Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - လူတိုင်းအတွက်အဆင့်မြင့်ကိုယ်ရည်ကိုယ်သွေး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

နေခြည်စိတ်ဓာတ်

          “အကောင်းမြင်ဝါဒီဆိုတာ ဘာလဲဟင် ဖေဖေ”

          လယ်သမားတစ်ဦးအား သူ့သားကမေး၏။ ထိုအခါ ဖခင်လယ် သမားကြီးက ပြန်ဖြေသည်။ 

          “တခြားစကားလုံး တော်တော်များများလိုပဲ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ဝေါဟာရအဘိဓာန်ထဲကလို ဖေဖေရှင်းမပြတတ်ဘူး။ ဒါပေမဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်အောင် ရှင်းပြနိုင်မယ့် စိတ်ကူးတစ်ခုတော့ ရှိသကွ။ မင့် ဦးလေး ဟင်နရီကို မင်းမှတ်မိတော့မယ် မထင်ဘူး။ ဒါပေမဲ့ ဟောဒီကမ္ဘာပေါ်မှာ အကောင်းမြင်ဝါဒီတစ်ဦး ရှိခဲ့ဖူးတယ်ဆိုရင် အဲဒီလူဟာ ဟင်နရီပဲ။ ကိစ္စဝိစ္စတွေဟာ ဟင်နရီနဲ့ ဆိုရင် အဆင်ကိုချောနေတာပဲ။ အထူးသဖြင့် ခက်ခဲပင်ပန်းမယ့် ကိစ္စ မျိုးတွေဆိုပါတော့။ သူနဲ့တွေ့လိုက်ရင် ဘယ်ကိစ္စမျိုးမဆို မခက်ခဲ မပင်ပန်းတော့ဘူး။ ပျော်စရာ ကြည်နူးစရာအတိ ဖြစ်နေရော။

          “ပမာပြောရရင်ကွာ။ ပြောင်းစိုက်ဖို့ မြေဆွမြောင်းဖော်တဲ့အလုပ် ဆိုပါတော့။ ငါ အသက်ထွက်မတတ် ပင်ပန်းတဲ့အလုပ်မျိုးကို ပြောပါ ဆိုရင် နေပူကျဲကျဲထဲမှာ မြေဆွ မြောင်းဖော်ရတဲ့အလုပ်လို့ ပြောမှာပဲ။ ဒါပေမဲ့ ယာကွက်ထဲမှာ မြောင်းဖော်ရင်း သူ့ထက် နည်းနည်းလေးနောက်ကျန်နေတာနဲ့ ဟင်နရီက မော့ကြည့်တော့တာပဲ။ နောက်ပြီး ဘာပြော တယ်မှတ်သလဲ။

         “ဟုတ်ပြီကွ ဂျင်၊ ဒီနှစ်မြောင်းဖော်ပြီးရင် နောက်ထပ် ဆယ့်ရှစ် မြောင်းပဲ ကျန်တော့တယ်။ အဲဒါဆိုရင် အလုပ်တစ်ခု ပြီးသွားပြီ” တဲ့လေ။ နောက်ပြီး သူပြောပုံဆိုပေါက်က ဘယ်လောက် အားတက်သရောရှိ သလဲဆိုရင် အဲဒီအလုပ် အားလုံးပြီးသွားရင် ငါ့လောက် ပီတိဖြစ်မယ့်လူ ရှိမှာမဟုတ်ဘူးလို့ကို ငါ့ရင်ထဲမှာ ခံစားလာရတယ်။ ဒီတော့ကွာ ကျန် နေသေးတဲ့အလုပ်တွေကို သာသာကလေး လုပ်သွားနိုင်တော့တာပေါ့ ။

