မြတ်ငြိမ်း - အောင်မြင်မှုခရီးရှည်
အောင်မြင်မှုခရီးရှည်
နေ့ - ၁
လူတစ်လုံးသူတစ်လုံးဖြစ်ရေးအတွက် ငါ့ဘဝ ငါတာဝန်ယူထိန်းကျောင်း ရမယ်။ ထက်ထက်မြက်မြက်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ငါ့မှာ စီမံကိန်းတစ်ခုရှိမှ ဖြစ်မယ်။ “မိုင်တစ်ထောင်ခရီးကို ပထမဦးဆုံးခြေလှမ်းနဲ့ စရမယ်””ဆိုတဲ့ ဆိုစကား ရှိတယ်မဟုတ်လား။ ဒီခရီးအတွက် ငါ့မှာ လမ်းပြမြေပုံတစ်ချပ်လည်း ရှိဖို့လိုအပ်တာပေါ့။
နေ့ - ၂
အောင်မြင်မှုကို တစ်ခုတည်းသောဖြစ်ရပ်နဲ့ တိုင်းတာလို့မရဘူး။ အဲဒီလို ပဲ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း စွမ်းဆောင်မှုနဲ့လည်း တိုင်းတာ လို့ မရဘူး။ ဒီတော့ အောင်မြင်မှုကို ဘာတွေက ပြဋ္ဌာန်းသလဲ။ ငါ့ ဝန်းကျင်မှာ ရှိတဲ့အရာတွေထက် ငါ့ရင်တွင်းမှာ ရှိတဲ့အရာတွေနဲ့ ပိုပြီး သက်ဆိုင်တယ်။
နေ့ - ၃
ငါ အောင်မြင်မယ်ဆိုတာကို ငါ ယုံကြည်ထားရမယ်။ ခုလောလောဆယ် မဟုတ်တောင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေါ့။ ခုလောလောဆယ်မှာတော့ ငါ လမ်းမှန်ပေါ် ရောက်နေတာလောက်နဲ့ပဲ ကျေနပ်နေရဦးမယ်။ ဆိုးရွား တဲ့ အတွေ့အကြုံ ကနေ အမြတ်ထုတ်ယူလို့ရမယ့် နည်းလမ်းကို ရှာရတာ တစ်ခါတလေ တယ်ခက်ပါလား။ ဒါပေမဲ့ အဲဒီ အတွေ့အကြုံထဲမှာ သင်ခန်းစာကတော့ ရှိကိုရှိနေလေရဲ့။
နေ့ - ၄
မိုးသက်မုန်တိုင်းဆင်မယ့် အရိပ်အယောင် တွေ့ရုံလောက်နဲ့တော့ ငါ သင်္ဘောကို စွန့်ခွာမပြေးဘူး။ ငါ မုန်တိုင်းထဲက တိုးထွက်မယ်။ ဇွဲရှိခြင်း နဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို ငါ အရမ်းတန်ဖိုးထားတယ်။
နေ့ - ၅
ငါ့မှာ ဖြစ်ပြီးခဲ့တာတွေကို ပြန်ပြင်လို့မရဘူး။ စိတ်ဆင်းရဲစရာကောင်းတဲ့ အတိတ်ဖြစ်ရပ်တွေကို ဝမ်းနည်းခံစားနေလို့ အပိုပဲ။ ငါ အတိတ်ကို ပြန်မသွားဘူး။ ထွန်းတောက်ပြောင်မြောက်တဲ့ အနာဂတ်ဖြစ်လာအောင် ဖန်တီးဖို့ပဲ အားထုတ်မယ်။
“ကျုပ်တို့အနာဂတ်အရေးကို စိတ်ဝင်စားရမယ်။ ဘာဖြစ်လို့လဲဆို တော့ ကျုပ်တို့ရဲ့လက်ကျန် သက်တမ်းတလျှောက်လုံး အဲဒီအနာဂတ်မှာ ရှင်သန်နေထိုင်ရမှာမို့လို့ပဲ”လို့ ချားလ်စ် အက်ဖ်၊ ကက်တားရင်းက ပြောခဲ့တယ်လေ။
နေ့ - ၆
