မြတ်လွမ်းနောင်(ပုတီးကုန်း) - ဘာသာစုံဂုဏ်ထူးရှင်များ၏စာစီစာကုံးများ
လင်းအရုဏ်
ဟန်နီချို
(၁) နေထွက်ချိန်သည် နေ့တစ်နေ့၏ အစဖြစ်ပုံ
(၂) အရုဏ်ကျင်းချိန်မြင်ကွင်း
(၃) ကျေးငှက်သံ
(၄) လူများနိုးထသည့်မြင်ကွင်း
(၅) ကုလားတက်သံ၊ နိဗ္ဗာန်ဆော်
(၆) တစ်နေ့တာလန်းဆန်းတက်ကြွပုံ
(၇) မိမိအမြင်နှင့်ခံစားမှု
သော်တာငွေလမင်း အနောက်ဘက်ကျွန်းသို့ ယွန်းချေပြီ။ မကြာမီ သူရိန်နေမင်း ထွက်ပြူ၍ လောကတစ်ခွင်ကို ၎င်း၏ အလင်းရောင်စဉ်တန်းများဖြင့် အလှဆင်ပေး ချေတော့မည်။ တစ်ညတာလုံး ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ကြသော လူသားတို့ စိတ် လက်ကြည်သာစွာ နိုးထလာကြတော့မည်။ ၎င်းတို့၏ တာဝန်ဝတ္တရားတို့ကို တစ်နေ့တာလုံး ရွှင်လန်းတက်ကြွစွာ ထမ်းဆောင်ကြချေတော့မည်။ သူရိန်နေမင်း၏ အလင်းရောင်စတင်ထွက်ပေါ်သော အရုဏ်ဦးအချိန်သည် မင်္ဂလာရှိသော နေ့သစ် တစ်နေ့ကို စတင်ဖွားမြင်ချိန်ဖြစ်ပါသည်။
ကောင်းကင်ယံကို တစ်ညလုံးအုပ်စိုးမင်းမူခဲ့သော အမှောင်ထုတို့သည်လည်း စစ်ပွဲရှုံးရန်သူများသဖွယ် အလျင်အမြန်ဆုတ်ခွာသွားကြပေပြီ။ အလင်းရိပ်အောက် ခိုရမလို၊ အမှောင်ရိပ်တွင်သာ ဆက်လက်နေရမလိုနှင့် ဒွိဟသံသယများနေသော ကောင်းကင်ပြင်ကြီးသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အလင်းရိပ်ကို ခိုချေလေပြီ။တိမ်တောင်၊ တိမ်စွယ်၊ တိမ်လိပ်တို့သည်လည်း ရွှေအိုရောင်သွေးဖြင့် အတင့်တယ် ကြီး တင့်တယ်နေပေသည်။ သူရိန်နေမင်းသည် မုဆိုးကျော် စူလတန်၏ နန်းပြာသာဒ် ကိုသာမက ဝန်းကျင်တစ်ခွင်လုံးကို ၎င်း၏ ရွှေရည်ကွန်ရက်ဖြင့် ဖုံးအုပ်နိုင်ခဲ့ပေပြီ။
အမှောင်ရိပ်ကြောင့် ဆိတ်ဆိတ်နေခဲ့ရသော ဝန်းကျင်တစ်ခွင်လုံးလည်း အသက်ဝင်လာချေပြီ။ ကျောက်စိမ်းရောင် သစ်ရွက်၊ သစ်ခက်၊ လှပသော ပန်းမာန် တို့ပေါ်တွင် သန္တာနီသွေးတို့ ပျော်ရွှင်စွာ ခုန်ပေါက်မြူးထူးနေကြသည်။ လတ်ဆတ်သော အရုဏ်ဦးလေညင်းကလည်း သစ်ရွက်၊ သစ်ခက်ကလေးများကို ကျီစယ် လှုပ်နှိုးနေကြသည်။ အရုဏ်ဦးအချိန်၏ မြင်ကွင်းဟူသမျှသည် လှပမှုအပေါင်းနှင့် ပြည့်စုံနေပါသည်။
“ငှက်ကလေးတွေ စိုးစီစိုးစီ၊ အိမ်ပေါက်မှာ မြည်၊ ချိန်တန်ပြီ နှမထွေးရဲ့ ဆွမ်းချက်စို့လေး”
ဟူသော ဆရာကြီး မင်းသုဝဏ်၏ ကဗျာကလေးအတိုင်းပင် ငှက်ငယ်တို့၏
“ကျည်ကျည်တျာတျာ”
အော်မြည်သံကလေးများကို နားဝင်ပီယံ ဖြစ်ဖွယ်ကောင်းလှစွာ ကြားနေရသည်။ ၎င်းတို့၏ ဝီရိယကောင်းပုံမှာကား လူသား တို့ပင် စံနမူနာလူဖွယ်ကောင်းလှပါသည်။ ၎င်းတို့ခမျာ နံနက်မိုးမသောက်ခင်ကပင် ဘဝဝမ်းရေးအတွက် အစာရှာထွက်ကြရရှာသည်။ ကရုဏာသက်ဖွယ်ကောင်းလှ ပါသည်။
