Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မြတ်သင်း - မြကျွန်းမြိုင်မဟူရာဘုံ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

မြကျွန်းမြိုင်

          ထိုနေ့ကား မြကျွန်းမြိုင်တွင် မိုးစတင်ရွာသွန်းသောနေ့ ဖြစ်လေ သည်။ ယင်းသို့ မိုးစတင်ရွာသွန်းသော နေ့ဖြစ်သဖြင့်လည်း အမှတ်ထင် ထင် ဖြစ်နေရပေသည်။

          နံနက်ပိုင်းကမူ နွေ၏သရုပ်သည် ပီပြင်ဆဲပင်ရှိသေး၏။ မိုင်းသုန် တောင်တန်းကြီး၌ မြူခိုးတို့ဝေလျက်ရှိသည်။ မြူခိုးတို့သည် ဖားလျား ဖြန့်ချထားသော ဆံခြည်မျှင်များသဖွယ် တောင်တန်းအိုကြီး၏ ပခုံးထက် တွင် လွင့်ဝဲနေကြသည်။ ခဏအကြာတွင်ပင် ခဲသားရောင်တိမ်တိုက်ကြီး တစ်ခုသည် ရုတ်ခြည်းရောက်ရှိလာကာ မိုင်းသုန်တောင်ထွတ်ကို ထိုးဆိတ် စ ပြုလာသည်။ ထို့နောက် ခဲသားရောင်တိမ်တိုက်များ တစ်ခုပြီးတစ်ခု စုရုံးရောက်ရှိလာကြကာ မိုင်းသုန်တောင်တန်းတစ်ခုလုံး၌ မြဲမြံသော ခြေသည်းတို့ဖြင့် ကုတ်ခြစ်ခိုနားလာခဲ့ကြ၏။ လေအဝှေ့၌ ယင်းတို့၏ အတောင်ရှည်ကြီးများကို ဖြန့်လိုက်သောအခါတွင်ကား မူးမြစ်ဖျား၏ စိမ်းလဲ့သောရေပြင်သည် ခဲသားရောင်လွှမ်းသွားတော့၏။ တိမ်တိုက်တို့သည် အနောက်ဘက် ပလူသာတောင်တန်းငယ်အထိ ဖြန့်ကြက်သွားကြလေရာ မြကျွန်းမြိုင်တစ်ခုလုံးသည် မှုန်မှိုင်းလျက်ရှိတော့၏။ ထို့နောက် မိုးပေါက်များသည် ကျွန်းရွက်ဖားဖားကြီးများပေါ်သို့ တဝေါဝေါ အော် မြည်ပြိုဆင်းလာခဲ့ကြ၏။

          ဆင်ကြီးတိုးလုံသည် ကျွန်းတုံးကြီးကို သံကြိုးတချွင်ချွင်ဖြင့် ဆွဲနေ ရာမှ နှာမောင်းကိုမြှောက်လျက် မိုးရေစက်များကို သောက်လိုက်၏။

“ဘာဘူရေ... ဘာဘူ ဆွဲဟေ့ ဆွဲဆွဲ”

“မလေးရေ ဆွဲကွ ဆွဲဆွဲ”

“တက် တက်”

 “မိုင်း မိုင်း”

 “ဟောင်း ဟောင်း”

          ဆင်သမားတို့၏ သစ်ဆွဲနေသော ဆင်များကို အားပေးသံသည် မိုးသံနှင့်အပြိုင် ပေါ်ထွက်လာ၏။ သစ်ကွက်ထဲတွင်ကား လွှဆွဲသံနှင့် အတူ ကျွန်းပင်ကြီးများသည် တဝုန်းဝုန်း လဲပြိုလျက်ရှိကြ၏။

