရုံသို့ပို့လိုက်စဉ်က ညဝတ်အင်္ကျီဖြင့်ဖြစ်ပြီး ဘာအဝတ်အစားမျှ ပါမလာ၊ နောက်တစ်နေ့တွင်မှ အော်လဂါက သွားတိုက်ဆေး၊ သွားပွတ်တံစသည့် အိမ်သုံး ပစ္စည်းများ၊ အော်ဒီကလုံး ရေမွှေးပုလင်းနှင့် အိပ်ရာထဲတွင် ဝတ်သည့် အဖြူရောင်သိုးမွေးဆွယ်တာ လှလှကလေးကို လာပို့သည်။ အော်လဂါကို ကျေးဇူးတင်ကြောင်း ပြောသည့် အခါတွင် အော်လဂါက “မလိုပါဘူး အန်တီရယ်၊ ကျွန်မက အန်တို့ကို ချစ်လို့လုပ်ပေးတာဟုပြောသည်။ အမေသည် ထိုအကြောင်းကို တွေးရင်း'ချစ်လို့ လုပ်ပေးတာတဲ့' ဟုမကြာခဏ ပြောတတ်သည်။

          ထိုနေ့ ညနေတွင် ကော်လဂါက “သူများတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာကို စိုးတယ်တဲ့၊ စိတ်မကောင်းဘူးတဲ့၊ သူ့အတွက် တစ်ခုခု လုပ်ပေးရင်ကျေးဇူးတင်လို့ မဆုံးတော့ဘူး၊ မင်းသာမြင်ရင် ရင်ကွဲမှာ'ဟု ပြောပါသည်။ ။

           အော်လဂါသည် ဒေါက်တာဒီကိုလည်း မကျေမနပ် ဖြစ်နေသည်။ သူ့ကို မခေါ်ဘဲဒေါက်တာ လာကရိုးကို ခေါ်သဖြင့် ဒေါက်တာစိတ်ကောက်နေကြောင်း၊ ထို့ကြောင့် ကြာသပတေးနေ့က ဆေးရုံသို့လာမကြည့်ခြင်းဖြစ်ကြောင်း ပြောသည်။

           “ကိုယ် တယ်လီဖုန်းနဲ့ မိနစ်နှစ်ဆယ်လောက်ပြောတယ်။ လဲလို့ လန့်သွားတုန်းကရော၊ ဆေးရုံတင်တဲ့အခါမှာရော သူ လာကြည့်ပြီး အားပေးဖို့ ကောင်းတာပေါ့၊ ဒါပေမယ့် မလာဘူး ဆရာ”

           ဘိုစ်ကမူ အမေ့ကို လေဖြတ်သည်ဟုမထင်။ လဲကျ၍ သူသွားထူစဉ်က အမေသည် လန့်သွားသလိုလို ဖြစ်သော် လည်း သတိကောင်းကောင်း ရနေကြောင်း၊ သို့ရာတွင် သုံးလအတွင်း ပြန်ကောင်းမည် ဆိုသည်ကိုမူ သံသယ ရှိကြောင်းဖြင့်ပြောသည်။ တင်ပဆုံရိုး ကျိုးသည့်ကိစ္စသည် အသေးအဖွဲမျှသာ ဖြစ်၏။ သို့ရာတွင် အိပ်ရာထဲတွင် ကြာရှည်စွာ လှဲနေရသဖြင့် အိပ်ရာပူမိကာ အနာတွေပေါက်နိုင်သည်။ အသက်ကြီးသူများဆိုလျှင် တော်တော်နှင့် မပျောက်တော့။ လဲနေရခြင်းသည် အဆုတ်များအတွက်ပင်ပန်းလှသည်။ ထိုစဉ် အဆုတ်ရောင်ရောဂါ ဝင်လာကာ | ကိစ္စချောတတ်သည်။ ကျွန်မကား သည်လောက် စိတ် | ထိခိုက်ခြင်း မဖြစ်ပါ။ အမေသည် ကြည့်တော့သာ ပါးပါးလှပ်လှပ်ကလေးဖြစ်သော်လည်း အလွန်စိတ်ခိုင်သူ ဖြစ်ပါသည်။ သည်အသက် သည်အရွယ်ရောက်မှ သေမည် ဆိုလျှင်လည်း သေပျော်သည့်အရွယ်သို့ ရောက်ပါပြီ။

