Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မြတ်လွမ်းနောင်(ပုတီးကုန်း) - Top Ten စာရင်း၀င်ကျောင်သားကျောင်းသူများ၏အောင်ပန်းဆင်စာစီစာကုန်းများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အချိန်၏တန်ဖိုး

မောင်ရဲမြင့်သော်

          ခေတ်မီတိုးတက်လိုသော မိမိ၏ လက်ရှိအခြေအနေကို မကျေနပ်နိုင်ဘဲ သာလွန်ကောင်းမွန်သော အရည်အချင်း အခြေအနေကောင်းများကို ပိုင်ဆိုင်လိုသူ တိုင်း အလွန်တရာ အသက်တမျှ အရေးကြီး တန်ဖိုးထားသင့်သောအရာတစ်ခု ရှိသည်။ ယင်းကား လူသားတို့အတွက် မေ့လျော့ထား၍ မရနိုင်သော အချိန်ပင် ဖြစ်သည်။ ဤစကြဝဠာကြီးအတွင်းတွင် မည်သည့် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ အဖိုးတန်များနှင့်ပင် လဲလှယ်၍မရသော အချိန်နာရီတို့ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပင်လျှင် ဖန်ဆင်းပေး၍ မရနိုင်ပါချေ။ အချိန်၏တန်ဖိုးထား အနှိုင်းမဲ့ပင် ဖြစ်သည်။

          လူသားတစ်ဦးအတွက် ဆုံးရှုံးသွားသော ဥစ္စာပစ္စည်းနှင့် အဖိုးတန် ပိုင်ဆိုင် မှုများကို ဆုံးရှုံးပျက်စီးသွားခဲ့ပါလျှင် ကံစွမ်း၊ ဉာဏ်စွမ်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယ အစွမ်း တို့ဖြင့် တစ်ဖန် ပြန်လည်အားထုတ်၍ ပိုင်ဆိုင်နိုင်ပေသည်။ ထို့ပြင် ကျန်းမာရေး ပျက်ပြားဆုတ်ယုတ်နေသော လူတစ်ယောက်အတွက် ဆေးဝါးများနှင့် သမားကောင်းများက အသက်ကယ်ဆေးကဲ့သို့ စွမ်းဆောင်နိုင်ပါသေးသည်။ သို့သော် အချိန်အကွက်ကား ထိုအရာတို့က ဆယ်ယူပေးခြင်းငှာ မစွမ်းနိုင်ပါ။ ထို အဖိုးတန် အချိန်နာရီ၊ မိနစ်၊ စက္ကန့်တိုင်းကို တန်ဖိုးထားကာ အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါပေသည်။

          လူ့လောက လူ့ဘဝသည် လွန်စွာမှ ရခဲလှသည်။ ထိုလူ့ဘဝတွင် ဆင်းရဲ ချမ်းသာ မျက်နှာသာမပေးဘဲ အမြဲထာဝရ ပြေးလွှားဖြတ်သန်းနေမည့် အရာကား လည်း အချိန်ပင် ဖြစ်ပေသည်။ အချိန်သည် ထိုသို့ ရွေ့လျားကုန်ဆုံးနေသည့်အားလျော်စွာ အကျိုးမဲ့ကုန်ဆုံးခြင်းထက် အကျိုးရှိ တန်ဖိုးကြီးမားစွာဖြင့် အချိန်နာရီ တို့ကို ပြန်ယူ၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။ လူသားတိုင်းအတွက် ဥစ္စာရင်း မှန်လျှင် ပြန်ရနိုင်သည်ဟူသော အရာတို့တွင် အချိန်သည် လုံးဝမပါဝင်ချေ။ ထို့ကြောင့် ကျရောက်လာမည့်အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။