          လဲပြိုနေသော ကျွန်းပင်ကြီးတစ်ပင်အနီး၌ ရပ်လျက်ရှိသော သင်း အောင်သည် မိုးပေါက်ကြမ်းများ အုန်းအင်းသွန်ကြဲနေသော ကောင်းကင် ကို တစ်ချက်မျှ မော့ကြည့်လိုက်၏။ ထို့နောက် တစ်စုံတစ်ရာ ထူးခြားမှု မရှိဟန်ဖြင့် သစ်ဖြတ်ပိုင်းပေးခြင်းကို ဆက်၍လုပ်နေသည်။ သူသည် သစ်လုံးတွင် ဓားဖြင့်ထစ်၍ ဖြတ်ရမည့်နေရာများကို မှတ်သားပေး၏။ ပယ်ရမည့်နေရာများကိုလည်း ဓားဖြင့်ထစ်ပေးသည်။ ထို့နောက် သစ်လုံး ပေါ်တွင် တံဆိပ်တုံးထုရိုက်ပြီး သင်္ကေတပြုလိုက်၏။

          မိုးထစ်ချုန်းရွာသွန်းသံများကို လူသံ၊ ဆင်သံ၊ သစ်ပင်လဲပြိုသံ များက အနိုင်ရစပြုလာ၏။ ထိုစဉ်တွင် ကျွန်းပင်များအကြားမှ ပြေးလာ နေသော ဦးပေါက်ကျော်ကို မြင်ရ၏။

          သင်းအောင်အနီးသို့ ရောက်သောအခါ၌ ဦးပေါက်ကျော်၏ နံရိုး ပြိုင်းပြိုင်းထသော ရင်သည် ဖားဖိုသဖွယ် လှုပ်ရှားနေသည်။ ဦးပေါက် ကျော်၏တစ်ကိုယ်လုံးသည်လည်း မိုးရေတို့ဖြင့် ရွှဲရွှဲစိုနေ၏။

“ဝန်ထောက်မင်း.. ဝန်ထောက်မင်းကို...” ။

 “လာပြန်ပြီလား... ဒီဝန်ထောက်မင်း”

သင်းအောင်သည် ဦးပေါက်ကျော်၏ အခေါ်အဝေါ်ကြောင့် စိတ် မသက်မသာ ဖြစ်သွားကာ မျက်လုံးအိမ်ကိုရှုံ့၍ ညည်းညူလိုက်၏။

“အဲ... အဲ ဆရာ့ကို တွေ့ချင်လို့တဲ့၊ စခန်းမှာ အမျိုးသမီးတစ်ယောက် ရောက်နေပါတယ်ဆရာ”

“ဘာဗျ အမျိုးသမီးတစ်ယောက်ဟုတ်လား၊ ဘယ်သူတဲ့လဲ”

“အဲဒါတော့ မသိပါဘူးဆရာ၊ အကဲခတ်ရတာ ဒီနယ်တစ်ဝိုက် ကတော့ ဟုတ်ဟန်မတူဘူး၊ အမျိုးသမီးကတော့ ငယ်ငယ်ချောချောပဲ၊ ဝဲလာဗိုလ်တဲက လိုက်ပို့လိုက်တာ”

သင်းအောင် စိတ်ရှုပ်သွားသည်။ အလုပ်တွေက တစ်ပုံကြီးကျန် နေသေး၏။

“ဆရာလိုက်သွားပါလား၊ ကျွန်တော်ပဲ ကျန်တဲ့သစ်တွေ ဖြတ်ပိုင်း ပေးရစ်ပါ့မယ်”

သစ်အုပ်ကလေး ကိုကံမြိုင်က ပြော၏။

          သို့နှင့် သင်းအောင်သည် ပဟေဠိတစ်ပုဒ်ကို ခေါင်းထဲတွင် ထည့် သွင်းလျက် ဦးပေါက်ကျော်နှင့်အတူ စခန်းသို့ ပြန်ခဲ့ရ၏။

မိုးကား ကောင်းကင်မှ မြစ်မကြီး ကျိုးကျသည့်နှယ် တဝုန်းဝုန်း ရွာချနေဆဲပင် ရှိသေးသည်။

