Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ဘဝအမောများငြိမ်းစေသတည်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
( ၁ )
အရေးကြီးသော
ဉာဏ်အလင်းပွင့်မှုတစ်ရပ် ရရှိခြင်း

          လောကတွင် လူများစုနည်းတူ ကျွန်တော်သည်လည်း ဘဝဟူ သည် ရယူခြင်းမည်သော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်”ဆိုသော လောက အမြင်ကို စွဲကိုင်ပြီး အသက်ရှင် ကြီးပြင်းလာခဲ့၏။ “ဘဝဟူသည် ပေး အပ် စွန့်လွှတ်ခြင်း” ဆိုသော အတွေးကိုတော့ မတော်တဆ ရလာခြင်း ဖြစ်၏။

          တစ်ည။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်လောက်က ချီကာဂိုမှ နယူးယောက်သို့ ခုတ်မောင်းသွားသည့် နှစ်ဆယ်ရာစုနှစ်လီမိတက် မီးရထားကြီး၏ အိပ်စင်ပေါ်တွင် ကျွန်တော် မျက်စိကြောင်စွာ လဲလျောင်း နေမိ၏။ ထိုသို့ လဲလျောင်းနေရင်း အမှတ်မထင် စဉ်းစားမိသည်မှာ သည်ညအဖို့ အရှေ့သို့ တူရူပြု ခုတ်မောင်းနေသော ရာစုနှစ်ရထားနှင့် အနောက်သို့ တူရူပြု ခုတ်မောင်းနေသော ရာစုနှစ်ရထားနှစ်စီးသည် တစ်စီးနှင့် တစ်စီး ဘယ်နေရာ ဘယ်ဒေသတွင် ဆုံစည်း ဖြတ်ကျော်ကြမည်လဲ ဟူ၏။

          “ဒီစိတ်ကူးဟာ နယူးယောက် စင်ထရယ် မီးရထားကုမ္ပဏီရဲ့ ကြော်ငြာတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ရပ် ဖြစ်သွားနိုင်တယ်” ဟု ကျွန်တော့်ကိုယ်ကျွန်တော် ပြောမိ၏။ ထိုညက “ရာစုနှစ်တွေ ဘယ်နေရာမှာ ဖြတ်ကျော်ကြမည်လဲ”ဟူသောအတွေးကို တစိမ့်စိမ့်တွေးရင်း ကျွန်တော် အိပ်ပျော်ခဲ့၏။

          နောက်နေ့နံနက်တွင် ထိုစိတ်ကူးအကြောင်း စာတစ်စောင်ရေး ပြီး နယူးယောက် စင်ထရယ် မီးရထားကုမ္ပဏီသို့ စေတနာသန့်သန့်ဖြင့် ပို့ပေးလိုက်၏။ ထိုစိတ်ကူးအတွက် ကျွန်တော် ဘာအခွင့်အရေးမျှ မတောင်းခဲ့။ ရက်အနည်းငယ်ကြာသောအခါ ကျွန်တော့်စာကို လက်ခံရရှိကြောင်း ယဉ်ကျေးရည်မွန်စွာ ပြန်ကြားသည့်စာတစ်စောင် ကျွန်တော် ရရှိသည်။ ထိုစာထဲတွင် ရာစုနှစ် ရထားနှစ်စီးသည် ဘတ်ဖလိုးမြို့၏ အနောက်ဘက် ကိုးမိုင်အကွာရှိ အက်သောလ်စပရင်း ဆိုသည့် မြို့ ကလေးအနီးတွင် တစ်စီးနှင့် တစ်စီး ဆုံစည်း ဖြတ်ကျော်မည်ဖြစ်ကြောင်း သတင်းစကား ပါးထား၏။

          နောက်လအနည်းငယ်အကြာတွင် ကျွန်တော့်ထံ ဒုတိယစာတစ် စောင် ရောက်လာပြန်သည်။ စာတွင် ဖော်ပြထားသည်မှာ ရာစုနှစ်တွေ ဘယ်နေရာမှာ ဖြတ်ကျော်ကြမည်လဲ”ဆိုသော စိတ်ကူးကို ၁၉၂၄ ခုနှစ် အတွက် နယူးယောက် စင်ထရယ် ကုမ္ပဏီက ထုတ်ဝေမည့် ပြက္ခဒိန်တွင် အသုံးပြုမည် ဟူ၏။ ထိုနှစ် ပြက္ခဒိန်တွင် ဖော်ပြထားသည့် ဓာတ်ပုံမှာ ညအမှောင်ထဲတွင် ပြက္ခဒိန်ကြည့်သူ တည့်တည့်သို့ မျက်နှာချင်းဆိုင် ခုတ်မောင်းလာသည့် ရာစုနှစ် ရထားကြီးတစ်စီးနှင့် စက်ခေါင်းအခန်းတွင် မီးတွေ ထွန်းညှိထားသည့် အခြားရာစုနှစ် ရထားကြီးတစ်စီး ကွေ့ တစ် ကွေ့တွင် တစ်စီးနှင့်တစ်စီး ရင်ဆိုင်ဖြတ်ကျော် ခုတ်မောင်းနေပုံ ဖြစ်၏။