          အချိန်၏ အရေးပါပုံကို ကွက်ကွက်ကွင်းကွင်းကြီး ထင်ရှားစွာ ပြသနေသော သာဓကတစ်ခုမှာ စစ်ဘုရင် နပိုလီယံပင် ဖြစ်သည်။ အင်္ဂလိပ်တပ်များ နေဝင်လျှင် ရောက်ရှိလာကာ တိုက်ပွဲဝင်ရမည်ကို သိလျက်နှင့် အလေးမထားဘဲ တပ်ကူများ ကို ပေါ့လျော့စွာ ခေါ်ယူခဲ့သည်။ အချိန်တန် တိုက်ပွဲဝင်ချိန်သို့ ရောက်သောအခါမှ စစ်ဘုရင် နပိုလီယံ၏ တပ်ကူများက ရောက်မလာဘဲ နေမင်းကြီးကိုသာ ဦးခိုက် လျက် နေမဝင်ရန် ဒူးထောက်ရတော့သည်။ သို့သော် ထိုအခါမှ ထူး၍မလာတော့ ချေ။ ဤသို့ဖြင့် နပိုလီယံ၏ဘဝဇာတ်သိမ်း မလှဘဲ နိဂုံးချုပ်ခဲ့ရသည်မှာ တုန်လှုပ် ဖွယ်ပင် ဖြစ်ပေသည်။ မိမိတို့၏ ဘဝဇာတ်စုံ အစုံစုံအား နိုင်အောင်ကပြီး ဇာတ်လမ်းကောင်းများရွေးကာ ဘဝဇာတ်သိမ်းလှနေစေဖို့အတွက် အချိန်၏တန်ဖိုးကို သိနား လည် လေးစားဖို့တော့ လိုပေလိမ့်မည်။ ။

          အချိန်၏တန်ဖိုးကို သိနားလည်ရုံမျှနှင့် မလုံလောက်ချေ။ ထိုသိရှိ နားလည် ထားသော အချိန်၏တန်ဖိုးကို အသိတရားဖြင့် ထိန်းချုပ်ကာ အကျိုးရှိ အကျိုးဖြစ် ထွန်းမည့် ရလဒ်များ ဖြစ်ပေါ်လာစေဖို့ ကြိုးစားအသုံးချကြရပေမည်။ ဤတာဝန်ကို ရည်မှန်းချက်ပန်းတိုင် မြင့်မားသူ လူသားတိုင်း၊ မိမိဘဝကို တိုးတက်သည်ထက် တိုးတက်၊ ကြီးပွားသည်ထက် ကြီးပွားလိုသူများ ကျေပွန်နိုင်ရမည်။ ထို့ကြောင့် ထိုတာဝန်ကို အကျိုးရှိစေရန် မိမိဘဝအတွက် အဖိုးတန်ရတနာများထက်ပင် တန်ဖိုး ကြီးလှသော အချိန်နာရီများကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီး အသုံးချသင့်ပေသည်။

          အချိန်၏တန်ဖိုးကို လေးစားတန်ဖိုးထားသူများထဲတွင် ကျွန်ုပ်တို့၏ သုံးလူ့ ထွတ်ထား မြတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ထိပ်ဆုံးမှ ပါဝင်နေပေသည်။ မြတ်ဗုဒ္ဓသည် တစ်နေ့လျှင် အနည်းငယ်မျှသာ အနားယူပြီး ဝေနေယျ သတ္တလောက သားတို့အား နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်ဖို့ များစွာသော အထောက်အပံ့တို့ကို ပေးခဲ့သည်။ ထို့ကြောင့် မရေတွက်နိုင်သော လူသားတို့ နိဗ္ဗာန်ရိပ်ကို ခိုကာ ကျွတ်တမ်းဝင်နိုင်ခဲ့ရပြီ ဖြစ်သည်။ မြတ်ဘုရား၏ အချိန်၏တန်ဖိုးကို နားလည်ပြီး အကျိုး ရှိရှိ တန်ဖိုးကြီးစွာ အသုံးချတတ်မှုကား လွန်စွာမှ တန်ဖိုးကြီး စံထားဖွယ်ရာ သမိုင်းဝင် အဖြစ်အပျက်ကြီးပင်။ .