အိမ်ရှေ့ပြတင်းမှ အကြော်သည်ဒေါ်ခင် သုတ်သီးသုတ်ပျားဖြတ်သွားသည်ကို မြင်လိုက်ရသည်။ အကြော်ဆိုင်ထွက်ရန် နောက်ကျနေရှာပြီထင့်။ ပတ်ဝန်းကျင် အိမ်များမှ မျက်နှာသစ်၊ သွားတိုက်သံများကို ကြားနေရသည်။ မျက်နှာချင်းဆိုင်အိမ်မှ မမမေ မျက်နှာသစ်နေပုံကိုကြည့်ရင်း “ မိန်းမအလှ အိပ်ရာထ” ဟူသော ဆိုရိုးကို သတိရမိသည်။ ဖေဖေ၏ ဘုရားရှိခိုး၊ အမျှဝေသံသည်လည်း အရုဏ်ဦးအချိန်၏ ကျက်သရေမင်္ဂလာရှိမှုကို ထပ်လောင်းအားဖြည့်ပေးနေသည်။ အရုဏ်အလင်း အောက်ဝယ် ကျွန်မတို့ရပ်ကွက်ကလေးမှ လူသားများအားလုံး စိတ်လက်ကြည်သာ စွာ နိုးထလာကြချေပြီ။
မြို့လယ် ဘုန်းတော်ကြီးကျောင်းမှ ကုလားတက်ခေါက်သံ (၆)ချက်တိတိ သည် လတ်ဆတ်သော လေနုသွေးနှင့် တစ်ပါတည်း မျောပါလာသည်။ မကြာမီပင် မြတ်စွာဘုရား၏သားတော် ကိုရင်သံဃာတို့ ဆွမ်းခံကြွလာပေတော့မည်။ နိဗ္ဗာန်ဆော် ကပ္ပိယကြီး ဦးသူ တော်၏ ဆွမ်းချက်ရန် နှိုးဆော်သံ အသံဝါကြီးကိုလည်း ကြားရသည်။ ဒသမတန်း ပင်ရင်းမြန်မာစကားပြေလက်ရွေးစင် စာအုပ်အတွင်းမှကုလားတက်နှင့် နိဗ္ဗာန်ဆော်သံမကြားဖူးသော မောင်လူအေး၏ အဖြစ်ကို တွေးမိကာ ပြုံးမိရပါသေးသည်။ ကျွန်မတို့ နယ်မြို့ကလေးတွင် ကျေးလက်တောရွာတွင်သာ ခံစားနိုင်သည့် နံနက်ခင်း၏ ကြည်နူးမှုရသနှင့် မြို့ပြ၏ ခေတ်မီတက်ကြွသော နံနက်ခင်းအလှတို့ကို ရောထွေးယှက်တင် ခံစားနိုင်ပေသည်။
“ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသော တေးသံနှင့်အညီ စောစောလမ်းလျှောက်သူအချို့ကိုလည်း တွေ့မြင်ရသည်။ နောင် တစ်ချိန်ဝယ် တိုင်းပြည်၏ အရေးပါအားထားရမည့်သူများဖြစ်ကြသော ကျောင်း သားငယ်ကလေးများ၏ စာကျက်သံ ညံစီစီကိုလည်း ကြားနေရပါသည်။ အရုဏ်ဦး ၏ အားမာန်တက်ကြွဖွယ်အလှသည် ၎င်းတို့ကြောင့် ပိုမိုရုပ်လုံးကြွ အသက်ဝင်နေ ပေသည်။
တဖြည်းဖြည်းဖြင့် ငြိမ်သက်တိတ်ဆိတ်ခဲ့သော ပတ်ဝန်းကျင်သည် အသက် ဝင်လာချေပြီ။ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ဈေးဝယ်တို့၏ အော်ဟစ်သံတို့သည် ညံညံစီလျက်။ ကျွန်မတို့၏ခြံအတွင်းမှ ဇီဇဝါ၊ နှင်းဆီ၊ စံပယ်တို့၏ ရနံ့များသည် လည်း သွေးလာသောလေပြည်နှင့်အတူ မွှေးလျက်။ သဘာဝတရားသည် နေ့တစ် နေ့ကို အောင်မြင်စွာ မွေးဖွားသန့်စင်နိုင်ခဲ့ပေပြီ။
တစ်စစမြင့်တက်လာသော ရှင်နေမင်းကြီးနှင့်အပြိုင် လူသားတို့၏ ထိုင်းမှိုင်း လေးလံမှုတို့သည် ပျောက်ကွယ်သွားကြလေပြီ။ ကောင်သူလယ်သမားဦးကြီးများ၊ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့ဝန်ထမ်းများသည်လည်း ပျော်ရွှင်တက်ကြွစွာဖြင့် မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြချေတော့မည်။ တစ်နေ့တာလုံး လန်း ဆန်းတက်ကြွစွာဖြင့် မိမိတို့အကျိုး၊ မိမိ မိသားစုအကျိုး၊ တိုင်းပြည်အကျိုးကို သယ် ပိုးကြပေတော့မည်။ စင်စစ်အားဖြင့် ဤအရုဏ်ဦးအချိန်သည် တစ်နေ့တာလန်းဆန်း တက်ကြွမှုများကို ဆောင်ကျဉ်းပေးရာအချိန်ဖြစ်သည်။