အမျိုးသမီးတစ်ယောက်တဲ့။ ငယ်ငယ်ချောချောတဲ့။ ။

မိုးဦးရေစင်နှင့်အတူ မြကျွန်းမြိုင်သို့ ပျံကျသက်ဆင်းလာသောဒေဝစ္ဆာသည် မည်သူများပါလိမ့်။

ဘယ်လိုမှလည်း မျှော်လင့်မထားခဲ့မိ။

          တောသာခေါင်၏အလယ်မှ မြကျွန်းမြိုင်တည်းဟူသော ဤစခန်း ငယ်သို့ တောင်စဉ်ခုနှစ်ထပ်တို့ကို ကျော်ကာ ဤလုံမပျိုသည် ရောက်လာ လိမ့်မည်ဟု စိုးစဉ်းမျှ မျှော်လင့်မထားခဲ့မိ။ ထို့ကြောင့် သင်းအောင် အံ့အားသင့်သွားသည်။

“ဟေ... နှင်းရီ”

“ဟင်.. ကိုအောင်”

          နှင်းရီက ဝမ်းသာအားရ သင်းအောင်ရှိရာ တံခါးဝသို့ ပြေးလာ သည်။ သင်းအောင်က နှင်းရီ၏ပခုံးကို ဖက်လိုက်ရင်း တဲအတွင်းသို့ အတူ လှမ်းဝင်လာခဲ့ကြ၏။ သည်တွင် နှင်းရီ၏ပခုံးသည် ဆတ်ခနဲ တွန့်ရှုံ့သွားကာ နှင်းရီ၏ကိုယ်ကလည်း တစ်ဖက်သို့ ယိုယိမ်းသွား၏။ သည်တော့မှ သတိမူမိသည်။ ယခင်ကမူ သင်းအောင် တက္ကသိုလ်မှကျောင်းပိတ်၍ပြန်လာတိုင်း အိမ်တွင် အသင့်စောင့်နေတတ်သော နှင်းရီအား ဤသို့ပင် ပခုံးကိုဖက်၍ ခေါ်ခဲ့မြဲဖြစ်၏။

          ယခုမူ နှင်းရီသည် အပျိုဖော် ရွယ်မစေ့ခင်က ငယ်ဓလေ့ဂေါရီလေး မဟုတ်တော့ပါလား။ အရွယ်မြောက်၍ ရိုက်ဖိုကြီးငယ် အသွယ်သွယ် တို့နှင့် တင့်တယ်သော နှင်းရီဖြစ်နေချေပြီတကား။ ထိုအသိက သင်းအောင် ၏သွေးတိုးနှုန်းကို မြန်စေသည်၊ နှင်းရီ၏ရင်ခုန်သံကိုလည်း ဆူညံစေ သည်။

“ဪ... ကိုအောင့်ကိုယ်က မိုးရေတွေ နှင်းရီကို ရွဲကုန်တော့မှာပဲ” အမှတ်မထင် ပြောလေဟန်ဖြင့် ပြောရင်း သင်းအောင်က သိုင်းဖက်

ထားသောလက်ကို ဖြေလျှော့လိုက်၏။

“မေမေကြီးလည်းပါတယ် ကိုအောင်ရဲ့ ၊ ဝဲလာဗိုလ်တဲမှာ နေရစ် ခဲ့တယ်”

“မေမေလည်းပါတယ်... ဟုတ်လား၊ ဘယ်လိုက ဘယ်လို ရောက် လာကြတာလဲ နှင်းရီတို့ရယ်၊ တကယ့်ခရီးရှည်ကြီးကို လိုက်လာကြတယ် ဟေ့. အံ့ရော”

“ကဲ... ကဲ... ပြီးမှ အေးအေးဆေးဆေး စကားပြောကြ၊ ဆရာ့ တစ်ကိုယ်လုံးလည်း မိုးရေတွေရွှဲလို့ ၊ အဝတ်လဲလိုက်ဦး... အအေးမိနေ မယ်၊ မိုးကလည်းတော် ဒီနေ့မှ ရွာလိုက်ရတာ”

