မြတ်ငြိမ်း - အကြံကောင်းလျှင်ငွေမရှား
မတည်ငွေ မလိုသော စီးပွားရေးလုပ်ငန်းတစ်ခု ပျိုးထောင်နည်း
ငွေရရေးအတွက် ကျွန်တော် ပထမဦးဆုံးလုပ်ခဲ့သည့် လုပ်ငန်း အကြောင်းကို ပြက်ပြက်ထင်ထင် သတိရနေပါသေးသည်။ ထိုစဉ်က ကျွန်တော့်အသက် ခုနစ်နှစ်၊ ခုနှစ်မှာ ၁၉၄၆။ ဘွားအေတော်သူထံသို့ စာတစ်စောင်ရေးပို့ဖို့ (ကျွန်တော် ပထမဦးဆုံးရေးပို့သည့် စာ အဆက် အသွယ်) မေမေက အကြံပေးသည်။ နောက်ပြီး ပို့စကတ်တစ်ခုနှင့် တံဆိပ်ခေါင်းဝယ်ဖို့ ငါးဆင့်တန် အကြွေစေ့တစ်စေ့ ထုတ်ပေးသည်။ ကျွန်တော် စိတ်လှုပ်ရှားစွာဖြင့် လူတွေ ပျားပန်းခပ် လှုပ်ရှားသွားလာနေ သည့် စာတိုက်ထဲဝင်ခဲ့သည်။ ပို့စကတ်တစ်ခုနှင့် တံဆိပ်ခေါင်းတစ်လုံး ကို ငါးဆင့်မျှသော အသပြာဖြင့် ရပါမည်လားဟုလည်း တိတ်တခိုး စိုးရိမ်နေရသေးသည်။
စာတိုက်စာရေးမက ပို့စကတ်တစ်ခု၊ တံဆိပ်ခေါင်းတစ်လုံးနှင့် ပြန်အမ်းငွေ လေးဆင့်ပေးသောအခါ...
“ ဒီလောက်ပဲ ကျသလား”
ဟု ကျွန်တော်က မေးမိ၏။ စာရေးမက ကြင်နာစွာ ရှင်းပြ သည်။ ထိုပို့စကတ်ကို တစ်ပဲနိ ပို့စကတ်ဟုခေါ်ကြောင်း ဘာကြောင့်ဆို တစ်ပဲနိသာတန်သောကြောင့် ဖြစ်ကြောင်း။
“ဒီကမ္ဘာပေါ်မှာ တစ်ပဲနိပဲပေးရတဲ့ပစ္စည်း လိုချင်တယ် ဆိုရင် မင်း ပို့စကတ်တစ်ခု ဝယ်လို့ရတယ်။ ဒီပို့စကတ်က ဘယ်တော့မဆို တစ်ပဲနိပဲ ပေးရတယ်။ နောင်ကိုလည်း ဘယ်တော့မဆို တစ်ပဲနိပဲ ပေးရလိမ့်မယ်”
ဟု သူမက ရဲရဲပြောသည်။
ယနေ့တော့ ပို့စကတ်တစ်ခုသည် ထိုစဉ်ကဈေးထက် ၂၅ ဆ ပိုပေးနေရပြီ။ နောက်ပြီး ထိုဈေးနှုန်းသည် ကုန်ကျစရိတ်များ မကာမိကြောင်းဖြင့် စာတိုက်ဌာနက ညည်းသေးသည်။
စီးပွားရေးလောကတွင် ဘာမှုရှိရင်းစွဲအတိုင်း တည်မြဲမနေ
ငွေရရေးအတွက် ကျွန်တော် ပထမဆုံးလုပ်ခဲ့သည့် လုပ်ငန်းမှ ရခဲ့သည့် သင်ခန်းစာမှာ စီးပွားရေးလောကတွင် ဘယ်အရာမျှ မူလ ရှိရင်းစွဲအတိုင်း တည်မြဲမနေဆိုသည့် အချက်ဖြစ်၏။ ထိုအရာ ပေါ် ပေါက်စ ကာလတုန်းကတော့ ထိုအရာ ဘယ်တော့မျှ ပြောင်းလဲသွား လိမ့်မည်မဟုတ်ဟု ထင်ရသည်။ သို့ပေမဲ့ ထိုသို့မဟုတ်ပါ။
သို့သော် သင်ခန်းစာများကျတော့ကော။ ။
သင်ခန်းစာများသည်လည်း အခြားအရာရာတိုင်းလို တစ် သမတ်တည်း ပြောင်းလဲနေတာပဲလား။ သို့မဟုတ် သင်ခန်းစာများက တော့ မပြောင်းလဲဘူးလား။ ထာဝစဉ် မူလအတိုင်း တည်မြဲနေသလား။