          “ဒါပေမဲ့ စိတ်ပျက်စရာအကောင်းဆုံး အလုပ်တစ်ခုရှိသေးသကွ။ အဲဒီအလုပ်နဲ့ယှဉ်ရင် မြေဆွမြောင်းဖော်ဆိုတာ ပျော်ပွဲစားထွက်နေရ သလိုပဲ။ အဲဒါ ဘာအလုပ်လဲ သိလား။ ကျောက်ခဲတွေဖော်ရတဲ့ အလုပ် ပေါ့ကွာ။ တစ်ခုခု စိုက်ပျိုးတော့မယ်ဆိုရင် အဲဒီကျောက်ခဲဖော်ရတဲ့ အလုပ်က မပြီးနိုင် မစီးနိုင်တော့ဘူး။ မဟုတ်ရင် ထယ်ထိုးလို့လည်း မရတော့ဘူးလေ။ ထယ်ထိုးလိုက်တာနဲ့ ကျောက်ခဲတွေ ဖွေးခနဲ၊ ဖွေးခနဲ ပေါ်လာတော့တာပဲ။ အဲဒီအခါကျ ကျောက်ခဲဖော်ရတဲ့အလုပ်ကိုလုပ်ရ ပြန်ကရော။

          “ကဲ ဒီတော့ မင်းက ထင်လိမ့်မယ်။ ကျောက်ခဲဖော်ရတဲ့ အလုပ်ကို တော့ ပျော်စရာကောင်းတဲ့ အလုပ်လို့ ဟင်နရီက ပြောမှာမဟုတ်ဘူးလို့။ ငါတွေ့ဖူးကြုံဖူးတဲ့ လူတွေထဲက တစ်ယောက်နဲ့ မှမတူဘဲ ဒီကိစ္စကို ဟင်နရီက အမြင်တစ်မျိုးနဲ့ ကြည့်တယ်မောင်ရေ”

          “မြေဆွမြောင်းဖော်တဲ့အလုပ်တွေ အားလုံးပြီးသွားပြီး မြက်တွေက လည်း ရိတ်ရလောက်အောင် မရှည်သေးဘူး။ ဒီတော့ ဒီနေ့တော့အားပြီ။ ငါးမျှားထွက်မယ်ဆိုပြီး ငါက စီမံကိန်းချထားတာပေါ့ ။ အဲဒီမှာ ဖေဖေ က အနောက်ပိုင်းယာကွက်ထဲမှာ ကျောက်ခဲတွေ သွားဖော်ချေလို့ ခိုင်းပါလေရော။ ငါဆိုတာ စိတ်ဆင်းရဲလွန်းလို့ မျက်ရည်တွေ ဝိုင်းနေပြီ၊ ငိုတော့မလို့။ အဲဒီမှာ ဟင်နရီက ဘာပြောလဲ သိလား။ ဟေ့ကောင် ဂျင်၊ လာကွ။ အဲဒီမှာ ရွှေတုံးလေးတွေ အများကြီးရှိတာ ငါသိတယ်ကွ တဲ့လေ”

         “ကဲ ဒီတော့ မင်း ဘာပြောမလဲ။ အဲဒီကောင် မလွယ်ဘူးကွ။ အဲဒီယာကွက်ကို သတ္တုတူးဖော်ရမယ့် မြေကွက်လို့ သူ့စိတ်ထဲ သတ်မှတ် ထားတာကလား။ နောက်ပြီး ငါယုံလာအောင်လည်း စည်းရုံးသေးတယ် လေ။ အဲဒီတုန်းက ငါဆို ပျော်လိုက်တာလေ၊ ဘယ်ပြောကောင်းမလဲ။ တစ်နေ့လုံးကယ်လီဖိုးနီးယားက ရွှေတွင်းမှာ ရွှေသွားတူးနေရတယ်လို့ကို ငါ့စိတ်ထဲမှာ ထင်နေတော့တာ”

          “အဲ... တစ်နေ့တော့ အလုပ်လည်းပြီးသွားရော။ ဟင်နရီကိုယ် တော်ချောက ဘာပြောလဲဆိုတော့ ဒီရွှေတုံးနဲ့ပတ်သက်ပြီး ချမ်းသာမယ့် နည်းက တစ်နည်းပဲရှိတယ်ကွ။ အဲဒီနည်းကတော့ ဒီရွှေတုံးတွေကို မြေကြီးထဲမှာ သိမ်းထားမယ့်အစား အပြင်ကို ထုတ်ပစ်တဲ့နည်းပဲ” တဲ့လေ။