တိတ်ဆိတ်ငြိမ်းချမ်းမှုဖြင့် စတင်ခဲ့သော အရုဏ်ဦးအချိန်သည်လည်း မမြဲသော သင်္ခါရသဘောအရ မကြာမီ ပြီးဆုံးသွားရပေဦးမည်။ လင်းအရုဏ်သည်ကား “သဘာဝလျှင်၊ အလှကိုယ်စီ၊ စွမ်းရည်ကိုငှ၊ လက်ဆောင်ငှ၏” ဟူသော ကဗျာ ကလေးအတိုင်း ၎င်း၏အလှများကို ကျေးလက်တောရွာ၊ မြို့ကြီးမြို့ငယ် မခွဲခြားဘဲ ပေးဝေမြဲပင်။ သဘာဝတရားကြီး တည်မြဲနေသ၍ ဤချစ်စဖွယ် လင်းအရုဏ် သည်လည်း ကြိမ်ဖန်များစွာ ပေါ်ပေါက်နေဦးမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေကာမူ ဤအရုဏ်ဦးအချိန်သည် လူသားတိုင်းအတွက် တန်ဖိုးရှိလှပါသည်။ ထိုအချိန်တွင် “အစကောင်းမှ အနှောင်းသေချာ” ဟူသော စကားပုံ အတိုင်း ကျက်သရေမင်္ဂလာယူတတ်ရန် အရေးကြီးလှပေသည်။ အရုဏ်ဦးအချိန်ကို မိမိတို့၏ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးအား မြင့်မြတ်အောင် ပြုကျင့်ရင်း ကျက် သရေမင်္ဂလာရှိစွာ ကြိုဆိုသင့်လှပါသည်။
နေထွက်ချိန်
ဖြူနှင်းစိုး
(၁) တစ်နံနက်တွင် နေထွက်ချိန်ကို စောင့်ကြည်နေမိပုံ(နိဒါန်း)
(၂) နေထွက်ခါနီးမြင်ကွင်း
(၃) နေထွက်လာပုံ
(၄) ကောင်းကင်မြင်ကွင်း
(၅) သဘာဝပတ်ဝန်းကျင်မြင်ကွင်း
(၆) ကျေးငှက်သံ
(၇) လူများနိုးထလာသည့်မြင်ကွင်း
(၈) ကုလားတက်ခေါက်သံ၊ နိဗ္ဗာန်ဆော်
(၉) နံနက်ခင်း အားကစားလေ့ကျင့်ပုံ၊ လမ်းလျှောက်ပုံ
(၁၀) ကံလေးများစာကျက်သံ
(၁၁) တစ်နေ့တာလန်းဆန်းတက်ကြွပုံ
(၁၂) မိမိအမြင် (နိဂုံး)
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သောကြောင့် ဘုရားဆွမ်းတော် ကပ်ရန် အတွက် ကျွန်မတို့တစ်မိသားစုလုံး အိပ်ရာမှ စောစာထကြရလေသည်။ မေမေကမူ ကျွန်မတို့ထက်ပင် ပို၍ စောစောထပြီးလျှင် ဆွမ်းများ၊ ဆွမ်းဟင်းများကို ချက်ပြုတ် ထားလေသည်။ ထိုအချိန်တွင် လေးနာရီခန့်ရှိပြီဖြစ်လေသည်။ ဆွမ်းကပ်၍ ဘုရား ဝတ်ပြုပြီးချိန်တွင် ငါးနာရီခန့်ရှိပြီဖြစ်လေသည်။ ထို့ကြောင့် ကျွန်မသည် မိမိ၏ အခန်းသို့ ပြန်ကာ နေထွက်ချိန်ကို စောင့်ကြည့်ရန်အတွက် ပြတင်းတံခါကို ဖွင့်လိုက်လေသည်။
ကောင်းကင်၌ နေမင်းကြီး ကိုယ်တော်တိုင် ထွက်ပေါ်လာခြင်းမရှိသေးသော် လည်း နေမင်း၏ ရှေ့တော်ပြေးရောင်နီကလေးများက ချင်းနင်းရောက်ရှိနေကြပေ ပြီ။ ထို့ကြောင့်ပင် အရှေ့ဘက်ကောင်းကင်ယံတစ်ခုလုံးသည် ပတ္တမြားရောင်သမ်း က လွန်စွာလှပနေပေတော့သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ် ဆိတ်ငြိမ်သက်ကာ တိရစ္ဆာန်များပင် အရိပ်အယောင်မျှ မတွေ့ရချေ။
