မြတ်ငြိမ်း - သင့်လက်တစ်ကမ်းကအောင်မြင်မှုပန်းတိုင်
လူကြိုက်များခြင်း၏အကျိုး
ကမ္ဘာပေါ်တွင် “လူကြိုက်များသူ” တွေ တော်တော်များများရှိ၏။ လူ အများက ထိုသို့သောသူတွေနှင့် သိကျွမ်းခင်မင်ခွင့်ရရန် လိုလားတောင့်တ ကြ၏။
ထိုသို့သော ပုဂ္ဂိုလ်တွေထဲတွင် ကမ္ဘာကျော် ‘ရန်ဒမ်ဟောက်စ်” စာအုပ်တိုက်ကြီး၏ နာယကဟောင်း ဘင်းနက်စာဖ်”လည်း တစ်ဦးအပါ အဝင်ဖြစ်၏။ သို့တိုင် သူသည် ရုပ်ချောသူမဟုတ်၊ စကားပြောကောင်း သူလည်း မဟုတ်။ သို့ဖြစ်သော်လည်း သူ့ကိုကြည့်လိုက်လျှင် ထာဝစဉ် ရယ်မောရွှင်ပျရှိနေတတ်၏။ နောက်ပြီး သူသည် အခြားသူများအပေါ် အလွန်မတန် အလေးထား စိတ်ဝင်စားတတ်၏။ သင်သည် သူနှင့်ဆုံ မိပြီး ၁၀ မိနစ်လောက်ကြာသည်နှင့် သင်တို့နှစ်ဦး စကားလက်ဆုံပြောမကုန်အောင် ဖြစ်နေပြီသာမှတ်။ သင်တို့နှစ်ဦး ပြောနေသည့် အကြောင်းအရာမှာ ထုံးစံအတိုင်း သင့်အကြောင်းသာ ဖြစ်နေပါလိမ့် မည်။ ဘင်းနက်တွင် အခြားခြားသော အရည်အသွေးများထက် ကြိုက် နှစ်သက်ဖွယ်ကောင်းသော” အရည်အသွေးမျိုး ပိုရှိနေပါသည်။
ကျွန်တော်သည် လူထုဆက်သွယ်ရေး အတိုင်ပင်ခံအဖြစ် လည်း ကောင်း၊ သတင်းထုတ်ပြန်ရေး အရာရှိအဖြစ်လည်းကောင်း တာဝန်များ ထမ်းခဲ့၏။ ကျွန်တော့်လုပ်ငန်းများ အတွေ့အကြုံအရ ဖော်ထုတ်တွေ့ရှိရ သည်မှာ အကယ်၍ လူတွေက သင့်အား နှစ်သက် သဘောကျနေပြီဆို လျှင် သင်ဘာအမှားလုပ်လုပ်၊ သည်းခံခွင့်လွှတ်နေပါလိမ့်မည်။ အကယ် ၍ လူတွေကသင့်အား ကြိုက်နှစ်သက်ခြင်းမရှိလျှင်မူ သင်သည် အရာရာ တိုင်းကို တိကျမှန်ကန်အောင် ဆောင်ရွက်နိုင်သည့်တိုင် သူတို့က ဘာမျှ မထူးသလို ရေငုံနှုတ်ပိတ်နေလိမ့်မည်ဟူသည့် အချက်ဖြစ်သည်။
ထိုသဘောကို “ကြိုက်နှစ်သက်ဖွယ်ကောင်းခြင်း၏ အကျိုးပြု ချက်” ဟု ကျွန်တော်က အမည်တပ်ပါသည်။ )
နိုင်ငံရေးလောကတွင် “ကြိုက်မဲ”များက ရွေးကောက်ပွဲအဖြေများ ကို ပြောင်းလဲစေပါ၏။
အဆိုပါ အကျိုးပြုချက်သည် စီးပွားရေးလောကတွင်လည်း ရှိနေ ပါသည်။ စီးပွားရေးလုပ်ငန်းကြီးတွေကို ဦးဆောင်နေသော အရာရှိများ သည် စိတ်ဓာတ်ကြံ့ခိုင်ကြပါလိမ့်မည်။ သို့သော် သူတို့တစ်တွေတွင် ကြိုက်နှစ်သက်ဖွယ်ကောင်းသော အရည်အသွေးရှိပါမှ အနာဂတ်တွင် ထိပ်တန်းခေါင်းဆောင်များ ဖြစ်လာပါလိမ့်မည်။
