မြတ်ငြိမ်း - ဘုံတစ်ကွေ့မှာ ဆုံတွေ့ရသူများ
ဇာတ်သိမ်း
ဤဇာတ်လမ်းသည် အက်ဒီဟုခေါ်တွင်သူ လူတစ်ယောက် အကြောင်း ဖြစ်၏။ နောက်ပြီး ဤဇာတ်လမ်းကို နေရောင်အောက်တွင် လဲကျသေဆုံးသွားသည့် အက်ဒီ ဇာတ်သိမ်းခန်းဖြင့် စဖွင့်ထားသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်သိမ်းခန်းဖြင့် စဖွင့်ခြင်းသည် ကြောင်သလိုလို ရှိကောင်းရှိပါမည်။ သို့ပေမဲ့ ဇာတ်သိမ်းအားလုံးသည် ဇာတ်လမ်း အစများလည်း ဖြစ်နေ၏။ ထိုစဉ်တုန်းက ကျွန်တော်တို့ မသိလိုက်ကြ ခြင်းသာ ဖြစ်၏။
အက်ဒီဘဝ၏ နောက်ဆုံးတစ်နာရီ ကုန်ဆုံးသွားပြီ။ သူသည် အခြား လူများစုနည်းတူ ခဲသားရောင် သမုဒ္ဒရာကြီးကမ်းစပ်ရှိ ရူဘီပိုင်ယာ အပန်းဖြေဥယျာဉ်ထဲမှာရှိနေသည်။ ဥယျာဉ်ထဲတွင် အပန်းဖြေသူတွေ ပျော်ဖို့၊ ရွှင်ဖို့ သမားရိုးကျကစားနည်းတွေ အစုံအလင်ရှိသည်။ သစ်သား ကြမ်းခင်း လျှောက်လမ်းတစ်ခု၊ ဖဲရစ်ရဟတ်ကြီး၊ ရိုလာကိုစတာတွေ၊တိုက်ကားတွေ၊ ကော်ဖီမုန့်ဆိုင်တစ်ဆိုင်၊ နောက်ပြီး လူရွှင်တော်တစ်ဦး ၏ပါးစပ်ထဲသို့ ရေပြွတ်ဖြင့် ရေထိုးထည့်ရသည့် ကစားနည်းတစ်ခု၊ ဖရက်ဒီဖရီးဖောဟု အမည်ပေးထားသည့် ဧရာမရဟတ်အသစ်ကြီး တစ်လုံးလည်း ရှိသည်။ ပြည်နယ်တစ်ဝန်းလုံးက သတင်းတွေထဲတွင် ဟိုးလေးတကျော် သတင်းဖြစ်လာမည့် အက်ဒီ မတော်တဆ ထိခိုက် သေဆုံးမှုဖြစ်သည့် နေရာသည် ဤရဟတ်သစ်ကြီး၏ အောက်မှာပင် ဖြစ်၏။
သေဆုံးချိန်တွင် အက်ဒီသည် ဆံပင်ဖြူဖြူ၊ ဂင်တိုတိုနှင့် အဘိုးကြီး ဖြစ်၏။ သူ့လည်တံက ပုတိုတို၊ ရင်အုပ်ကားကား၊ တုတ်ခိုင်သော လက် မောင်း၊ လက်ဖျံများရှိပြီး စစ်တပ်ထဲတုန်းက ညာဘက်ပခုံးမှာထိုးထား သည့် ဆေးမင်ကြောင်က အရောင်လွင့်နေပြီ။ သူ့ခြေထောက်တွေက ပိန်လှီပြီး အကြောပြိုင်းပြိုင်းထနေပြီ။ ဒုတိယကမ္ဘာစစ်တုန်းက ဒဏ်ရာ ရခဲ့သည့် ဘယ်ဘက်ဒူးခေါင်းမှာ လေးဖက်နာရောဂါကြောင့် သုံးမရလောက်အောင် ပျက်စီးနေ၏။ ဟိုဟိုသည်သည် လျှောက်သွားလျှင် ကြိမ်လက်ကိုင်တုတ် ဆောင်ထားရ၏။ နေဒဏ်ကြောင့် ကြမ်းထော်နေ သော မျက်နှာပြဲကြီးပေါ်တွင် ပါးမြိုင်းမွေးတွေက ထိုးထိုးထောင်ထောင်။ အောက်မေးရိုးက မသိမသာကလေး ရှေ့တိုးထွက်နေတော့ သူ့ကြည့်ရ တာ သူ့နဂိုမူလထက် ပိုပြီး ဝင့်ထည်တတ်သယောင် ရှိနေ၏။ သူ့ဘယ် ဘက် နားရွက်ကြားတွင် စီးကရက်တစ်လိပ် ညှပ်ထားလေ့ရှိပြီး ခါးပတ် မှာတော့ သော့တွေပါသည့် သော့ကွင်းတစ်ကွင်း ချိတ်ထား၏။ သူစီး ထားသည်မှာ ရော်ဘာခုံခံ ရှူးဖိနပ်များ၊ ဦးခေါင်းပေါ်မှာတော့ ပိတ်ဖြင့် ချုပ်ထားသော ကက်ဦးထုပ် ခပ်ဟောင်းဟောင်းတစ်လုံး ဆောင်းထားသည်။ အရောင်လွင့်ပြယ်နေပြီဖြစ်သည့် အညိုရောင်ယူနီဖောင်းက သူသည် အလုပ်သမားတစ်ဦးဖြစ်ကြောင်း ညွှန်းဆိုနေသည်။ ဟုတ်လည်း ဟုတ်သည်။ သူက အလုပ်သမားတစ်ဦးပါပဲ။
အက်ဒီတာဝန်မှာ သွားတွေ၊ ရဟတ်တွေ၊ အပျော်စီးယာဉ်တွေကို ပြုပြင်ထိန်းသိမ်းရခြင်း။ သူ တကယ်တမ်းဆောင်ရွက်ရသည်ကတော့ အန္တရာယ်ကင်းအောင် ကြည့်ရှုစောင့်ကြပ်ခြင်း ဖြစ်၏။ နေစောင်းချိန် ရောက်တိုင်း သူက ဥယျာဉ်ထဲတွင် တစ်ပတ်ပတ်ကြည့်သည်။ အပျော်စီး ယာဉ်တစ်ခုချင်းကို စစ်ဆေးကြည့်သည်။ ကျိုးပဲ့နေသည့် ခြေနင်းခုံများ ရှိသလား။ ချောင်နေသည့် ဝက်အူတွေ၊ သံချေးစားပျက်စီးနေသည့် သံထည်တွေရှိနေသလား။ သူက တစ်ခါတစ်ခါကျ မတ်တတ်ရပ်ပြီး ရီဝေဝေမျက်လုံးများဖြင့် စိုက်ကြည့်နေတတ်၏။ အနီးအနားမှ ဖြတ်လျှောက်သွားသူများကတော့ ပြဿနာတစ်ခုခု ပေါ်နေပြီထင်ကြ၏။ သို့ပေမဲ့ သူက အသံဗလံကို နားစွင့်နေခြင်းမျှသာ။ ဒါလောက်ပါပဲ။ လုပ်သက်က တော်တော်ကြီးရင့်လာပြီဆိုတော့ သူက ပြဿနာကို နားထောင် လို့ရနေပြီ။ လည်ပတ်လှုပ်ရှားနေသည့် ပစ္စည်းကိရိယာများ ၏ ကျိုးကျိုးကျွံ မြည်သံများ ကြားရရုံဖြင့် ပြဿနာရှိ၊ မရှိ ပြောနိုင် သည်ဟု သူက ဆို၏။
ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့ မိနစ် ၅၀ သာကျန်တော့သော အက်ဒီသည် ရူဘီပိုင်ယာတစ်ကြော နောက်ဆုံးလှည့်ပတ်စစ်ဆေးခြင်း အမှုကို ပြုနေ၏။ အသက်ကြီးကြီး စုံတွဲတစ်တွဲကို လမ်းဖယ်ပေးလိုက်၏။
“အပေါင်းအသင်းတို့” သူက ကက်ဦးထုပ်ကို လက်ဖြင့်တို့ရင်း နှုတ်ဆက်စကားဆိုသည်။
ဟိုစုံတွဲက ယဉ်ကျေးပျူငှာစွာ ခေါင်းဆတ်ပြသည်။ ဧည့်သည်များ က အက်ဒီကို သိနေကြသည်။ ယုတ်စွအဆုံး လာနေကြဧည့်သည်များ က သိသည်။ သူ့ကို သူတို့ တွေ့နေမြင်နေရသည်မှာ တစ်နွေပြီး တစ်နွေ။ နေရာတစ်နေရာနှင့်တွဲစပ်ပြီး သိနေသည့် မျက်နှာတွေထဲတွင် အက်ဒီ မျက်နှာလည်း အပါအဝင်။ သူ၏လုပ်ငန်းခွင်ဝတ် ရှပ်အင်္ကျီရင်ဘတ်ပေါ် တွင် ပိုးချုပ်ထားသည်မှာ ပြုပြင်ထိန်းသိမ်းရေး ဆိုသော စကားလုံး။ ထိုစကားလုံးအပေါ်နားလေးမှာမှ အက်ဒီ ဆိုသောအမည်။ တစ်ခါတလေ ဆို အပန်းဖြေဧည့်သည်များက သူ့အား လက်ဝှေ့ယမ်းပြပြီး “ဟဲလို ပြုပြင်ထိန်းသိမ်းရေး အက်ဒီ” ဟု နှုတ်ဆက်တတ်ကြ၏။ သို့သော် သူတို့ နှုတ်ဆက်ပုံ နှုတ်ဆက်နည်းက တယ်ပြီး အူမြူးစရာ မကောင်းဟု အက်ဒီက ယူဆသည်။
ယနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် အက်ဒီမွေးနေ့ဖြစ်နေသည်။ ၈၃ နှစ်မြောက်မွေးနေ့။ လွန်ခဲ့သည့် သီတင်းပတ်တုန်းက ဆရာဝန်တစ်ဦး က ပြောသွားသည်။ သူ့မှာ ရေယုန်တွေပေါက်နေသည်တဲ့။ ဪ... ရေယုန်တွေတဲ့လား။ အက်ဒီက ရေယုန်ဆိုတာ ဘာမှန်းပင်မသိ။ တစ်ချိန် တုန်းကတော့ အက်ဒီ ကျန်းမာသန်စွမ်းခဲ့သည်လေ။ ချားရဟတ်မှာတပ် သည့် မြင်းရုပ်ကြီးနှစ်ကောင်ကို လက်တစ်ဖက်စီဖြင့် ကိုင်မြှောက်ထားနိုင်လောက်အောင် သန်မာခဲ့သည်။ အင်းလေ... ဒါကလည်း ဟိုးရှေးရှေး တုန်းကပါ။
“အက်ဒီ”
“သားကိုခေါ်ပါ အက်ဒီ”
“သမီးကိုခေါ်နော်”
