Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ဖအေနှစ်ဦးသင်ပေးတဲ့ဆင်းရဲနည်းချမ်းသာနည်း

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out
အခန်း (၁)
ချမ်းသာတဲ့ဖေဖေနှင့် နွမ်းရှာတဲ့ဖေဖေ
(ရောဘတ် ကီယိုဆာကီ၏ ပြန်လည်ပြောပြချက်)

          ကျွန်တော့်မှာ အဖေနှစ်ယောက် ရှိသည်။ တစ်ယောက်က ချမ်းသာသူ၊ နောက်တစ်ယောက်က နွမ်းပါးသူ။ တစ်ယောက်က တော်တော်ကြီး ပညာတတ်ပြီး ဉာဏ်ရည် ထက်မြက်သူဖြစ်၏။ သူက ပီအိပ်ခ်ျဒီဘွဲ့ရထားသူ။ လေးနှစ်ကြာတက်ရမည့် ဘွဲ့ကြိုသင်တန်းများ ကို နှစ်နှစ်မပြည့်ဘဲ အပြတ်ဖြတ်ခဲ့သူ။ ထို့နောက် စတန်းဖို့ တက္ကသိုလ်၊ ချီကာဂိုတက္ကသိုလ်၊ အနောက်မြောက်ပိုင်း တက္ကသိုလ်များသို့ သွားပြီး အဆင့်မြင့်ပညာတွေ ဆက်လက် ဆည်းပူးသည်။ ၄င်းတက္ကသိုလ်အားလုံး သို့ တက်နိုင်အောင် ပညာသင်စရိတ် ထောက်ပံ့ကြေးရသည်။ တခြားအဖေ တစ်ယောက်ကတော့ ရှစ်တန်းပင် မအောင်ခဲ့။

          အဖေနှစ်ဦးစလုံးပင် သူတို့ဘဝတစ်လျှောက် အလုပ်ကြိုးစား သည်။ ဝမ်းကျောင်းလုပ်ငန်းတွေမှာ အောင်မြင်ကြသည်။ ဝင်ငွေတွေ လည်း လောက်လောက်လားလား ရကြ၏။ သို့တိုင် တစ်ယောက်က တစ်သက်လုံး ငွေရေးကြေးရေးအရ လုံးလည်လိုက်နေ၏။ အခြားတစ်ယောက်ကတော့ ဟာဝိုင်ယီမှာ အချမ်းသာဆုံး စာရင်းဝင်သွား သည်။ သူတို့ ကွယ်လွန်ချိန်တွင်တစ်ဦးက သူ့မိသားစုအတွက် သန်း ပေါင်း ဆယ်ချီသော ဒေါ်လာတွေ အမွေထားခဲ့၏။ လူမှုရေးဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အလှူငွေတွေ ထားရစ်ခဲ့၏။ နောက်တစ်ဦးကတော့ ကျန်ရစ်သူတွေ ပေးဆပ်ဖို့ အကြွေးတွေ ထားရစ်ခဲ့၏။

          ဖအေကြီး နှစ်ဦးစလုံးပင် စိတ်ဓာတ်ကြံ့ခိုင်သည်။ အရှိန်အဝါ ကြီးသည်။ သြဇာလွှမ်းနိုင်စွမ်းရှိသည်။ နှစ်ဦးစလုံးက ကျွန်တော့်အား သွန်သင်ကြသည်။ ဆုံးမကြသည်။ သို့သော် သူတို့၏ သွန်သင်ဆုံးမ ချက်တွေက တစ်ဦးနှင့်တစ်ဦး မတူ။ သူတို့နှစ်ဦးစလုံးက ပညာတတ်ဖို့ ကို ခိုင်ခိုင်မာမာ ယုံကြည်လက်ခံသည်။ သို့ပေမဲ့ သူတို့ အကြံပေး ထောက်ခံသည့် ပညာရပ်ချင်းတော့ မတူညီ။