ထိုသို့ သင်ယူမှုအတွေ့အကြုံများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေခြင်းကပင် ဘဝကို စိတ်ဝင်စားစရာ ဖြစ်ပေါ်နေစေသည်ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော်တို့ အတွေ့အကြုံတစ်ခုရ၏။ ၎င်းအတွေ့ အကြုံမှ သင်ခန်းစာတစ်ခုခု ရလိုက်၏။ ထို့နောက် ဘဝခရီးလမ်းကို ဆက်လျှောက်သည်။ နောက်ထပ် တစ်ခုခုလုပ်သည်။ သင်ခန်းစာတစ်ခု ရပြန်သည်။ ၎င်းသင်ခန်းစာသည် ပထမတစ်ကြိမ်ရထားသည့် သင်ခန်း စာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်ကောင်း ဖြစ်နေမည်။ ဤကား လူ့ဘဝပင်ဖြစ်တော့၏။
လက်နှိပ်ဓာတ်မီးတစ်လက်ငှားပြီး စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ခြင်း
ကျွန်တော် ကိုးနှစ်သားအရွယ်တုန်းက ချာတိတ်တိုင်း အရောက် သွားလိုသည့် နွေရာသီကျောင်းပိတ်ရက် အပန်းဖြေစခန်းတစ်ခု ရှိ၏။ ချမ်ပလိန်းရေကန်တွင် တည်ဆောက်ထားသည့်စခန်း။ ကျွန်တော့် ဖေဖေက နော့သန်းလိဂ်အငယ်တန်း ဘေ့စ်ဘောအသင်းတစ်သင်းတွင် ကစားသမားလည်းဖြစ်၊ နည်းပြဆရာလည်းဖြစ်၏။
ကျွန်တော်က ကျွန်တော့်ဖေဖေအတွက် အကြီးအကျယ် ဂုဏ်ယူ နေသူ။ ကွင်းထဲတွင် ပြေးလွှားကစားနေသည့် ဖအေကို အိမ် အသင်း ပရိသတ်က လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည်ကို တွေ့ရမြင်ရ သော ချာတိတ်တွေ ဘယ်နှဦးရှိလို့လဲ။
ကျွန်တော် ကိုးနှစ်သားအရွယ်ရောက်တော့ ဖေဖေ့အတွက် အလွန်ဂုဏ်ပြုစရာ ကိစ္စတစ်ရပ် ပေါ်လာပြန်သည်။ ဖေဖေက တီကောင် တွေဖမ်းရာ၌ အလွန်တော်သည်။ သူ့လောက်များများ ဘယ်သူမျှ မဖမ်း နိုင်။ မိုးတွေ သဲကြီးမဲကြီးရွာသည့် ညဉ့်လယ်ကောင်ဆိုလျှင် ဖေဖေ တစ်ယောက် လက်စွမ်းပြပြီ။ တီကောင်ဖမ်းရာ၌ ဖေဖေက လျင်လွန်း သည်။ တစ်ချီတည်းဖြင့် နှစ်ကောင်ဖမ်းနိုင်သည်။
ကျွန်တော် ဆယ်တန်းရောက်ပြီး သိပ္ပံပညာ စီမံချက်တစ်ခု လုပ်ဆောင်ရမှ ဖေဖေ ဘာ့ကြောင့်တီကောင်တွေကို နှစ်ကောင်ပူး ဖမ်းနိုင်ကြောင်း အထာပေါက်ခဲ့ရသည်။ စင်စစ် ဖေဖေက တီကောင် နှစ်ကောင် မိတ်လိုက်ပြီး ထွေးရောယှက်တင်ဖြစ်နေချိန်တွင် နှစ်ကောင် စလုံးကို တစ်ချက်တည်း အမိဖမ်းခြင်းပေကိုး။
အက်ကြောင်းအက်ရာများတွင် စီးပွားရေးအခွင့်အလမ်းများရှာပါ