သို့သော် မကြာမီမှာပင် နေမင်းကြီးမှာ အရှေ့ဘက်ကောင်းကင်ယံရှိ မိုးကုပ် စက်ဝိုင်းမှ တရွေ့ ရွေ့ ထွက်ပေါ်လာလေတော့သည်။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပ စွာဖြင့် ခန့်ညားထည်ဝါလှသော နေမင်းကြီးမှာ လန်းဆန်းတက်ကြွလျက်ရှိနေပေတော့သည်။ မကြာမီမှာပင် တစ်လောကလုံးသို့ အလင်းရောင်များ ယှက်ဖြာကျလာ ပါတော့သည်။
မကြာသေးမီက မှောင်မိုက်နေခဲ့သော ကောင်းကင်ကြီးမှာလည်း ယခုအခါ နေမင်းကြီး၏ စေတနာကြောင့် လင်းလက်တောက်ပလာလေပြီ။ အိပ်မောကျနေသော သစ်ပင်ကလေးများလည်း နိုးထလာကြသလို ညအချိန်က ဖူးငုံနေခဲ့သော ပန်းကလေးများမှာ လှပစွာ ပွင့်လန်းနေကြပြီဖြစ်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သည်လည်း နေရောင်ခြည်ကြောင့် လန်းဆန်းတက်ကြွလာကာ နေ့တစ်နေ့၏ နိဒါန်း ကို ဖွင့်လှစ်လိုက်လေတော့သည်။
အိပ်တန်းဝင်နေသော ငှက်ကလေးများသည်လည်း အိပ်မောကျနေရာမှ နိုးထလာကာ သာယာနာပျော်ဖွယ်တေးသီချင်းများကို သီဆိုနေကြပြီဖြစ်လေသည်။ ဟိုမှသည်သို့ ပျံကာဝဲကာဖြင့် နေပူစာလှုံနေကြတော့သည်။
မကြာမီမှာပင် အိပ်ပျော်နေသော သူများလည်း နိုးထလာလေတော့သည်။ အိမ်ရှင်မများကလည်း ဆွမ်းချက်ရန်အတွက်ပြင်ဆင်ကြရလေတော့သည်။ ထို့ကြောင့် ပင် လောကပတ်ဝန်းကျင်တစ်ခုလုံးမှာ နုပျိုခြင်း၊ လန်းဆန်းခြင်း၊ တက်ကြွခြင်းများ ဖြင့် သက်ဝင်လှုပ်ရှားလာလေတော့သည်။
ထိုအချိန်တွင် ကျွန်မတို့ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှ ကုလား တက်ခေါက်သံကိုလည်း ကြားရပြီဖြစ်လေသည်။ ကုလားတက်ခေါက်သံနှင့် မရှေး၊ မနှောင်းမှာပင် အိမ်ရှင်မများအား ဆွမ်းထချက်ရန် နှိုးဆော်ပေးသော နိဗ္ဗာန်ဆော်၏ အသံကိုလည်း ကြားရလေသည်။ ကြေးစည်ကို လက်တစ်ဖက်မှကိုင်ကာ ဝတ်ဖြူ စင်ကြယ်ကို ဝတ်ဆင်ထားသော နိဗ္ဗာန်ဆော်၏ အသွင်သဏ္ဌာန်မှာ ကျက်သရေမင်္ဂလာတစ်ခုပင်ဖြစ်လေသည်။ နိဗ္ဗာန်ဆော်၏ နှိုးဆော်သံကြောင့် အိမ်ရှင်မများ ဆွမ်း ချက်ရန်အတွက် နိုးထလာသကဲ့သို့ပင် သူခိုးသူဝှက်များသည်လည်း မကောင်းမှု ကို ပြုလုပ်မည့်ဘေးမှ ရှောင်ရှားကြလေသည်။ ထို့ကြောင့်ပင် နိဗ္ဗာန်ဆော်၏အသံ သည် မင်္ဂလာရှိလှသော နှိုးဆော်သံပင်ဖြစ်လေသည်။