          “သူပြောတာကြီးကို ငါမကြိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ...။ ငါတို့နှစ်ယောက် အလုပ်လုပ်ခဲ့ကြတာ မဟုတ်ဘဲ အပျော်ဆော့ခဲ့ကြတာ ကလား။ အဲ... အဲဒီ ယာကွက်ထဲက ကျောက်တုံးတွေလည်း မြေပေါ် ရောက်လာတာ တအားကြီးပဲပေါ့”

         “ဒီတော့ စောစောက ငါပြောခဲ့သလို “အကောင်းမြင်ဝါဒရဲ့ အဓိပ္ပာယ်ကို ဝေါဟာရ အဘိဓာန်ထဲကအတိုင်းတော့ ရှင်းမပြတတ်ဘူး။ ဒါပေမဲ့ မင့် ဦးလေးတော် ဟင်နရီမှ အကောင်းမြင်သမား မဟုတ်ဘူး ဆိုရင် ဘယ်လိုလူမျိုးကို အကောင်းမြင်သမားလို့ ခေါ်ရမယ်ဆိုတာ ငါလည်းမပြောတတ်တော့ဘူး”

          “ချမ်ဘို၊ မင့် အသက် ဘယ်လောက်ရှိပြီလဲ”

လူကြီး လူကောင်းတစ်ဦးက လူငယ်တစ်ဦးကို မေး၏။ ထိုအခါ လူငယ်က

          “ကျွန်တော့်အသက်၊ ဟုတ်လား ဆရာကြီး။ နှစ်ကာလ အပိုင်း အခြားနဲ့ တွက်မယ်ဆိုရင် ကျွန်တော့်အသက် နှစ်ဆယ့်ငါးနှစ် ရှိပါပြီ။ ဒီလိုမှမဟုတ်ဘဲ ကျွန်တော်တွေ့ကြုံ ခံစားခဲ့ရတဲ့ ပျော်ရွှင်မြူးထူးစရာတွေ နဲ့ တွက်မယ်ဆိုရင်တော့ ကျွန်တော့်အသက် တစ်ရာရှိပြီခင်ဗျာ” ဟု ပြန်ဖြေလိုက်လေသည်။

*          *          *

          ကွယ်လွန်သူအမေရိကန် သတင်းစာဆရာ၊ အယ်ဒီတာနဲ့ စာအုပ် ထုတ်ဝေရေး တိုက်ပိုင်ရှင် မစ္စတာဒါနာသည် သူ့အလုပ်ကို သူအတော် နှစ်ခြိုက်မြတ်နိုးသူ ဖြစ်၏။

          ထိုသို့ နှစ်ခြိုက်မြတ်နိုးကြောင်းကိုလည်း အတော်ပြောသည်။ သူ သည် မကျန်းမမာဖြစ်ပြီး ဗုန်းဗုန်းလဲသည့်နေ့ မတိုင်မီအထိ သူ့ရုံးခန်းသို့ နေ့ တိုင်းရောက်သည်။ တစ်ခါတွင် အစိုးရအရာရှိတစ်ဦးက သူ့အား မေးသည်။

          “တကယ်ပါ၊ မစ္စတာဒါနာ။ တရိရိခံစားနေရတဲ့ ဒီရောဂါဝေဒနာ ဆိုးကြီးကို ဆရာကြီး ဘယ်လိုလုပ်ပြီး ကြံ့ကြံ့ခံနေတယ်ဆိုတာ ကျွန်တော် ဖြင့်နားမလည်နိုင်အောင်ပါပဲ”

          “ဟေ... တရိရိခံစားနေရတယ်။ ဟုတ်လား။ ခင်ဗျား မှားခြင်း ကြီးမက မှားနေပြီဒါ့။ ကျုပ်ရွှင်မြူးမှုကလွဲပြီး ဘာမှ မခံစားရဘူးဗျ” ဟု မစ္စတာဒါနာက ပြန်ပြောခဲ့လေသည်။