          ထို့ပြင် သိပ္ပံပညာရှင် နိုဘယ်ဆုများရှင် အလ်ဘတ်အိုင်စတိုင်းသည် တစ်နေ့ လျှင် သုံးနာရီမျှသာ အိပ်စက်အနားယူပြီး ကျန်သည့်အချိန်များတွင် အချိန်ပိုများ လစ်လပ်ဟာနေခြင်း မရှိစေဘဲ အမြဲမပြတ် အလုပ်လုပ်ခဲ့သည်။ ထို့အတွက်ကြောင့် လည်း လူသားများအတွက် လွန်စွာမှ အဖိုးမဖြတ်နိုင်သော တန်ဖိုးကြီးလှသော တီထွင်မှုများ ရူပဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် နိုဗယ်ဆုများရှင်ဟု သတ်မှတ်ခံရကာ ရူပဗေဒ၊ သင်္ချာဘာသာရပ်ဆိုင်ရာ အနှိုင်းမဲ့ ပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ အိုင်စတိုင်း၏ အချိန်ကို အကျိုးရှိ အသုံးချခဲ့မှုကြောင့် ပွင့်လန်းလာသော အသီးအပွင့်ကောင်းတို့ကို နောင်လာနောင် သားတို့ အဆင်သင့်ဆွတ်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

          အချိန်၏တန်ဖိုးကို သိနားလည်၍ အကျိုးရှိရှိ အသုံးချကာ အောင်မြင်မှု ရရှိခဲ့သည့် သာဓကများစွာပင် ရှိသည်။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး သည် ခရီးများလှည့်လည်သွားလာရင်း အားလပ်ချိန်ကို အလဟဿ အဖြစ်မခံဘဲ ကျမ်းပေါင်းများစွာ ရေးသားခဲ့ပေသည်။ ဆောက်သေးနှင့် ဟော်သွန်ခေါ် စာရေးဆရာကြီးတို့သည် မိမိတို့အတွက် ရနိုင်သမျှ အချိန်လေးများကို စုဆောင်းကာ စာပေအဖြစ် ရေးသားဖန်တီးခဲ့၍ ကမ္ဘာကျော် စာအုပ်ကြီးများကို ရေးသား ပြုစုနိုင်ခဲ့သည်။ မိမိတို့အချိန်ကို မှန်မှန်ကန်ကန် စနစ်တကျ အသုံးချခဲ့သည့် အကျိုး ဆက်အဖြစ် ရလဒ်ကောင်းများဖြင့်သာ သမိုင်းဝင် ကျန်ရစ်ခဲ့သည်ချည်းသာ ဖြစ်ပြီး အရှုံးဟူ၍ကား လားလားမျှ မရှိနိုင်ပါချေ။

          အချိန်နှင့်ပတ်သက်၍ ရှေးလူကြီးတို့ တင်စားခိုင်းနိုင်းထားခဲ့သော ဆိုရိုးများ စွာ ရှိသည်။ ကမ္ဘာကျော် ပြဇာတ်ဆရာ ရှိတ်စပီးယားက “အချိန်ကို ငါ ဖြုန်းခဲ့၏။ သို့အတွက် အချိန်က ယခု ငါ့ကိုဖြုန်း၏”ဟု ဆိုခဲ့သည်။ အမတ်ကြီး ဂလက်စတုန်း ကလည်း “အချိန်ကို ချွေတာလျှင် ငွေစုပြီး အတိုးချသည်ထက် ပိုမို၍ ကြီးမားသော အကျိုးကို ရနိုင်၏”ဟု အချိန်၏တန်ဖိုးကို ပေါ်လွင်အောင် ဖော်ကျူးထားခဲ့သည်။ အချိန်၏တန်ဖိုးကို နောင်လာနောင်သားတို့ သိမြင် သဘောပေါက်စေရန် လမ်းညွှန် ပြသ ဆုံးမပေးမည့် စကားပုံများစွာလည်း ထားရှိခဲ့သည်။ “လသာတုန်းဗိုင်းငင်” “မိုးရွာတုန်း ရေခံ' 'အချိန်နှင့် ဒီရေသည် လူကိုမစောင့်”စသော စကားပုံများမှာ အချိန်နှင့်ပတ်သက်သော လူသားတိုင်းအတွက် ရှေ့ဆောင်လမ်းပြများပင်ဖြစ်သည်။