ငါ ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ရှိသူများကို ငါ အစွမ်းကုန်ကြည့်ရှု စောင့်ရှောက်ရမယ်။ ငါက ဆုလာဘ်ထက် အရည်အချင်းပြည့်မီတဲ့ အလုပ်အကျွေးပြုမှုကို ရှေ့တန်းတင်ဦးစားပေးတယ်။ ငါက နေ့စဉ်ပုံမှန် လုပ်ငန်းကလေးတွေကိုတောင် စိတ်ထားထက်သန်စွာ လုပ်ဆောင်ခဲ့ တယ်။ ပြီးတော့ ငါက ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေတတ် ထိုင်တတ်အောင် အကျင့်လုပ်ခဲ့တယ်။ ငါက အလုပ်ကြိုးစားတယ်။ သစ္စာစောင့်သိတယ်။ အဲဒီလိုစံနမူနာ ပြုလုပ်ရပ်တွေလုပ်ပြပြီး တခြားသူ တွေကို အောင်မြင်မှုရအောင် ကူညီခဲ့တယ်။ ပါရမီသူများကို ငါက အားပေးကူညီခဲ့တယ်။ ပါရမီဓာတ်ခံ နည်းပါးသူများကျတော့ သင်ကြား လေ့ကျင့်ပေးခဲ့တယ်။
နေ့ - ၇
ငါ့ငွေကို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ တာရှည်ခံပြီး ရေရှည်အသုံးတည့်တဲ့ ဥစ္စာပစ္စည်းတွေပေါ်မှာပဲ ရင်းနှီးမြှုပ်နှံချင်တယ်။ ကုန်ကျစရိတ်နဲ့ ကုန် ပစ္စည်းအရည်အသွေး ဘယ်လို ဆက်စပ် ပတ်သက်နေတယ်ဆိုတာ ငါ သိတယ်။ ဒါကြောင့် လူအထင်ကြီးလောက်တဲ့ ဈေးနှုန်းတပ်ထားတဲ့ အရာပစ္စည်းတွေကို ငါ မဝယ်ဘူး။
နေ့ - ၈
ဟန်ရေးပြနေမယ့်အစား လုပ်စရာရှိတာစလုပ်။
အဲဒါကတော့ ငါ့ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ပဲ။ ငါဟာ စိတ်ဓာတ်ကျနေချိန်မှာ တက်ကြွလှုပ်ရှားလို့ မရနိုင်ဘူး။ “စိတ်စေတနာ”ဆိုတဲ့ စကားလုံးကိုပြောင်းပစ်ချင်လိုက်တာ။ ပြောင်းပစ်တဲ့စကားလုံးမှာ အရိပ်အငွေ့ကလေး ထင်ဟပ်နေစေချင်တာက ဒီကနေ့ကို အပြောင်မြောက်ဆုံးနေ့တစ်နေ့ ဖြစ်လာအောင် ကိုယ်တိုင်ကိုယ်ကျ စိတ်ပိုင်းဖြတ်ပြီး ဒီကနေ့အတွက် ဦးစီးဆောင်ရွက်ဖို့ပဲ။ ဒီတော့ “စေတနာ၊ အပေါင်း၊ ဆောင်ရွက်မှု၊ ညီမျှခြင်း၊ စေတနာဆောင်ရွက်ချက်”ပေါ့။
နေ့ - ၉
စိတ်ဆင်းရဲမှု၊ စိတ်မကျေနပ်မှုတွေကို ဖြစ်ပေါ်စေမယ့် စိတ်ကူးယဉ် မျှော်လင့်ချက်တွေကို ငါစွန့်ပစ်လိုက်ပြီ။ ဒီတော့ ငါသဘောထားကြီးကြီး ထားတတ်ရေးကို သင်ယူလေ့လာမယ်။ မေတ္တာတရားထားတတ်သူ ဖြစ် ရေးအတွက် ကြိုးစားမယ်။ အဲဒီအရည်အချင်းတွေကနေ မွေးဖွားလာမယ့် ရလဒ်တွေကိုပဲ ငါ မျှော်လင့်တော့မယ်။
နေ့ - ၁၀
ငါ့ပတ်ဝန်းကျင်က လူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖို့ ငါ ကြိုးစား အား ထုတ်နေတယ်။ သူတို့ ငါ့ဘဝထဲဝင်လာကြဖို့ လက်ကမ်း ဖိတ် ခေါ်နေတယ်။
ငါ့မျက်လုံးတွေက သူတို့ကိုပြောနေတဲ့ စကားကတော့ “ကြိုဆို ပါတယ်”လို့ “ခင်ဗျားတို့နဲ့ ဒီထက်ပိုပြီး ထဲထဲဝင်ဝင် သိကျွမ်းပါတယ် ဗျာ””လို့ ငါ့အပြုံးက ပြောနေတယ်။ ။
အဲ... ငါ့နှလုံးသားကတော့ ““ကျွန်တော် စာနာတတ်ပါတယ်။ ထောက်ထားတတ်ပါတယ်”လို့ ပြောနေတာပေါ့။
နေ့ - ၁၁
ငါ့ရဲ့ ပင်ကိုထူးချွန်မှုတွေကို အရည်အသွေးမြင့်မားပြီး စည်းစနစ်ကျတဲ့ဆောင်ရွက်မှုတွေဖြစ်လာအောင် ဖော်ဆောင်တယ်။ ငါက ဖြတ်လမ်းနည်း ကို မကြည့်ဘူး။ အလွယ်လမ်းကို မလိုက်ဘူး။ လေ့ကျင့်ကွင်းထဲမှာ လေ့ကျင့်တဲ့အခါ လိုက်နာကျင့်ကြံဖို့ ဆိုရိုးတစ်ခု ရှိတယ်မဟုတ်လား။