          ဘိုစ်က တယ်လီဖုန်းဆက်ထားသဖြင့် ကျွန်မညီမလည်း | သိနေလေပြီ။ ကျွန်မသည် သူ့ထံ တယ်လီဖုန်းဆက်၏။

          “သူတစ်ယောက်တည်းနေရတာကို နည်းနည်းမှ စိတ်မချဘူး | ဟု သူကပြောသည်။ သူတို့တွင် လာနေစဉ်က အမေသည်အိုစာကျသွားကာ ချည့် နဲ့သွားသဖြင့် “အဘွားကြီး ဒီဆောင်းတွင်းမှ ခံပါ့မလား မသိဘူး” ဟု သူ့ယောက်ျား လီယွန်နယ်ကိုပင် ပြောမိသေးသည်။ တစ်ညတွင်မူအမေ သည် အကြီးအကျယ်ဗိုက်နာ၏။ ဆေးရုံသို့ပို့ရတော့မလိုပင် ဖြစ်ခဲ့သည်။ သို့ရာတွင် မနက် ရောက်သည့်အခါတွင် သက်သာသွားခဲ့၏။ အမေ့ကို ကားဖြင့် ပါရီသို့ ပြန်ပို့ပေး သည့်အခါတွင် အမေသည် ရွှင်လန်းကျန်းမာနေသည်ကို တွေ့ ရ၏။ စိတ်ထဲမှာ ကြည်ပြီး ပေါ့ပါးနေတာပဲဟုပင် ပြောလိုက်သေးသည် ဆို၏၊ သို့ရာတွင် ချော်မလဲ ဆယ်ရက်လောက်အလို အောက်တိုဘာလလယ်လောက်တွင်မူ ဖရန်စိုင်းဒိုင်တဲတို့က ကျွန်မထံ တယ်လီဖုန်းဆက်သည်။

          “ခုပဲ မင်းအမေ နေ့လယ်စာစားပြီး ပြန်လာတယ်၊ သူ့ ကျန်းမာရေးကြည့်ရတာ ကိုယ် အားမရဘူး၊ မင်းတို့ကို သတိပေးဖို့ လိုတယ် ထင်လို့ ဖုန်းကောက်ဆက်တာ'ဟု ပြောသည်။ ကျွန်မ ညီမသည် အကြောင်းတစ်ခုကို ရမယ်ရှာကာ ပါရီသို့ ချက်ချင်း ဆင်းလာခဲ့ပြီး အမေ့ကို ဓာတ်မှန်ပါရဂူတစ်ဦးထံ ခေါ်သွားသည်။ ဓာတ်မှန်ပြား များကို စစ်ဆေးပြီးသည့်နောက်တွင် ဓာတ်မှန်ပါရဂူက “ဘာမှမစိုးရိမ်ပါနဲ့၊ အူထဲမှာ အလုံးတစ်ခုဖြစ်ပြီး ပိတ်နေ တယ်၊ အူ ပိနေတော့ ဝမ်းတို့ဘာတို့ ကောင်းကောင်း သွားလို့ မရတော့ဘူးပေါ့၊ အမေကြီးက အစာတို့ဘာတို့ကောင်းကောင်းမစားတော့ အာဟာရဓာတ်ချို့တဲ့နေတာပေါ့။ ကိစ္စမရှိပါဘူး” ဟု သေသေချာချာပြောလိုက်သည်။ အမေ့ကို အစာကောင်းကောင်း စားရန် ပြောပြီး အစွမ်းထက်သည့် ဆေးများကိုလည်း ပေးလိုက်သည်။ ညီမဖြစ်သူ ပိုပေးကမူ “ကျွန်မကတော့ စိုးရိမ်နေတယ်၊ တစ်ယောက်ယောက် ခေါ်အိပ်ဖို့ ပြောတာပဲ ဒါပေမယ့်သူ့အခန်းထဲမှာ ဆွေမတော် မျိုးမစပ် မိန်းမတစ်ယောက်နဲ့ မအိပ်ချင်ဘူးတဲ့” ပြောသည်။ သို့ဖြင့် ကျွန်မ ပရတ်သို့ မသွားမီ အမေ့ကို ပါရီသို့ ခေါ်ထားရန် ကျွန်မတို့ ညီအစ်မနှစ်ယောက်တိုင်ပင်ကြသည်။

