Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အနှစ်ပြည့်အောင်မြင်မှုတည်ဆောက်ရေး

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ဥပဒေသ နံပါတ်တစ်

ငွေချမ်းသာပြီး အချိန်ဆင်းရဲသည့်ဘဝဖြင့် မရောင့်ရဲပါနှင့်

ငွေချမ်းသာပြီး အချိန်ဆင်းရဲသည့် ဘဝဖြင့် မရောင့်ရဲပါနှင့်

          ထိုညနေကား ကယ်လီဖိုးနီးယားတွင် ပူလောင်သော အဲ... ပူလောင်အိုက်စပ်သော ညနေခင်း ဖြစ်၏။ ထိုအခိုက်မှာပင် ထိုဖြစ်ရပ်ကို ကျွန်တော် မြင်လိုက်ရသည်။ လော့(စ်)အိန်ဂျလိ(စ်)မြို့မှ ညနေစောစော ထွက်လာသည့် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်ကြော ပိတ်ဆို့ပြီး ရပ် တန့်သွားသည်မှာ တစ်နာရီအတွင်း အကြိမ်မြောက် ဆယ်မြောက် ရှိနေ ပြီ။ ကားပေါ်မှာ ထိုင်ရင်း ကျွန်တော်နှင့်အတူ ရပ်စောင့်နေရသည့် ခရီး သွားဖော်များကို မျက်စိဝေ့ဝဲ ကြည့်မိ၏။ ကျွန်တော့် ဘယ်ဘက် ယာဉ်ကြောပေါ်က ယာဉ်မောင်းသည် ကားလက်ကိုင်ဘီးပေါ်မှာ ဝမ်းလျား ကြီး မှောက်လျက်။ အသက်ထွက်နေသည်လား၊ ကြံရာမရ ဖြစ်နေသည် လား မသိ။ ရှေ့ကားပေါ်ရှိ အလုပ်ခွင်ဝတ်စုံ ဆင်မြန်းထားသည့် မိန်းမ ကတော့ သူ့တယ်လီဖုန်းထဲကို တစ်လှည့်၊ ကားနောက်ခန်းထဲတွင် အကဲကြီး ကဲနေသည့် သူ့ကလေးများကို တစ်လှည့် အော်ငေါက်နေသည်။ နောက်ပြီး ကျွန်တော့် ညာဘက်က ပေါ့(ရှ်)ကားထဲက ပုဂ္ဂိုလ်ကတော့ အဲ... စိတ်တို ဒေါသထွက်နေသည်။ သူက သူ့ရှေ့က မော်တော်ယာဉ် မောင်းများကို လှမ်းအော်နိုင်ရန် သူ့ကား တံခါးမှန်ကို နှိမ့်ချလိုက်ခြင်း အားဖြင့် တန်ဖိုးရှိလှသော လေအေးအေးကလေးကို အဆုံးခံလိုက်၏။ ထိုသို့ ခဏကြာအောင် ပြုလုပ်အပြီးတွင် သူလည်း တယ်လီဖုန်းကိုကောက်ကိုင်ပြီး အော်ငေါက်နေတော့၏။ ထိုပေါ့(ရှ်) ကားနှင့် ကျွန်တော် ငှားမောင်းလာသည့် ကားသည် အမြန်လမ်းမကြီးပေါ်တွင် အနည်းဆုံး ငါးမိုင်လောက် သူတင်ကိုယ်တင် အပြိုင်မောင်းခဲ့ကြ၏။ ကျွန်တော် သူ့ကို ကြည့်ရင်း ကြည့်ရင်း သဘောကျလာမိသည်။ ပေါ့(ရှ်)ကားမှာ တပ်ဆင်ထားသည့် လေအေးစက်သည် ပြိုင်ဘက်မရှိလောက်အောင်ကောင်းမှန်း ကျွန်တော်သိသည်။ သို့ပေမဲ့ သည်လူ့မျက်နှာကြီးက နီ သည်ထက် နီရဲလာသည်။ ပြီးတော့ ချွေးဒီးဒီး ကျနေသည်။

