မြတ်ငြိမ်း - မြင်းမိုရ်မမြင့်ပါ
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဆောင်းရာသီတွင် လူတစ်ယောက် ကားမောင်းလာသည်။ ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ဖို့ ကားရပ်သည်။ သို့သော် သူ့ မော်တော်ကားဓာတ်ဆီတိုင်ကီကို ဖွင့်လို့မရ။ တိုင်ကီအဖုံး ပေါ်တွင် ရေခဲထုတက်နေသည်။ သို့ဖြင့် ရေခဲတွေ အရည်ပျော်အောင် ဆိုပြီး မီးခြစ်မီးဖြင့် အပူပေးသည်။ ရလဒ်မှာ ပျက်စီးဆုံးရှုံးမှုနှင့် ရင် ဆိုင်ရခြင်းပင်။ ဦးစွာ သူ့ကားကို မီးလောင်သည်။ ထို့နောက် ဓာတ်ဆီ ဆိုင်တစ်ဆိုင်လုံး မီးဝါးသွားသည်။
ဘာကြောင့် သည်လိုလုပ်ရသလဲဟု ကားဆရာအား မေးမြန်း စုံစမ်းကြည့်တော့ ကားဆရာက “ကျွန်တော် မစဉ်းစားမိဘူးဗျာ” ဟု ဖြေသည်။
သူ့အမှားမှာ ရိုးသည်။ ရှင်းသည်။ နားလည်ရခက်လောက် အောင် ရှုပ်ထွေးခြင်းမရှိ။ ကားဆရာ၏ အမှားကဲ့သို့ ဆိုးဆိုးရွားရွား ရလဒ်များနှင့် ရင်မဆိုင်ရသည့်တိုင် ကျွန်တော်တို့လည်း သူကဲ့သို့ပင် စိတ်တွက်အမှားများကို ကျူးလွန်ခဲ့ကြသည်သာ ဖြစ်၏။
မည်သို့ဖြစ်စေ “ကျွန်တော် မစဉ်းစားမိဘူးဗျာ”ဆိုသည်ကတော့ ပြည့်စုံတိကျသော ဆင်ခြေမဟုတ်။ ဘာ့ကြောင့်ဆို လူတစ်ယောက်သည်မစဉ်းစားဘဲ နေကြည့်ပါ။ မစဉ်းစားဘဲနေဖို့ မလွယ်ကြောင်း တွေ့ရပါ လိမ့်မည်။ ကားဆရာအနေဖြင့် ပိုပြီး တိကျမှန်ကန်သော ဖြေရှင်းချက် ကို ပေးမည်ဆိုလျှင် “ကျွန်တော် သေသေချာချာ မစဉ်းစားမိဘူးဗျာ” ဟုသာ ပြောရပေမည်။
စင်စစ် ကားဆရာ စဉ်းစားခဲ့ပါသည်။ ဓာတ်ဆီတိုင်ကီ အဖုံးပေါ် မှ ရေခဲနှင့် မီးခြစ်မီးမှ အပူဓာတ်ကို ဆက်စပ်စဉ်းစားခဲ့၏။ သို့သော် တိုင်ကီထဲမှ ဓာတ်ဆီအငွေ့များနှင့် မီးအပူဓာတ်တွေ့လျှင် ဘာဖြစ်မည် ဆိုသည်ကို ကားဆရာသိပြီးသားဖြစ်၏။ သူ့မှာ သည်လောက်တော့ ဗဟုသုတ ရှိသည်။ သူသည် သူ့မှာရှိထားသည့် ဗဟုသုတကို အကျိုး ရှိစွာ အသုံးမချနိုင်ခဲ့ခြင်းသာ ဖြစ်၏။
လူ့အမှားဆိုသည်မှာ လူ့ဘဝတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေ သည့် ကိစ္စဖြစ်၏။ ထိုသို့ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ မိမိလုပ်ဆောင်ရမည့် ကိစ္စအဝဝကို အစွမ်းကုန် အာရုံစိုက်ပြီး လုပ်ဆောင် ပါက အတွေးမှား၊ စိတ်ကူးမှားဆိုတာတွေ ပပျောက်ကင်းစင်မည်ဟု ဆိုနိုင်မည်လား။