ညဘက်ထွက်သော တွားသွားသတ္တဝါများအား ဖမ်းသည့် တကယ့်နည်းပရိယာယ်မှာ ဘယ်နေရာကို လက်နှိပ်ဓာတ်မီးဖြင့် မီးထိုး ကြည့်ရမည်ကို သိနားလည်ခြင်းဖြစ်၏။ တီကောင်များသည် သူတို့အောင်းနေသည့်တွင်းထဲမှ ဘယ်တော့မျှ လုံးလုံးလျားလျား အပြင်သို့ ထွက်လာလေ့မရှိ။ သူတို့ကိုယ်အောက်ပိုင်းများကို တွင်းထဲတွင် လုံခြုံစွာအောင်းထားလေ့ရှိ၏။ ထိုအချိန်တွင် သင်က သူတို့ကို လက်နှိပ်ဓာတ် မီးဖြင့် ထိုးကြည့်လိုက်မိလျှင် သူတို့က တွင်းထဲသို့ လျင်မြန်စွာ ပြန်ဝင် သွားလိမ့်မည်။ သည်တော့ မိမိ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် လက်နှိပ်ဓာတ်မီးမှ အလင်းတန်းကို တီကောင်တွေပေါ် တည့်တည့် မထိုးမိဖို့ အရေးကြီးသည်။ အလင်းတန်းကို တခြားနေရာသို့ ထိုးပြီး တီကောင်တွေ ရှိမရှိ အလင်းရိပ်ဖြင့် ကြည့်တတ်ရသည်။
တီကောင်ဖမ်းခြင်းအလုပ်သည် ကျွန်တော့်အတွက်တော့ စိတ် ကျေနပ်မှု သုံးမျိုးရစေ၏။ ပထမ စိတ်ကျေနပ်မှုမှာ ဖေဖေ၏ စိတ် အားထက်သန်မှုကို ဖြည့်ဆည်းပေးရာရောက်ခြင်း၊ ဒုတိယစိတ်ကျေ နပ်မှုမှာ ကျွန်တော်တို့ မကြာမကြာသွားတတ်သည့် ငါးမျှားခြင်းခရီးစဉ် များအတွက် ငါးစာများရခြင်း။ တတိယမြောက် စိတ်ကျေနပ်မှုကတော့ ကျွန်တော်တို့ ငါးမျှားရာမှ ပိုနေသော တီကောင်များကို ရောင်းစားခွင့်ကျွန်တော့်ကို ပေးထားခြင်းဖြစ်၏။ သည်တော့ မိဘနှစ်ပါးအနေဖြင့် ကျွန်တော့်ကို မုန့်ဖိုးပေးရ သက်သာသွားသည်။
တီကောင်များရောင်းခြင်းအလုပ်ကို ကျွန်တော် စွဲမက်လာသည်။ အဆင်သင့်သည့်နေရာတိုင်းတွင် ကျွန်တော် ဆိုင်းဘုတ်များ ထောင် ထားသည်။ ငါးမျှားတံကိုင်လာသူတိုင်းကို ငါးစာအဖြစ် တီကောင်များရောင်းသည်။ ကကတစ်ငါးများသာ မျှားလိုသော ငါးမျှားသမား တစ်ဦး ကတော့ သူက ဖားပြုတ်များကိုသာ ငါးစာအဖြစ်လိုချင်သည်ဟု ပြော သည်။ သည်တော့လည်း ကျွန်တော့်အနေဖြင့် ဖားပြုပ်ကလေးတွေ ဖမ်းပေးရုံပဲပေါ့။ ဆိုင်းဘုတ်ကြော်ငြာများတွင် ရနိုင်သည့် ငါးစာအမည် များ ထပ်ခွဲလိုက်သည်။ နောက်တော့ ကျွန်တော် လျင်မြန်စွာ ခုန်ပေါက် ပြေးလွှားတတ်သည့် ဖားပြုပ်ကလေးများကို နွံအိုင်များထဲတွင် နာရီ ပေါင်းများစွာကြာအောင် လိုက်ဖမ်းနေတော့၏။
ရောင်းဈေးကိုမြှင့်ပြီး အမြတ်ပိုယူခြင်း
ကျွန်တော်ဖမ်းထားသည့် အကောင်များကို ဘယ်ဈေးဖြင့် ရောင်း ရပါ့မည်လဲဟု အကြံအိုက်ခဲ့တာ မှတ်မိနေပါသေးသည်။ ဈေးနှုန်းတွေ ဘယ်နည်းဘယ်ပုံ သတ်မှတ်ကြသလဲဆိုတာကို ကျွန်တော် ဘယ်တုန်း ကမျှ နားမလည် သဘောမပေါက်ခဲ့။