သူ သေဆုံးဖို့ မိနစ်လေးဆယ်အလို။ သူက ရိုလာကိုစတာ လမ်းကြောင်းရှေ့သို့သွားသည်။ သူက အပျော်စီးယာဉ်တိုင်းကို အနည်း ဆုံး တစ်ပတ်တစ်ကြိမ်တော့ စီးဖြစ်အောင် စီးကြည့်သည်။ ဘရိတ်တွေ အလုပ်လုပ်ရဲ့ လား၊ လက်ကိုင်ဘီးတွေ ခိုင်သေးရဲ့ လား။ ဒါတွေကို ကြည့်ရှုစစ်ဆေးဖို့၊ ယနေ့ အလှည့်ကျတာကတော့... ကိုစတာအလှည့်။ သရဲ ရထားဟု သူတို့ခေါ်သည့် ကိုစတာအလှည့်။ အက်ဒီကိုသိနေသည့် ချာတိတ်တွေက သူနှင့်အတူ စီးချင်ကြသည်။ ထို့ကြောင့် သူ့ကို လှမ်း အော်ပြောနေခြင်း ဖြစ်သည်။
ကလေးတွေက အက်ဒီကို သဘောကျကြသည်။ ဆယ်ကျော် သက်တွေကတော့ သဘောမကျ။ သည်မြီးကောင်ပေါက်တွေက သူ့ကို ဦးနှောက်ခြောက်အောင် လုပ်နေကျ။ နှစ်ပေါင်းများစွာအတွင်း ဆယ်ကျော်သက်များ၏ ဘာမျှမည်မည်ရရ အကြောင်းမရှိဘဲ ရန်လုပ်နည်း ပေါင်းစုံကို သူတွေ့ဖူးမြင်ဖူးခဲ့ပြီဟု အက်ဒီ ထင်သည်။ သို့ပေမဲ့ ကလေး သူငယ်တွေကတော့ သူတို့နှင့်မတူ။ ကလေးသူငယ်များက အက်ဒီကို ကြည့်ကြသည်။ အောက်မေးရိုး ရှေ့သို့ငေါထွက်နေသော သူ့ပုံစံက ပြုံးပြုံးကြီးလုပ်နေသလိုလို။ လင်းပိုင်ကြီးတစ်ကောင်လိုပေါ့။ နောက်ပြီး ကလေးတွေက အက်ဒီကို ယုံကြည်အားထားကြသည်။ သူတို့သည် အက်ဒီနံဘေးသို့ရောက်လျှင် မီးဖိုရှေ့မှာ အနွေးဓာတ်ခံယူသော လက် အေးအေးကလေးတွေလိုပါပဲ။ သူတို့က သူ့ခြေထောက်ကို ပွေ့ဖက်ကြ သည်။ သူ့သော့တွဲကြီးဖြင့် ဆော့ကစားကြသည်။ အက်ဒီက များသော အားဖြင့် “အင်း” “အဲ’ပဲ ရေရွတ်သည်။ ဘယ်တော့မျှ စကားများများ စားစား မပြော။ သူ ထိုသို့ စကားမများသောကြောင့် သူ့ကို ခင်မင်ကြ ခြင်းဖြစ်သည်ဟု အက်ဒီ ယူဆသည်။
ယခုလည်း ဘေ့စ်ဘောကက်ဦးထုပ်များကို နောက်လှန်ဆောင်းထားသည့် ချာတိတ်နှစ်ယောက်၏ဦးခေါင်းကို အသာအယာ ပုတ်လိုက် ၏။ သူတို့နှစ်ယောက် လှည်းဆီသို့ပြေးပြီး ကသောကမျော တက်ကြ သည်။ အက်ဒီက သူ့ကြိမ်တုတ်ကို ယာဉ်မောင်းအား လှမ်းပေးသည်။ ပြီးတော့ ချာတိတ်နှစ်ယောက်ကြားတွင် ဖြည်းဖြည်းချင်း ထိုင်ချသည်။