မဆိုနိုင်ပါ။ မဖြစ်နိုင်ပါ။
လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုသလို ကျွန်တော်တို့တွင် ဆောင်ရွက်စရာတွေ တစ်ပုံကြီးရှိနေသည်။ ထိုသို့ မြားမြောင်လှသော ကိစ္စအဝဝကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြေရှင်းဆောင်ရွက်ဖို့ မဖြစ် နိုင်။ ကိစ္စတစ်မျိုးကို အချိန်တစ်ကန့်ပေးပြီး စဉ်းစားရသည်။ ဖြေရှင်းဆောင်ရွက်ရသည်။ အချိန်ကိုရော စဉ်းစားတွေးခေါ်ခြင်းကိုပါ ခွဲတမ်း ချနေကြရသည်။ သို့တိုင် အကြောင်းအရာတစ်ခုအပေါ် အာရုံစူးစိုက်မှု တင်းပြည့်ကျပ်ပြည့်ရဖို့မလွယ်။ အနှောင့်အယှက် အဖျက်အဆီးတွေမှာ ရှောင်မရ ရှားမရနိုင်လောက်အောင်ပင်။
သည်နေရာတွင် လူသားများကို ကွန်ပျူတာများနှင့် ယှဉ်ထိုး စဉ်းစားကြည့်ပါ။ ကွန်ပျူတာများက သူတို့ဦးနှောက်ထဲတွင် သတင်း အချက်အလက်များ သိုလှောင်ထား၏။ သူ့ဦးနှောက်ထဲမှ ရနိုင်သမျှ သတင်းအချက်အလက်များကို အသုံးပြုပြီး သူ့အား မေးလာသည့် မေး ခွန်းများကို အနှောင့်အယှက် အတားအဆီးမရှိ အဖြေထုတ်ပေး၏။ ထို့ပြင် ထိုသို့ အဖြေထုတ်ပေးရာတွင် အလွန်လျင်မြန်၏။ ပင်ပန်း နွမ်း နယ်ခြင်းလည်းမရှိ။ သည်စွမ်းရည်ကို လူသားဦးနှောက်က မယှဉ်ပြိုင် နိုင်ပါ။ နောက်ပြီး ကွန်ပျူတာဦးနှောက်နှင့် နှိုင်းယှဉ်လျှင် လူသား ဦးနှောက်မှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ များစွာရှိ၏။
မည်သို့ ဖြစ်စေ ယင်း ချို့ယွင်းအားနည်းချက်များအတွက် ပြန် လည်အားဖြည့်ချက်များ ရှိပါသည်။ ယင်း ချို့ယွင်းအားနည်းချက်များကြောင့်ပင် ကျွန်တော်တို့ တစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးများ ကွဲ ပြားခြားနားလာ၏။ ကျွန်တော်တို့ဘဝ၏ အရောင်အသွေးနှင့် လေး နက်မှုများ ကွဲပြားခြားနားလာ၏။ ထိုမျှမကသေးဘဲ ယင်းချို့ယွင်း အား နည်းချက်များက ပြဿနာဖြေရှင်းခြင်း၊ တီထွင်ဖန်တီးခြင်းနှင့် အကြံ ဉာဏ်သစ်များ ဖြစ်ထွန်းလာရေးအတွက်ပါ အထောက်အကူ ပြုလေ သည်။