          ၎င်းဗရုတ်သုတ်ခ ဖြစ်ရပ်ကလေးထဲတွင် အာရုံနစ်နေမိသည့် အတွက် ရှေ့ကားက နှစ်ကိုက်လောက်ရှေ့တိုးသွားသည်ကို ကျွန်တော် လိုက်ကပ်ဖို့ မဆိုစလောက်ကလေး နှေးသွားသည်။ ပေါ့(ရှ်) ကားပေါ်က လူက ထိုအခွင့်အရေးကို မြင်သည်။ သူ့ကား လီဗာကို ဆောင့်နင်းသည်။ သူ့ကားကလေးသည် မဆိုစလောက် ကွက်လပ်ကလေးထဲ တိုးဝင်သွား သည်။ ထိုအချိန်မှာ ထိုအရာကို ကျွန်တော် တွေ့လိုက်ရခြင်း ဖြစ်၏။ သူ့ကား ဘမ်ပါမှာ ကပ်ထားသည့် စာတန်းကလေး။ “ကစားစရာအရုပ် အများဆုံးရပြီး သေသွားသူသည် အောင်နိုင်သူ ဖြစ်သည်” တဲ့။

          ထို့နောက်ပိုင်းကတည်းက ကျွန်တော် သူ့ကို ခဏခဏ သတိရ နေသည်။ သူ သက်ရှိထင်ရှားရော ရှိသေးရဲ့ လား။ မရှိတော့ဘူးဆိုလျှင် သူ ရသွားသည့် ဆုလာဘ်တွေက ဘာတွေလဲဟု တစ်ခါ၊ နှစ်ခါလောက်တွေးမိကြောင်းတော့ ကျွန်တော် ဝန်ခံရပါမည်။ သို့ပေမဲ့ များသောအားဖြင့် သူ့ကို သတိရမိခြင်းမှာ ထိုလူသည် ကျွန်တော် တဖြည်းဖြည်း ယုံကြည် လက်ခံလာသည့် ဆင်းရဲသား လူတန်းစားအသစ်၏ ပြယုဂ် ဖြစ်နေ သောကြောင့်ပင်။ 

          သည်လို လူစားတွေမှာ အလွန် အဆင့်အတန်းမြင့်သည့် နေမှု ပုံစံတွေ ရှိသည်။ သို့ပေမဲ့ ဘဝဆိုင်ရာ အဆင့်အတန်းကျတော့ စိတ်ပျက် စရာ ကောင်းလောက်အောင် ဆိုးရွားလှသည်။ သူတို့တွင် အချိန်ကုန် သက်သာစေမည့် ပစ္စည်းကိရိယာပေါင်းစုံ ရှိသည်။ သို့ဖြစ်စေကာမူ “တစ်နေ့ တစ်နေ့ အချိန်လုံလုံလောက်လောက်ကို မရပါဘူး ဟု ခါးသီး စွာ ညည်းညူကြသည်။ သူတို့တွင် နောက်ဆုံးပေါ် နည်းပညာဖြင့် တီထွင်ထားသည့် ဆက်သွယ်ရေး ကိရိယာတွေ ရှိသည်။ သူတို့သည် ဘယ်နေရာ ဘယ်ဒေသကိုမဆို ကြိုက်သည့်အချိန်မှာ ဆက်သွယ်လို့ ရ၏။ သို့သော် သူတို့ ချစ်ခင်မြတ်နိုးသူတွေနှင့် ဆက်သွယ်ဖို့ကျတော့ မဖြစ်နိုင်သလောက် အခက်အခဲ တွေ့နေရသည်။ သူတို့တွင် ဒုတိယ အိမ်တစ်လုံး ရှိသည်။ သို့သော်ငြားလည်း သူတို့၏ ပထမအိမ်မှာပင် နာရီအနည်းငယ်မျှ အနားယူ အပန်းဖြေဖို့ အချိန်မရကြ။ သူတို့တွင် အရာခပ်သိမ်း အပြည့်အစုံရှိပြီး သူတို့တွင် ဘာဆိုဘာမျှ မရှိကြပါချေ။

