မြတ်ငြိမ်း - မြင့်မြတ်ထာဝစဥ်
လူတွေအားလုံး သူတို့ ဘယ်အရာကို ကျောခိုင်းပြေးလာသည်၊ ဘယ်အရာဆီသို့ ပြေးနေသည်၊ ဘာကြောင့် ပြေးနေသည်ဆိုတာကို သူတို့မသေမီ သိနားလည်အောင် ဆည်းပူးလေ့လာဖို့ ကြိုးပမ်းသင့်သည်။
ဂျိမ်းသာဘာ
(James Thurbur)
ကျွန်တော်တို့၏ နေ့စဉ်ဘဝများတွင် ကျင်လည်နေထိုင်ရင်း တစ်ခါ တစ်ခါ အတွေးထဲ နစ်မျောမိသည့် အချိန်များရှိ၏။ ဘဝအကြောင်း အလေးနက်ဆုံး တွေးတောဆင်ခြင်မိသည့် အချိန်များရှိ၏။ ထိုသို့သော အချိန်မျိုးတွင် ကျွန်တော်တို့ တစ်ဦးချင်းစီသည် အများနှင့်မတူ တစ်မူ ထူးခြားသော လုပ်ရပ်၊ သို့မဟုတ် လောကအကျိုး ပါဝင်သယ်ပိုးသည့်ဆောင်ရွက်မှုမျိုး ပြုလုပ်လိုစိတ် ဖြစ်ပေါ်တတ်ကြ၏။ ထိုသို့ ဆန္ဒဖြစ်ပေါ် ခြင်းကို အကြောင်းရင်းဟု ခေါ်လို့ရ၏။ သို့မဟုတ် ဘဝပေးတာဝန်ဟုလည်း ခေါ်နိုင်၏။ အဓိက ကတော့ အဓိပ္ပာယ်ရှိသော ဘဝ၌ တစ်စိတ် တစ်ပိုင်း ပါဝင်ပတ်သက်လိုခြင်း ဖြစ်၏။
သို့ဖြစ်သော်လည်း ကျွန်တော်တို့၏ လောကအကျိုး သယ်ပိုး မှုကို နေ့စဉ် ပုံမှန် စစ်ဆေးဖော်ထုတ်ရန်အတွက်မူ သိပ်မလွယ်လှပါချေ။ အထူးသဖြင့် ဘဝ၏ ထွေရာလေးပါး ကိစ္စကလေးများဖြင့် ထွေးလုံးရစ် ပတ် ချာချာလည်နေချိန်မျိုးတွင် ပို၍ မလွယ်ကူပါချေ။ သို့သော် လူ တစ်ဦး တစ်ယောက်သည် ဘဝတွင် ဘယ်လိုယုံကြည်ချက်ဖြင့် ရပ်တည် မည်၊ ဘယ်လိုရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ ကြိုးစား အားထုတ်မည်ဆိုသည့် အချက်များကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင် ထားဖို့တော့ အရေးကြီးပါသည်။
ယခု ဖော်ပြမည့် ဇာတ်လမ်းများသည် ဘဝတွင် အရေးကြုံလာ သည့်အခါ ဘယ်လို ရွေးချယ်မှုများ ပြုလုပ်သလဲဆိုတာ ဖော်ပြထားသည့် လူသုံးဦး၏ ဇာတ်လမ်းများဖြစ်၏။ ဘဝတွင် မဖြစ်မနေ ဆုံးဖြတ်ဖို့ အရေးကြုံလာသည့်အခါ သူတို့သည် ကံစီမံရာအတိုင်းဟု သဘောထား သလား၊ သို့မဟုတ် ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့ ဇွဲခတ်ကြိုးစားကြသလား ဆိုတာ မီးမောင်းထိုးပြထား၏။