တကယ်တမ်းပြောရလျှင် လူသားများသည် ကွန်ပျူတာများလို မစဉ်းစားသည့်အတွက် တစ်ပန်းသာမှုများစွာ ရပါသည်။ ဤခြားနား ချက်ကို ကျွန်တော်တို့ အသိအမှတ်ပြု လက်သင့်ခံပါလျှင် ထက်မြက်သော စဉ်းစားတွေးခေါ်မှုကို ကျွန်တော်တို့၏ အားသာချက်များအပေါ် တွင် အခြေခံပြီး တည်ဆောက်ယူနိုင်ပါသည်။ ထို့ပြင် ကျွန်တော်တို့ ၏ အားနည်းချက်များကိုလည်း ဆန်းစစ်ဝေဖန်မှုပြုမည်ဆိုလျှင် ချို့ ယွင်းချက်များ နည်းပါးလာအောင်၊ သို့မဟုတ် ချို့ယွင်းချက်များ မရှိ//အောင် ပြုလုပ်နိုင်စွမ်းရှိလာပါလိမ့်မည်။
စဉ်းစားတွေးခေါ်ခြင်းသည် ကျွန်တော်တို့ ပြုလုပ်ချင်သည်ဖြစ် စေ၊ မပြုလုပ်ချင်သည်ဖြစ်စေ အလိုအလျောက် ဖြစ်ပေါ်လာသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်၏။
မေးရမည့်မေးခွန်းမှာ စဉ်းစားတွေးခေါ်ခြင်းကို ကျွန်တော်တို့ ထိန်းချုပ်လို့ ရနိုင်သလား၊ မရနိုင်ဘူးလား။ တစ်နည်းပြောလျှင် လူ တစ်ဦး၏ စဉ်းစားတွေးခေါ်မှု အရည်အသွေး တိုးတက်လာအောင် တမင် ပြုပြင်ယူလို့ ရနိုင်သလားဟူသည့် မေးခွန်းဖြစ်၏။
သည်မေးခွန်းကို ဖြေရန်အတွက် ဦးနှောက်၏ ဆောင်ရွက်ချက် များကို လေ့လာကြည့်ကြပါစို့။ ဦးနှောက်၏ ဆောင်ရွက်ချက်များမှာ
၁။ ဦးနှောက်သည် အာရုံကြောများ၏ ဆုံမှတ်ဖြစ်ပြီး အာရုံနှိုးဆွချက်များကို အဓိပ္ပာယ်ဖော်ပေးသည်။
၂။ ဦးနှောက်သည် ကိုယ်ခန္ဓာလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင်တွဲဖက်ဆောင်ရွက်ပြီး ယင်းလှုပ်ရှားမှုများကို ထိန်းပေးသည်။
၃။ ဦးနှောက်သည် စိတ်လှုပ်ရှားမှု၊ အတွေးအခေါ်နှင့် မှတ်ဉာဏ်ဖြစ်စဉ်များကို လေ့ကျင့်ဖော်ဆောင်ပေးသည်။
အာရုံခံစားမှုနှင့် ပတ်သက်သည့်အပိုင်းတွင် ဦးနှောက်က အလို အလျောက် ဆောင်ရွက်၏။ ချက်ချင်း ဆောင်ရွက်၏။ သိမှတ်မှုဖြင့် တမင်အားထုတ်နေဖို့မလို။ ထိုနည်းတူပင် ကိုယ်ခန္ဓာလှုပ်ရှားမှုကို ထိန်း ချုပ်ရာတွင် သိမှတ်မှုဖြင့် အားထုတ်ဖို့ အနည်းအကျဉ်းသာ လို၏။