          သို့သော် အသက်တမျှ အရေးပါအရာရောက်လှပါသော အချိန်၏တန်ဖိုးကို သိနားလည်ခြင်း မရှိဘဲ အချိန်ဖြုန်းနေခဲ့သူများလည်း အမည်ဆိုးဖြင့် သမိုင်းတွင် ကျန်ရစ်နေခဲ့ပေသည်။ မြန်မာသမိုင်းတွင် ပြည့်ရှင်ဘုရင် တပင်ရွှေထီးသည် အရက် သေစာ သောက်သုံးပျော်ပါးကာ အချိန်ဖြုန်းခဲ့ပြီး တိုင်းပြည်အပေါ် တာဝန်မဲ့ခဲ့သည်။ ထို့ကြောင့် ဘဝနိဂုံး မလှခဲ့သလို နာမည်ဆိုး အမည်းစက်ကြီးဖြင့် သမိုင်းတွင် လေလွင့်ခဲ့ရသည်။ ထို့ကြောင့် အချိန်၏တန်ဖိုး မသိသူများအတွက် တာဝန် လုပ်ရပ်များ ရပ်တန့်သွားစေရန် ခွင့်သာခိုက်မှ မလိုက်ချင်လျှင်ကဗျာတွင်

                        “ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အ

မိုက်နှင့်ပြင် ရှိသေးလိမ့်လား

ခွင့်သာဆဲကမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလိမ့်လား

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်

အရှုံးနှင့်ပြင် ရှိသေးလိမ့်လား”

          ဟူ၍ အချိန်ရှိခိုက် လုံ့လစိုက်ထုတ်ကြရန် အချိန်၏တန်ဖိုးကို ထောက်ပြသွားခဲ့သည်။

          မိုးပေါ်မှ အပ်တစ်စင်းနှင့် မြေပြင်ပေါ်မှ အပ်တစ်စင်း တို့ထိမိရန်ထက်ပင် ခက်ခဲလှစွာ ရယူထားရသော လူ့ဘဝတွင် တန်ဖိုးကြီးမားလှသော အချိန်များကို အကျိုးမမဲ့စေဘဲ အကျိုးရှိရှိ မှန်မှန်ကန်ကန် စနစ်တကျ အသုံးချတတ်ဖို့ လိုပေ သည်။ ထို့ကြောင့် မိမိနေထိုင်သော အမိမြေအတွက် “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့သည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏”ဟူသော စကား အတိုင်း အချိန်တိုင်း တန်ဖိုးရှိအောင် ကြိုးစားပြကာ ကျေးဇူးဆပ်သင့်ပေတော့ သည်။

 

ကြိုးစားမှု၏ရလဒ်

မောင်ရဲမြင့်သော်

          လူသားတို့၏ ကြီးကျယ်ခမ်းနားလှသော ရည်မှန်းချက်ကို ပိုင်ဆိုင်လိုပါက ကြိုးစားမှုတည်းဟူသော ထိန်းချုပ်မှုအောက်မှ ရုန်းထွက်လွတ်မြောက်နိုင်မည် မဟုတ်ချေ။ လူတိုင်း မွေးဖွားခြင်းမှ သေဆုံးခြင်းသို့တိုင် မှတ်တိုင်နှစ်ခုကြား သံသရာ လည်နေကြရာတွင် ကျရာဘဝ၌ မိမိ၏အခြေအနေကို တိုးမင့်စေဖို့ရန် ကြိုးစားမှုဖြင့် ဦးဆောင်ကြရမည် ဖြစ်သည်။ ရလဒ်ကောင်းဟူသော ပန်းကို ပန်လို သူတိုင်း ကြိုးစားမှုတည်းဟူသော အရာတို့ဖြင့် ပြည့်နေသော လက်ဖြင့် ဆွတ်ယူကြ ရမည်သာ ဖြစ်သည်။ ကြိုးစားမှုမရှိဘဲ မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ကောင်းမြတ်သော အရာတိုင်းအတွက် ကြိုးစားမှုသည် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နေ လေသည်။