သာယာလှပသော နံနက်ခင်းဖြစ်သောကြောင့် အားကစားလေ့ကျင့်သူများ ကိုလည်း အများအပြားတွေ့ရပေသည်။ လမ်းလျှောက်သူကလျှောက်၊ ပြေးသူကပြေး၊ စက်ဘီးစီးသူကစီး၊ လေကောင်းလေသန့်ရှူသူကရှူဖြင့် လမ်းမတစ်လျှောက် ပြည့် နှက်နေပေသည်။ “စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့” ဟူသော ဆောင်ပုဒ်အတိုင်း လူကြီးလူငယ်အရွယ်မရွေး ပျော်ပျော်ပါးပါး လမ်း လျှောက်နေကြလေသည်။
ထိုအချိန်တွင် “ ဆွမ်းတော်ဗျူ” ဟူသော အသံနှင့်အတူ ဆွမ်းခံရန် သံဃာ တော်များလည်း ကြွရောက်လာပြီဖြစ်လေသည်။ ထို့ကြောင့်ပင် အိမ်တိုင်းလိုလိုရှိ အိမ်ရှင်မများမှာ သူ့ထက်ငါ အလုအယက် ဆွမ်းကို လောင်းလှူကြလေသည်။ သဒ္ဓါ တရားထက်သန်လှသော မြန်မာတို့၏ ဓလေ့ထုံးတမ်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ထိုသို့ မင်္ဂလာရှိလှသော နံနက်ခင်းအချိန်၌ ကလေးသူငယ်တို့၏ စာကျက်သံ ကိုလည်း ကြားရပြန်ပါသည်။ နေထွက်ခါစ နံနက်ခင်းအချိန်သည် ဦးနှောက်ကို အာရုံပွင့်လန်းစေသောကြောင့် စာ စောစောထ၍ကျက်ကြသော ကျောင်းသားများ အများအပြားပင်ရှိလေသည်။ အနာဂတ်၏ မျိုးဆက်သစ်ဖြစ်သော ကလေးသူငယ် များသည် နိုင်ငံတော်၏ တာဝန်ကို တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်းရွက်နိုင်ရန် အတွက် အပြိုင်အဆိုင်ကြိုးစားနေကြပုံမှာ အားတက်ဖွယ်ကောင်းလှပေသည်။
နေထွက်ချိန်တွင် လောကတစ်ခွင်သည် သာယာမှုအပေါင်း ခညောင်းလျက် သက်ရှိ၊ သက်မဲ့ သတ္တဝါအားလုံး လန်းဆန်းတက်ကြွနေကြလေသည်။ ထိုမြင်ကွင်း ကို တွေ့မြင်နေရသော ကျွန်ုပ်ထံသို့ပင် လန်းဆန်းမှုများကူးစက်လာလေသည်။
အချုပ်အားဖြင့်ဆိုရသော် နေထွက်ချိန်သည် လောကကြီးအတွက် နေ့သစ် တစ်နေ့ကို အစပျိုးသည့် နိဒါန်းဖွင့်ချိန်ပင်ဖြစ်လေသည်။ ဤလောက ကမ္ဘာကြီး တည်ရှိနေသရွေ့ လန်းဆန်းမှုအပေါင်းကို လူသားများထံသို့ သယ်ဆောင်လာနေ မည်ဖြစ်ပေတော့သည်။
သာယာသော ညနေခင်း
ဝေဖြိုးကျော်
(၁) ညနေခင်း၏အေးချမ်းသော သဘာဝ
(၂) သာယာသော ပတ်ဝန်းကျင်မြင်ကွင်းများ
(၃) လူများ၏လှုပ်ရှားမှုများ ၊
(၄) မြို့ ညနေခင်းနှင့် ကျေးလက်ညနေခင်း ခြားနားပုံများ
(၅) မိမိကိုယ်တွေ့ ညနေခင်းတစ်ခု
(၆) မိမိအမြင်နှင့် ခံစားမှု
အလှတရားများစွာ ပြည့်လွှမ်းနေသောလောက၌ အလှစစ်အလှမှန်များတစ်စ တစ်စ ရှားပါးလာလေပြီ။ ဖန်တီးပြုပြင်၍မရသော သဘာဝတရားသည် လောက၏ အလှတရားအစစ်အမှန်တစ်ခုဖြစ်ပေသည်။ ကမ္ဘာပေါ်ရှိ နေရာတိုင်းသည် ပင်ကို သဘာဝအလှတရားမရှိနိုင်သော်လည်း အချိန်အခါလိုက်၍ လှပနိုင်ပေသည်။ ဥတု ရာသီအလိုက် လှပခြင်းမျိုးရှိသကဲ့သို့ တစ်နေ့တာအချိန်အလိုက်လည်း လှပနေ တတ်ပါသည်။ တချို့နေရာများသည် နံနက်ပိုင်းတွင် လှပတတ်သည်။ တချို့ကမူ နေ့လယ်နေ့ခင်းတွင် လှပသည်။ နေရာတိုင်းအားလုံး လှပနိုင်သောအချိန်သည်ကား ညနေခင်းပင်တည်း။
