Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မြမျိုးလွင် - ဝထ္ထုတို ၅ ပုဒ်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

ယာယီချစ်

သူ့နာမည်က အေးဘော် ဖြစ်၏။ သို့သော်လည်း အေးဘော်ဟု ပြောလျှင် မည်သူမည်ဝါဟူ၍ မသိ။ ကြက်အီးဟု ပြောမှ သတင်း ထောက် အေးဘော်မှန်းသိကာ လူသိသူသိများသူ ဖြစ်လေ၏။

မန္တလေးသတင်းထောက်လောကတွင် စကားပြောတိုင်း သူ့ကိုယ် သူ နိုင်ငံတော်သတင်းထောက်၊ နိုင်ငံတော်သတင်းထောက်ဟု ထည့် သွင်းပြောလေ့ရှိ၏။

သို့သော်လည်း သတင်းနှင့်ပတ်သက်သော အရေးကြီးသည့်ကိစ္စ တစ်ခုခုဖြစ်ပွားလျှင် သူ ဘယ်ဆီရောက်နေသည် မသိ။ တခြား သတင်းထောက်များ သတင်းအပြည့်အစုံရယူပြီးမှသာ သူပေါ်လာလျက် တစ်ဆင့်ကူးယူခြင်းဖြင့် သူ့အလုပ်ဝတ္တရားကို သူလုပ်သော သတင်း စာတိုက်အကြီးအကဲများက ထုချေလွှာမတောင်းနိုင်အောင် ဆောင်ရွက်နေသူဖြစ်၏။

မီးလောင်ရင် မီးလောင်ရာကို သူမရောက်၊ မီးငြိမ်းပြီးသွားမှအပျော်တမ်းကြည့်ရှုရန် လာကြသူများနှင့် ရောနှောပေါ်လာကာတောင်မေးမြောက်မေးနှင့် မေးနေသည်ကို တွေ့ရတတ်၏။ လူသတ်မှု ဖြစ်ခြင်း၊ ကားတိုက်မှုဖြစ်ခြင်း၊ အလုပ်သမား အုံကြွသည့်ကိစ္စ၊ သပိတ် မှောက်ထွက်လာကြခြင်း စသည်တို့တွင် တခြားသတင်းထောက်များ ပြန်သွားကြပြီးမှသာ သူရောက်လာလျက် အရေးတကြီး မေးလား မြန်းထားဖြင့် ရေးမှတ်ယူကာ မိမိလုပ်ကိုင်နေသော သတင်းစာအတွက် သတင်းနောက်မကျရန် သုတ်သီးသုတ်ပျား ထွက်သွားတတ်သည်ကို တွေ့ရလေ၏။

သောင်းကျန်းသူတို့ အခြေခံစခန်း ပြုလုပ်ထားသော နေရာကို တပ်မတော်က ဖြိုခွင်းလိုက်လျက် လက်နက်ခဲယမ်း မီးကျောက်တို့ သိမ်းဆည်းယူခဲ့သောသတင်း၊ နယ်စပ်တွင် ကေအမ်တီ တရုတ်ဖြူတို့ အား မြန်မာ့တပ်မတော်က မောင်းထုတ်လိုက်ပုံ သတင်းများအတွက် သက်ဆိုင်ရာဌာနက သတင်းထောက်များအား ဖိတ်ကြား၍ ရှင်းလင်းပြောပြသတင်းပေးသောအခါမျိုးတွင်လည်း သူ ပါဝင်သည် မရှိလှ။ တခြားသတင်းထောက် သတင်းယူလာ၍ စုဝေးနေကျ လက်ဖက်ရည် ဆိုင်နှင့် အသင်းတိုက်များသို့ နောက်ယောင်ခံလိုက်လာကာ တစ်ဆင့်တောင်းယူတတ်ခြင်းကြောင့် သူ့အား သတင်းထောက်အားလုံးက လူပျင်းအချောင်သမား၊ အလုပ်ကို မကြိုးစားချင်သူ၊ သူများနှာခေါင်း နှင့် အသက်ရှူသူဟု စွပ်စွဲကာ ဓားမနောက်ပိတ်ခွေး၊ ကြက်အီးဟု ဆိုမှ လူသိများကာ ထင်ပေါ်ကျော်ကြားနေသူ ဖြစ်လေ၏။