ကြည့်လေ။ စာတိုက်ဌာနက ကတ်ပြားကလေးတစ်ချပ် ဝယ် သည်။ ထိုကတ်ပြားပေါ်တွင် တံဆိပ်ခေါင်းပုံစံတစ်ခု ရိုက်နှိပ်သည်။ ပြီးတော့ ထိုကတ်ပြားကို တစ်ပြည်လုံးသို့ ပို့ချင်ရာပို့ခွင့်ပြုထားသည်။ ထိုသို့ ပို့စကတ်တစ်စောင်ပို့ဖို့ ကုန်ကျစရိတ်မှာ တစ်ပဲနိမျှသာ။ သူတို့ ဘယ်လိုလုပ်ပြီး ဈေးနှုန်းသတ်မှတ်ကြပါသလဲ။ တစ်ပဲနိဆိုသည့် အသပြာမှာ ကျွန်တော် ညဘက်တွင် ဖမ်းထားသည့် တီကောင်တစ်ကောင်ရောင်းလိုက်လျှင် ရသည့်အသပြာခပဲ။ ထို အကောင် တစ်ကောင်ဆိုတာကလည်း ကံကောင်းသည့် (သို့မဟုတ် ကံဆိုးသည့်) ငါးတစ်ကောင်ကောင်က ဟပ်လိုက်လျှင် ပျောက်ကွယ်သွားတာပါပဲ။
နောက်တစ်ချက် ကျွန်တော် နားမလည်နိုင်တာ ရှိသေးသည်။ ဖားပြုပ်တစ်ကောင် ဖမ်းရခြင်းသည် တီကောင်တစ်ကောင်ဖမ်းရခြင်း ထက် ဆယ်ဆလောက် ပိုခက်သည်။ ဆယ်ဆလောက် ပိုပင်ပန်းသည်။ သို့တိုင် ရောင်းဈေးကျတော့ ဖားပြုပ်တစ်ကောင် ငါးဆင့်ပဲရသည်။ ဘာကြောင့်လဲ။ တီကောင်တစ်ကောင်လျှင် ကျွန်တော်က တစ်ဆင့်ဖြင့် ရောင်းသည်။ ဘာကြောင့်ဆို တခြားချာတိတ်များက တစ်ကောင် တစ်ဆင့်ဖြင့် ရောင်းကြသောကြောင့်ပင်။ ဖားပြုပ်များကျတော့ ရောင်းမည့် သူ ကျွန်တော်ကလွဲပြီး တခြားမရှိ။ သည်တော့ ဖားပြုပ်တစ်ကောင် ဘယ်လောက်ဖြင့် ရောင်းရမည်မှန်း ကျွန်တော် မသိတော့။ ကျွန်တော့် ဆီမှာဝယ်သည့် ပထမဦးဆုံးဖောက်သည်က ဖားပြုပ်တစ်ကောင် ငါးဆင့် ဖြင့်ရောင်းခြင်းသည် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြင့် ဖားပြုပ်တစ်ကောင် ရောင်းဈေးသည် ငါးဆင့်ဖြစ်လာတော့၏။
ဈေးနှုန်းများသည် ကျွန်တော့်ကို ဆက်ပြီးဦးနှောက်ခြောက်စေ ၏။ လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်တုန်းက ကျွန်တော် ဖားပြုပ် တစ်ကောင်လျှင် ငါးဆင့်ဖြင့် ရောင်းခဲ့၏။ ထိုစဉ်က ကျွန်တော့် အသက် ကိုးနှစ်။ နောင်တွင် သတင်းအချက်အလက်တွေ စုဆောင်းရိုက်နှိပ်ပြီး ရောင်းသည့် အလုပ်လုပ်ခဲ့၏။ မှတ်တမ်းတစ်စောင်လျှင် ကျွန်တော် ရောင်းသည့်ဈေးသည် ဆင့် ၃ဝ။ ထို့နောက် ကျွန်တော့်ကုမ္ပဏီကို ရောင်းလိုက်သည်။ ပိုင်ရှင်အသစ်များက ၎င်းမှတ်တမ်းကို ဆက်ရောင်း သည်။ သို့ပေမဲ့ သူတို့ရောင်းဈေးက တစ်စောင်လျှင် ၁,၂၀ ဒေါ်လာ။ ကျွန်တော့်ဈေးထက် လေးဆများသည်။ သို့ဖြစ်သော်လည်း ဖောက်သည်များက အဆိုပါ မတန်တဆဈေးဖြင့်ပင် ဆက်ဝယ်ကြသည်ကို တွေ့ ရ၏။ ကျွန်တော် တော်တော်အံ့သြသည်။ သည်အတိုင်းသာဆို လျှင် ကျွန်တော်သည် ဖားပြုပ်တစ်ကောင်လျှင် ၁၀ ဆင့်ဖြင့် ရောင်း လည်း ရနိုင်လောက်ပေသည်။