          ကျွန်တော့်မှာ အဖေတစ်ဦးတည်းရှိလျှင် သူ့သွန်သင်ချက်ကို လက်ခံချင် လက်ခံ၊ သို့မဟုတ် ပစ်ပယ်ရုံပဲ ရှိသည်။ ယခု အကြံပေး လမ်းညွှန်နေသည့် အဖေက နှစ်ဦးဖြစ်နေတော့ ကျွန်တော့်မှာ အတွေး အမြင်တွေ၊ ရှုထောင့်တွေကို နှိုင်းယှဉ်ချိန်ထိုး ရွေးချယ်ခွင့်ရနေသည်။ လူချမ်းသာကြီး၏ အယူအဆများနှင့် လူနွမ်းပါးကြီး၏ အယူအဆများ။

          သာမန်ဆိုလျှင်တော့ တစ်ဦး၏ အဆုံးအမများကို လက်သင့် ခံပြီး ကျန်တစ်ဦး၏ အဆုံးအမများကို ပစ်ပယ်လိုက်ရုံပင်။ သို့သော် ထိုသို့ ပြုလုပ်မည့်အစား ကျွန်တော်က သူတို့၏ အယူအဆများကို နှိုင်းယှဉ်ကြည့်မိ၏။ ချိန်ထိုးကြည့်မိ၏။ ပို၍ပို၍ စဉ်းစားဆင်ခြင်မိ၏။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ရွေးချယ်နေမိ၏။

          ပြဿနာမှာ ချမ်းသာတဲ့ဖေဖေက မချမ်းသာသေးခြင်းနှင့် နွမ်း ရှာတဲ့ဖေဖေက မနွမ်းပါးသေးခြင်းပင်။ သူတို့နှစ်ဦးစလုံးသည် ဝမ်းကျောင်းလုပ်ငန်းများ အစပျိုးစပဲ ရှိသေးသည်။ နှစ်ဦးစလုံးပင် ငွေရေး ကြေးရေး၊ မိသားစုအရေးနှင့် လုံးချာလည်နေသည်။ သို့ပေမဲ့ ငွေကြေး နှင့် ပတ်သက်သော သူတို့၏အမြင်များကတော့ သွင်သွင်ခြားနားသည်။

          ပမာဆိုရလျှင် “ငွေမက်တာဟာ မကောင်းမှုအားလုံးရဲ့ အစပဲ” ဟု တစ်ဦးက ပြောပြီး၊ ကျန်တစ်ဦးက “ငွေ မရှိတာဟာ မကောင်းမှု အားလုံးရဲ့ အစပဲ” ဟု တခြားတစ်ဦးက ပြောခြင်းမျိုး။ ။

          စိတ်ဓာတ်ကြံ့ခိုင်ပြီး သြဇာကြီးသော ဖခင်နှစ်ဦးရှိနေခြင်းသည် လူငယ်တစ်ယောက်အတွက် တော်တော်လေး ခက်ပါသည်။ ကျွန်တော် က မိဘစကားနာခံသည့် သားလိမ္မာဖြစ်ချင်သူ၊ သို့ပေမဲ့ သူတို့ပြောတာ တွေက ဘယ်တော့မျှ မတူ။ အထူးသဖြင့် ငွေကြေးနှင့် ပတ်သက်သည့် သူတို့အမြင်တွေက တောင်နှင့်မြောက်လို ကွာခြားနေတော့ ကျွန်တော် နားလည်ရခက်လာသည်။ သိချင်စိတ် ပြင်းပြလာသည်။ သို့ဖြင့် သူတို့ တစ်ဦးချင်း၏ အယူအဆများကို ကျွန်တော် စတင် စဉ်းစားချင့်ချိန် လာသည်။ တစ်ဦးချင်း၏ဆိုလိုရင်းကို အဓိပ္ပာယ်ပေါက်အောင် အချိန် တွေ အကြာကြီး ယူပြီး စဉ်းစားအဖြေရှာရသည်။

