Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အောင်မြင်သူတို့၏ဝိညာဥ်(သို့မဟုတ်)စိတ်ကူး

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

ပယ်ရက်တို အခြေခံသဘောတရား

          “ဒီလူ့ဘဝတစ်လျှောက်လုံးမှာ စိတ်ကူးကလေးတစ်ခုတောင် လောက် လောက်လားလား ထွက်ခဲ့တာမဟုတ်ဘူး”

          ထိုသို့ ကျွန်တော်တို့ ပြောရလောက်သူတွေကို ကျွန်တော်တို့ယခု သိနေကြပြီ။

          ထိုသို့ ပြောခြင်းဆိုခြင်းက ကျွန်တော်တို့အား မေးခွန်းတစ်ခုနှင့် ပက်ပင်းတိုးစေတော့၏ ။ မေးခွန်းက တကယ့်မေးခွန်း။ ဤအကြောင်း အရာနှင့်ပတ်သက်၍ မမေးမဖြစ် မေးကိုမေးရမည့်မေးခွန်း။

          ထားလိုက်ပါတော့။ စိတ်ကူးများထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကျွန်တော်တို့ အသုံးပြုလို့ရသည့် နည်းထူးတစ်ခု ရှိသည်ပဲ ထားပါ။ သို့ရှိတော့ရော ၎င်းနည်းထူးကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ပညာ အဆင့်အတန်းမရွေး ဘယ်သူမဆို အသုံးပြုနိုင်စွမ်း ရှိပါမည်လား။

          သည်လိုမှ မဟုတ်လည်း စိတ်ကူးများထုတ်လုပ်ရန် အထူး သီးသန့် အရည်အချင်းဆိုတာမျိုး ရှိဖို့လိုသလား။ မွေးရာပါအရည် အချင်း ဆိုတာမျိုး၊ ပါရမီဆိုတာမျိုး၊ ပင်ကိုစွမ်းရည်ဆိုတာမျိုးတွေပေါ့။ ဥပမာ-အသံခွဲနိုင်စွမ်း၊ သို့မဟုတ် အရောင်ခွဲနိုင်စွမ်း၊ သို့မဟုတ် ဖဲချပ်ခွဲနိုင်စွမ်းလို ဘယ်သူမျှသင်မပေးရဘဲ မွေးကတည်းက ပါလာသည့် ကိုယ်စွမ်းကိုယ်စမျိုးတွေဖြင့် ပြည့်စုံဖို့လိုသလား။ ထိုသို့သော အရည် အချင်းမျိုးဖြင့် ပြည့်စုံပါမှ စိတ်ကူးကောင်းတွေ ဖန်တီးနိုင်မှာလား။

          ၎င်းမေးခွန်းအတွက် အဖြေတစ်ခုကို ကြီးမြတ်သော အီတာလျံ လူမှုဗေဒပညာရှင် ပယ်ရက်တို (Pareto) က သူရေးသားပြုစုခဲ့သည့် Mind and Society စာအုပ်ထဲတွင် အကြံပြုတင်ထား၏။

          ပယ်ရက်တိုက ကမ္ဘာပေါ်ရှိ လူသားအားလုံးကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားလို့ရသည်ဆို၏။ ပထမအမျိုးအစားမှာ မြော်မြင် တတ်သူများ ဖြစ်ပြီး၊ ဒုတိယအမျိုးအစားမှာ အတိုးစားသူများ ဖြစ်၏။

          မြော်မြင်တတ်သူများဆိုသည်မှာ နောင်ရေးကို တွေးဆမြော်မြင် တတ်သူများ၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အနေအထားများကို ထင်ကြေးပေးတတ်သူများ၊ မျှော်တွေးချင့်ချိန်တတ်သူများ ဖြစ်၏။ စီးပွား ရေးလောကတွင်တော့ ကုန်ပစ္စည်းဈေးနှုန်း အတက်အကျတွင် အမြတ် ထုတ်ရန် ကုန်လှောင်သူ၊ သို့မဟုတ် ဈေးကစားသူ ဟူ၍ အဓိပ္ပာယ်ရ၏။

