Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ဘဝပြိုင်ပွဲတိုင်းအောင်နိုင်သူသင်ဖြစ်လိုလျှင်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type
ဥပဒေ နံပါတ် တစ်
ခန္ဓာကိုယ်တစ်ခု ရမည်

ထိုခန္ဓာကိုယ်ကို သင် မြတ်နိုးချင် မြတ်နိုးမည်၊

သို့မဟုတ် စက်ဆုပ်ချင် စက်ဆုပ်မည်။

သို့ဖြစ်စေကာမူ ဤကမ္ဘာပေါ်မှာ ရှင်သန်နေသရွေ့

သင့်ဘဝသက်တမ်းအတွင်း

ထိုခန္ဓာကိုယ်သည် သင့်ခန္ဓာကိုယ်သာ ဖြစ်နေပေမည်။

 

          ဤကမ္ဘာလောကကြီးထဲသို့ သင်ဝင်ရောက်လာသည်နှင့် သင့်အား ခန္ဓာကိုယ်တစ်ခု ပေးအပ်ထားသည်။ ၎င်းခန္ဓာကိုယ်သည် သင့်စိတ် ခိုလှုံလို့ရအောင် စီစဉ်ပေးထားသည့် ရိပ်မြုံ ဖြစ်၏။ သင် အစစ်အမှန်ကို သည်ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းသိုလှောင်ထားသည်။ သင်ရယ်လို့ သီးသီးခြားခြားဖြစ်လာစေမည့် သင့်မျှော်လင့်ချက်များ၊ စိတ်ကူးယဉ် အိပ်မက်များ၊ ကြောက်စိတ်များ၊ အတွေးများ၊ မျှော်မှန်းချက်များနှင့် ယုံကြည်ချက်များ...။ ဒါတွေအားလုံး သင့်ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်း နေသည်။ လူ့ဘဝသက်တမ်းတစ်လျှောက်လုံး သင့်စိတ်နှင့် သင့်ကိုယ်/သည် တပူးတွဲတွဲခရီးသွားကြလိမ့်မည်။ သို့ပေမဲ့ သင့်စိတ်နှင့်သင့် ကိုယ်သည် ဘယ်တော့မဆို သိသာခြားနားသော အရာနှစ်ခု ဖြစ်နေပေ လိမ့်မည်။

          သည်ခန္ဓာကိုယ်က သင်နှင့် ပြင်ပကမ္ဘာအကြား ကြားခံပေးထား သည့် ရုပ်ဝတ္ထုကြီးဖြစ်၏။ သည်ခန္ဓာကိုယ်က သင့်အားဘဝဟု ကျွန်မ တို့ခေါ်ဆိုနေသည့် ကစားပွဲထဲသို့ လိုက်ပို့ပေးလိမ့်မည်။ လူရယ်လို့ ဖြစ်လာလျှင် ဦးစွာ တွေ့ကြုံရမည့်အခြေခံသင်ခန်းစာအချို့ကို သင်ကြား ပေးဖို့လည်း သည်ခန္ဓာကိုယ်က ဆရာအဖြစ် တာဝန်ယူပါလိမ့်မည်။ အကယ်၍ သင့်ခန္ဓာကိုယ်က သင့်အားပေးအပ်မည့် စွမ်းရည်များနှင့် သင်ခန်းစာများကို သင်က လိုလိုလားလား လက်ခံသင်ယူလျှင် သင်သည် တစ်စတစ်စ တန်ဖိုးမဖြတ်နိုင်သော ဉာဏ်အမြော်အမြင်တွေ ပြည့်ဝလာ လိမ့်မည်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရလာပါလိမ့်မည်။ သင့်ဘဝ ခရီးလမ်းကြောင်းတွင် ရှေ့ဆက်မလျှောက်လှမ်းမီ ကြေညက်စွာ သိနားလည်နေရမည့် အခြေခံအသိပညာများကိုလည်း သင့်ခန္ဓာကိုယ်က ဖော်ဆောင်ပေးပါလိမ့်မည်။