          ဦးပေါက်ကျော်၏ဇနီး ဒေါ်ငွေရင်က ပြောသည်။ နှင်းရီသည် အခန်းထဲသို့ ပြေးဝင်သွား၍ တဘက်တစ်ထည်ယူပြီး ပေး၏။ တဘက် ဖြင့် သင်းအောင်ရေသုတ်နေစဉ် လဲလှယ်ရန် အဝတ်တစ်စုံကိုကိုင်ပြီး ဘေးမှစောင့်နေ၏။

“ဗောဓိရိပ်သာဆရာတော်ရဲ့ ကမ္မဋ္ဌာန်းတိုက်ခွဲတစ်ခု ပင်လယ်ဘူး မှာ ရှိတယ်လေ၊ အဲဒီရိပ်သာမှာ တစ်လလောက် တရားအားထုတ်ရင်း ကိုအောင်နဲ့လည်း တွေ့ရင်းဆိုပြီး ဆရာတော်ကြီးနဲ့ အတူ လိုက်လာခဲ့ကြတာ”

“ဪ... နှင်းရီရော ကမ္မဋ္ဌာန်းထိုင်မလို့ပေါ့” ၊ နှင်းရီက သင်းအောင်မေးခွန်းကို သဘောကျသွားပြီး ပြုံးလိုက်၏။

“နှင်းရီ ဒီလောက် မပြည့်ဝသေးပါဘူး ကိုအောင်ရယ်၊ မေမေကြီးပဲ ကမ္မဋ္ဌာန်းထိုင်မှာပါ”

“မေမေ့ရောဂါရော သက်သာရဲ့လား နှင်း”

“စိတ်ရောကိုယ်ပါ အနားယူတာနဲ့အမျှ ကျန်းမာရေးအခြေအနေ ကောင်းလာမယ်လို့ ဒေါက်တာဝင်းကြိုင်က ပြောပါတယ် ကိုအောင်၊ဒီဘက်ဒေသမှာ တောရိပ်တောင်ရိပ်နဲ့ ရာသီဥတုသာယာပြီး လေကောင်း လေသန့်လည်းရတာမို့ မေမေကြီး တရားအားထုတ်မယ့်ကိစ္စကို ဒေါက်တာ ကလည်း သဘောတူတိုက်တွန်းပါတယ်”

နှင်းရီသည် အဝတ်ရေစိုများကို ညှစ်၍ ကြိမ်ကြိုးတန်းတွင်လှန်း ရင်း ရှင်းပြ၏။

“ကိုအောင် နှင်းရီနဲ့ မတွေ့တာတောင် အတော်ကြာနေပြီနော်”

“ကြာဆို ကိုအောင် နောက်ဆုံးနှစ်ကျောင်းပိတ်လို့ ပြန်လာတုန်း ကတည်းက မတွေ့ရတော့တာပဲ၊ အဲဒီတုန်းက နှင်းရီ အေးငြိမ်းကို ပြန် နေတုန်းမို့ လွဲသွားတယ်”

“ကိုအောင် အလုပ်ထဲရောက်ပြီး ခွင့်ပြန်လာတိုင်းလည်း လွဲလွဲနေ တော့ မတွေ့ကြတာ သုံးနှစ်တောင် ရှိသွားပြီ...”

“ကိုအောင်ကလည်း ကြိုတင်အကြောင်းမကြားဘဲ ပြန်ပြန်လာတာ ဆိုတော့ မတွေ့ကြဘူးပေါ့”

          အဝတ်လှန်းသော ကြိမ်ကြိုးတန်းက အတန်ငယ်မြင့်သည်။ ထို့ ကြောင့် နှင်းရီသည် ခြေဖျားထောက်၍ အဝတ်များကို လွှားတင်နေရ၏။ ခြေဖျားထောက်ထားသော နှင်းရီ၏ကိုယ်ဟန်သည် ကြယ်စင်ကိုလှမ်း ဆွတ်နေသော ကိန္နရီရုပ်ကလေးကဲ့သို့ နွဲ့ လျနေသည်။