          ထိုပုံကား အရောင်အသွေး စိုပြည်ပြီး လွမ်းမောဖွယ် မီးရထားလမ်းရှုခင်း တစ်ခုပါတည်း။ ။

          ထိုနှစ် နွေကာလတွင် ကျွန်တော် တော်တော်များများ ခရီးထွက် ဖြစ်သည်။ အမိနိုင်ငံမှာရော ဥရောပမှာပါ ကျွန်တော် ဝင်သွားသမျှ မီး ရထားဘူတာရုံတိုင်းနှင့် ဟိုတယ်ဧည့်ခန်းတိုင်းတွင် ကျွန်တော်၏ ရာစု နှစ်ပြက္ခဒိန် ချိတ်ဆွဲထားသည်ကို မြင်တွေ့ရသည်။ ထိုပြက္ခဒိန်ကို တွေ့ လိုက်ရ၊ မြင်လိုက်ရတိုင်း ကျွန်တော့်မှာ ကြည်နူးကျေနပ် ပီတိဖြာရပါ သည်။

          တကယ်တော့ ဤလောကကြီးသည် အလိုရမ္မက်တွေ လွှမ်းပြီး ရယူခြင်းနောက်သို့ ကောက်ကောက်ပါလိုက်နေသည့် လောကကြီးပါ တည်း။ ထိုသို့ ရွံရှာစက်ဆုပ်ဖွယ်နှင့် ငြီးငွေ့ဖွယ်အတိပြီးသည့် ကမ္ဘာလောကကြီးထဲတွင် ကြည်နူးပီတိကလေးတစ်ချက် ဖြာခွင့်ရဖို့အရေးမှာ ဘယ်လောက် ရှားပါးလိုက်ပါသလဲ။ ပြောရမည်ဆိုလျှင် ထိုသို့သော ရင်မှာ ပီတိဖြာမှုကလေးတစ်ချက်ကို ငွေကြေးဖြင့် တွက်ချက်တိုင်းတာ လို့ မရနိုင်ပါကလား။ ဤအရေးကြီးသော ဉာဏ်အလင်းပွင့်မှုကလေး ကို အထက်ဖော်ပြပါ ရာစုနှစ်တွေ ဘယ်နေရာမှာ ဖြတ်ကျော်ကြမည်လဲ” ဆိုသည့် အတွေးမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပါသည်။

          သို့ဖြင့် ပေးအပ်ခြင်းအမှုကို ကျွန်တော် လက်တွေ့ကျင့်သုံးကြည့်ခဲ့ ၏။ ဤလုပ်ရပ်သည် စိတ်ကြည်နူး ဝမ်းသာပီတိဖြာရသည့် လုပ်ရပ် ဖြစ်ကြောင်းလည်း ဖော်ထုတ်သိမြင်ခဲ့၏။ ထိုအချိန် ထိုကာလကစပြီး ကျွန်တော့်ဘဝသည် စိတ်လှုပ်ရှားတက်ကြွဖွယ် စွန့်စားမှုကလေးများ ပြည့်လျှမ်းနေတော့၏။ နောက်ပြီး ကျွန်တော့်တွင် မိတ်သစ်ဆွေသစ်များ ဒီရေအလား တိုးပွားလာသည်ကိုလည်း တွေ့ ရ၏။

          ထိရောက်သော ပေးအပ်ခြင်းအမှုကို ကျွန်တော်တို့ အကျင့်လုပ်ပျိုးထောင်ရမည် ဖြစ်ကြောင်းကိုလည်း သိမြင် သဘောပေါက်လာသည်။