          မြော်မြင်တတ်သည့် လူစားများသည် အနာဂတ်အရေး ကြိုတင် မျှော်တွေးချင့်ချိန်တတ်သူများ ဖြစ်၏။ သည်လိုလူစား၏ ထူးခြားသော စရိုက်လက္ခဏာမှာ သူတို့သည် ဖြစ်နိုင်ခြေရှိသော ပေါင်းစပ်မှုအသစ် များကို စိတ်ဝင်စားသည်။ သူတို့၏အာရုံသည် ထိုသို့သော အနေအထား များကို အစဉ်တစိုက် ကြိုတင်တွက်ဆနေ၏။ သူတို့အာရုံသည် ထိုသို့ သော ဖြစ်နိုင်ခြေများထဲတွင် အမြဲတစေ နစ်မြုပ်နေတတ်၏။

          ထို့ကြောင့် မြော်မြင်တတ်သူဆိုသည်မှာ ဖြစ်နိုင်ခြေရှိသော ပေါင်းစပ်မှုအသစ်များ၏ အနေအထားကို အစဉ်တစိုက် အာရုံဝင်စား တွက်ဆနေသူ ဟူ၍ မှတ်ထားပါ။ ထိုအထဲတွင် စိတ်စွဲလမ်းမှု သဘောပါဝင်သည့် အာရုံဝင်စား ဆိုသည့်စကားလုံးကို အထူးတလည် မှတ်သားထားပါ။

          ပယ်ရက်တိုက ဈေးကစားသူဆိုရာ၌ “ငွေရေးကြေးရေးနှင့် စီးပွားရေးဆိုင်ရာ စီမံချက်များ ချမှတ်သည့် စီးပွားရေးလုပ်ငန်းရှင် များသာမဟုတ်ဘဲ တီထွင်မှုပြုလုပ်သူတိုင်း၊ နိုင်ငံအရေးအရနှင့် သံတမန် ရေးအရ ပြန်လည်တည်ဆောက်မှု ပြုလုပ်သူတိုင်း” ကိုလည်း ဤအတန်း အစားထဲ ထည့်ထား၏။

          အတိုချုပ်ဆိုရသော် ဤအမျိုးအစားတွင် ပါဝင်သူများသည် မည်သည့်နယ်ပယ်တွင်မဆို တစ်ဦးတည်း တစ်ယောက်တည်း ကောင်း စားနေခြင်းကို မနှစ်သိမ့်၊ အားမရနိုင်သူဖြစ်ပြီး ထိုသို့သော အနေ အထားကို ဘယ်ပုံဘယ်နည်း ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း မြော်မြင် တွေးဆတတ်သူများ အကျုံးဝင်ပါသည်။

          ပယ်ရက်တိုသတ်မှတ်သည့် လူအမျိုးအစား နောက်တစ်မျိုးမှာ အတိုးစားသူများ ဖြစ်၏။ rentier ဆိုသည့် ပြင်သစ်စကားကို အင်္ဂလိပ်စကားသို့ ဘာသာပြန်လိုက်သောအခါ ကော်ပိုရေးရှင်းကြီးများ၊ ကုမ္ပဏီကြီးများ၏ စတော့ (stocks) များ ဂယ်ယူပိုင်ဆိုင်ထားသူများ ဟု အဓိပ္ပာယ်ရ၏။ သို့သော် ပယ်ရက်တို ဆိုလိုသည်မှာ ငွေရှင်များ၊ သို့မဟုတ် ငွေအိတ်ကိုင်ထားသူများဟူ၍ ဖြစ်ပါသည်။

          ထိုသို့သောသူများသည် ပုံမှန် မှန်တမ်းသမားများ၊ သမားရိုးကျ သမားများ၊ ရှေးရိုးစဉ်လာသမားများ၊ တီထွင်ဆန်းသစ်မှုကင်းသည့် လှေကြီးထိုးရိုးရိုးသမားများဖြစ်သည်ဟု ပယ်ရက်တိုက ဆိုလိုပါသည်။ ထို့ပြင် ထိုသို့သောလူစားများကို မြော်မြင်တတ်သူ၊ သို့မဟုတ် ဈေးကစား သူများက ကြိုးကိုင်ခြယ်လှယ်ပါသည်။

          ကမ္ဘာ့လူဦးရေအားလုံးကို လူ့အလွှာနှစ်လွှာတည်းတွင် အကျုံး ဝင်အောင် ပယ်ရက်တိုက ထည့်သွင်းထားခြင်းသည် ပြည့်စုံလုံလောက် ပါရဲ့ လားဟု ဝေဖန်ချင်လျှင် ဝေဖန်လို့ရ၏။ သင် ထင်ချင်သလိုထင်၊ သင်ယူဆချင်သလို ယူဆလို့ရပါသည်။ သို့သော် ကမ္ဘာ့လူသားများတွင် အဆိုပါ လူ့အလွှာနှစ်လွှာ တည်ရှိနေကြောင်းတော့ ကျွန်တော်တို့ အားလုံး လက်ခံကြပါသည်။ သူတို့သည် မွေးကတည်းက ထိုသို့ဖြစ်လာ သလား၊ သို့မဟုတ် လူမှုဝန်းကျင်နှင့် လေ့ကျင့်သင်ကြားပေးမှုအရ ထိုသို့ ဖြစ်လာသလားဆိုသည်ကို ထည့်တွက်နေဖို့မလို။ ထိုသို့သော လူ့အလွှာ နှစ်လွှာ ရှိနေသည်တော့ အမှန်။