          သင့်ကိုပေးအပ်ထားသည့် ခန္ဓာကိုယ်သည် သင် လူ့ကမ္ဘာ၊ လူ့ရွာ မှာ ရှင်သန်နေထိုင်သည့် ကာလအတွင်း သင်ပိုင်သည့် သင့်ခန္ဓာကိုယ် ဖြစ်နေပါမည်။ သည်ရုပ်ဝတ္ထုကြီးကို သင် ချစ်ချင်ချစ်၊ မချစ်ချင် မချစ်နှင့်။ လက်ခံချင်လက်ခံ၊ ငြင်းပယ်ချင်ငြင်းပယ်။သင့်ဘဝတစ်သက်တာအတွင်း သင်ရရှိမည့် ခန္ဓာကိုယ်ကတော့ သည်တစ်ခုတည်းသာဖြစ်၏။ သင် ပထမဦးဆုံး ဝင်သက်လေကိုစတင်ရှူရှိုက်သည့်အချိန်မှသည် နောက်ဆုံး ထွက်သက်လေကို ရှူထုတ်သွားချိန်အထိ သည်ခန္ဓာကိုယ်သည် သင်နှင့် အတူ ရှိနေပါမည်။

          သင့်အား ပေးအပ်လိုက်သည့် သင့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျ၍သို့မဟုတ် မကြိုက်မနှစ်သက်၍ ပြန်လည်လဲလှယ်ပေးလိမ့်မည် မဟုတ်။ အလျော်ပေးလိမ့်မည်လည်း မဟုတ်။ သည်တော့ သင့်ခန္ဓာကိုယ်ကြီးကို သင့်အား တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ပေးသည့် ယာဉ် တစ်စီးအဖြစ်သာမဟုတ်ဘဲ သင့်ဘဝခရီးဖော်၊ သင်ချစ်မြတ်နိုးသော မိတ်ဆွေအဖြစ် အသွင်ပြောင်းပစ်ဖို့ အလွန်မတန် အရေးကြီးပါသည်။ ဘာကြောင့်ဆို သင်နှင့် သင့်ခန္ဓာကိုယ်၏ဆက်ဆံရေးပြေလည်ပါမှ၊ အပေး အယူ သင့်မြတ်ပါမှ သင်နှင့်သင့်ပတ်ဝန်းကျင်၊ သင်နှင့်အခြားသူများ ဆက်ဆံရေးအဆင်ပြေမည်ဖြစ်သောကြောင့်ပင်။

          ကျွန်မတို့ တစ်ဦးချင်းသည် ကိုယ့်ခန္ဓာကိုယ်နှင့်ကိုယ် ဆက်ဆံရာ၌ ကိုယ်ပိုင်သီးခြားဟန်များ ရှိ၏ ။ မတူခြားနားသော စရိုက်လက္ခဏာများ ရှိ၏။ သင့်ခန္ဓာကိုယ်သည် သင့်စိတ်၊ သင့်ဆန္ဒနှင့် အသင့်လျော်ဆုံး၊ အကိုက်ညီဆုံးဖြစ်အောင် ဖွဲ့တည်ထားသည်ဟု သင်ယူဆကောင်းယူဆ မည်။ သင့်ခန္ဓာကိုယ်သည် အပ်သူစိတ်ကြိုက်တိုင်းချုပ်ထားသည့် အဝတ် အစားတစ်ထည်ကဲ့သို့ သင့်အတွက်အသင့်မြတ်ဆုံးဖြစ်နေသည်ဟု သင် ကျေနပ်ကောင်း ကျေနပ်မည်။ သို့မဟုတ်ပါကလည်း သင့်ခန္ဓာကိုယ်သည် သင့်စိတ်၊ သင့်ဆန္ဒနှင့် သင့်လျော်လိုက်ဖက်ခြင်းမရှိ။ သည်ခန္ဓာကိုယ်ကြီး သည် သင့်စိတ်၊ သင့်ဆန္ဒများနှင့် သင့်ယုံကြည်ချက်များကို ပိတ်လှောင် အကျဉ်းချထားသည့် လှောင်အိမ်ကြီးအဖြစ် သဘောထားချင် သဘော ထားမည်။

          သို့မဟုတ် သင်နှင့်သင့်ခန္ဓာကိုယ်အကြား သံယောဇဉ်ကြီးကောင်း ကြီးနေပါမည်။ သင်တို့ အပေးအယူတည့်မည်။ သွားရလာရ၊ နေထိုင်ရ တာ အဆင်ပြေမည်။ စိတ်ချမ်းသာမည်။ သည်ခန္ဓာကိုယ်ရထားသည့် အတွက် ကျေနပ်အားရနေမည်။ သို့မဟုတ် သင်ရရှိထားသည့် သင့်ခန္ဓာ ကိုယ်ကြီးကို ရွံမုန်းချင်လည်း ရွံမုန်းနေမည်။ သည်ခန္ဓာကိုယ်ကြီးကိုသင် စိတ်တိုင်းမကျ။ ကိုယ့်စိတ်ဆန္ဒနှင့် မကိုက်ညီ။ သင်က သည်လို ပုံစံမျိုး ကြိုက်တာမှမဟုတ်ဘဲ။ ယခုထက်ပိုပြီး တောင့်တောင့်တင်းတင်း ဆိုလျှင် ကောင်းမှာ။ ယခုထက်ပိုပြီး သွယ်လျလျှင်ကော။ ယခုထက်ပိုပြီး ပြည့်ပြည့်ဖြိုးဖြိုးရှိလျှင်ကော။ ယခုထက်ပိုပြီး ချောလျှင်၊ ယခုထက်ပိုပြီး စွဲမက်စရာကောင်းလျှင် သို့မဟုတ် ယခုလောက် အချိုးမပြေ ကိုးရိုး ကားရားဖြစ်နေလျှင်။

          သို့မဟုတ်ပါကလည်း သည်ခန္ဓာကိုယ်ကြီးကို သင် သံယောဇဉ် ဖြတ်ကောင်း ဖြတ်ထားမည်။ သည်ခန္ဓာကိုယ်ကြီးကို သင့်အတွက် စတင် တည်ဆောက်ပေးကတည်းက ပုံစံမှားနေတာ။ မထော်မနမ်းဖြစ်နေတာ။ သည်တော့ မိမိမကြိုက်မနှစ်သက်သည့် သည်ခန္ဓာကိုယ်ကြီးအကြောင်း ခေါင်းထဲထည့်စဉ်းစားမနေတော့။ သူ့ကို အဆက်ဖြတ်မေ့ဖျောက်ထား လိုက်တော့မည်ဟု သင် စိတ်ဆုံးဖြတ်ချင် ဆုံးဖြတ်ထားမည်။

          သို့သော်

          မိတ်ဆွေ၊ သင် ဘယ်လိုပဲသဘောထားထား၊ ဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် သင့်ခန္ဓာကိုယ်သည် သင့်ခန္ဓာကိုယ်ပဲဖြစ်၏။ဘယ်သူ့ခန္ဓာကိုယ် မျှ မဟုတ်။ နောက်ပြီး သင်နှင့်သင့်ခန္ဓာကိုယ်အကြား ဖြစ်ထွန်းပေါ်ပေါက် လာသည့် ဆက်ဆံရေးအနေအထားသည် သင့်ဘဝအတွေ့အကြုံများကို ကြီးမားစွာ လွှမ်းမိုးပါလိမ့်မည်။

          သည်တော့ ဥပဒေသ နံပါတ်တစ်၏ စိန်ခေါ်ချက်မှာ သင့်ခန္ဓာကိုယ် နှင့် သင် အဆင်ပြေသင့်မြတ်ရေးဖြစ်၏။ ထိုသို့အဆင်ပြေပါမှ၊ သင့်မြတ် ပါမှ ထိုခန္ဓာကိုယ်က သူ့တာဝန်ဝတ္တရားများဖြင့် သင့်အား ထိရောက်စွာ အလုပ်အကျွေးပြုမည်ဖြစ်ပြီး လက်သင့်ခံခြင်း၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားခြင်း၊ အလေးထားခြင်းနှင့် သာယာခြင်းစသည့် အဖိုးထိုက် အဖိုးတန် သင်ခန်းစာများကို သင့်အား မျှဝေသင်ကြားပေးမည် ဖြစ်ပါသည်။

          လူ့ဘဝမှာ ဘဝခရီးစဉ်ကြီးကို အောင်မြင်စွာမလျှောက်လှမ်းနိုင်မီ အခြေခံ ကျသော ဤသဘောတရားများကို ကျေညက်အောင် သင်ယူဆည်းပူး ထားရပါမည်။