မြသန်းစံ - နက်ရှိုင်းသောတော၏ရင်ခွင်၌ပျော်မွေ့ခြင်း
နက်ရှိုင်းသော တော၏ရင်ခွင်၌ ပျော်မွေ့ခြင်း
လွန်ခဲ့သော လေးနှစ်ခန့်က အလောင်းတော်ကဿပသွားခဲ့ သည့် ခရီးစဉ်ကို ပြန်သတိရမိသည်။ မိုးတွင်းကာလကြီးဖြစ်သဖြင့် ဘုရားဖူးမရှိသလောက်ပင်။ အညာဒေသ တောင်ကျချောင်းရေတွေ ကလည်း နာမည်ကြီးပါဘိ။ ချောင်းကူးနေတုန်း တောင်ကျချောင်း ရေကျလာလျှင် လွတ်အောင်ပြေးပေရော့။ သာမန်အချိန်ကျလျှင်တော့ သူ မဟုတ်သလိုပင်။ ကားတစ်စီးလုံး ရေထဲမျောပါသွား သည့် သာဓကတွေ ရှိခဲ့ဖူးသည်။ လူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်ဆိုလျှင်တော့ ပြောမနေနှင့်။ အစပြန်ရဖို့ပင် မလွယ်ကူလှ။ သို့ကြောင့် လည်း ဒီခရီး ဒီလမ်းကို မိုးတွင်းကာလ၌ မသွားကြခြင်း ဖြစ် သည်။ ကျွန်တော်တို့မှာ မှတ်တမ်းတင်ရုပ်သံ ရိုက်ကူးရေးဇယား ရေးဆွဲပြီးဖြစ်သဖြင့် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်၊ မဖြစ်ဖြစ်အောင် သွားရပေမည်။ သက်ဆိုင်ရာကလည်း သွားလာရေး အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးထားပြီး ဖြစ်သည်။
အလောင်းတော်ကဿပသည် သစ်တောကြိုးဝိုင်းကြီး ဖြစ် သည်။ အလွန်တရာ နက်ရှိုင်းလှသော တောနက်ကြီးလည်း ဖြစ် သည်။ ကျွန်တော်တို့သည် တောအစပ်ရွာကလေးတွင် တစ်ညအိပ်ကြရသည်။ မနက်မိုးလင်းတော့ ဆင်တွေနှင့် ခရီးဆက်ကြရ သည်။ ကျွန်တော်က ဆင်တစ်ခါမျှမစီးဖူး။ ဆင်ဦးစီး အကူအညီ ဖြင့် ဆင်ပေါ် ရောက်အောင် မနည်းတက်ရသည်။ ဆင်ကြီးက တလှုပ်လှုပ်၊ တနွဲ့နွဲ့ ခရီးနှင်သည်။ ဆင်ကျောကုန်းပေါ်က သစ် သား ပုခက်ထဲတွင် ထိုင်ရသည်မှာ တည်တည်ငြိမ်ငြိမ် မရှိလှ။ ကျွန်တော်တို့မှာလည်း ဆင်လှုပ်သလို လိုက်လှုပ်နေသည်။ မိုးတွင်း ဖြစ်သဖြင့် လမ်းတွေက ဘယ်လိုမှ သွားမရ။ နွေတုန်းက ဖုန်တွေ သည် ရေနှင့်ရောပြီး ဗွက်တွေဖြစ်နေသည်။ မှတ်မှတ်ရရ ရွာမှ အထွက် လယ်ကွင်းတစ်ကွင်းကို ဖြတ်ပြီးသည်နှင့် တောအစပ်သို့ ရောက်တော့သည်။ “ဒါအလောင်းတော်ကဿပ သစ်တောကြီးရဲ့ နယ်နိမိတ်အစဆင်ဦးစီး လှမ်းပြောသဖြင့် ကျွန်တော် မှတ်မှတ်သားသား ရှိခဲ့သည်။ ကျွန်တော်တို့သည် ကျယ်ဝန်း နက်ရှိုင်းလှသော သစ်တောကြိုးဝိုင်းကြီးအတွင်းသို့ စတင်ဝင်ရောက်နေပေပြီ။ တောထဲ စဝင်သည်နှင့် ကုန်းတက်ကလေးကို တက်ရသည်။ ကုန်းတက်လူ သွားလမ်းလေးမှာ ရေတွေစီးနေသဖြင့် ရွှံ့စေးများဖြင့် ချောနေ သည်။ ကျွန်တော်တို့ စီးလာသော ဆင်ကြီးမှာ ချော်မကျအောင် တစ်လှမ်းချင်း ခြေကုပ်ယူ၍ သွားနေရသည်။ ကုန်းပေါ်သို့ မော့ တက်ရသဖြင့် ကျွန်တော်တို့ ထိုင်နေသော သစ်သားပုခက်ကြီးမှာ လည်း နောက်သို့ လန်ချင်နေသည်။ သစ်ပင်တွေက ခြေရှုပ်လှ သည်။ အပင်သေး အပင်မွှားလေးတွေက မရေမတွက်နိုင်။ ချုံပုတ်တွေ၊ နွယ်ပင်တွေကလည်း ပြည့်နှက်နေသည်။ အောက်ခြေ ရှုပ်နေ သဖြင့် တောက ပိတ်နေသလိုဖြစ်နေသည်။ တစ်နေရာမှ တစ်နေရာ သို့ သဲသဲကွဲကွဲ မမြင်ရ။ သည်ချုံပုတ် ဟိုဘက်မှာ ဘာပင်ရှိသလဲ။ ဘာရောင်ရှိသလဲ ဆိုတာကို မသိနိုင်။ သစ်ပင်ကြီးအချို့ ပေါက်နေသော်လည်း ပင်သေးပင်မွှားလေးတွေ ရှုပ်ထွေးမင်းမူနေသဖြင့် အပင်ကြီး၏ ပင်စည်ကို မမြင်ရ။ ကျွန်တော်တို့ မြင်ကွင်းတွင် ကုန်းပေါ်သို့ တရွေ့ရွေ့ တက်နေသော ဆင်ဦးခေါင်းကြီးမှတစ်ပါး အခြားမြင်စရာ အာရုံခံစားစရာ ဘာမှမရှိ။ ဘေးတစ်ဖက်တစ်ချက် ကြည့်လိုက်တော့လည်း စိမ်းညို၊ မည်းပုပ်၊ ရှုပ်ထွေးနေသော သစ်ပင်တွေချည်း ဖြစ်သည်။
နှစ်နာရီကျော်ကျော်လောက် ခရီးနှင်လာပြီးသောအခါ ကျွန် တော်တို့သည် တောင်ကြော တောင်စွယ်တစ်ခုပေါ်မှာ ရောက် နေပေပြီ။ မိုးက အတန်ငယ်စဲသွားသည်။ အပင်ငယ်၊ အပင်သေး၊ ချုံနွယ်တွေကလည်း တစ်စထက်တစ်စ လျော့ပါးလာသည်။
အောက်ခြေ အတန်ငယ်ရှင်းလာသည်။ မိုးစက်တွေကြားထဲကပင် နေက ပွင့်လာသည်။ အလင်းရောင်ရလာသဖြင့် ကြည်လင်လာ သည်။ ခုနက မှောင်ပိတ်မွန်းကျပ်သလို ဖြစ်နေခြင်းများ လျော့ကျ သွားသည်။ ဆင်ရပ်နားစခန်းတစ်ခု ဆောက်ထားသဖြင့်ကျွန်တော် တို့ ခေတ္တနားကြသည်။ တောင်ကြောနှုတ်ခမ်းစပ်သို့ ထွက်ကြည့် လိုက်သောအခါ ပတ်ဝန်းကျင် ရှုခင်းတွေကို အတန်အသင့်မြင်ရ သည်။ သို့သော် မြူတွေဆိုင်းနေသဖြင့် သိပ်တော့ မသဲမကွဲလှ။ ဘာပဲပြောပြော ကျွန်တော်တို့သည် အမြင့်တစ်နေရာ ရောက်နေသည်ကတော့ သေချာနေပြီ။ တစ်ချက်တစ်ချက် လွင့်ပြယ်သော မြူစက်များ၏ နောက်ကွယ်တွင် သစ်တောအုပ်တွေ တွေ့ရသည်။ ကျွန်တော်တို့ ညအိပ်ခဲ့သော ရွာကို လှမ်းတွေ့ရသည်။ လယ်ကွင်း တွေကို လှမ်းတွေ့ရသည်။ တော်တော်လှမ်းခဲ့ပြီပဲ။ ကျွန်တော်တို့ တော်တော် ခရီးပေါက်ခဲ့ပြီပဲ။
ခဏနားပြီးနောက် ကျွန်တော်တို့ ခရီးဆက်ထွက်ကြသည်။ ကျေးငှက်မျိုးစုံတို့၏ အသံတွေ ကြားရသည်။ ဟိုတောနက်ထဲက ချေဟောက်သံလို အသံတွေလည်း တစ်ချက်တစ်ချက် ကြားရ သည်။ မျောက်အူသံတွေလည်း ရံဖန်ရံခါ ကြားရတတ်သည်။ မိုးကမရွာတော့သလောက် ဖြစ်သွားသည်။ နေက ပွင့်ထွက်လာ သည်။ ဆင်သွားလမ်းကြောင်းပေါ်၌ နေပြောက်ကလေးများ ကျနေသည်ကို တွေ့ရသည်။ သစ်ပင်တွေကြားထဲ ထိုးခွဲဖြတ်ဝင် လာသော နေရောင်ခြည်တွေကြောင့် တောသည် လင်းလာသည်။ အချို့နေရာများတွင် အရိပ်ကျလွန်းသဖြင့် မှောင်ပိန်းနေဆဲ။ သို့သော် ကိုယ်သွားသည့် လမ်းကိုတော့ ပီပီပြင်ပြင် မြင်နေရပါပြီ။
နေ့လယ် ထမင်းစားရန် သတ်မှတ်ထားသော နေရာသို့ ကျွန်တော်တို့ ရောက်လာခဲ့ပေပြီ။ ဆင်သမားတွေက ကြားစခန်း ဟု ခေါ်သည်။ မနက် ၆ နာရီက ထွက်လာတာဆိုတော့ ယခု ၁၁ နာရီရှိနေပြီ။ ခရီးသွားချိန် ၅ နာရီခန့် ကြာမြင့်ခဲ့ပြီ။ ကုန်း အဆင်းလေးတွင် စမ်းချောင်းလေးတစ်ခုကို တွေ့ရသည်။ စိတ် တစ်မျိုး ချမ်းသာသွားသည်။ စမ်းချောင်းကလေး တွေ့သည်နှင့် ဆင်တွေလည်း ပျော်သွားပုံရသည်။ တဝူးဝူးနှင့် အော်ကြသည်။
ကျွန်တော်တို့ ဆင်ပေါ်မှ ဆင်းလိုက်ကြသည်။ ခရီးစဉ်နှင့် ပါလာသော ဆင်တွေသည် ယခုမှ ခေတ္တနားခွင့်ရကြသည်။ ဆင်ဦးစီးတွေ က ဆင်တွေကို ရေစပ်နားထိ ခေါ်သွားသည်။ စမ်းချောင်းလေးမှာ တိမ်သဖြင့် ဆင်တွေ ရေစိမ်၍မရနိုင်။ ဆင်ဦးစီးတွေက ဆင်တွေကို ဝပ်စေကာ ရေတွေနှင့် လောင်းနေသည်။ ဆင်တွေကလည်း နှာမောင်းများဖြင့် စမ်းချောင်းရေတွေကို စုပ်ကာ မှုတ်ထုတ်နေသည်။ အချို့ ဆင်များက နှာမောင်းများကို နောက်ပြန်လုပ်၍ သူတို့ကိုယ် သူတို့ ရေဖျန်းနေရသည်။ သူတို့လည်း မောလာပုံရသည်။