ပထမဇာတ်လမ်းမှာ ဂျွန်ဘေကာဆိုသည့် လူငယ်တစ်ယောက် အကြောင်းဖြစ်၏။ အိုလံပစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်နွှဲဖို့ အားခဲထား သည့် ပါရမီရှင် အပြေးသမားကလေးက အဓိပ္ပာယ်ရှိသောဘဝဆိုတာနှင့်လောကအကျိုး သယ်ပိုးခြင်းဆိုတာကို သူ၏ ပြုမူလုပ်ဆောင်မှုများဖြင့် ဘယ်လို သရုပ်ဖော်သွားသလဲဆိုတာ တင်ပြထား၏။သူ့အကြောင်းကို ဖတ်ရင်း သူ ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့် သူ အကောင်အထည်ဖော်ဖို့ ရွေးထားသည့် ရည်မှန်းချက်များကို သင် တွေ့မြင်လာပါလိမ့်မည်။ ထိုအခါ နောက်သီတင်းပတ်များ၊ လများနှင့် နှစ်များတွင် သင့်ဘဝနှင့်ပတ်သက်၍ ဘာတွေ လုပ်ဆောင်သင့်သည်ဆိုတာ တွေးဆ ဆင်ခြင် မိလာပါလိမ့်မည်။ လောကအကျိုးကို ဘယ်ပုံဘယ်နည်း သယ်ပိုးမည် ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်နိုင်စွမ်း ရှိလာပါလိမ့်မည်။
နောက်ဆုံး အပြေးပြိုင်ပွဲ
ဝီလျံ၊ ဘူခါနမ်
(William J. Buchanan)
အသက် ၂၄ နှစ် ရှိပြီဖြစ်သော ဂျွန်ဘေကာအတွက်တော့ အနာဂတ်ဘဝ သည် လင်းလက်တောက်ပနေ၏။ မျှော်လင့်ချက်များ ပြည့်လျှမ်းနေ၏။ အချိန်ကာလမှာ ၁၉၆၉ ခုနှစ်၊ နွေဦး။ အပြေးသမားဘဝနှင့် အံ့မခန်း ထူးချွန်ပြီး ထိပ်ဆုံးရောက်နေသော သူ့ကို အားကစားသတင်းထောက် များက ကမ္ဘာ့အမြန်ဆုံး တာလတ်အပြေးသမားတစ်ဦးဟု အမွှမ်းတင် ရေးသားကြ၏။ အိုလံပစ်ပြိုင်ပွဲကြီးကို ၁၉၇၂ ခုနှစ်တွင် ကျင်းပတော့ မည်။ ထိုပြိုင်ပွဲကြီး၏ တာလတ်အပြေးပြိုင်ပွဲတွင် အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြုပြီး ပါဝင်ဆင်နွှဲခွင့်ရဖို့ ဂျွန်ဘေကာ စိတ်ကူးယဉ် အားခဲထားသည်။
သည်လို ထင်ပေါ်ကျော်ကြားမှုမျိုး ရလာလိမ့်မည်ဟု ဘေကာ လုံးဝ မျှော်လင့်မထားခဲ့။ သူ၏ ငယ်ဘဝသည် သူလိုကိုယ်လို သာမန် မျှသာ။ လူလုံးလူဖန်သေးပြီး ဆယ်ကျော်သက် အပေါင်းအသင်း သူငယ် ချင်းများထက် အရပ်နိမ့်နေသူ။ အထက်တန်းကျောင်း အပြေးအဖွဲ့တွင် ပါဝင်ရလောက်အောင် “အချိုးပြေသူ” မဟုတ်ဟု သူ့ကို ဝိုင်းဝန်းသတ်မှတ်ထားကြသည်။ သို့သော် ကိုးတန်းရောက်သည့်နှစ်တွင် မျှော်လင့်မထားသည့် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ သို့ဖြင့် သူ့ဘဝ လမ်းကြောင်း ပြောင်းသွားတော့၏။