ညနေခင်းအချိန်အခါသည် တစ်နေ့တာအစွမ်းကုန်ထွန်းလင်းတောက်ပသော သူရကန်နေမင်းကြီး မာန်ချအရှိန်လျော့စပြုချိန်ဖြစ်သည်။ အပူချိန်လျော့ကျသွားခြင်းကြောင့် ပတ်ဝန်းကျင်အလုံးစုံအေးချမ်းစပြုချိန်ဖြစ်သကဲ့သို့ တစ်နေ့တာ စိတ်မော လူမော အလုပ်လုပ်ခဲ့သော လူသားတို့လည်း တာဝန်ပြီးဆုံးသွားပြီဖြစ်၍ စိတ်အေးချမ်းချိန်ဖြစ်သည်။ ပတ်ဝန်းကျင် လောကဓာတ်ကြီးတစ်ခုလုံး အေးချမ်းနေသကဲ့သို့ လူတိုင်း၏ မျက်နှာတွင် အပြုံးကိုယ်စီ လှုပ်လီလှုပ်လဲ့ တွဲခိုချိန်ဖြစ်သည်။ ထို့အတူ ကျေးငှက်များ တစ်နေကုန်အစာရှာထွက်ရာမှ အိပ်တန်းတက်ပြန်ချိန်ဖြစ်၍ ပုစွန်ဆီ ရောင်ခြည်အောက်တွင် ကျေးငှက်သာရကာများ အရောင်အသွေးစုံစွာ တောင်ပံ ဖြန့်လှပနေချိန် ဖြစ်သည်။ ။ | သစ်ပင်လယ်ကွင်းများသည်လည်း ရွှေအိုရောင်သမ်းကာ လှပနေပါသည်။ သစ်ပင်အုပ်ကြီးများတွင်လည်း ကျေးငှက်သာရကာတို့၏ ဆူညံစွာ အိပ်တန်းတက်အော်မြည်သံများကို ညနေခင်းတွင် ကြားနိုင်သည်။ လူတို့သည်လည်း တာဝန်ပြီး ဆုံး၍ အနားယူအပန်းဖြေခြင်းအဖြစ် အားကစားအမျိုးမျိုး လုပ်ဆောင်နေကြပုံကို ညနေခင်းတွင် မြင်နိုင်သည်။ မည်သည့်နေရာကိုကြည့်ကြည့် အေးချမ်းမှုက နေရာ ယူထားချိန်ဖြစ်သောကြောင့် စိတ်ချမ်းသာဖွယ်ကောင်းလှပါသည်။ မြစ်ပြင်ကျယ် တွင်လည်း တံငါသည်လှေများ ပိုက်သိမ်းပြန်လာပုံသည် ညနေခင်းနေရောင်အောက် တွင် အလှပဆုံးမြင်ကွင်းဖြစ်သည်။ သာယာအေးချမ်းလှသော ချိန်ခါ ညနေခင်းပင် ဖြစ်သည်။
ညနေခင်းသည် နေ့လယ်နေပူအောက်တွင် အိပ်မောကျနေသော လောကကို လှုပ်နှိုးလိုက်သော သူနှင့်တူသည်။ ပူပြင်းသောနေ့လယ်တွင် အိပ်စက်အနားယူနေသော သက်ကြီးရွယ်အိုများ၊ ဇရပ်တန်ဆောင်းများတွင် နားနေတတ်သော ခရီးသည် များ၊ စာသင်ကျောင်းများတွင် စာသင်စာအံနေသော ကျောင်းသူ၊ ကျောင်းသားငယ် များနှင့် စက်ရုံ၊ အလုပ်ရုံအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော လုပ်သား ပြည်သူများအားလုံး ညနေခင်းတွင် ပြန်လည်လှုပ်ရှားလာကြသည်။ ညနေခင်းတွင် မွန်းတည့်ချိန်က တိတ်ဆိတ်နေသော လမ်းများ ပြန်လည်လှုပ်ရှားသက်ဝင်ရှင်သန် လာလေသည်။ ဈေးဆိုင်တန်းများ အစီအရီထွက်ပေါ်လာသည်။ ပျော်ရွှင်စွာ ဆော့က စားနေကြသော ကလေးသူငယ်များ၊ လုပ်ငန်းတာဝန်ပြီးဆုံး၍ ပြန်လာသော လုပ် သားများ၊ ကျန်းမာရေးလေ့ကျင့်ခန်းထွက်လုပ်ကြသော မိသားစုများ၏ စိတ်ကြည် နူးချမ်းမြေ့ဖွယ် ရယ်သံများကိုလည်း ညနေခင်းတွင် ကြားရလေသည်။ ညနေခင်း လူသားတို့၏ လှုပ်ရှားဟန်ပန်တိုင်းက မြင်ရသူအဖို့ စိတ်ကြည်နူးချမ်းမြေ့ဖွယ် ပင်တည်း။