          ကားဘမ်ပါတွင် ကပ်ခွာစာတန်းကလေး ကပ်ထားသည့် ထိုလူကို ကျွန်တော် နားလည်သည်။ သဘောပေါက်သည်။ တစ်ခါတစ်ခါ သူ့ကို သိသလိုပင် စိတ်ထဲထင်မိ၏။ သူသည် သူ့ကလေးတွေ အိပ်ရာက မနိုးမီ အစောကြီးကတည်းက လုပ်ငန်းခွင်သို့ ထွက်ခဲ့ရသည်။ သူ့ သားသမီးများကို အိပ်ရာဝင်ပုံပြင် ဖတ်ပြခဲ့တာ ဘယ်တုန်းက နောက်ဆုံး အကြိမ်ဖြစ်သည်ကို သတိ ပြန်ဖော်လို့ မရတော့။ သူ့သမီးကလေး ကပြ ဖျော်ဖြေသည့် ဘဲလေးကပွဲကို သူ သွားရောက် အားမပေးချင်လို့တော့မဟုတ်။ သို့ပေမဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ချစ်ကြည်မှုတွေ၊ စေတနာတွေကို ထုတ်ဖော်ပြလို့ မရနိုင်လောက်အောင် ဖြစ်နေသည်။ ရုံးပိတ်ရက်မှာ စိတ်ကိုယ်လျှော့နေလိုက်ဖို့ ဇနီးသည်က အသနားခံနေသည့်ကြားက “ရုံးကို တစ်ချက်လောက် ဖုန်းဆက်ကြည့်လိုက်ချင်သည့် ဆန္ဒ” ကို မလွန် ဆန်နိုင်။

          သူ့မှာ ကျန်းမာရေး အာမခံရှိသည်။ စိတ်ဖိစီးမှု လျော့ပါးရေး ရုံးတွင်းသင်တန်းများ ရှိသည်။ သို့ပေမဲ့ သူ့မှာ အလုပ်နှင့် အချိန်နှင့် လုံးထွေးနေရသည်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်လို့မပျော်။ သူသည် ဒုတိယအကြိမ် နှလုံးရောဂါ အဖောက်ခံရဖို့ တာစူနေပြီ။ သူ့မှာ အခက် အခဲမျိုးစုံ၊ ပြဿနာမျိုးစုံ ကြုံနေရသည်။ ထိုထိုသော အခက်အခဲများ၊ ပြဿနာများထဲတွင် “အချိန်ဆင်းရဲခြင်း”ထက် လူကို ဒုက္ခပေးသော ရောဂါ မရှိပါချေ။

          အချိန်ဆင်းရဲခြင်းကို သတိပြုမိဖို့ တော်တော် ခက်သည်။ ဘာ့ကြောင့်ဆို ဘဝ၏ အခြားအပိုင်းတိုင်းသည် အရမ်းအဆင်ပြေ ချော မွေ့နေသယောင် ရှိသောကြောင့် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်၏ လူနေမှု အဆင့်အတန်းသည် အလွန်အဆင့်မြင့်ပါသည်။ သူ ချစ်ခင်မြတ်နိုးသူ များအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးထား နိုင်၏။ သူ့ကလေးတွေသည် မွေးနေ့များ၊ ခရစ္စမတ်နေ့များတွင် တန်ဖိုး အကြီးဆုံး လက်ဆောင်များရကြ၏။ အဆင့်မြင့်ပေ့၊ ကောင်းပေ့ဆိုသည့်ကျောင်းများမှာ စာသင်ခွင့်ရကြ၏။ သူတို့သည် မကြာမကြာဆိုသလို အဆင့်အတန်းမြင့်မြင့် အနားယူ အပန်းဖြေခွင့်များ ရကြသည်။ ထို့ကြောင့် အချိန်ဆင်းရဲခြင်းကို သတိပြုမိဖို့ ပိုပြီး ခက်ခဲရလေသည်။ သူတို့ မိသားစုသည် တစ်နှစ်တစ်ကြိမ် ရက်ပေါင်းအတန်ကြာအောင် အပန်းဖြေခရီး ထွက်ကြမည်။ ကျေးလက်ဒေသဘက်တွင် ဒုတိယနေအိမ်တစ်လုံး ရှိကောင်းရှိမည်။ တစ်မိသားစုလုံး ကျန်းမာရေးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ဖို့ အသင်းဝင်ထားတာ ရှိကောင်းရှိမည်။