“မေမေတို့ဆီကိုတော့ နက်ဖြန်မှ သွားလို့ဖြစ်မယ်၊ နှင်းရီလည်း ခရီးပန်းလာတော့ ဒီနေ့ နားဦးပေါ့”

“ကိုအောင့်သဘောပါ”

နှင်းရီက ပြောသည်။ ဒေါ်ငွေရင်ကလည်း မီးဖိုထဲမှ လှမ်းပြော၏။

“အတော်ပဲ၊ ဝဲလင်ကို ဆရာတို့သွားရင် ကျုပ်လည်းလိုက်ခဲ့ဦးမယ်။ ငရုတ်၊ ကြက်သွန်လည်း ဝယ်ဖြည့်ရင်း၊ ဟင်းလျာလည်း ဝယ်ရင်းနဲ့”

“လိုက်ခဲ့ပါ ဒေါ်ငွေရင်၊ နှင်းရီလည်း အဖော်ရတာပေါ့”

          နှင်းရီသည် တံစက်မြိတ်မှ ယီယိုးခို၍ ခုန်ဆင်းနေကြသော မိုးရေ စက်များကို စိုက်နေမိ၏။ မိုးရေစက်ကလေးသည် ပိန်းဖက်ပေါ်သို့ ခုန်ဆင်းလိုက်၏။ ထို့နောက် ပိန်းဖက်ပေါ်တွင် ပုလဲလုံးကလေးသဖွယ် ချာချာလည်ရင်း အဖော်ကို စောင့်သည်။ အပေါ်မှ မိုးရေစက်များ တစ်စက် ပြီးတစ်စက် ခုန်ဆင်းလာကြမှ ပေါင်းဆုံမိကြကာ ပိန်းဖက်ပေါ်မှ မြေပြင် ပေါ်သို့ လျှောဆင်းသွားကြ၏။

“ကိုအောင် ရေနွေးကြမ်းပူပူလေး သောက်လိုက်ပါလား... ဓာတ်ဘူးထဲမှာရှိတယ်” ။

သင်းအောင်သည် ရေနွေးပူပူတစ်ခွက်ကို မှုတ်၍သောက်လိုက်၏။ အနွေးဓာတ်သည် တစ်ကိုယ်လုံး၌ ပျံ့နှံ့သွား၏။

“အင်း... ဘဘဖိုးခေါင်ဆုံးသွားတုန်းက.”

         ဖျတ်ခနဲ ညှိုးနွမ်းသွားသော နှင်းရီ၏သနားစဖွယ် မျက်နှာလေး ကြောင့် သင်းအောင်သည် စကားကို အဆုံးမသတ်ဘဲ ရပ်ပစ်လိုက်၏။ အညို့ကို ဆွဲယူခြင်းခံရသော လေးကိုင်းကဲ့သို့ နှင်းရီ၏ ခေါင်းသည် ပခုံးဝန်းပေါ်သို့ ငုံ့ကျသွား၏။ ကွယ်လွန်သွားသော ဖခင်ကို လွမ်းဆွတ်သောဝေဒနာသည် တသိမ့်သိမ့် လွှမ်းမိုးလာခဲ့၏။ သင်းအောင်သည် လည်း နှင်းရီနှင့်ထပ်တူပင် ဘဘဖိုးခေါင်အား သတိရတမ်းတမိ၏။ အေးငြိမ်း၏ပိတောက်တန်းဝယ် မိမိအား ပခုံးတွင် ထမ်းရင်း လမ်းလျှောက်လေ့ရှိသော ဘဘဖိုးခေါင်၊ နှင်းရီအား ဝဲလက်ဖြင့် အရုပ်တစ်ခုပေးလျှင် မိမိအားလည်း ယာလက်ဖြင့် အရုပ်တစ်ခုပေးရမှ ကျေနပ်လေ့ရှိသော ဘဘဖိုးခေါင်၊ စင်စစ် ဘဘဖိုးခေါင်သည်..

“မင့် ဘဘဖိုးခေါင်ဟာ မေမေတို့မိသားစုအပေါ်မှာ ဘယ်လောက်