မြို့ပြ၏ ညနေခင်းမြင်ကွင်းများနှင့် ကျေးလက်မြင်ကွင်းများ သာယာနာ ပျော်ဖွယ်ကောင်းပုံချင်းတူသော်လည်း အနည်းငယ် ကွဲပြားပါသည်။ မြို့ပြညနေခင်းတွင် အလုပ်ဆင်းလာသော အလုပ်သမား၊ အလုပ်သမ၊ ရုံးဝန်ထမ်းများ၏ အိမ်ပြန် လမ်းများသည် စည်ကားနေပါသည်။ ကားမှတ်တိုင်၊ ဘူတာရုံတို့တွင်လည်း ဖြူနီ ပြာဝါရောင်စုံခြယ်ကာ လှပနေသော အလုပ်သမကလေးများ၏ မြင်ကွင်းမှာလည်း တစ်မျိုးတစ်ဖုံလှပနေသည်။ အချင်းချင်း နောက်ပြောင်ကျီစယ်ကာ ကားစောင့်နေကြ သည်မှာ ပျော်စရာကောင်းလှပါသည်။ ထို့အတူ ညီညီညာညာလေ့ကျင့်ခန်း လုပ်နေ ကြသော မိသားစုများ၏ မြင်ကွင်း၊ အရောင်အသွေးစုံအင်္ကျီတို့ကို ဆင်မြန်းလျက် လမ်းလျှောက်ထွက်လာကြသူတို့မှာလည်း လှပနေကြသည်။ ဝင်လုဆဲနေလုံးကြီး သည် ကတ္တရာလမ်းမများထက် ရောင်နီဖြာနေပုံ၊ တိုက်မြင့်ကြီးများ၏ မှန်တံခါး ရွက်များ၌ နီယွန်မီးကြီးထွန်းထားသည့်နှယ် အလင်းပြန်နေပုံမြင်ကွင်းများကလည်း လှပနေသည်။ ဓာတ်ကြိုးများပေါ်၊ ကုက္ကိုပင်ကြီးများပေါ်တွင် အိပ်တန်းတက်နေသော ခို များ၊ ကျီးများသည်လည်း ညနေလေသွေးဆော်မြူးလိုက်တိုင်း တောင်ပံစိုက် အရှိန် ထိန်းနေပုံသည် တဖျတ်ဖျတ်တလက်လက်ဖြင့် လှပနေသည်။ အလုပ်ပြန်ချိန် လက်ဖက်ရည်ဆိုင်ထိုင်နေသော ကာလသားတို့၏ ဆူညံစွာ အော်ဟစ်ရယ်မော နောက်ပြောင်နေပုံများသည်လည်း အလှတစ်မျိုးပင်တည်း။ ညနေခင်းတွင် မြို့ပြ၏ မြင်ကွင်းများအဖြစ် နေရာတိုင်းတွင် စည်ကားသာယာနေသည်ကို တွေ့ရပေမည်။
သို့သော် ကျေးလက်ညနေခင်းသည် ချစ်စဖွယ် မြန်မာ့ဓလေ့များဖြင့် လွှမ်းခြုံ သာယာနေတတ်သည်။ ကျေးလက်ညနေခင်းတွင် လယ်တောထဲမှ ဖုန်တလုံးလုံးနှင့် ပြန်လာသော နွားလှည်းများ၊ ရေဘူးရွက် တံစဉ်ကိုင်ကာ ပြန်လာသော လယ်သူမ များ၊ နွားအုပ်ကြီးများကို လိမ္မော်ရောင်နေခြည်နွေး၏ အောက်တွင် လှပစွာမြင်နိုင် သည်။ ထို့အတူပင် လှိုင်းကြပ်ခွပ်များ တဖျပ်ဖျပ်ထတိုင်း နေရောင်ခြည်ကြောင့် တလက်လက်လင်းလက်နေသော မြစ်ရေပြင်တွင် တံငါလှေများ အိမ်ပြန်လာပုံမြင် ကွင်းသည် ပန်းချီဆရာပင် ငိုရလောက်အောင် လှပသည်ကို မြင်နိုင်သည်။ လယ် ကွင်းရိုးပြတ်များကြား ဆော့ကစားနေသော ကလေးငယ်များ၊ သစ်ရိပ်ကောင်းကောင်းတွင် ခြင်းခတ်နေကြသော လူပျိုကာလသားများ၏ မြင်ကွင်းသည်လည်း တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေပြန်သည်။ ညနေခင်းတွင် ရေခပ်ဆင်းသည့် လုံမပျို များအပေါ်သို့ ပုစွန်ဆီရောင် ရောင်ခြည်ပက်ဖြန်းသော အလှတရားကိုမူ ယနေ့တိုင် စာဆိုတို့ ချီးမွမ်း၍ မပြီးနိုင်ပေ။ ထို့အတူ ကောင်းကင်ထက်၌ အိပ်တန်းတက်ရန် ပျံသန်းသွားသော ငှက်များ၏မြင်ကွင်းသည် လွမ်းမောဖွယ်ကောင်းအောင် သာယာ လှပသည်။ ရေခပ်ဆင်းလုံမပျိုတို့ကို အလစ်ချောင်း၍ ပန်းပေးရန် ကြံစည်နေသောကာလသားတစ်သိုက်ကိုလည်း ရေကန်မနီးမဝေးတွင် တွေ့နေရသည်။ ကျေးလက်၏ ညနေခင်းမြင်ကွင်းသည်ကား ရိုးရှင်းစွာ သာယာလှပေသည်။ ။