တခြားသတင်းထောက်များမှာ မိမိတို့ သတင်းစာတိုက်အတွက် တစ်ယောက်စီ၊ တစ်ယောက်စီခွဲ၍ သတင်းယူရသောကြောင့် တစ်ခါ တစ်ရံ သတင်းမပြည့်စုံဘဲ အကျန်အကြွင်းများရှိချင်လျှင် ရှိတတ်ရာ၌ ကြက်အီးမှာကား သတင်းထောက်ပေါင်းစုံမှရခဲ့သော သတင်းများကိုဆိုဆိုဆဲဆဲအတွင်းကပင် မျက်နှာငယ်ခံ၍ တောင်းရမ်းကူးယူပြီးနောက် သတင်းဖြစ်ပွားရာအရပ်သို့ ကိုယ်တိုင်နောက်ကျပြီးမှ ရောက်ခြင်း၏ အကျိုးကျေးဇူးကလည်း သတင်းကြောင်း၊ သတင်းကျန်များကိုပါ ရရှိ သည့်အတွက် နောက်တစ်နေ့ သတင်းစာထွက်လာ၍ သတင်းချင်း ယှဉ်ပြိုင်ကြည့်လိုက်သောအခါ ကြက်အီး၏သတင်းက ပြည့်ပြည့်စုံစုံ ကြီးဖြစ်နေခြင်းကြောင့် တခြားသတင်းထောက်တို့မှာ မခံမရပ်နိုင်အောင် ဖြစ်ကာ

“သွားကွာ၊ မလာနဲ့၊ မင်းကို သတင်းမပေးချင်ဘူး”

ဟု ကြိမ်းဝါးကြသော်လည်း

“မလုပ်ပါနဲ့ဗျာ၊ ဒီကနေ့ သတင်းမှမရှိလို့ပါ၊ ရှိကြီးခိုးပါရဲ့၊ ဒီအကောင် ထမင်းအိုးကွဲမှာကို သနားကြပါဦး”

ဟုဆို၍“မရှက်တဲ့အကောင်ရယ်၊ မျက်နှာပြောင် နင်လာလို့ တိုက်လေခြင်း”

ဆိုသကဲ့သို့ မျက်နှာပြောင်တိုက်ကာ အသနားခံရင်း ဇွတ်အတင်း တောင်းသောကြောင့်

“မင်းက သိပ်လူပါးဝတယ်၊ အရူး အရူးနဲ့ အိမ်ဦးချည့် ချေးတက် ယိုတဲ့အကောင်”

“မဟုတ်ရပါဘူးဗျာ၊ ကျွန်တော် ဘာများလူပါးဝလို့လဲ”

“ဘာမဟုတ်ရမှာလဲကွ၊ မင်းရတဲ့သတင်းကျတော့ တို့ကို ဘာမှ မပေးဘူး၊ သတင်းချင်းယှဉ်လိုက်ရင် မင်းသတင်းက ဒီတေးလ်စုံလို့ အယ်ဒီတာက တို့ကို ခဏခဏ အကြိမ်းခံရတယ်” ။

“မဟုတ်ရပါဘူးဗျာ၊ ခင်ဗျားတို့ မလိုချင်ဘူး မှတ်လို့ပါ၊ ကျွန်တော် က သတင်းဖြစ်ပွားတဲ့ဆီကို နောက်ကျပြီးမှ ရောက်ရောက်သွားတော့ ခင်ဗျားတို့ မလိုချင်လို့ ပစ်ထားတဲ့သတင်းကြွင်း၊ သတင်းကျန်ကလေးတွေကိုရတာနဲ့ ခင်ဗျားတို့ဆီက ရတာရော၊ အဲဒါတွေ ရောပေါင်းရေးပြီး တိုက်ကို ပေးလိုက်တာပါ။ နောက်ကို ခင်ဗျားတို့လိုချင်ရင် ကျွန်တော် နောက်ဆုံးမှရခဲ့တဲ့သကင်း အရိုးအရင်းတွေကို ပေးပါ့မယ်” ။

“တော်ကွာ၊ မင်းကို တို့က ကြက်အီးလို့ ခေါ်မိတာတောင် မှားနေ တယ်။ နေရာတကာ သူများနောက်ကချည့်မို့ ကြက်အီးလို့ခေါ်တာ။ ခုတော့ မင်းက ကတုံးပေါ်ထိပ်ကွက်လွန်းလို့ ထိပ်ကွက်လို့တောင် ပြောင်းခေါ်ချင်တယ်”