          ကြိုးစားခြင်းသည် အောင်မြင်မှုနှင့် ဒွန်တွဲနေပေသည်။ ဤမိတ်ဆွေနှစ်ဦး အား မည်သို့သော အချိန်တွင်မှ ခွဲခြားထား၍ မရနိုင်ပါချေ။ အောင်မြင်မှုဟူသော ဗိမာန်တစ်ခုကို တည်ဆောက်ရာတွင် ထိုကြိုးစားမှုတည်းဟူသော အခြေခံ အုတ် မြစ်များကို မပါမဖြစ် ထည့်သွင်းတည်ဆောက်ရပေမည်။ “ပွဲမဝင်ခင် အပြင်က ကျင်းပ”ဟူသော စကားအတိုင်း ရလဒ်ကောင်းများ၊ အောင်မြင်မှုများ ရယူပိုင်ဆိုင် နိုင်ဖို့ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ အပတ်တကုတ် ကြိုးစားမှသာ ပိုင်ဆိုင် နိုင်ပေမည်။ ထို့ကြောင့် ဘဝရည်မှန်းချက်ကောင်းများ မျှော်မှန်းထားသူများအတွက် ကြိုးစားမှုသည် အလွန်တရာမှ အခရာကျလာပေတော့သည်။

          လူသားတိုင်း အရွယ်သုံးပါးကို ဖြတ်သန်းကြရာတွင် ကြိုးစားမှုနှင့် ကင်းကွာ ၍ မရပေ။ အထူးသဖြင့် လူတိုင်းအတွက် ပထမအရွယ် ပညာရှာချိန်တွင် ပညာကို ကြိုးစား လုံ့လထုတ်ကာ သင်ယူကြရမည်။ ပညာပြည့်၀ နှလုံးလှချိန်ဖြစ်သော ဒုတိယအရွယ် ပစ္စည်းဥစ္စာ ရှာဖွေချိန်တွင် မိမိ၏ ကျန်ရှိနေသေးသော ဘဝလမ်း ခရီး ချောမွေ့စေဖို့ ဥစ္စာပစ္စည်းတို့ကို ကြိုးစားမှု အားပြုလျက် ရှာဖွေရမည်။ သို့မှသာ တတိယအရွယ် တရားရှာချိန်တွင် နောက်ကြောင်းရှင်းလျက် အပူအပန်ကင်းမဲ့စွာ ဖြင့် တရားဘာဝနာများ ကြိုးစားအားထုတ်နိုင်ပေမည်။ ထို့ကြောင့် အရွယ်ပါး လုံးတွင် သရဖူဆောင်းနိုင်ရန် ကြိုးစားမှုဟူသော ကျွန်ုပ်တို့၏ မိတ်ဆွေကောင်း ကြီးကိုသာ အားထားသမှု ပြုရပေတော့မည်။