ထမင်းစားပြီးသောအခါ ကျွန်တော်တို့ ခရီးဆက်ကြရပြန် သည်။ ဒီတစ်ခါတော့ ကျွန်တော်သည် ဆင်မစီးတော့။ ၅ နာရီ လောက် ဆင်ကျောကုန်းပေါ်မှာ အိပဲ့ အိပဲ့နှင့် စီးခဲ့ရသဖြင့် ခြေ ထောက်တွေ ဆန့်ခွင့်မရ။ ကွေးထားရလွန်းသဖြင့် ညောင်းတောင့် နေသည်။ သို့နှင့် ခြေဆန့်လက်ဆန့်ဖြစ်အောင် လမ်းဆင်းလျှောက် ခြင်း ဖြစ်သည်။ ကြားစခန်း ရောက်ကတည်းက မိုးက မရွာတော့ ရာသီဥတုက ကြည်လင်နေပေပြီ။ တောက တစ်စထက်တစ်စ နက်လာပြီ ဖြစ်သည်။ ကျွန်တော်တို့ တောင်ကုန်းထပ်တက်ရပြန် သည်။ ဆင်တွေနှင့်အတူ မဟုတ်သဖြင့် ကျွန်တော်တို့ လူသွား လမ်းမှ ဖြတ်တက်ကြသည်။ တောင်ကုန်းပေါ်သို့ အလွယ်တကူရောက်သွားသည်။ ကျွန်တော့်အနီးတွင် သစ်တောအရာရှိတစ်ဦး ပါလာသည်။
“ဒါ တော တော်တော်နက်ပြီလို့ ဆိုနိုင်တယ်”
သူ့မှတ်ချက်ကို နားထောင်ရင်း တောင်ကုန်းပေါ်ရောက်သောအခါ ကျွန်တော် မြင်လိုက်ရသည့် မြင်ကွင်းမှာ အံ့မခန်း။ ဒီလောက် ကြီးမားတဲ့ သစ်ပင်တွေ ကျွန်တော် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သစ် ပင်လုံးပတ်ကြီးတွေမှာ ဖွံ့ထွား ကြီးမားလှသည်။ ပင်စည်ကြီးတွေ ကလည်း ဟိုနား တစ်ပင်၊ သည်နားတစ်ပင် ခပ်ကျဲကျဲ။ သူ့နေရာ နှင့်သူ။ အောက်ခြေတွေကလည်း ရှင်းလိုက်တာ။ အပင်ခြေရင်း တွေမှာ မြက်ခင်းစိမ်းစိမ်းလေးတွေပင် ပေါက်နေသည်။ မွန်းတည့် နေက တောအုပ်ကြားထဲ ထိုးကျနေသော်လည်း နေရာတိုင်း မပူ။ ပြောက်ကျား၊ ကွက်ကျားဖြစ်နေသည်။ အရိပ်ကျသည့်နေရာကျ၊ အလင်းရောင်ရောက်သည့်နေရာရောက်။ အလင်းမှောင်၏သဘာဝ ကို တွေ့နေရသည်။ သည်ထဲမှာ အပင်သေး အပင်မွှားတွေ မတွေ့ ရ။ အောက်ခြေရှင်းနေသည့် အပင်ကြီးတွေ သက်သက်။ သန့်ရှင်း၊ ကြည်လင်၊ ငြိမ်းချမ်းလိုက်တာ။ အိမ်တွေမှာ တယုတယနှင့် အလှ စိုက်တတ်သည့် သစ်ခွပင်တွေကိုလည်း တချို့ ပင်စည်အကိုင်းတွေ မှာ တွဲလွဲ ခိုလျက် တွေ့ရသည်။ ပင်လုံး တုတ်တုတ်၊ သန်သန် စွမ်းစွမ်းကြီးတွေချည်း ဖြစ်သည်။ အပွင့်တွေကလည်း ရောင်စုံ။ တချို့ဝါလျက်၊ တချို့နီလျက်၊ တချို့က မရန်းရောင်၊ တချို့က ခရမ်းရောင်။ အရောင်အသွေး စုံသလို ပုံသဏ္ဌာန်ကလည်း စုံလှ သည်။ အပွင့်လေးနှင့် သစ်ခွပင်တွေ အပြန်ကျရင် သယ်သွားရင်ကောင်းမှာပဲဟု စိတ်ကူးနေစဉ် နောက်ထပ် သည့်ထက်လှသော အပွင့်အမျိုးအစားတွေ တွေ့ရပြန်သည်။ နောက်ထပ် နောက်ထပ် ပို၍ လှသော အပွင့်တွေကိုလည်း ထပ်တွေ့ရသည်။ သို့နှင့် လက် လျှော့လိုက်ရတော့သည်။ သဘာဝတရားကြီးသည် သူ့ဘာသာသူ လှချင်တိုင်း လှနေလေသည်။ သဘာဝတရားကြီး၏ ရင်ခွင်ထဲ တွင် ကျွန်တော် ရောက်နေပေသည်။ ကြည့်မ၀ ရှုမဝ၊ လှချင်တိုင်း လှ၊ တင့်တယ်ချင်တိုင်း တင့်တယ်နေသော နက်ရှိုင်းလှသောတော။ ကုန်းပြေပြေလေး ဆင်းလိုက်သည်နှင့် စမ်းချောင်းကြီးကို သွားတွေ့ရသည်။ အလောင်းတော် ကဿပနှင့် နီးပေပြီ။ သည် တစ်ခါ ချောင်းမကြီးကတော့ဖြင့် ကျယ်လှသည်။ ကျောက်သားကျောက်တုံးကြီးတွေက ချောင်းတစ်ဖက်တစ်ချက် အခြွေအရံဖြင့် ရှိနေသည်။ ချောင်းရေက ကြည်လင်နေသည်။ တကယ် တင့်တင့် တယ်တယ်ကြီး။ ကောင်းကင်ပြာပြာကြီးကို ဧရိယာကျယ်ကျယ် တွေ့လိုက်ရသည့်နေရာ ဖြစ်သည်။ ကျောက်တုံးကြီးပေါ် ရပ်၍ လွတ်လွတ်လပ်လပ် အသံကျယ်ကြီးဖြင့် အော်ချင်လည်း အော် လိုက်နိုင်သေးသည်။
ဆင်တန်းကြီးသည် ချောင်းရေစီးအတိုင်း တရွေ့ရွေ့ ဖြတ် သန်းလာနေသည်။ ကျွန်တော်က ချောင်းကမ်းစပ်ကျောက်တုံးကို Foregroundခံ၍ ဆင်တန်းကြီး၏ ရွေ့လျားပုံကို အမိအရ မှတ် တမ်းတင်နေမိသည်။ ကြည်လင်ငြိမ်းချမ်းလွတ်လပ်လှသော တော သဘာဝသည် နက်ရှိုင်းလှသော တောကြီးအတွင်း၌ ရှိနေပေသည်။ ကျွန်တော့်အာရုံတွင် ဆင်တန်းကြီးလည်း ပျောက်ကွယ်သွားပေပြီ။ ကျွန်တော် တိုးဝင်ရောက်ခဲ့သော နက်ရှိုင်းလှသော သဘာဝတော ကြီးနှင့် လက်ရှိ ကျွန်တော် တိုးဝင်နေဆဲဖြစ်သည့် “ဓမ္မ” တည်းဟူ သော သဘာဝတစ်ခုကို နှိုင်းယှဉ်၊ ဆင်ခြင်ကြည့်မိသည်။