          နောက်တစ်နေ့တွင်လည်း အမေ့ပါးစပ်မှာ စွဲမြဲရွဲနေပြီး

          စကားပြောရာတွင်လည်း မပီမသဖြစ်နေသည်။ ဝန်းဝိုင်းသော မျက်ခွံများသည် မျက်လုံးပေါ်သို့ တွဲကျကာ မျက်လုံးသည် တက်လိုက်ဆင်းလိုက် ဖြစ်နေသည်။ လွန်ခဲ့သည့် အနှစ် နှစ်ဆယ်လောက်က ဘိုင်စကယ်စီးရင်း လဲကျ၍ ကျိုးသွားသော ညာဘက်လက်မှာ ပြန်မကောင်းတော့ပြီ။ ထိုအထဲတွင် ယခုတစ်ကြိမ်တွင် လဲကျသဖြင့် ဘယ်ဘက်လက်လည်း နာနေရာ လက်နှစ်ဖက်လုံး မလှုပ်နိုင်တော့ပြီ။ သို့ရာတွင် ကံကောင်းသဖြင့် အမေသည် ပြုစုယုယမှုကို ကောင်းစွာ ရရှိပါသည်။ ဆေးတိုက်က သူ့အခန်းမှာ လမ်းမနှင့်ဝေးသဖြင့် အသံဗလံတို့လည်း တိတ်ဆိတ်သည်။ ရှေ့တွင် ပန်းခြံတစ်ခုလည်းရှိသဖြင့် ရှုခင်းကောင်းသည်။ ခုတင်ကို နံရံအနီးသို့ ရွှေ့ပေးထားသဖြင့် နံရံတွင် တပ်ထားသော တယ်လီဖုန်းနှင့်လည်း နီးသည်။ အမေသည် လှဲနေသည်ဟု မရှိ။ ခေါင်းအုံးကို ခုကာထိုင်နေတတ်သည်။ သို့ ထိုင် နေခြင်းဖြင့် အဆုတ်များ အလုပ်လုပ်ရ လွယ်ကူစေသည်။ အမေ၏ လေမွေ့ရာမှာ လျှပ်စစ်စက်တစ်ခုဖြင့် ဆက်သွယ် ထားသဖြင့် ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသောကြောင့် အနှိပ်ခံရသည့်နှယ် ဖြစ်နေသည်။ အိပ်ရာပူ အနာများ မဖြစ်အောင်စီမံထားခြင်းဖြစ်သည်။ မနက်တုန်းကအမေ့ထံသို့ အကြောပါရဂူတစ်ဦး ရောက်လာပြီး ခြေထောက်များကို လေ့ကျင့်ခန်း လုပ်စေပါသည်။ ဤသို့ လုပ်ခြင်းဖြင့် ဘိုစ် ပြောသလို လေဖြတ်သည့်ရောဂါမှ ကာကွယ်ခြင်း ဖြစ်ပုံရသည်။ သူ့အား အဖော်တစ်ဦးက အမဲသားစသည်တို့ကို လှီးပေးပြီး အစာကျွေးကြောင်း၊ အစာမှာ ကောင်းမွန်ကြောင်းဖြင့် အကေ မပီဝိုးဝါးဖြင့် ကျွန်မကို ပြောပြသည်။ အမှန်အားဖြင့်မူ ဆေးရုံတွင် ထိုအစာများကို မကျွေးပါ။ ပူတင်းအကြမ်းနှင့် အာလူးလောက်ကိုသာ ကျွေးပါသည်။ လူမမာတွေကို ပူတင်းကြမ်း ကျွေးသည်ကို ကျွန်မအံ့သြ နေပါသည်။ နောက်တစ်နေ့တွင် အမေသည် ခါတိုင်းထက် စကားပီလာပါသည်။ ထိုနေ့က တယ်လီဖုန်းရှိရာသို့ရောက်အောင် ကြမ်းပြင်ပေါ်တွင် နှစ်နာရီလောက် တွားသွား ရပုံကို အမေ ပြန်ပြောတတ်သည်။