         တစ်ခါကလည်း အိုမင်းမစွမ်း ဖြစ်နေပြီဖြစ်သော အဘိုးကြီး တစ်ဦးအား မစ္စတာဒါနာက မေးသည်။

           “ခင်ဗျား ဝတ္ထုတွေဖတ်လား၊ ဘိလိယက်ထိုးလား၊ နောက်ပြီး လမ်းကော တော်တော်လျှောက်ဖြစ်လား”

          “ဟင့်အင်း၊ ခင်ဗျားပြောတာတွေ တစ်ခုမှ မလုပ်ပါဘူးဗျာ”

          အဘိုးကြီးက စိတ်ဓာတ်ကျစွာ ဖြေသည်။ ထိုအခါ မစ္စတာ ဒါနာက ကလေးငယ်တစ်ဦး၏ ရွှင်မြူးတက်ကြွပုံမျိုးနှင့် ပြောလိုက်သည်မှာ ...

          “ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အိုမင်းခွင့် ပေးနေတာကိုးဗျ။ ကျွန်တော်ကတော့ ကျွန်တော်ပြောခဲ့တာတွေကို အကုန်လုပ်တယ်။ ကျွန်တော့်မှာ မနက်မိုးလင်းချိန်ကနေ ညနေအိပ်ချိန်အထိ ပျော်စရာရွှင် စရာနေ့တွေချည်းပဲရှိတယ်” ဟူ၏။

          ဤကား ကမ္ဘာကျော် သတင်းစာဆရာကြီး မစ္စတာချားလ်-အေဒါနာ၏ ကျင့်စဉ်ဖြစ်၏။

* * *

 

          ကိုယ့်ဘဝကိုယ်မကျေနပ်ဖြစ်ပြီး မှိုင်မှိုင်တွေတွေ ဖြစ်နေသည့် လူငယ်တစ်ဦးအား သူ့မိတ်ဆွေလူငယ်က ပြောလိုက်သည့် စကားကို လည်းကြားဖူးပါသည်။ 

           “မင်းဘဝရဲ့ တောက်ပတဲ့အပိုင်းကို ကြည့်မှပေါ့ကွ”

          “တောက်ပတဲ့အပိုင်းမှ မရှိဘဲကွာ”

          ကာယကံရှင်က ညှိုးငယ်စွာဖြေ၏။

          “အဲ ...ဟုတ်ပြီ။ ဒါဆို မှောင်မည်းနေတဲ့အပိုင်းကို တောက်ပလာ အောင် တိုက်ချွတ်ပစ်ကွာ”

          အားပေးတိုက်တွန်းသော လူငယ်၏ စကားတွင် အားမာန်များရှိ နေသည်ကို တွေ့ရပါသည်။

          “လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက အော်ဘန်းတောင်ကုန်း သုသာန်ထဲက အုတ်ဂူတွေကြားမှာ လျှောက်သွားရင် ရိုးရိုးစင်းစင်းလေး တည်ထားတဲ့ အုတ်ဂူလေးတစ်လုံးကို တွေ့မိတယ်။ အုတ်ဂူပေါ်က မော်ကွန်းကျောက်ပြားမှာ ထိုးထားတဲ့ကမ္ပည်းက တိုတိုလေးရယ်။ ဒါပေမဲ့ အဲဒီစာ တန်းတိုလေးဟာ ဘေးပတ်လည်က အုတ်ဂူတွေမှာ ကြိုးစားပမ်းစားထိုး ထားတဲ့ ကမ္ပည်းစာတန်းတွေထက် ကျွန်တော့်ရင်ကို ပိုပြီးထိခတ်စေတယ်”

          “အလွန် နှစ်လိုဖွယ်ကောင်းတဲ့လူ” တဲ့လေ။ 

           “စာတန်းလေးက ဒါပါပဲ။ အဲဒါကိုက ပြည်စုံလုံလောက်နေပြီ။ ဒီစာတန်းတိုလေးက ဘဝတစ်ခုရဲ့ ဂီတသံကို ရိုက်ခတ်ဖော်ကျူးနေတယ်။ အဲဒီဂီတသံကို ကျွန်တော်သိတယ်။ ကျွန်တော့်ဘဝမှာ အဲဒီဂီတသံမျိုး ထက် ပိုပြီးတခြား ဘာကိုမှ မတောင့်တဘူး”

           အထက်ပါစကားမှာ ကမ္ဘာကျော် အမေရိကန်စာရေးဆရာ၊ ဆရာ ဝန်ကြီး အောလ်လီဗာ ဝင်းဒဲလ်ဟုမ်း ပြောခဲ့သည့်စကား ဖြစ်ပါသည်။

          သို့ဖြစ်ရာ ..... ။ အထက်ဖော်ပြပါ အုတ်ဂူထဲ၌ ထာဝရ မှေးစက်လဲလျောင်းနေပြီဖြစ် သော မိန်းကလေးသည် ရွှင်ပျိညာဉ်ကလေး ဖြစ်မည်မှာ သေချာပါ သည်။ အဆိုပါ ရွှင်ပျဝိညာဉ်ကလေးသည် ကောင်းကင်ဘုံကို သွားရာ လမ်းတစ်လျှောက်တွင် နေခြည်ဖြာသော နွေနေ့တစ်နေ့ကို ဖန်တီးသွား မည်မှာလည်း သေချာပါသည်။

          အဆိုပါ “မယ်ရွှင်ပျကလေးသည် သိပ်ချော၊ သိပ်လှသည်ဟု မဆို သာပါ။ သူ့ကို တွေ့တွေ့ချင်းဆိုလျှင် ပါးစပ်က ဖွင့်မပြောသည့်တိုင် ရွက်ကြမ်းရေကျို ဆန်လိုက်သည့်မျက်နှာ ́ဟု တွေးမိမည်မှာ ဧကန်ဖြစ် ၏။သို့သော်သူ့မိတ်ဆွေတွေကတော့ ဘယ်တုန်းကမျှ ထိုသို့မထင်ခဲ့ကြ ပေ။ တနင်္ဂနွေဓမ္မသင်တန်းမှာ ကြီးကြပ်ရေးမှူးအဖြစ် သူ့အား ချစ်မြတ်နိုးသော သင်တန်းသူ သင်တန်းသားများကလည်း ဘယ်တုန်းကမျှ ထိုသို့ မထင်ခဲ့ကြပေ။ ကုန်ကုန်ဆိုပါက အိမ်မှာ သူရှိနေလျှင် သူတို့အိမ်သည် ထူးခြားစွာ တောက်ပစိုပြည်နေသည်ဟု အခြားအိမ်သူ အိမ်သားများက မှတ်ယူကြသည်အထိဖြစ်လေသည်။

          မိသားစုတစ်စုနှင့် စုပေါင်းရိုက်ထားသည့် ဓာတ်ပုံတစ်ပုံထဲတွင် မယ်ရွှင်ပျကလေး၏မျက်နှာကို အခြားမျက်နှာများကြားတွင် တွေ့ရ၏။ သူ့မျက်နှာသည် ရွက်ကြမ်းရေကျိုပါပဲ”ဟု စောစောက ကျွန်တော်ပြောခဲ့ မိပါသလား။ ကဲ ... ယခု သည်ဓာတ်ပုံကျတော့ သူ့မျက်နှာက အခြား မျက်နှာများထက် ပိုပြီး ထင်ရှားနေသည်ကို တွေ့ရလေသည်။

          သည်သို့ဖြစ်ရသည်မှာ ဘာကြောင့်ပါလဲ။

          ဘာကြောင့်ဆို သူ့တွင် သူ၏ “ပင်ကိုဓာတ်ခံကောင်းရှိသော ကြောင့်ဖြစ်ပါသည်။ သူက မယ်ရွှင်ပျကလေး မဟုတ်ပါလား။