ချွေးထွက်များမှ သွေးထွက်နည်းမယ်တဲ့။ စည်းစနစ်ရှိမှ အောင် မြင်မှု ရနိုင်မယ်လေ။
နေ့ - ၁၂
ငါအနှစ်သက်ဆုံး အဆိုအမိန့်တွေထဲက တစ်ခုကတော့ ဟောရေ့စ်မန်းရဲ့ပျောက်ဆုံးသွားကြောင်းနှင့် ပြန်တွေ့ကြောင်း အသိပေးချက်ဆိုတဲ့ အဆို အမိန့်ပဲ။
ပျောက်ဆုံးသွားတယ်၊ ၂၄ နာရီ တစ်ဖြတ်၊
၂၄ ကရက်ရှိတဲ့ ရွှေနေ့တစ်နေ့ပေါ့။
အဲဒီတစ်နာရီတိုင်းကို ရတီ ၆၀ ရှိတဲ့ စိန်မိနစ်တွေ မြှုပ်ထားတယ်။
အဲဒီတစ်မိနစ်တိုင်းကို ရတီ ၆၀ ရှိတဲ့ ပတ္တမြားစက္ကန့်တွေမြှုပ်ထားတယ်။
ဒါပေမဲ့
အဲဒီအဖိုးထိုက် အဖိုးတန်နေ့တစ်နေ့ကို လိုက်ရှာကြည့်မနေနဲ့တော့။
ထူးခြားအံ့သြစရာကောင်းလှတဲ့ အဲဒီရွှေနေ့ဟာ ပျံသန်းသွားပြီး၊
ထာဝရ စွန့်ခွာထွက်ပြေးသွားပြီ။
ဪ... ဒီနေ့ကို ငါ ဆုံးရှုံးလက်လွှတ်လိုက်ရပါပြီကော။
နေ့ - ၁၃
နေ့သစ်တစ်နေ့စတိုင်း ငါက ငါ့ကိုယ်ပါ မေးခွန်းတစ်ခု မေးလေ့ရှိတယ်။ ငါ့အချိန်ကို တန်ဖိုးအရှိဆုံး အသုံးချရာရောက်အောင် ဒီနေ့ ... ငါ... ဘာတွေဖြစ်မြောက် အောင်မြင်အောင် စွမ်းဆောင်မလဲ။ ပိုမိုအဓိပ္ပာယ် ရှိပြီး ပိုမိုမြင့်မြတ်တဲ့ မျှော်မှန်းချက်တစ်ခု ဖြစ်မြောက်လာရေးနဲ့ ပိုပြီး နီးကပ်လာစေမယ့် လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ။
နေ့ - ၁၄
ဒီနေ့တော့ စံနမူနာထားထိုက်တဲ့ ပုဂ္ဂိုလ်တွေဆီက ပညာယူဖို့ရည်မှန်း ထားတယ်။ ခုချိန်မှာ ငါအလုပ်ချင်ဆုံးအလုပ်မျိုးတွေကို လက်တွေ့ လုပ်ကိုင်ပြီး အောင်မြင်နေသူတွေကို ရှာဖွေဖော်ထုတ်တယ်။ သူတို့နဲ့ စကားပြောတယ်။ သူတို့ဆီက ငါယူလို့ရသရွေ့ ပညာတွေသင်ယူ ဆည်း ပူးတယ်။ သူတို့လှမ်းခဲ့တဲ့ ခြေလှမ်းတွေအတိုင်း သူတို့ချမှတ်ခဲ့တဲ့ စီမံ ကိန်းတွေအတိုင်း လိုက်လုပ်ဖို့ ငါ သန္နိဋ္ဌာန်ချတယ်။ ယာယီအခက်အခဲ တွေ၊ အတားအဆီး အဟန့်အတားတွေကို သူတို့ ကျော်လွှားအောင်မြင် တဲ့ နည်းတွေအတိုင်းလိုက်ပြီး ကျင့်ကြံဖို့ ငါ စိတ်ပိုင်းဖြတ်တယ်။
နေ့ - ၁၅
ဘုရားသခင်ထံမှာ ငါ အမြဲဆုတောင်းတယ်။ ပြီးတော့ ငါ့ရဲ့ ကိုယ်ကျင့် သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ရေးအတွက် ငါ့ရဲ့စိတ် စေ တသိက်တွေကို မကြာမကြာ ပြန်လည်ဆန်းစစ်ကြည့်ရတယ်။ ဒီအကျင့် အကြံကို ထူးချွန်မှုဖြစ်ပေါ်စေသော အလေ့အထလို့ ငါက နာမည်ပေး ထားတယ်။ ဘုရားသခင်ရဲ့ ကူညီစောင့်ရှောက်မှုကြောင့် ခုဆို ငါဟာ တကယ့်လူ့ဘဝဇာတ်လမ်းအတွက် တင်ဆက်သူ ........။