          သို့သော် ထိုသို့သော အပြေးအလွှား၊ ဒရောသောပါးနေမှု ပုံစံကို အထောက်အကူပြုမည့် ဝန်ဆောင်မှုလုပ်ငန်းတွေ ပုံစံမျိုးစုံဖြင့် ပေါ်ထွန်း နေသည်။ သင့်သားသမီးများ၏ မွေးနေ့ပွဲများ စီစဉ်ပေးလိမ့်မည်။ သို့မဟုတ် သင့်မိသားစု၏ ဓာတ်ပုံ အယ်(လ်)ဘမ်တစ်ခု စုစည်းစီစဉ်ပေး လိမ့်မည်။ သင့်ရုံးခန်းရှိ စာရေးစားပွဲသို့ လာရောက်ပြီး အကြောလျှော့ နှိပ်နယ်ပေးကြလိမ့်မည်။ သင်က အောင်မြင်နေသူပဲ။ သင့်လိုအပ်ချက် မှန်သမျှကို သင် အချိန်ကုန်မခံရဘဲ ပြည့်ဝအောင် ဖြည့်ဆည်းပေးကြလိမ့် မည်။

          လန်ဒန်မြို့တော်ရှိ မဟာအဖွဲ့ အစည်းကြီးများတွင် နောက်ဆုံး ပေါ် အလုပ်အကိုင်တစ်ခု ပေါ်ပေါက်နေသည်။ သူတို့ကတော့ “နေမှု ပုံစံ မန်နေဂျာ”ဟု ခေါ်ကြသည်။ သူတို့၏ ကြော်ငြာများအရဆိုလျှင် သူတို့က “လုပ်ငန်းခွင် ပြင်ပရှိ မိမိတို့ ဘဝများကို စနစ်တကျ မစုစည်း မစီစဉ်နိုင်လောက်အောင် အလုပ်များလှသော သြဇာအာဏာ ကြီးမားလှ သည့် အရာရှိကြီးများအတွက် လိုအပ်ချက်များ စီစဉ်ဖြည့်တင်း” ပေး သည် ဆို၏။ သူတို့က အိမ်မွေးခွေးကလေးအား ကျောင်းပေးခြင်းမှသည် မင်္ဂလာဆောင်တစ်ခု ဖြစ်မြောက်သည်အထိ စီစဉ်ပေးမည် ဖြစ်ကြောင်း အာမဘန္တေ ခံထားသည်။

          အချိန်မွဲသူများသည် “တစ်ခုခု လစ်ဟင်း”နေသည့် ခံစားချက် မျိုးတွေ တဖြည်းဖြည်း ကြီးထွားလာနေကြ၏။ သူတို့ကို တစ်ဦးတစ်ယောက် က လိမ်ညာတာ ခံနေရသလိုလို၊ အရူးလုပ်တာ ခံနေရသလိုလို။ သူတို့ သည် လူ့ဘဝ၏ ပျော်စရာ အကောင်းဆုံး အနှစ်နှစ်ဆယ်ကာလကို ပြေးရင်းလွှားရင်း ကုန်လွန်ခဲ့ရ၏။ အခြားသူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့ ကုန်လွန်ခဲ့ရ၏။ သူတို့သည် ပစ္စည်းဥစ္စာတွေတော့ အတော်အသင့် စုဆောင်းပိုင်ဆိုင်ခဲ့ကြ၏။ သို့သော် သူတို့ရင်ကို တရွရွ ကိုက်ဖြတ်နေသည့် ခံစားချက်တစ်မျိုး ခံစားနေကြရသည်။ သူတို့မှာ သူတို့ ချစ်ခင်မြတ်နိုးသူများနှင့် တရင်းတနှီး ယုယုယယ ကြင်ကြင်နာနာ နေဖို့ အချိန်မရကြ။ တစ်ဦးနှင့်တစ်ဦး ပိုပြီး နက်ရှိုင်းလေးနက်သည့် ဆက်ဆံရေးတစ်ခု ဖြစ်ထွန်း ဖွံ့ဖြိုးလာအောင် ပျိုးထောင်ဖို့ အချိန်မပေး နိုင်ကြ။

          အချိန် ဆင်းရဲခြင်းသည် ကြေကွဲဝမ်းနည်းစရာ ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့က “အောင်မြင်မှု” နောက်သို့ ကောက်ကောက်ပါအောင် လိုက်နေချိန်တွင် အချိန်ခေါင်းပါးခြင်းက ကျွန်တော်တို့ အမြတ်နိုးဆုံး တန်ဖိုးအထားဆုံးသူများကို တိုက်ခိုက်နေ သောကြောင့် ဖြစ်၏။ အမျိုးသမီးတစ်ဦးက ကျွန်တော့်ထံ စာရေးပါ သည်။