          အောင်မြင်စွာရယူခြင်း အမှုကို ပြုသည့်နည်းတူ ထိရောက်အောင်မြင် သော ပေးအပ်ခြင်းအမှု ပြုရာတွင်လည်း သူ့အထာနှင့်သူ ရှိပါသည်။ ပျော်ရွှင် ကြည်နူးမှု အသီးအပွင့်များကို ခူးဆွတ်ခံစားနိုင်ခွင့်များသည် ဖါခနဲ ဖျတ်ခနဲ ပေါ်လာပြီး ဖါခနဲ ဖျတ်ခနဲ ပြန်ပျောက်သွားတတ်ပါ သည်။ ခု မြင် ခုပျောက်၊ ဖြစ်လွယ် ပျက်လွယ် ရှိလွန်းလှ၏။ သို့ဖြစ်ရာ သင့်အနေဖြင့် လျင်မြန်သွက်လက် ဆောင်ရွက်ရပါမည်။ မဟုတ်လျှင် ပျော်ရွှင်ကြည်နူးဖွယ် အခွင့်အလမ်းကလေးများက သင့်အား ကွေ့ပတ် ရှောင်တိမ်းသွားပါလိမ့်မည်။ သို့သော် ထိုအဖြစ်မျိုး ကြုံရလေ ကြည်နူး ပီတိဖြစ်မှုကို သင် လိုလားစိတ်ထက်သန်လာလေ ဖြစ်လာပါလိမ့်မည်။

          ကျွန်တော်သည် အမှန်တကယ် စုဆောင်းသူကြီးတစ်ဦး ဖြစ်နေ ပါပေါ့လား ဟူသော အသိအမြင်ဖြင့် တစ်နေ့တွင် ကျွန်တော် အိပ်ရာမှ နိုးလာသည်။ ကျွန်တော် စုဆောင်းသည့်အရာများမှာ ကြည်နူးပီတိများ နှင့် ပီတိကို ဖန်တီးပေးသည့် ဖြစ်ရပ်များ။ ဤကား စွဲမက်စရာကောင်း သည့် ဝါသနာ အလုပ်တစ်ခုပါတည်း။ အခြား အခြားသော အရာများ ကို စုဆောင်းသကဲ့သို့ပင် သင်စုဆောင်းထားသည့် ပီတိဖြာစရာများ စာရင်းတွင် ထပ်တိုးလို့ရအောင် သင်သည် ပေးအပ်ခြင်း အတွေ့အကြုံ အသစ်များကို အမြဲတစေ ရှာဖွေနေတော့၏။ သို့ဖြစ်သော်လည်း အခြား အခြားသော ပစ္စည်းစုဆောင်းရေး ပုံစံများမှာကဲ့သို့ သင့်ရတနာများကို စုဆောင်း သိမ်းဆည်းထားဖို့ ဗီရိုကြီး မလို၊ မီးခံသေတ္တာကြီး မလို။ နောက်ထပ်စုဆောင်းရန် ပစ္စည်းတွေရဖို့ သင် နိစ္စဓူဝ သွားလာလှုပ်ရှားမှု တွေဖျက်ပြီး တကူးတက စီမံဆောင်ရွက်နေဖို့မလို။ သင့်အနေဖြင့်ဘယ်နေရာ၊ ဘယ်ဒေသသို့ ရောက်နေသည်ဖြစ်စေ... သင့်ဝန်းကျင်၊ သင့်ဘေးဘီကိုလှည့်ပတ်ကြည့်တတ်ဖို့ပဲ လိုသည်။ သင်၏ ပေးအပ်ခြင်း အမှု ပြုလုပ်လို့ရမည့် အခွင့်အလမ်းကလေးများကို ရှာတတ်ဖို့သာ လိုပါသည်။

          စွန့်လွှတ်ပေးအပ်ခြင်းအမှုသည် စိတ်လှုပ်ရှားတက်ကြွစရာ ကောင်းပြီး စိတ်ကြည်နူးကျေနပ်မှု အပြည့်အဝ ရစေသည့် ဝါသနာ အလုပ်ဖြစ်ကြောင်း ကျွန်တော် ထောက်ခံတင်ပြပါရစေ။ တကယ်တော့ စွန့်လွှတ်ပေးအပ်ခြင်းအမှုကို သင် ထိထိရောက်ရောက် ကြိုးစားကျင့်ကြံ ကြည့်လျှင် သင် ပိုမို ပျော်ရွှင်ချမ်းမြေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်လာ လိမ့်မည်ဖြစ်ကြောင်း ကျွန်တော် အာမခံပါသည်။ ကဲ.. သည်တော့ ထိုဘဝမျိုးရရှိအောင် ခုပဲ စတင်ကျင့်ကြံကြရအောင်ပါ။