မန်ဇာနို အထက်တန်းကျောင်း အပြေးအဖွဲ့ နည်းပြဆရာ ဘီလ်ဝေါလ်ဖာသ်သည် သူတို့ကျောင်းမှ အရပ်မြင့်မြင့်နှင့် အပြေးသမားကောင်းဖြစ်ဖို့ အလားအလာရှိသူ ဂျွန်ဟာလန်းကို စည်းရုံးနေတာ တော်တော်ကြာပြီ။ ဂျွန်ဟာလန်းသည် ဂျွန်ဘေကာ၏ အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်သည်။ ဟာလန်းက ငြင်းသည်။ သို့ဖြင့် တစ်နေ့ တွင် “အပြေးအဖွဲ့ မှာ ကျွန်တော် ပါဝင်ပါရစေ” ဟု ဂျွန်ဘေကာကတောင်းဆိုသည်။ “အဲဒါဆို ဟာလည်း ပါဝင်လာဖို့များတယ်”ဟု အကြံ ပေးသည်။ ဝေါလ်ဖာသ် သဘောတူလိုက်သည်။ သူတို့၏ နည်း ပရိယာယ် အလုပ်ဖြစ်သွားသည်။ သို့ဖြင့် ဂျွန်ဘေကာ တစ်ယောက် အပြေးသမား ဖြစ်လာသည်။
စွမ်းအင်များ ရုန်းကြွလာခြင်း
ထိုနှစ်က သူတို့ ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် ပွဲမှာ အယ်လ်ဘူကာကေးမြို့ အရှေ့ဘက်တောင်ခြေရှိ တောင်ပူစာများ ကို ဖြတ်ကျော်ပြေးရမည့် ၁.၇ မိုင် ခရီးကြမ်း ဖြတ်ကျော်ပြေးပွဲ ဖြစ်၏။ အကဲခတ်သမား အများစု၏ အာရုံအစိုက်ခံရသူမှာ အယ်လ်ဘူကာကေးမြို့ မှ ခရီးကြမ်းဖြတ်ကျော်ပြေး ချန်ပီယံ လွိုက်ဂေါ့ဖ် ဖြစ်၏။ တာလွှတ်သေနတ်သံ ပေါ်ထွက်လာသည်နှင့် စီကာစဉ်ကာ ပြေးသွားသည့် အပြေးသမားများမှာ အများတွက်ဆထားသည့်အတိုင်းပင် ဖြစ်နေ၏။ ထိပ်ဆုံးမှ ဦးဆောင်ပြေးသူမှာ ဂေါ့ဖ်။ သူ့နောက်မှ ကပ်လိုက်လာသူမှာ ဟာလန်း။တာလွှတ်ပြီး လေးမိနစ် ပြည့်သွားချိန်တွင် အပြေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် မြင်ကွင်းထဲမှ ပျောက်ကုန်သည်။ ပြေးလမ်း သည် ဟိုးဘက် တောင်ပူစာခြေရင်းကို ကွေ့ပတ်သွားသည်။ ၎င်းပြေး လမ်းအတိုင်း ပြေးသွားသည့် အပြေးသမားများသည် တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားသည်။ တစ်မိနစ် ကုန်သွားသည်။ နှစ်မိနစ်။ ထို့နောက် တောင်ကွယ်မှ ထွက်လာသည့် တစ်ဦးတည်းသော အပြေးသမားကို တွေ့ လိုက်ကြရသည်။ နည်းပြဆရာ ဝေါလ်ဖာသ်က သူ့လက်ထောက်တစ်ယောက်အား တံတောင်ဖြင့် တွက်လိုက်ပြီး “ကဲ၊ ဂေါ့ဖ် ထွက်လာပါပြီဗျား” ဟု ပြောသည်။ ထို့နောက် လက်ထဲမှ မှန်ပြောင်းကို မြှောက်ကိုင်လိုက်၏။ “ဟား သောက်ကျိုးနည်း” ဟု အော်လိုက်၏။
“အဲဒါ ဂေါ့ဖ်မှ မဟုတ်ဘဲ။ အဲဒါ ဘေကာဟ”