          ကမ္ဘာလောက၏ တစ်နေရာမဟုတ် တစ်နေရာတွင် နေခြည်ထွန်း လင်းနေစမြဲဖြစ်ပါသည်။

          သို့ဖြစ်ရာ အခြားသူများက မိမိအပေါ် ယုံကြည်ကိုးစားမှု မရှိသည့် တိုင် ရဲစွမ်းသတ္တိရှိသူသည် ရှေ့အလားအလာကိုသာ ကြည့်၏။ ယာယီ အရေးနိမ့်အဆင်မပြေမှုအတွက် ကြိုးပမ်းအားထုတ်မှုကို နှလုံးတစ်ချက် ခုန်စာမျှပင် လျှော့လိမ့်မည်မဟုတ်။ သူက သူလျှောက်ရမည့်လမ်းကို ပျော်ပျော်ဆက်လျှောက်မည်သာဖြစ်၏။

          သူ့ အလုပ်သည် မည်သည့်အလုပ်မျိုး ဖြစ်နေပါစေ။ သူက ဖြောင့်မတ်မှန်ကန် ဂုဏ်ယူစွာဖြင့် လုပ်မည်သာဖြစ်၏။ သူ့အဝတ်အစား သည်မည်မျှပင်ဟောင်းနွမ်းစုတ်ပြတ်နေသည်ဖြစ်စေ သူကသပ်သပ်ရပ်ရပ်နှင့် လေးလေးစားစား ဝတ်ဆင်မည်သာဖြစ်၏။ ထို့ပြင် သူ့ဘာသာ သူ ပျော်ရွှင်အောင် စွမ်းဆောင်လေသည်။

          ဘုန်းတော်ကြီး ဂျေ-အာ-မီလာ၏ အတွေ့အကြုံတစ်ရပ်ကို တင် ပြပါမည်။ 

          “ကျုပ် သွားသွားကြည့်နေတဲ့ လူနာခန်းထဲမှာ ပန်းအိုးနဲ့စိုက် ထားတဲ့ နှင်းဆီပင်ကလေး တစ်ပင်ရှိတယ်။ ပန်းအိုးကို ပြတင်းပေါက် ပေါင်ပေါ်မှာ တင်ထားတာ။ တစ်နေ့မှာ ကျုပ်သတိထားမိတာက အပင်မှာ ပွင့်နေတဲ့ တစ်ပွင့်တည်းသော နှင်းဆီပွင့်ကလေးဟာ အလင်းရောင် ရှိတဲ့ဘက်ကို မျက်နှာမူနေတာပဲ။ အဲဒီအကြောင်းကို ကျုပ်ကမေးကြည့် တယ်။ ဒီတော့ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးက ပြောပြတယ်။သူ့သမီးက နှင်းဆီပွင့်ကလေးကိုမှောင်နေတဲ့ အခန်းအတွင်းဘက်ကို မျက်နှာမူနေအောင် အကြိမ်ကြိမ်လှည့်ပေးခဲ့တယ်တဲ့။ ဒါပေမဲ့ ပန်းပွင့်ကလေးဟာ အလင်းရောင်ရှိတဲ့ဘက်ကို မျက်နှာမူတဲ့အထိ ပြန်ပြန်လှည့်သွားတာပဲတဲ့။ ပန်းပွင့် ကလေးဟာ အမှောင်ဘက်ကို မကြည့်ဘူးတဲ့”

          “အဲဒီနှင်းဆီပွင့်ကလေးဟာ ကျုပ်ကို သင်ခန်းစာတစ်ခုပေးလိုက်တယ်”

          “စိတ်ပျက် အားငယ်စရာကောင်းတဲ့ အမှောင်ထုထဲကို ဘယ်တော့ မှ မကြည့်နဲ့။ အဲဒီအမှောင်ထုကို ချက်ချင်းမျက်နှာလွှဲ ကျောခိုင်းပစ်” ဆိုတဲ့ သင်ခန်းစာပဲ။

          “ဒါကြောင့် အမှောင်ရိပ်တွေ၊ စိတ်ပျက်အားငယ်စရာတွေကို လှည့် မကြည့်ဘဲနေတတ်အောင် ကျုပ်တို့ကိုယ်ကျုပ်တို့ လေ့ကျင့်ပေးသင့် တယ်။ ဘယ်နေရာမှာမဆို ထွန်းလင်းတောက်ပတဲ့အပိုင်းဟာ အမြဲရှိနေ