ကျွန်ုပ်တို့နေထိုင်ရာ ရန်ကုန်တိုင်း အင်းစိန်မြို့ငယ်လေး၏ ညနေခင်းသည် လည်း သာယာလှပေသည်။ အလုပ်ဆင်းလာသော အလုပ်သမလေးများ၏ ကြိုပို့ ကားများ၊ ခြေကျင်လမ်းလျှောက်လာသော အလုပ်သမများနှင့် ရုံးဝန်ထမ်းများဖြင့် စည်ကားသာယာနေတတ်သည်။ လှိုင်မြစ်ကမ်းတစ်ဖက်သို့ နေလုံးနီနီကြီးဝင်သွား ပုံမှာ လွမ်းမောဖွယ်ကောင်းလှသော မြင်ကွင်းဖြစ်သည်။ ကျောင်းဆင်းချိန်ဖြစ်၍ကျောင်းဆင်းလာသော ကျောင်းသူ ကျောင်းသားလေးများ၏ လူငယ်ပီပီ အမြဲရွှင် ပြုံးနေသော မျက်နှာများကလည်း ညနေခင်းအလှကို တိုးပွားစေပါသည်။ လမ်း ဘေးမြေကွက်လပ်များတွင် ဆူညံစွာ ဘောလုံးကန်၊ ပိုက်ကျော်ခြင်းခတ်နေသော လူငယ်များကလည်း ညနေခင်း၏ ပျော်ရွှင်ဖွယ်ကောင်းပုံကို ဖော်ပြနေသည်။ ကျွန်ုပ် " တို့မြို့လေး၏ လမ်းဘေးဝဲယာတစ်လျှောက်တွင် ညနေခင်း၌ ဈေးဆိုင်များ အစီအ ရီထွက်ပေါ်လာတတ်သည်။ ဈေးဝယ်ထွက်သူများ၊ လမ်းလျှောက်ထွက်သူများနှင့် လမ်းများသည် စည်ကားနေသည်။ လူတို့သည် စက်ဘီး၊ ဆိုက်ကားကိုယ်စီဖြင့် ဟိုမှ သည်သို့ ကူးလူးသွားလာနေသည်မှာလည်း စည်ကားလှပါသည်။ နေ့ခင်း နေ့လယ် နေရောင်အောက် ပျောက်နေသော အလှတရားများကို ညနေခင်းတွင်သာ ရှုမငြီး ဖွယ် တွေ့ရလေသည်။
စင်စစ်အားဖြင့် ညနေခင်းသည် ရှေးကပင် အလှဆုံးအချိန်ဖြစ်ခဲ့သည်။ ရှေး စာဆိုအသီးသီးတို့သည် ညနေခင်းကို စာပန်းချီအမျိုးမျိုး ခြယ်မှုန်းခဲ့ကြသည်။ “သူရကန်စက် ဖန်ဂယက်လည်း၊ ယုဂန်စွန်းက ထိန်ကွန်းငယ်ခိုသည် ချိန်ညိုနေမင်း ကလည်း အေးသနှင့်” ဟု ကုန်းဘောင်ခေတ်စာဆို ဦးကြင်ဥက ဖော်ပြဖွဲ့နွဲ့ခဲ့သည်။ တစ်ဖန် စာဆိုတစ်ဦးကလည်း “လေပြည်ငယ်သုတ်ပါလို့ ၊ ရွှေဘုတ်ကယ်အိုးအီ” အစ ချီသော “ဘယ်မြို့ပုံသာပါလိမ့်” ကဗျာဖြင့် ညနေတွင် လုံမပျိုရေခပ်ဆင်းပုံအလှ သည် မည်သည့်မြို့ကြီးသူက မီပါမည်နည်းဟု ရည်ညွှန်းရေးဖွဲ့ပြန်သည်။ ညနေခင်း ၏ သာယာပုံသည်ကား စာဖွဲ့၍ပင် မမီနိုင်လောက်ပေ။
လောကကြီးသည် လူသားတို့အတွက် နေ့တိုင်းလှပသော နေဝင်ချိန် ညနေ ခင်းကို ပေးထားပါသည်။ သို့သော် အလှဟူသည် ရှာဖွေတတ်မှ တွေ့မည်။ “အလှမမြင် လှမမင်” ပါက ညနေခင်း၏ သာယာလှပပုံအလုံးစုံကို ခံစားသိရှိနိုင် မည်မဟုတ်ပါ။ ထို့ကြောင့် ကမ္ဘာတည်နေသရွေ့ ရရှိမည့် သဘာဝအလှတရား စစ်စစ်ဖြစ်သော ညနေခင်းအလှကို ခံစားသိမြင်ကြည့်ရမည်မှာ အလှရှာသူတို့၏ တာဝန် ပင်ဖြစ်သည်။