ဆိုလိုရင်းမှာ စီးပွားရေးလောကတွင်ဖြစ်စေ၊ မြို့ပြအုပ်ချုပ်ရေး ဘက်တွင်ဖြစ်စေ ခေါင်းဆောင်များသည် လူအများနှင့် ဆက်ဆံဖို့ ကြုံရ လိမ့်မည်။ ထိုအခါ အများပြည်သူ မျက်စိဒေါက်ထောက်ကြည့်ခြင်း ခံနေရသည့် စည်းဝိုင်းအလယ်တွင် ကိုယ်က ဣန္ဒြေရရကလေးဖြင့် ကိုယ့် အလုပ်ကိုယ် လုပ်ပြသွားနိုင်ဖို့ လိုအပ်လှ၏။ မိမိလက်အောက်ရှိ အမှုထမ်းများအစ၊ လုပ်အားပေးများအလယ်၊ သတင်းသမားများ အဆုံး အားလုံးသော အများပြည်သူ၏ ယုံကြည်စိတ်ချမှုကို အရယူနိုင်ဖို့ လိုအပ်လှ၏။
သို့မှသာ သင်သည် ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့် မည်။ ။
ကြိုက်နှစ်သက်ဖွယ်ကောင်းအောင်၊ သို့မဟုတ် ခင်မင်နှစ်လိုဖွယ် ကောင်းအောင် ဘယ်လိုလုပ်ရမည်ဆိုသည်ကို ဘယ်သူမျှ တိတိပပမပြော နိုင်ပါ။
လူကြိုက်များအောင် အားထုတ်သူတွေလည်း လူကြိုက်များသူ တွေ ဖြစ်မလာတတ်ကြပါ။ သို့သော် လူကြိုက်များသူတွေတွင် ရှိတတ် သည့် အရည်အသွေးများကို ရွေးထုတ်ဖော်ပြရန်တော့ ဖြစ်နိုင်ပါသည်။
“ကြိုက်ကွက်”တစ်ခုမှာ အကောင်းမြင်ဝါဒပင် ဖြစ်၏။ ရှေးဆိုရိုးစကားတစ်ခုရှိ၏။
“အဆိုးမြင်သမားသည် ပေါ်ပေါက်လာသော အခွင့်အလမ်းတိုင်း တွင် ရှိနေသည့် အခက်အခဲကိုမြင်တတ်ကာ အကောင်းမြင်သမားက ပေါ်ပေါက်လာသော အခက်အခဲတိုင်းတွင် ရှိနေတတ်သည့် အခွင့် အလမ်းကို မြင်တတ်သည်”
အကောင်းမြင်သမားတွေက အခြားသူများအား ဘာကူညီရမလဲ ဟု မကြာမကြာမေးတတ်ကြ၏။ သူတို့သည် စိတ်ပျက်အားငယ်စရာ ကိစ္စ တစ်ခုကြုံရပြီဆိုပါစို့။
ဥပမာ - အလုပ်တစ်နေရာ လျှောက်ထားရာတွင် ရွေးချယ်ခြင်း မခံရသည့်ကိစ္စမျိုး။
ထိုအခါမျိုးတွင် သူတို့က နောက်ထပ်တစ်စုံတစ်ရာ လှုပ်ရှားဖို့ စီမံကိန်းချပြင်ဆင်ခြင်းဖြင့် သူတို့၏စိတ်ပျက်အားငယ်မှုကို တွန်းလှန် တတ်ကြ၏။
အကောင်းမြင်သမားတို့က မိမိတို့ဘဝအခြေအနေကို ပြုပြင်ပြောင်းလဲဖို့ဆိုလျှင် မိမိတို့မတတ်နိုင်တာ ဘာမျှမရှိဟု စွဲမှတ်ခံယူပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကြ၏။
လောကကြီးက မိမိအပေါ် ဘယ်ရွေ့ဘယ်မျှ ဆိုးရွားရက်စက် ကြောင်း ထာဝစဉ် ညည်းညူနေတတ်သူများ အနားသို့ ရောက်သွားလျှင် သင်သည် သူတို့အနားမှ ထွက်ပြေးချင်စိတ် ပေါက်လိမ့်မည်။