“မဟုတ်ရပါဘူးဗျာ၊ ကျွန်တော် သွေးရိုးသားရိုးပါ။ တကယ်လို့ မှားတောင် စေတနာကောင်းနဲ့ မှားတယ်လို့ ယူဆကြပါ”

ဟု ရူးကြောင်ကြောင်ပင် ပြောလျက် သတင်းများကို လက်ဆင့်ခံ တောင်းလျက်ပင်ရှိခြင်းကြောင့် အခြားသတင်းထောက်များမှာ စိတ်ဆိုး ရမှာလည်းအခက်၊ ဝိုင်းပယ်ရမည်လည်းအခက်နှင့် မန္တလေးသတင်းထောက်လောကတွင် တွဲလောင်း တွဲလောင်းနှင့် ပါဝင်လျက်ပင် ရှိနေ ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ကြက်အီးပေါ်တွင် တခြား သတင်းထောက်များ ကျေနပ်လျက်ရှိနေခြင်းသည်ကား အကျွေးအမွေး ပါသောဖွင့်ပွဲ၊ မိတ်ဆက်ပွဲ၊ ဂုဏ်ပြုပွဲ၊ ဆွေးနွေးပွဲများတွင် သူအရင်ဆုံးရောက်နေနှင့်လျက် နောက်မှရောက်လာသော သတင်းထောက်များကို ဖောဖောသီသီ ဝဝလင်လင် စားရအောင် ဂရုတစိုက် ရှေ့ဆောင်ကာ “နိုင်ငံတော်သတင်းထောက်တွေကို လိုလေသေးမရှိရအောင် ကျွေးပါ၊ ခင်ဗျားတို့အတွက် သိပ်အရေးကြီးတယ်ဆိုတာ နားလည်ကြစမ်းပါ၊ သူတို့ မကျေနပ်ရင် မနက်ဖြန်ခါ သတင်းစာမပါဘဲနေမယ်၊ ဘာမယ် ညာမယ်” စသည်ဖြင့် တစ်ယောက်တည်း ခေါင်းခံ၍ ဟိန်းဟောက် လေ့ရှိသဖြင့် တခြားသတင်းထောက်များမှာ ကြက်အီးရောက်နှင့်သော ဧည့်ခံပွဲတိုင်း ကောင်းမွန်စွာ စားသောက်ရခြင်းအတွက် ဖြစ်လေ၏။

ဧည့်ခံပွဲတစ်ခုခုလုပ်လျှင် မိမိတို့နာမည် သတင်းစာထဲတွင် ပါလို သူ၊ မိမိတို့ ဤပွဲတွင် ထင်ပေါ်လိုသူတို့ ရှိမြဲဖြစ်ရာ ကြက်အီးမှာ ထိုသူများကို ရွေးချယ်တတ်သော ပါရမီရှိသူ ဖြစ်လေ၏။

ထို့ကြောင့် ရောက်သွားလျှင် မိမိ မည်သည့်သတင်းစာတိုက်က သတင်းထောက်ဖြစ်ကြောင်းကို ပထမပြောပြသည်။ ဒုတိယ သတင်း စာများတွင် မည်သို့ပါဝင်လိုသော အကျိုးအကြောင်း၊ အချက်အလက် တို့ကို မေး၏။ ထိုသူ၏လိုလားချက်များကို သိရပြီးသောအခါ နောက်ထပ် ရောက်လာလတ္တံ့သော တခြားသတင်းစာတိုက်မှ သတင်း ထောက်များကို အရာရာ မလစ်ဟင်းရအောင် ဂရုစိုက်ရမည့်အကြောင်း ကြိုတင်ပြောထားသဖြင့် အကျွေးအမွေး မလောက်မင ဖြစ်ရသော တချို့ဧည့်ခံပွဲများတွင်ပင် ကြက်အီး၏အစီအမံကောင်းခြင်းတို့ကြောင့် သတင်းထောက်များမှာ ဗိုက်ကားအောင် စားခဲ့ရသည်ကား များလေ၏။

တစ်ခါတစ်ရံ အပြောကောင်းခဲ့သလောက် သတင်းမပါလာ သဖြင့် ထင်ပေါ်လိုသူတို့က မကျေမနပ်နှင့်