          အောင်မြင်မှုရလဒ်ကောင်းများနှင့် ကြိုးစားမှုဟူသော မိတ်ဆွေနှစ်ဦးအကြား ဖျက်ဆီးနှောင့်ယှက်မည့်သူကား ပျင်းရိခြင်းပင် ဖြစ်သည်။ ပျင်းရိခြင်းကို လက်ကိုင် ထားသူများသည် အောင်မြင်မှုကို ရယူကမ်းလင့်နိုင်ဖို့အတွက် လွန်စွာမှ ဝေးလံနေ ပေလိမ့်မည်။ ကြိုးစားခြင်းနှင့် ပျင်းရိခြင်းတို့ကား အမြဲပင် ဆန့်ကျင်ဘက် အနေ အထားတွင် ရပ်တည်နေကြလေရာ ပျင်းရိငြီးငွေ့နေသူများအတွက် ကြိုးစားမှုကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်လေရာ ၎င်း၏မိတ်ဆွေကောင်း ဖြစ်သော အောင်မြင်မှုနှင့်ကား မည်သို့မျှ မြင်တွေ့ရမည်မဟုတ်နိုင်ပါချေ။ စာမကျက်ဘဲ စာမေးပွဲ မအောင်နိုင်သကဲ့ သို့ ကြိုးစားမှုဟူသော ပေးဆပ်ခြင်းမရှိဘဲ ပျင်းရိနေပါက ရလဒ်ကောင်းဟူသောအောင်မြင်မှုကို မည်သို့မျှ ရယူမပိုင်ဆိုင်နိုင်ပါ။ ဤသည်ကား လောက၏ နိယာမ တစ်ခုပင် ဖြစ်သည်။

          ကြိုးစားမှု၏ရလဒ်ကို ကျူးရင့်ဖော်ပြနေသော စကားပုံဖြစ်သည့် “တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီးလှေအောက်”ဟူသော စကားအတိုင်း ကြိုးစားမှုရှိသူသည် မည်သို့မည်မျှသော အတားအဆီး အခက်အခဲများကို တွေးပူနေမည် မဟုတ်ဘဲ မိမိတို့၏ လိုရာပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်မှာ သေချာလှပေသည်။ ဤသည် တို့ကား ကြိုးစားမှု၏ ရလဒ်များပင် ဖြစ်သည်။ ကြိုးစား၍ အချည်းနှီးတည်းဟူသော ရလဒ်သည် မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါချေ။ ဤအချက်ကို ကျွန်ုပ်တို့၏ သုံးလူ့ထွတ်ထား မြတ်ဘုရားက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကြိုးစားမှုဖြင့် ရုန်းကန်ပါရမီဖြည့်ခဲ့ပြီး သဗ္ဗညုရွှေဉာဏ်တော်ရ မြတ်စွာ ဘုရားအဖြစ်သို့ ရယူခဲ့ခြင်းဖြင့် သက်သေပြခဲ့သည် မဟုတ်ပါလော။

          ဤလောကကြီးတွင် မဖြစ်နိုင်ပါဟု သတ်မှတ်ထားသော ကြီးမြတ်သည့် " အရာများအားလုံးကို ကြိုးစားမှုကသာ ရယူပေးနိုင်လိမ့်မည်။ ဤသည်ကို

          “ကြိုးစားက ဘုရားပင် ဖြစ်နိုင်သည်”

          ဟူသော စကားက သက်သေထူနေပေသည်။ အဝတ်အထည်များပင်လျှင် သေးငယ်သော ဝါဂွမ်းမှ အဆင့်ဆင့် ရက်လုပ်ရသဖြင့် လူတို့ဝတ်သော အဝတ်အဖြစ် ရရှိနိုင်ပေသည်။

          “တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့မလဲ”

          ဟူသော စကားအတိုင်း ကြိုးစားမှုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ပါက မိမိမျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင် အသီးသီးဆီသို့ လျှောက်လှမ်းနိုင်ပေ တော့မည်။