နွေကျောင်းပိတ်ရက် တစ်ဝက်အကျိုးတွင် ကျွန်တော့် အရောင်း လုပ်ငန်းမှ စုဆောင်းမိသည့် ငွေမှာ ၁၂ ဒေါ်လာကြီးများတောင် ရှိနေပြီ။ ကျွန်တော်သည် ဖားပြုပ်အကောင် ၄ဝ နှင့် တီ ကောင် ၁,ဝဝဝ တိတိ ရောင်းချခဲ့ပြီ။ ပြောသာပြောရသည်။ ကိုးနှစ်သားအရွယ် လူမမည် တစ်ယောက်အတွက် ဤစွမ်းဆောင်မှုသည် နှယ်နှယ်ရရ စွမ်းဆောင်မှု မဟုတ်ပါချေ။
အစုစပ်လုပ်ငန်းများကို သတိထား အခန်း
ထိုအချိန် ထိုကာလမှာပင် ကျွန်တော့်လုပ်ငန်းတွင် အစုစပ် ပါဝင် လုပ်ကိုင်ချင်ပါသည်ဟု ကမ်းလှမ်းလာသူ နှစ်ဦးရှိ၏။ သူတို့က ဆယ်ကျော်သက်အရွယ် ကောင်မကလေးနှစ်ယောက်။ သူတို့တွင် စက်ဘီးများ ရှိသည်။ သူတို့က ကျွန်တော်ဖမ်းထားသည့် အကောင်များကို ရေကန်သို့ လိုက်ယူမည်။ ပြီးတော့ သူတို့သွားလေရာသို့ သယ်သွားကာ ရောင်းချပေး မည်ဟု ကတိပြုကြသည်။ သည်တော့ ဈေးကွက်ကျယ်လာမည်ဆိုတာ ကျွန်တော် ခန့်မှန်းလို့ရသည်။ ဈေးကွက်ကျယ်လာပြီး များများရောင်းရတော့ ပိုက်ဆံတွေ (ဝေစုသုံးစု ခွဲရသည့်တိုင်) စို့စို့ပို့ပို့ ရလာနိုင်သည်ပေါ့။ သို့ဖြင့် အစုစပ်အလုပ်လုပ်ဖို့ ကျွန်တော် သဘောတူလိုက်၏။ ကျွန်တော် တို့၏ သဘောတူညီချက်ကို ကျွန်တော်တို့ မိဘများရှေ့တွင် တရားဝင် အသိပေးကြသည်။
သီတင်းပတ် တစ်ပတ်နှစ်ပတ်အတွင်း ကျွန်တော်တို့၏ အစုစပ်လုပ်ငန်းသည် တိုးတက်အောင်မြင်လာသည်။ ကျွန်တော် ဖမ်းလို့ရသမျှ တီကောင်တွေ တစ်ကောင်မျှ လက်ကျန်မရှိ။ ဖားပြုပ်များဆိုလျှင် ရောင်းအားရှိသလောက် ကျွန်တော် မဖမ်းနိုင်။
ထိုနောက်မှာတော့ သဘာဝက ဗီဇပြလာသည်။ ကျွန်တော့် အစုစပ်လုပ်ငန်းရှင် ကောင်မကလေးနှစ်ဦးသည် သူတို့၏ အရောင်း လုပ်ငန်းကို လုပ်ကိုင်ရင်း ကောင်ကလေးတွေနှင့် တွေ့ကြသည်။ (တကယ် မိုက်သည့် ကောင်ကလေးတွေပါဟု သူတို့က ပြောသည်) သို့ဖြင့် အရောင်းလုပ်ငန်းတစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားတော့၏။ တကယ်တော့ တီကောင်တွေ စက်ဘီးဖြင့် သယ်သွားပြီး ရောင်းသည့် လုပ်ငန်းသည် သူတို့ မျှော်မှန်းသည့်လုပ်ငန်း မဟုတ်ပါကလားဟု ကျွန်တော် တွေးမိ၏။