“ဟေး... သွားတော့မယ်ကွ၊ သွားတော့မယ်ကွ” ကောင်လေး တစ်ယောက်က ဝမ်းသာအားရ ကြွေးကြော်သည်။ အခြားတစ်ယောက်က အက်ဒီလက်ကို ဆွဲယူပြီး သူ့ပခုံးကို ဖက်ထားစေ၏။ အက်ဒီက ရင်တား မင်းတုပ်ကို ဆွဲနှိမ့်လိုက်သည်။ ထို့နောက်မှာတော့... “ဒိုးဒိုးဒေါက် ဒေါက်” မြည်သံနှင့်အတူ သူတို့ ရွေ့လျားသွားလေသည်။
အက်ဒီအကြောင်း သတင်းဇာတ်လမ်းတစ်ပုဒ် ပျံ့နေ၏။ ဤ ဆိပ်ခံတံတားတစ်ဝိုက်မှာပဲ ကြီးပြင်းလာသည့် အက်ဒီသည် ငယ်ဘဝ တုန်းက လမ်းကြိုလမ်းကြား ရန်ပွဲတစ်ပွဲတွင် အပြတ်နွှဲဖူးသည်ဆို၏။ ပစ်ကင်ရိပ်သာလမ်းမှ ချာတိတ်ငါးကောင်က အက်ဒီအစ်ကိုဂျိုးကိုချောင်ပိတ်ဖမ်းပြီး ဝိုင်းထိုးဖို့ ရန်စကြသည်ဆို၏။ အက်ဒီက သူတို့နှင့် လမ်းတစ်ဖြတ်လောက်ဝေးသည့် အိမ်ရှေ့ဆင်ဝင်အောက်တွင် အသား ညှပ်ပေါင်မုန့် စားနေသည်။ ထိုအခိုက်တွင် ငယ်သံပါအောင်အော်လိုက်သော သူ့အစ်ကို၏ အသံကို ကြားလိုက်ရ၏။ နောက်ဖေးလမ်းကြား ဆီသို့ အက်ဒီ ပြေးသွားသည်။ အမှိုက်ပုံးအဖုံးကို လှမ်းဆွဲပြီး ဗိုလ်ကျ စိုးမိုးရေးသမားကလေးများကို အပြတ်နှိပ်ပစ်သည်။ ကောင်လေး နှစ်ယောက် ဆေးရုံရောက်သွားသည်။
ထိုသို့ဖြစ်ပြီးနောက်ပိုင်း ဂျိုးသည် အက်ဒီအား လပေါင်း များစွာ ကြာအောင် စကားမပြောတော့။ သူ အရှက်ကြီး ရှက်နေသည်။ ဂျိုးကသူတို့မောင်နှမတွေထဲတွင် သားဦး။ အစ်ကိုအကြီးဆုံး။ သို့ပေမဲ့ လမ်းကြားတိုက်ပွဲတွင် အနိုင်နွှဲခဲ့သူမှာ အက်ဒီသာ ဖြစ်နေသည်။
“သားတို့... နောက်တစ်ခေါက် စီးလို့ရမလား အက်ဒီ၊ စီးပါရစေနော်”
အသက်ရှင်နေထိုင်ဖို့ သုံးဆယ့်လေးမိနစ်ပဲ ကျန်တော့သည်။ အက်ဒီက ရင်တားမင်းတုပ်ကို မလိုက်သည်။ ကောင်လေးတစ်ယောက် ကို သကြားချောင်းတစ်ချောင်းစီပေးသည်။ သူ ကြိမ်တုတ်ပြန်ယူသည်။ နွေနေအပူမှ သက်သာအောင် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံသို့ ခြေ ထောက်ဆာတာဆာတာဖြင့် သွားသည်။