ခင်မင်နှစ်လိုဖွယ်ကောင်းသူများသည် ကိုယ့်ကိုယ်ကိုယ်သနားပြီး ခိုညည်းသလို ညည်းပြလေ့မရှိ။ ထိုအစား အခြားတစ်ပါးသူများကို ကူညီ ပြီး ကိုယ့်အလုပ်ကို အာရုံစိုက်သည်။ နောက်ပြီး ခပ်ပျော်ပျော်ရယ်ပွဲဖွဲ့ တတ်သည်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ရယ်ပွဲဖွဲ့ခြင်းဖြစ်၏။
လူကြိုက်များသူတစ်ဦးတွင် ရှိတတ်သည့် အခြားဂုဏ်ရည်တစ်ခု မှာ အခြားသူများ စိတ်ကသိကအောက်မဖြစ်အောင် စွမ်းဆောင် နိုင်ခြင်း ဖြစ်၏။
မိမိ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားနိုင်သော ခေါင်းဆောင် တွေသည် အခြားသူများကို စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေ၏။ ထိုသို့သော ခေါင်းဆောင်တွေသည် အခြားသူများ၏ အနေအထားနှင့် ပတ်သက်၍ အရှိကိုအရှိအတိုင်း ရှုမြင်လက်ခံကြ၏။ ထိုသို့ရှုမြင် လက်ခံ တတ်ခြင်းကြောင့် အခြားသူများသည် လုပ်ငန်းများ ပိုမိုတွင်ကျယ် အောင်မြင်စွာလုပ်ကိုင်နိုင်စွမ်းရှိလာကြ၏။
လူကြိုက်များသူများနှင့် ဆန့်ကျင်သည့် အစွန်းတစ်ဖက်တွင်မူ ခေါင်းမာသောခေါင်းဆောင်များရှိ၏။ သူတို့သည် အကြောင်းကျိုးမဲ့ ခေါင်းမာခြင်း၊ ညှာတာထောက်ထားခြင်းမဲ့စွာ ခိုင်းစေခြင်းတို့ဖြင့် အခြား သူများ၏လုပ်အားကို ညှစ်ယူဖို့ကြိုးစားကြ၏။
ကျွန်တော့်အတွေ့အကြုံအရ ပြောရလျှင် ခေါင်းမာသော အရာရှိ တချို့သည် ငွေကြေးအကျိုးအမြတ်များသော လုပ်ငန်းကြီးများကိုဦးဆောင်နိုင်ကြ၏။ သို့သော် သူတို့၏ သဘောထားများကြောင့် လက်အောက်ခံဝန်ထမ်းတွေထဲတွင် ပြင်မရနိုင်လောက်အောင် စိတ်ဓာတ်ရေး ရာပျက်ပြားမှုများ အမြစ်တွယ်သွားစေ၏။
ထိုသို့သောအရာရှိများသည် လက်အောက်ငယ်သားများနှင့် လုပ် ဖော်ကိုင်ဖက်များ၏ ထောက်ခံအားပေးမှုကို မရနိုင်ကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့က ဝင့်ဝါမောက်မာသည်။ ရန်လို သည်။ ပြီးတော့ လောဘဇောတိုက်သည်။ သူတို့သည်စာရင်းဇယား၊ ကိန်းဂဏန်းအရ အောင်မြင်သူများဖြစ်၏။ သို့သော် ကြိုက်မဲ”များကို လက်လွှတ်ဆုံးရှုံးရသူများဖြစ်၏။
ထိုသို့ ကြိုက်မဲများမရခြင်းကြောင့်ပင် သူတို့၏လုပ်ငန်းခွင် တိုးတက်မှုများ၊ သူတို့၏ လက်ရှိရာထူးများ ဆုံးရှုံးပျက်စီးသွားနိုင်လေ သည်။
ထိပ်တန်းအရာရှိများထံမှ ကျွန်တော် ကြားရလေ့ရှိသော အပြစ် တင်ညည်းတွားသံ အများစုမှာ သူတို့လက်အောက်ရှိ အရာရှိငယ်များ မောက်မာဝင့်ဝါလွန်းကြောင်းပင် ဖြစ်၏။ ထိပ်တန်းအရာရှိတစ်ဦးက ရှင်းပြသည်မှာ...