ဥပမာ အသက်ရှူခြင်းကို ကြည့်ပါ။ အသက်ရှူခြင်းသည် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုဖြစ်ပြီး ကျွန်တော်တို့ အသက်ရှင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီး၏။ သို့သော် အသက်ရှူဖို့အတွက် ကျွန်တော်တို့ စဉ်းစားနေဖို့မလို။ နောက်ပြီးအသက်ရှူခြင်းအတွက် သတ်မှတ်ထားသည့် စံမရှိ။ လူများစုက အသက် ကို ဝအောင်ရှူကြ၏။ အချို့က ဝအောင်မရှူကြ။ လူနည်းစုက အသက် ကို စနစ်တကျရှူတတ်အောင် အားထုတ်ကြ၏။ အားကစားသမားများ၊ တေးသံရှင်များသည် အသက်ကို စနစ်တကျရှူသူများဖြစ်၏။ ထိုသို့ စနစ်တကျ အသက်ရှူသည့်အတွက် ကြီးမားသော အကျိုးကျေးဇူးများ ကို ခံစားကြရ၏။ ထို့အတူ စိတ်ပန်း ကိုယ်နွမ်းမှုများ ပြေလျော့အောင် စနစ်တကျ အသက်ရှူသူများလည်း အကျိုးကျေးဇူးများ ခံစားကြရလေ သည်။
ထိုနည်းတူ စဉ်းစားတွေးခေါ်မှု ပြုလုပ်ရာတွင်လည်း တစ်ဦးနှင့် တစ်ဦး မတူခြားနားမှုများစွာရှိ၏။ ကျွန်တော်တို့၏ တွေးခေါ်ပုံ တွေး ခေါ်နည်းများ ပြောင်းလဲလာသည်ကို ကျွန်တော်တို့ သတိပြုမိကောင်း ပြုမိကြမည်ဖြစ်၏။ ထို့ပြင် အခြားသူများ၏ တွေးခေါ်နိုင်စွမ်းများ အကြီး အကျယ်ပြောင်းလဲလာသည်ကိုလည်း အကဲခတ် လေ့လာကြည့်နိုင်၏။ သို့ဖြစ်ရာ စဉ်းစားတွေးခေါ်မှု တိုးတက်ထက်မြက်လာအောင် အားထုတ်လေ့ကျင့်လို့ ရနိုင်သည်ဟု ဆိုရပါမည်။ သို့တိုင် လူတွေက သည် အကြောင်းကို အလေးထားဂရုမူမှု နည်းပါးလှလေသည်။
စဉ်းစားတွေးခေါ်ခြင်း၏ ရည်ရွယ်ချက်ပေါင်းများစွာထဲမှ တစ်ခု သော ရည်ရွယ်ချက်မှာ စဉ်းစားတွေးခေါ်ခြင်းကို ရှောင်ရှားရန်ဖြစ်၏။ ပို၍ တိတိကျကျပြောမည်ဆိုလျှင် စဉ်းစားတွေးခေါ်ဖို့ တမင်အားထုတ် ရခြင်းကို ရှောင်ရှားရန်ဖြစ်၏။
ဥပမာတစ်ခု ပြပါမည်။ ကားမောင်းသင်စ ယာဉ်မောင်းတစ်ဦး ကို ကြည့်ပါ။ သူသည် မော်တော်ကားထဲ ယာဉ်မောင်းနေရာတွင် ပထမ ဦးဆုံးအကြိမ် ထိုင်ခွင့်ရပြီဆိုပါစို့ ။ သူသည် သူလေ့လာ မှတ်သားထား သည့် သတင်းအချက်အလက်များကို ပြန်စဉ်းစားပြီး စိတ်လှုပ်ရှားနေမည်။ သူ့အနေဖြင့် အဆိုပါသတင်းအချက်အလက်များကို ကားမောင်း ရာတွင် အသုံးချရမည်။ အသုံးချသည်ဆိုရာ၌ လျင်မြန် သွက်လက်ရ မည်။ တိကျမှန်ကန်ရမည်။ လိုအပ်လျှင် လိုအပ်သလို လှုပ်ရှား ဆောင် ရွက်မှုများကို တစ်ပြိုင်တည်း ပြုလုပ်ရမည်။ သည်အချက်တွေကို စဉ်း စားပြီး သူ့ခမျာ စိုးရိမ်နေပေမည်။