သူသေအံ့ဆဲဆဲဖြစ်နေပြီဆိုတာသာ သိနေလျှင် သူအခြား တစ်နေရာ သို့ သွားမိပေလိမ့်မည်။ ယခုတော့ သူက ကျွန်တော်တို့ အားလုံးလုပ် သည့်အလုပ်မျိုးပဲ လုပ်သည်။ သူက ပျင်းရိငြီးငွေ့စရာကောင်းလှသည့် နေ့စဉ်ပုံမှန်အလုပ်ကိုပဲ လုပ်သည်။ ကမ္ဘာပေါ်မှာ ရှိရှိသရွေ့ နေ့တွေ့၊ ရက်တွေကို ကြုံဆုံဖြတ်သန်းဖို့ရှိနေသေးသည့်နှယ်။
ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားတစ်ဦးဖြစ်သည့် ဒိုမင်ဂက်စ် က လက်ဆေးဆီကန်နံဘေးမှာ ရပ်နေသည်။ ဘီးတစ်လုံးမှ အမဲဆီများ အားသုတ်ပစ်နေသည်။ ဒိုမင်ဂက်စ်က ပိန်ပိန်ကိုင်းကိုင်း၊ ပါးရိုးငေါ ဖြင့် လူငယ်ကလေးတစ်ယောက်။
“ဟေး... အက်ဒီ” သူက နှုတ်ဆက်သည်။
“ဒွန်” အက်ဒီ ပြန်နှုတ်ဆက်သည်။
အလုပ်ရုံထဲတွင် လွှစာမှုန့်အနံ့မျိုး နံနေသည်။ မျက်နှာကြက်က နိမ့်ပြီး ကျဉ်းကျဉ်းကျုံ့ကျုံ့ ဖြစ်နေသည်။ ချိတ်များတပ်ထားသည့် နံရံများပေါ်မှာ ချိတ်ထားသည်မှာ လွန်တွေ၊ လွှတွေ၊ တူတွေ။ အပန်းဖြေ စီးယာဉ်များ၏ အခြေခံအစိတ်အပိုင်းများကို နေရာတိုင်းမှာ တွေ့ရ၏။ ကွန်ပရက်ဆာများ၊ အင်ဂျင်များ၊ ခါးပတ်များ၊ မီးသီးများ၊ ပင်လယ် ဓားပြအရုပ်တစ်ခုတွင် ဦးခေါင်းတစ်လုံးလည်း ပါသည်။ နံရံတစ်ချပ်မှာ ချိတ်ထားသည့် ကော်ဖီမှုန့် သံပုံးတွေထဲမှာတော့ အိမ်ရိုက်သံတွေ၊ ဝက်အူ တွေ၊ အခြားနံရံတစ်ချပ်တွင်မူ အမဲဆီထည့်ထားသည့်ဘူးတွေ တန်းစီ နေ၏။
ဘီးပတ်ချိန်းကြိုးတစ်ချောင်းကို အမဲဆီထည့်ခြင်းသည် ပန်းကန် တစ်ချပ် ရေဆေးရသလောက်ပင် ဉာဏ်သုံးဖို့မလိုဟု အက်ဒီက ပြောလေ့ ရှိသည်။ တစ်မျိုးတည်းသော ခြားနားချက်မှာ အမဲဆီထည့်ခြင်းက ပိုပြီး သန့်ပြန့်မသွားဘဲ ပိုပြီးညစ်ပေသွားခြင်း ဖြစ်၏။ အက်ဒီ လုပ်ဆောင် ရသည့်အလုပ်မျိုးမှာ ထိုအလုပ်မျိုးပေတည်း။ အမဲဆီတွေ လျှောက်သုတ်၊ ဘရိတ်တွေချိန်၊ မူလီတွေ ကျပ်ပေး၊ လျှပ်စစ်ကြိုးများ တပ်ဆင်ထားသည့် ဘောင်ကွက်များကို စစ်ဆေး။ တကယ်တော့ သည်နေရာကို စွန့်ခွာ ပြေးချင်နေတာကြာပြီ။ တခြားအလုပ်တစ်ခုရှာ၊ တခြားဘဝတစ်ခု တည်ထောင်။ သည်လိုလုပ်ဖို့ တမ်းတတောင့်တနေခဲ့တာ အကြိမ်ပေါင်း တော်တော်များပြီ။