           “အနားမှာ တယ်လီဖုန်းရှိတာ တော်သေးတာပေါ့လို့၊ ငါ့လိုပဲတစ်ယောက်တည်းနေတဲ့ မဒမ်မာရွှန်းကို ပြောပြရ သေးတယ်၊ မတတ်နိုင်ဘူးလေ၊ တယ်လီဖုန်းဆီတော့ ရောက်အောင် သွားရတာပေါ့'ဟု ပြောတတ်သည်။ အမေ သည် ထိုစကားလုံးကို မကြာခဏ ပြောတတ်ပါသည်။

          “အဲဒီတယ်လီဖုန်းများသာ ရောက်အောင်မသွားနိုင်ခဲ့ရင် အဲဒီနေ့က ငါသေမှာပဲ”

           အမေသည် တယ်လီဖုန်းပြောမည့်သာပြောသော်လည်း တစ်ဖက်က ကြားအောင် အော်နိုင်မည်မထင်။ ကျွန်မသည် အမေ့ဒုက္ခကို တွေးကြည့်နေမိလေသည်။ အမေသည် ဘာသာတရားကို ကိုင်းရှိုင်းသူဖြစ်ပါသည်။ သို့ရာတွင် အသက်ကြီး၍ ချည့်နဲ့ကာ အိုမင်းတွင်းဆုံးကျလုနီးသည့်တိုင်လူ့ဘဝကြီးကို အလွန်အမင် ခုံမင်တွယ်တာသူ ဖြစ်သည်။ တိရစ္ဆာန်များ သေရာမှာကို ကြောက်သလို သေရမည်ကို အလွန်ကြောက်သူဖြစ်ပါသည်။ အမေသည် သူမကြာခဏ မက်ဖူးသော ခြောက်အိပ်မက်တစ်ခု အကြောင်းကို ကျွန်မ ညီမအား ပြောပြတတ်၏ ။

          “ငါ့ကို နောက်က လိုက်လာလို့ ပြေးလိုက်ရတာအေ၊ လူ့ကိုမောနေတာပဲနောက်ဆုံးတော့ နံရံကြီးတစ်ခုတွေ့တာနဲ့ ငါလဲ နံရံကြီးပေါ်ကို တက်ပြေးရတော့တာပေါ့၊ ဒီနံရံကြီး ပေါ်က နေပြီး တစ်ဖက်ကို ခုန်ချမလို့တဲ့၊ နောက်က လိုက်လာတာ ဘာမှန်းတော့မသိဘူး။ ကြောက်လိုက်တာအေ၊ မပြောပါနဲ့တော့၊ သေရမှာကို ဒီလောက် မကြောက်ပါဘူး။ ခုန်ချလိုက်ရမှာကို ကြောက်တာ'

          အမေက ကျွန်မ ညီမကို ပြောပြပါသည်။ ကြမ်းပေါ် တွင် ဝမ်းလျားထိုး သွားနေစဉ်က သူ ခုန်ချဖို့ အချိန်သည် ရောက်လာပြီကို အမေ ထင်ပုံရသည်။

         “အမေ လဲကျသွားတုန်းက တော်တော်နာသွားတယ် ထင်တယ်” ကျွန်မက မေးသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)