တနင်္ဂနွေညပိုင်း ကျွန်တော်တို့ မိသားစုများ စုပေါင်းနွားနို့ သောက်တိုင်း ကျွန်တော်တို့အိမ်ရှင် ကော့ွက်က ပိုက်ဆံစုဘူးကြီးဖွင့် ပြီး အထဲမှ ပိုက်ဆံတွေကို ဝေစုသုံးခု ခွဲဝေပေးသည်။ ကျွန်တော် ကြိုး စားပမ်းစားရှာထားသည့် ပိုက်ဆံများထဲမှ သုံးပုံနှစ်ပုံကို ဘာမျှ လက်ကြောတင်းတင်း အလုပ်မလုပ်ဘဲ အပျော်ရှာ” နေသည့် ကောင်မလေး နှစ်ယောက်အား အလှူဒါနပြုနေရသည့် အတွက် ကျွန်တော့်မှာ မျက်ရည်စို့မိသည်အထိ စိတ်မကောင်းဖြစ်ရပါသည်။
နောက်ဆုံးတစ်နေ့တွင် အစုစပ်လုပ်ငန်းများ ပျက်လေ့ရှိသည်သာ
နောင် နှစ်ပေါင်းလေးဆယ်အကြာ ကျွန်တော့် စီးပွားရေး လုပ်ငန်းအတွေ့အကြုံများကို ပြန်လည်ငဲ့စောင်းကြည့်မိ၏။ ထိုအခါ အစုရှင်အားလုံး တစ်ပြေးညီ အလုပ်ဖြစ်သည့် လုပ်ငန်းဟူ၍ တစ်ခု တလေမျှပင် ကျွန်တော် မကြုံ မဆုံခဲ့သည်ကို သတိပြုမိ၏။ များသောအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသည်မှာ အချိန်ကာလတွေ ကြာညောင်း လာသည်နှင့်အမျှ အစုရှင်များ၏ လိုအပ်ချက်မှာ ပြောင်းလဲလာခြင်း ပင်။ ထိုအချိန်တွင် အစုရှင်တစ်ဦးက မူလရည်မှန်းချက်ကို မလွဲမသွေ ကုပ်ကပ်တွယ်ဖက် အကောင်အထည်ဖော်နေသည်။ ထိုအစုရှင်သည် လုပ်အားတွေ အများကြီးရင်းနှီးရ၏။ အချိန်တွေ အများကြီးပေးဆပ် ရ၏။ နောက်ဆုံးကျတော့ ပေါ့ ပြက်ပြက်ဖြစ်နေသည့် အစုရှင်များ စိတ်ဆိုးဒေါသထွက်လာတော့၏။ ဤတွင် အကွဲအပြဲဇာတ်လမ်းတွေ အစပြု တော့၏။
တချို့လုပ်ငန်းများကို လုံးဝ စတင်မလုပ်သင့်
စွန့်ဦးတီထွင် လုပ်ငန်းရှင်လောင်းကြီး ကျွန်တော်က ငယ်စဉ် တောင်ကျေးကလေးဘဝကတည်းက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး လုပ်ရမည်လဲဆိုတာ အမြဲကြံဆနေသူဖြစ်၏။ တစ်နှစ် နွေကျောင်းပိတ် ရက်တွင် လူတွေ သွားရင်းလာရင်း ရေငတ်သည်ကိုကြည့်ပြီး ကျွန်တော်ရေခဲတုံးကလေးတွေ စင်ထိုးပြီး ရောင်းခဲ့၏။ ထိုလုပ်ငန်းသည် ရေခဲတုံး ကလေးတွေ အရည်ပျော်သလောက်ပဲ တောင့်ခံနိုင်သည်။ ရေခဲတုံးတွေ အရည်ပျော်သလို မြန်မြန်ဆန်ဆန်ပင် ကျွန်တော့် လုပ်ငန်းကလေး ပျက် သွားပါသည်။
တနင်္ဂနွေနံနက်တိုင်း ကျွန်တော်တို့ အိမ်ရှေ့မှဖြတ်ပြီး ဘုရားရှိခိုး ကျောင်းသို့သွားသည့် လူတွေကိုကြည့်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် လောင်းကြီး ကျွန်တော် စိတ်ကူးတစ်ရပ်ပေါ်ပြန်သည်။ ချောင်ကြို ချောင်ကြားမှ သံပုံးတစ်လုံးရှာသည်။ အပြင်ဘက်တွင် ပတ်ထားသည့် စက္ကူများကို ခွာပစ်သည်။ ပြီးတော့ သံပုံးအသားပေါ်တွင် သင်္ဘောဆေး အနီဖြင့် အပေါင်းလက္ခဏာတစ်ခု ရေးဆွဲသည်။ ပြီးတော့ နံနက်