သို့ပေမဲ့ စစ်က ဖြစ်လာသည်။ သူ့စီမံကိန်းတွေ တစ်ချက်မျှ အကောင်အထည်ပေါ်မလာ။ သိပ်များများ မကြာခင်မှာပဲ သူ့ဆံပင်တွေ အဖြူစွက်လာ၊ ဘောင်းဘီချောင်ချောင်ကြီးတွေဝတ်၊ လူက ပင်ပန်းနွမ်း နယ်ပြီး လှုပ်ရှားမှုတွေ နှေးကွေးလာသည်ကို တွေ့ရ၏။ တကယ်တော့ သည်လူဟာ သူပဲ။ ဟုတ်သည်။ သူက အမြဲတမ်း သည်လိုပဲဖြစ်နေတော့မည့်လူ။ ရှူးဖိနပ်တွေထဲ သဲတွေဝင်မည့်နေရာဒေသ၊ စိတ်ပါလက် ပါမဟုတ်ဘဲ ဟန်လုပ်ပြီး ပြုံးရရယ်ရသောကမ္ဘာ။ နောက်ပြီး ဝက်အူချောင်းမီးကင်များ စားရမည့်ဝန်းကျင်မှာ နေထိုင်ကျင်လည်ရမည့်လူလေ။ သူ့ဖခင် မသေခင်ကလိုပေါ့။ ရှပ်အင်္ကျီရင်ဘတ်တွင် တံဆိပ်တစ်ခု ကပ် ချုပ်ထားမည်။ ပြင်ဆင်ထိန်းသိမ်းရေးသမား အက်ဒီ။ ပြင်ဆင်ထိန်းသိမ်း ရေးဌာန အကြီးအကဲပေါ့။ သို့မဟုတ်ပါကလည်း တစ်ခါတစ်ခါတွင် ချာတိတ်တွေ ခေါ်သလိုပေါ့။ ရူဘီပိုင်ယာက ယာဉ်စစ်ဆေးရေးမှူးကြီး” ပေါ့။
မိနစ်သုံးဆယ်ပဲ ကျန်တော့သည်။
“ဟေး... ပျော်ရွှင်စရာမွေးနေ့ပါ၊ ခင်ဗျားမွေးနေ့ဆို”
ဒိုမင်ဂက်ဇ် နှုတ်ဆက်သည်။
အက်ဒီက တဟင်းဟင်း လုပ်နေသည်။
“မွေးနေ့ပွဲတွေ ဘာတွေ ဘာမှမလုပ်ဘူးလားဗျ”
အက်ဒီက အရူးတစ်ကောင်ကို ကြည့်သလို ဒိုမင်ကက်ဇ်အား ကြည့် သည်။ ငှက်သိုက်မုန့်နှံ့လွှမ်းသည့်နေရာဒေသတွင် နေထိုင်ကြီးပြင်း အိုမင်းလာရတာ တော်တော်ကြောင်စီစီနိုင်ပါကလားဟု တစ်ဖြုတ်မျှ တွေး မိ၏။
“ဒီမယ် အက်ဒီရေ၊ မှတ်ထားဗျ သိလား၊ နောက်တစ်ပတ်ဆို ကျွန်တော် အလုပ်ထွက်ပြီ၊ တနင်္လာနေ့ကစပြီး ထွက်မှာ၊ မက္ကဆီကို ကို သွားမယ်လေ”
အက်ဒီ ခေါင်းတဆတ်ဆတ်ညိတ်သည်။ ဒိုမင်ဂက်ဇ်က ထွန့် ထွန့်ထွန့်ထွန့်လုပ်ပြီး ကသည်။
“ကျွန်တော်နဲ့ ထရီဇာပါတီပွဲမှာ မိသားစုတစ်ခုလုံးနဲ့ တွေ့မှာဗျ”
အက်ဒီ ငေးကြည့်နေသည်ကိုတွေ့မှ သူ အကရပ်လိုက်၏။