          အင်ဒီနဲ့ ကျွန်မ လက်ထပ်ချိန်မှာ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အရူးအမူး ချစ်နေကြတာပေါ့ရှင်။ ကျွန်မတို့ နှစ်ယောက် ဘယ်အချိန်ကစပြီး ကွဲကွာလာတယ်ဆိုတာ ပြောဖို့ ခပ်ခက်ခက် ပဲ။ သူ့အလုပ်က တဖြည်းဖြည်း ပိုပို ကြီးကျယ်လာတယ်။

          တောင်းဆိုမှုတွေ များလွန်းလာတယ်။ သူဟာ အလုပ်ခွင်က ပြန်လာရင် ကျွန်မအကြောင်း စိတ်ဝင်တစား မမေးနိုင်ဘူး။ သူရဲ့ တစ်နေ့တာ အတွေ့အကြုံတွေလည်း ဖောက်သည် မချနိုင်ဘူး။ အဲဒါတွေ မပြောနဲ့၊ ဟယ်လိုလို့တောင် နှုတ်မဆက်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်လာတာကလား။ အဲဒီအနေအထားကြီး ကို ကျွန်မ မုန်းတယ်။ အော့နှလုံးနာတယ်။ ဒီလိုနဲ့ နှစ်တွေကြာ လာတော့ ထူးဆန်းတဲ့ အကျင့်တစ်မျိုး ရလာတယ်ရှင့်။ ကျွန်မ သူမရှိဘဲ နေတတ်လာတယ်လေ။ “ညည်းအတွက်ရော၊ ညည်းရဲ့ ကလေးတွေအတွက်ပါ ကြိုးစားအားထုတ်တဲ့အနေနဲ့ ညည်း ကိုယ့်ဘာသာ တစ်ကိုယ်တည်း နေတတ်အောင် အကျင့်လုပ်”လို့ ကျွန်မ ကိုယ်ထဲက တစ်ခုခုက ပြောနေသလိုပါပဲ။

          အဲဒီနောက် တစ်နေ့မှာတော့ ကျွန်မ သူ့ကို မချစ်တော့ဘူး ဆိုတာ သဘောပေါက်လာတယ်။ ကြားချင်လွန်းလို့ တမ်းတမျှော်လင့်ခဲ့ရတဲ့ သူ့အသံကို နားကြားပျင်းကတ်လာတော့တယ်။ ဒါကို သူလည်း ရိပ်မိပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ တို့ ဆွေးနွေးချင်တယ်လို့ သူက ပြောလာလို့ပါပဲ။ ဪ.. ယုံနိုင်စရာ မကောင်းလောက်အောင်ပဲနော်။ ဒါပေမဲ့ ခုတော့ အချိန်တွေ သိပ်နောက်ကျသွားပါပြီ။ ဇာတ်လ္လမ်းက ပြီးဆုံးခဲ့ပြီ လေး။

အောင်မြင်မှု၏ အသက်

          အောင်မြင်သူဆိုတာ ဘယ်လို အနေအထားမျိုးကို ခေါ်ပါသလဲ။ အောင်မြင်မှုကို ဘယ်လို တိုင်းထွာမည်လဲ။ မကြာသေးမီက လုံခြုံရေး အလွန် တင်းကျပ်သော အကျဉ်းထောင်တစ်ခုသို့ ရောက်သွားသည်။ ထိုထောင်တွင် အကျဉ်းကျနေသူ တချို့သည် တစ်နည်းတစ်ဖုံအားဖြင့် အလွန် အောင်မြင်သူများ ဖြစ်နေ၏။ လူတစ်ဦးဆိုလျှင် တစ်သက်တာ အတွင်း ကျွန်တော်တို့ မြင်ဖူးတွေ့ ဖူးသည့် ငွေပမာဏထက် များပြားသော ငွေပမာဏကို ပိုင်ဆိုင်နေပြီ ဖြစ်၏။

          ထိုမျှမကသေး ကျွန်တော် ကြားရသည့် ကောလာဟလ သတင်း များသာ မှန်မည်ဆိုပါက ထိုလူသည် အကျဉ်းခံကာလ ဆယ့်ငါးနှစ် ကုန်လွန်သွားသည့်တိုင် ထိုငွေတွေ ကျန်နေဦးမည် ဖြစ်၏။ သူ့ဇနီးနှင့်