          ထိုသို့သော လူစားများရှိနေသည်မှာ အမှန်ဖြစ်နေသည်ဆိုတော့ စိတ်ကူးများ ထုတ်လုပ်ရေး နည်းထူးတွေရှိသည် ဆိုသည့်တိုင် မည်သည့် နည်းထူးကမျှ မကယ်နိုင်သည့် လူစားမျိုးတွေ အမြောက်အမြားရှိနေ သည်ဟု ကျွန်တော်ယူဆပါသည်။

          သို့သော် ကျွန်တော်တို့ လုံးပန်းရှာဖွေနေသည့် အကြောင်းကိစ္စ အတွက် အရေးကြီးသည်ဟု ကျွန်တော်ယူဆသည့်အချက်မှာ ဤကမ္ဘာ ပေါ်တွင်ရှိသည့် မြော်မြင်တတ်သူများ၊ သို့မဟုတ် ပြန်လည်ဆက်စပ် ဖော်ထုတ်သူများသည် အလွန့်အလွန် ကြီးမားသည့် အုပ်စုကြီး ဖြစ်နေ ခြင်းပင်။ သူတို့တွင် စိတ်ကူးများ၊ အတွေးများ ထုတ်လုပ်နိုင်စွမ်းရှိ သည်။ အနိမ့်ဆုံးအားဖြင့် သူတို့တွင် စိတ်ကူးများထုတ်လုပ်ဖို့ မွေးရာပါ စွမ်းရည်များရှိသည်။ ဘာပဲဖြစ်ဖြစ် ဤစွမ်းရည်မျိုးကား လူတိုင်းမှာ ရှိသည့် စွမ်းရည်မျိုးမဟုတ်။ ရှေးဘဝကုသိုလ်ကြောင့် ရတောင့်ရခဲ ရထားသည့် စွမ်းရည်မျိုးဖြစ်၏။

          လောကတွင် လူတော်လူမော်တွေ အများကြီးရှိ၏။ သို့သော် လူတိုင်းတော့ တော်ပွေ့တတ်ပေ့ဆိုသည့် စွမ်းရည်ထူးသူများ မဟုတ်ပါ။

          သည်တော့ ကျွန်တော်တို့သည် စွမ်းရည်ထူးသူများ စာရင်းတွင် မပါဝင်သော်လည်း အတော်အသင့် စွမ်းရည်ရှိသူများ စာရင်းတွင်တော့ ပါလောက်သည်ဟုပဲ မျှော်လင့်ရပါတော့မည်။ ။

          မည်သို့ဖြစ်စေ၊ လူတစ်ယောက် (မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်) သည် ကြော်ငြာကို သဘောကျသည်။ နှစ်သက်သည်၊ စွဲမက်သည် ဆိုလျှင် ထိုသူသည် ဤကမ္ဘာပေါ်ရှိ ပြန်လည်ဆက်စပ် ဖော်ထုတ်သူများ အုပ်စုထဲ ပါဝင်နေပြီဟု ကျွန်တော်တို့ မှတ်ယူကြရမည် ဖြစ်ပါသည်။

          ထို့ကြောင့် သူ့တွင် ဆန်းသစ်တီထွင်နိုင်သည့် စွမ်းရည်များ ရှိနေသည်။ ၎င်းစွမ်းရည်များသည် အခြားစွမ်းရည်များနည်းတူ အထူး တလည် အားထုတ်လေ့ကျင့်ခြင်းအားဖြင့် တိုးပွားအားကောင်းလာ နိုင်၏။ ပြီးတော့ နည်းထူးတစ်ခုကို တစ်ဖက်ကမ်းခပ် တတ်မြောက် အောင် ကြိုးစားခြင်းဖြင့် ၎င်းစွမ်းရည်များကို ပိုမိုထိရောက်ပြောင် မြောက်စွာ အသုံးချနိုင်ပါမည်။