သူနှင့် ဆန့်ကျင်ဘက်အဖြစ် ဝါရင့်ယာဉ်မောင်းတစ်ဦးကို ကြည့် ပါဦး။ သူလည်း စောစောက ယာဉ်မောင်းသင်လုပ်သည့် ကားမောင်း ခြင်းအလုပ်ကိုပင် လုပ်၏။ သို့သော် သူ့ကျတော့ ကားမောင်းရန်အတွက် သိမှတ်စွာ အားထုတ်ရမှု နည်းပါးလှ၏။ သို့မဟုတ် သိမှတ်စွာ အား ထုတ်ရမှု မလိုတော့ပေ။ သူ ကားမောင်းပုံက ပို၍ ညင်သာညက်ညော သည်။ သူသည် ကားမောင်းနေရင်း ရေဒီယိုဖွင့်ပြီး နားထောင်နိုင်သေး သည်။ မိမိနှင့်အတူပါလာသည့် အခြားသူများကိုလည်း မကြာမကြာ လှည့်ပြီး စကားစမြည်ပြောနိုင်သေးသည်။ ဆိုလိုသည်မှာ သူသည် ကားကို ချောချောမောမော မောင်းနိုင်ရေးအတွက် ဇောချွေးပြန်အောင် အားထုတ်မနေရ။ သူ့ဦးနှောက်ထဲတွင် ကားမောင်းရေးအတွက် စုဆောင်း သိုမှီးထားသည့် သတင်းအချက်အလက်များနှင့် ပြည့်ကျပ်မနေ။ သူ့ ဦးနှောက်ထဲတွင် ရေဒီယိုနားထောင်ဖို့၊ ခရီးဖော်များနှင့် စကားစမြည် ပြောဖို့ နေရာကျန်သေးသည်။
ကွာခြားချက်မှာ ဝါရင့်ယာဉ်မောင်းသည် မော်တော်ကားတစ်စီး ကို မောင်းရာတွင် လိုအပ်သည့် အချက်များကို စဉ်းစားဖို့ အချိန်ရခဲ့ ပြီးဖြစ်၏။ ထိုအချက်များကို စဉ်းစားပြီးသောအခါ သူ့စိတ်ထဲတွင် စနစ် တကျ စီကာစဉ်ကာ အကွက်ချထားခဲ့၏။ သူ တကယ်တမ်း ကား မောင်းပြီဆိုသောအခါ စောစောက အချက်များကို ပြန်လည်စဉ်းစား ဖော်ထုတ်နေဖို့ မလိုတော့ချေ။ မော်တော်ကားပေါ်တွင် ထိုင်ပြီးသည်နှင့်ဘာပြီး ဘာလုပ်ရမည်ဆိုသည်ကို သိမှတ်စွာ အားထုတ်စဉ်းစားနေဖို့ မလိုတော့ချေ။
ထိုနည်းတူစွာ သင်လည်း ဤစာအုပ်ကိုဖတ်ရင်း ဤစာအုပ်တွင် အကြံပြုထားသည့် စဉ်းစားတွေးခေါ်နည်းများကို စနစ်တကျ စီကာ စဉ်ကာ အကွက်ချလိုက်ပါ။ ထိုအခါ အဆိုပါနည်းနာများကို အပတ် တကုတ် အားထုတ်မနေဘဲ အသုံးချလာနိုင်မည်ဖြစ်ပါသည်။
ဤနည်းကို အသုံးပြုခြင်းဖြင့် သင်သည် မလိုလားအပ်သော အမှားများကို ရှောင်ရှားနိုင်ပါလိမ့်မည်။ စဉ်းစားဉာဏ် ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပါလိမ့်မည်။ ထို့ပြင် ပြဿနာများဖြေရှင်းရေး၊ အကြံသစ် ဉာဏ်သစ်များ ပေါ်ထွက်ရေးတို့ကို အထောက်အကူပေးမည့် စဉ်းစား တွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရပါလိမ့်မည်။