တအံ့တသြနှင့် ပါးစပ်အဟောင်းသား ဖြစ်နေသည့် အပြေးသမား တွေ တသီကြီးကို ဟိုးနောက်မှာ ဖြတ်ထားခဲ့ပြီး ဘေကာ ပန်းဝင်လာ သည်။ သူ့စံချိန်မှာ ၈ဝ၃-၅ မိနစ်။ စံချိန်သစ် တင်လိုက်ခြင်း။
တောင်ကမူ၏ ဟိုမှာဘက်တွင် ဘာတွေဖြစ်ခဲ့သလဲ။ ဘေကာက နောက်မှ ရှင်းပြသည်။ ပြိုင်ပွဲတစ်ဝက် ကျိုးသည်အထိ သူသည် အပြေး ချန်ပီယံများနောက်မှ ပြေးလိုက်ခဲ့၏။ ထိုအတောအတွင်း သူ့ကိုယ်သူ မေးခွန်းတစ်ခု မေးခဲ့၏။
“ငါ ပြေးတာ အစွမ်းကုန်နေပြီလား”
မသိ၊ သူ မဖြေတတ်။ သူ့ရှေ့မှ ပြေးနေသည့် အပြေးသမား၏ ကျောကုန်းကို သူ စိုက်ကြည့်သည်။ တခြား ဘာဆိုဘာမျှ ဂရုမစိုက်၊ အမှုမထားတော့။ ခုချိန်တွင် သူ့စိတ်ထဲမှာ တစ်ခုဆို တစ်ခုပဲရှိသည်။ ရှေ့မှ အပြေးသမားကို မီအောင်လိုက်၊ နောက်ပြီး ကျော်တက်၊ ထို့နောက် နောက်တစ်ဦးကို အမီပြေး ဖြစ်သည်။ သူ့မှာ ရှိမှန်းမသိသည့် အရန်စွမ်းအင်တွေ သူ့ကိုယ်ထဲတွင် ရုန်းကြွလာသည်။ “အဖြစ်က အိပ်မွေ့ချ ခံထားရသလိုပါပဲ”ဟု ဘေကာ ပြန်ပြောသည်။ သူ့ရှေ့မှ အပြေးသမား များကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်သည်။ သူ့ကြွက်သား များကို တရိရိ ဆုတ်ဖြဲပစ်နေသည့် ပင်ပန်းနွမ်းနယ်မှုကို ဥပေက္ခာပြု ထားသည်။ ပင်ပန်းနွမ်းနယ်မှုဆိုတာကို အတွေးထဲ အဝင်မခံ။ ဇွဲခတ် ပြေးလွှားနေသည့် ခြေလှမ်းများကို ထိန်းထားသည်။ နောက်ဆုံး ပန်းဝင် ကြိုးကို ကျော်ပြီး ခြေကုန်လက်ပန်းကျစွာ ဗုန်းဗုန်းလဲပြိုသွားသည်အထိ။
ပြိုင်ပွဲရလဒ်က ကြက်ကန်း ဆန်အိုး တိုးသွားခြင်းလား။ အခါ ရာသီတွေ ပြောင်းလာသောအခါ နည်းပြဆရာ ဝေါလ်ဖာသ်က ဘေကာ ကို အခြားအပြေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်နွှဲစေသည်။ ရလဒ်များက အမြဲတမ်း သည်အတိုင်းပင်။ ပထမဆုမှလွဲပြီး တခြား ဘာဆုမျှ မချိတ်။ ပြေးလမ်းပေါ် ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရိုးရိုးကုပ်ကုပ်နှင့် ပျော်ပျော်ပါးပါး နေတတ်သော ဆယ်ကျော်သက်ရွယ် လူငယ်ကလေး သည် လုံးဝ အနိုင်မခံ အရှုံးမပေး သဲသဲမဲမဲ ယှဉ်ပြိုင်သူတစ်ဦး ဖြစ်လာ သည်။ စိတ်ရောကိုယ်ပါ ပုံအောသည့် အပြေးသမား ဖြစ်လာသည်။ ရှင်းရှင်းပြောရလျှင် သူ့ကို ကျော်ဖြတ်ပြေးနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိစေရဆိုသည့် စိတ်ဓာတ်မျိုး၊ ကိုးတန်းစာသင်နှစ် ကုန်ဆုံးချိန်တွင် ပြည်နယ် အပြေးစံချိန်ခြောက်ခုကို ဘေကာ ချိုးခဲ့ပြီးဖြစ်၏။ ဆယ်တန်း စာသင်နှစ်အတွင်းမှာတော့ သူသည် သူတို့ပြည်နယ်အတွင်း ပေါ်ထွန်း ခဲ့သမျှ တာလတ်အပြေးသမားများထဲတွင် အတော်ဆုံး အပြေးသမား ဖြစ်လာတော့၏။