“တကယ်လို့ ဒီလူငယ်အရာရှိဟာ လူအများနဲ့ ဆက်ဆံတဲ့ အရည် အသွေးတွေ တိုးတက်ကောင်းမွန်လာအောင် မပြုပြင်ဘူးဆိုရင် လူအများ စုနဲ့ အစေးမကပ်ဘဲ သူတို့ရဲ့ တက်လမ်းတွေ ပိတ်သွားလိမ့်မယ်”
ဟူ၏။
အလုပ်ပြုတ်သူ ၁ဝ ယောက်တွင် ခုနစ်ယောက်မှာ လုပ်ငန်းခွင် အရည်အချင်းမရှိသောကြောင့်မဟုတ်၊ ထိုအကြောင်းကို လေ့လာပြုစုထားသော စာတမ်းများအရဆိုလျှင် အလုပ်ပြုတ်ခြင်းမှာ ပုဂ္ဂိုလ်ရေးရာ ပဋိပက္ခ များကြောင့်ဖြစ်၏။ အရာရှိတစ်ဦးကို အလယ်အလတ်တန်း ရာထူး တစ်နေရာမှ နောက်တစ်ဆင့် ရာထူးတိုးပေးတော့မည်ဆိုလျှင် မည်သည့်အရည်အချင်းမျိုးပေါ်တွင် မူတည်စဉ်းစားမည်နည်း။ သူ့အား မှတ်ကျောက်တင် စဉ်းစားရမည့် အခြေခံမူများမှာ သူသည် အထက်လူများနှင့် ဆက်ဆံရေးပြေပြစ်မှု ရှိမရှိ၊ ထို့ပြင်အောက်လူများကို စည်းရုံးနိုင်စွမ်း ရှိမရှိတို့ပင်ဖြစ်၏။
ခင်မင်နှစ်လိုဖွယ် ကောင်းသူများသည် သူတို့ကိုယ်သူတို့ (သို့) သူတို့၏လုပ်ငန်းတွေ၊ ရာထူးတွေကို ထိပ်တန်းတင်ပြီး ရေးကြီးခွင်ကျယ် မလုပ်ကြပေ။
ထိုအချက်သည် လူစုလူဝေးနှင့် ဆက်ဆံရာတွင်ရော... တစ် ယောက်ချင်း ဆက်ဆံရာတွင်ပါ ထိရောက်မှန်ကန်သောအချက်ဖြစ်၏။
ထိုသို့ အရည်အချင်းရှိသည်ဟု နာမည်ကြီးသူတွေထဲတွင် ဂျွန်အက်ဖ်ကနေဒီနှင့် ရော်နယ်လ်ရေဂင်တို့ ပါဝင်၏။
တစ်ခါက ကနေဒီအား “စစ်သူရဲကောင်းဖြစ်လာအောင် ဘယ်ပုံ ဘယ်နည်း စွမ်းစွမ်းတမံ တိုက်ခဲ့ရပါသလဲ” ဟု အမေးခံရ၏။ ထိုအခါ ကနေဒီက...
“ မတော်တဆ ဖြစ်သွားတာပါဗျာ၊ သူတို့က ကျွန်တော်တို့ သင်္ဘောကို မြှုပ်ပစ်လိုက်ကြတာကိုး”
ဟု ဖြေခဲ့၏။
တစ်ခါက သမ္မတကြီးရေဂင်သည် ဆရာဝန်တစ်စုအား မိန့်ခွန်း ပြော၏။ သူက သူ့သက်တမ်းတစ်လျှောက်တွင် ဆေးပညာတိုးတက် လာပုံကို ချီးကျူးစကားပြောနေရာမှ...
“ကျွန်တော်ဆိုရင် ကျွန်တော် အသက်ရှင်နေထိုင်ရဖို့ မျှော် မှန်းထားတဲ့ သက်တမ်းထက် နှစ်ဆယ့်သုံးနှစ်တောင် ပိုပြီးအသက်ရှင် နေခဲ့ရပြီလေ။ အဲဒီလို ကျွန်တော် သက်ဆိုးရှည်နေတာဟာလည်းလူ တချို့အတွက် စိတ်ညစ်ဒေါသထွက်စရာ အကြောင်းတစ်ခု ဖြစ်နေ တော့တာပေါ့”
ဟု ညှပ်ပြီး ဟာသနှောခဲ့၏။
သည်လူနှင့် ထိတွေ့ဆက်ဆံနေရလျှင် စိတ်ချမ်းသာစရာကောင်း သည်ဟု လူအများက သတ်မှတ်ခံရသည့် လူစားမျိုးတွင် သင်ပါဝင်ပါ သလား။
ထိုမေးခွန်း၏အဖြေသည် သင်၏ ရှေ့တက်လမ်း၊ နောက်ပြီး သင်၏ဘဝအတွက် မထင်မှတ်ဘဲ အရေးပါအရာရောက်နေပါလိမ့်မည်။
မူရင်းဆောင်းပါး - The Importance of being likable
မူရင်းဆောင်းပါးရှင် - Roger Ailes