“ဘယ့်နှယ်လဲ၊ နိုင်ငံတော်သတင်းထောက်ကြီးရဲ့ ၊ ကျုပ်တို့ သတင်းမပါပါလား” ဟုမေးသည့်အခါ

“ပေးတော့ သတင်းအပြည့်အစုံပေးလိုက်တာပဲ။ အယ်ဒီတာက သတင်းဖြတ်လိုက်ဟန်တူတယ်။ အဲဒီနေ့က သတင်းတွေကလည်း ကျပ်တယ်ဗျ။ ကော်လံ မရဘူး ထင်တယ်။ ဒီတစ်ခါ မပါပေမဲ့ နောက်တစ်ခါတော့ ပါရော့ပေါ့ ဗျာ။ နောက်တစ်ခါဆိုရင် ဓာတ်ပုံပါ ပါအောင် ထည့်ပေးပါမယ်။ စိတ်ချသာနေပါ”

ဟု နောက်တစ်ကြိမ် စားကွက်ပါ အချက်ဖော်ရင်း မက်လုံးပေး လိုက်ခြင်းဖြင့် မေးမြန်းသူတို့ကို ကျေနပ်အောင် ပြီးနိုင်စွမ်းလည်း ရှိသူ ဖြစ်ခြင်းကြောင့် ဖြစ်လေ၏။

လဆန်း၍ လခရပြီးစအချိန်တွင် သတင်းထောက်တို့မှာ ငွေရွှင်မြဲ ဖြစ်သော်လည်း လတစ်ဝက်လောက်သို့ရောက်သောအခါ ဘိုင်ကျ လိုက်၊ တစ်ခါတစ်ရံ လက်ဖက်ရည်ဖိုးပင် မရှိသောအခါမျိုးတွင် ကြက်အီးမှာ ကြံနိုင်ဖန်နိုင်ရှိသူ ဖြစ်လေ၏။

သတင်းထောက်များ စုမိ၍ ဆာကြောင်းနှင့် ပိုက်ဆံမပါကြောင်း များကို ညည်းကြသည့်အခါ ကြက်အီးက လွယ်အိတ်အတွင်းမှ မှတ်စု စာအုပ်ကိုထုတ်၍ အကြွေးခံစားပြီး ပိုက်ဆံမပေးဘဲ ထားသော ဆိုင် စာရင်းနှင့် အကြွေးမခံဖူးသေးသော ဆိုင်စာရင်းကို စစ်ဆေးကာ

“ခင်ဗျားတို့ တကယ်ဆာလား”

“ဆာတာပေါ့ ကြက်အီးရ”

“မစားရ မနိုင်ဘူးလား”

“မနေနိုင်ဘူးကွ”

“ဒါဖြင့် အောင်ဆန်းလမ်းနှင့် ၃၄ လမ်းထောင့်က လှသောင်း ကဖေးကိုလိုက်ခဲ့ကြဗျာ၊ ချက်ချင်းကြီးတော့ မလိုက်ခဲ့ကြနဲ့ဦး၊ ငါးမိနစ် ခွာပြီး ကျွန်တော် ထိုင်မိချိန်မှ လိုက်ခဲ့ကြ။ ဟိုရောက်တော့ ကျွန်တော် က ဘာသောက်ကြ၊ စားကြမလဲမေးရင် ကိုယ်ကြိုက်တာသာ မှာကြိတ် ကြပေတော့။ တစ်ခု သတိပေးချင်တာက အကြွေးခံစားမှာကို မရိပ်မိ ပါစေနဲ့၊ ဆယ်တန်စက္ကူကြီးကို လက်ငင်းထုတ်ပေးမယ့် ဂိုက်မျိုးသာ ဟန်ကောင်းပါစေ”

ဟု မှာလျက် အရင်ထွက်သွားတတ်သောကြောင့် တခြားသတင်း ထောက်များလည်း ကြက်ဆီးမှာသည့်အတိုင်း နောက်ချန်၍ လိုက်သွား ကြလေ၏။

ရောက်သောအခါ ကြုံသဖြင့် လှမ်းခေါ်သောဟန်မျိုးနှင့်ခေါ်ကာ စားချင်သမျှတို့ကို မှာယူ၍ ကျွေးလေ၏။ တစ်နာရီခန့်နီးပါးထိုင်လျက်