          ကြိုးစားမှုရှိသူနှင့် မရှိသူတို့ကို ခွဲခြားပြသနေသကဲ့သို့ရှိသော မဟာဇနက ဇာတ်သည်လည်း သက်သေသာဓကတစ်ခုပင် ဖြစ်သည်။ သမုဒ္ဒရာ အလယ် သင်္ဘောကြီး လုံးဝနစ်မြုပ်သွားချိန်တွင် ‘ဇနက မင်းသားသည် ဇွဲ၊ လုံ့လတို့၏ အရင်းခံဖြစ်သော ကြိုးစားမှုဖြင့် ကူးခတ်ခဲ့၍ အောင်မြင်မှုကို ရခဲ့ပေသည်။ ကျန် သင်္ဘောသား ခုနစ်ရာတို့သည် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မပြုလုပ်သဖြင့် ငါး၊ လိပ်၊ မိကျောင်းတို့၏ အစာဖြစ်ကုန်ကာ ရလဒ်ဆိုးများဖြင့်သာ ဇာတ်သိမ်းခဲ့ ရသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက “အကြိမ်တစ်ရာမြောက် ဆုံးရှုံးပြီးပါက တစ်ရာ တစ်ကြိမ်မြောက် ကြိုးစားရန် အသင့်ပြင်ထားပါ”ဟု မိန့်မှာခဲ့ခြင်းပင် မဟုတ်ပါ လာ။

          ကြိုးစားမှုကြောင့် လက်တွေ့ဘဝတွင် ရလဒ်ကောင်း၏ အသီးအပွင့်များ ဆွတ်ယူနိုင်ခဲ့သည်မှာ မေ့လျော့ထား၍ မရချေ။ သိပ္ပံပညာရှင် သောမတ်အယ်ဒီဆင် တို့ကဲ့သို့သော ပညာရှင်များ၏ ကြိုးစားမှုကြောင့် တီထွင်မှုပေါင်း မြောက်များစွာ ရရှိလာပြီး ရလဒ်ကောင်းအနေဖြင့် ခေတ်မှီတိုးတက်မှု၏ ပြယုဂ်များပင် ဖြစ်လာခဲ့ ရသည်။ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အများလိုလား တောင့်တကြ သည့် လွတ်လပ်ရေးပန်းတိုင်သို့ ကြိုးစားမှုကို ရဲစွမ်းသတ္တိတို့နှင့် ယှဉ်တွဲကာ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့ခြင်း မဟုတ်ပါလော။ ကြိုးစားမှု၏ ရလဒ်တို့ကား အနှိုင်းမဲ့ တန်ဖိုးရှိလှပေတော့သည်။

          ထို့ပြင် ပညာရှင်နှစ်ဦးဖြစ်သော ရိုက်ညီနောင် နှစ်ဦးတို့ကြောင့် ၎င်းတို့၏ သွေး၊ ချွေးတို့ဖြင့် ရင်းကာ ခက်ခက်ခဲခဲ ဖန်တီးစမ်းသပ် တည်ဆောက်ခဲ့ရသော လေယာဉ်ပျံများကြောင့် ကျွန်ုပ်တို့ ယခုအခါတွင် တစ်နေရာမှ တစ်နေရာသို့ အချိန် အနည်းငယ်တွင်း ရောက်ရှိသွားလာနိုင်ကြရပေသည်။ လူသားတို့ ကြိုးစားမှုကြောင့် သံခေတ်၊ ကျောက်ခေတ်များမှ ယခု ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေသော အိုင်တီနည်း ပညာခေတ်သို့ ရောက်ရှိခဲ့သည်မှာ ကြိုးစားမှု၏ ရလဒ်ဟု ပြောလျှင် ငြင်းပယ်မည့် သူ ရှိနိုင်လိမ့်မည် မဟုတ်ပါချေ။

          ကြိုးစားမှုကြောင့် လူသားတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် အမိမြေ အမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း မိမိတို့၏ လက်ရှိဘဝကို တင်းတိမ်ရောင့်ရဲမနေကြဘဲ “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေ သည်၊ အခြေတိုးမြှင့် ကျန်ကောင်းသင့်၏”ဟူသည့် စကားအတိုင်း ကြိုးစားကာ အခြေအနေ အရပ်ရပ်တို့တွင် ဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍတစ်ခုစီတွင် အုတ်တစ် ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်လှုပ်ရှား ဆောင်ရွက်ကြရန် ဆန္ဒပြုလိုက်ရပေတော့သည်။