ထိုအချိန်တွင် သူ့အသက် ၁၈ နှစ်ပင် မပြည့်တတ်သေး။
မှန်းချက်တွေ ပျက်စေသူ
အယ်လ်ဘူကာကေးမြို့၌ ရှိသည့် နယူးမက္ကဆီကို တက္ကသိုလ်သို့ ၁၉၆၂ ခုနှစ်၊ ဆောင်းဦးတွင် ဂျွန်ဘေကာ ဝင်ခွင့် ရခဲ့၏။ သူသည် သူ၏ လေ့ကျင့်မှုကို တစ်ဆင့်မြှင့်ခဲ့သည်။ နေ့စဉ်နေ့တိုင်း နံနက်မိုးသောက် အရုဏ်တက်ချိန်တွင် သူသည် မြို့တွင်းရှိ လမ်းများ၊ ပန်းခြံများနှင့် ဂေါက်ရိုက်ကွင်းများကို ဖြတ်ကျော်ပြေးပြီး လေ့ကျင့်သည်။ တစ်နေ့ ၂၅ မိုင်ပြည့်အောင် ပြေးသည်။ ထိုသို့ ပြေးရာ၌ သူ့ လက်ထဲတွင် မှုတ်ဆေးဘူးတစ်ဘူး အမြဲကိုင်ထားရသည်။ လမ်းတွေပေါ်ပြေးသွား ရင်း တစ်ခါတစ်ရံ ခွေးတွေက လိုက်ဆွဲတတ်သည်။ ထိုသို့ လိုက်ဆွဲလျှင် ခွေးကို မှုတ်ဆေးဖြင့် မှုတ်ပစ်ရသည်။
လေ့ကျင့်မှုက ထူးခြားသော ရလဒ်ကို ထုတ်ပေးပါသည်။ များမကြာမီအတွင်း နယူးမက္ကဆီကို ပြည်နယ်ရှိ အဆီလင်း၊ တူလ်ဆာ၊ ဆော့လိပ်စီးတီး စသည့် မြို့များတွင် ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် လူအများ၏ ‘မှန်းချက်တွေ ပျက်စေသူ”မှာ ဂျွန်ဘေကာ ဖြစ်နေတော့၏။ သူက ပြိုင်ပွဲတိုင်းတွင် လူအများက နိုင်မည်ဟု ထင်ကြေးပေးထားသည့် နာမည်ကျော် အပြေးသမားများကို ဖြတ်ကျော် ပြေးနိုင်ခဲ့သည်ချည်း။
ဂျွန်ဘေကာ ကောလိပ်ကျောင်းသားဘဝတွင် နိုင်ငံတစ်ဝန်း လုံးရှိ အပြေးအသင်းအားလုံးက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသည့် အသင်းမှာ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်အသင်း ဖြစ်၏။ ၁၉၆၅ ခုနှစ် နွေဦးတွင်မူ အင်အားကြီး ကယ်လီဖိုးနီးယားအသင်းက အယ်လ်ဘူကာကေးအသင်းနှင့် တစ်သင်းချင်းပြိုင်ဖို့ စီစဉ်ကြ၏။ သည်တွင် နယူးမက္ကဆီကိုအသင်း ကြမ္မာဆိုးဝင်ပြီဟု အားကစားဆောင်းပါးရှင်များက တွက်ဆကြသည်။ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်အသင်းတွင် ကြီးသုံးကြီး ရှိနေသည်လေ။ သူတို့၏ အမည်