          ကျွန်တော့်အားလပ်ချိန် တော်တော်များများမှာ ပြန်တွေးချိန်များ ဖြစ်နေသည်။ “အဲဒီစကားကို သူ ဘာဖြစ်လို့ ပြောတာလဲ” ဆိုသော မေးခွန်းမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေး၏။ ထို့နောက် အခြားဖအေ တစ်ဦး၏ စကားကိုလည်း သည်မေးခွန်းအတိုင်း မေးကြည့်၏။ “ဟုတ် တာပေါ့၊ သူပြောတာ မှန်တာပေါ့။ သူပြောတာ ငါလက်ခံတယ်” ဟု သာမန်ကာလျှံကာ လက်ခံလိုက်လျှင်တော့ လွယ်ပါသည်။ သို့မဟုတ် “ဒီအဘိုးကြီး သူ့ဟာသူ ဘာပြောနေမှန်း သိတာ မဟုတ်ပါဘူး” ဆိုပြီး ပစ်ပယ်လျှင်လည်း ရ၏။ သို့ပေမဲ့ ကျွန်တော့်မှာက အဖေနှစ်ယောက် ရှိနေသည်။ နှစ်ယောက်စလုံးကို ကျွန်တော် ချစ်သည်။ သည်တော့ကျွန်တော် မစဉ်းစားလို့ မဖြစ်။ မချင့်ချိန်လို့ မဖြစ်။ ကျွန်တော့်အတွက် စဉ်းစားချင့်ချိန် ရတော့၏။ ကျွန်တော့်အတွက် တစ်ခုခု ရွေးချယ်ဖို့ စဉ်းစားချင့်ချိန်သည့် အကျင့်သည် ရေရှည်တွင် သာမန်ကာလျှံကာ လက်ခံခြင်း၊ သို့မဟုတ် ပစ်ပယ်ခြင်းထက် ပိုပြီး အကျိုးရှိပါသည်။

          ချမ်းသာသူတွေ ပို၍ ချမ်းသာလာသည်။ ဆင်းရဲသူတွေ ပို၍ ဆင်းရဲသွားသည်။ လူလတ်တန်းစားတွေ အကြွေး သံသရာလည်နေ သည်။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းတွေထဲက အကြောင်းရင်း တစ်ခုမှာ ငွေကြေးအကြောင်းကို ကျောင်းမှာ မသင်ဘဲ အိမ်မှာသာ သင် နေကြသောကြောင့်ဖြစ်၏။ ကျွန်တော်တို့ အများစုသည် ငွေကြေး အကြောင်းကို ကျွန်တော်တို့ မိဘများထံမှ သင်ယူနေကြရသည်။ သည်တော့ ဆင်းရဲသည့် မိဘတွေက သူတို့သားသမီးတွေအား ငွေအကြောင်း ပိုက်ဆံအကြောင်း ဘာတွေပြောပြမည်လဲ။ “ကျောင်းတက်၊ စာကြိုးစား” သူတို့ဒါလောက်ပဲ ပြောကြသည်။ ကလေးက ဂုဏ်ထူးတွေ တသီကြီး နှင့် ဘွဲ့ ရကောင်းရလာမည်။ သို့သော် နွမ်းပါးသူတစ်ဦး၏ ငွေကြေး အစီအစဉ်နှင့် နွမ်းပါးသူတစ်ဦး၏ စိတ်ဓာတ်ရေးရာနှင့် ဘွဲ့ရတစ်ဦး ဖြစ်လာပေမည်။ သည်အနေအထားတွေကို ကလေးဖြစ်သူက ငယ်ဘဝ ကတည်းက သင်ယူ သိမှတ်ခဲ့လေသည်။

          စာသင်ကျောင်းတွေမှာ ငွေကြေးအကြောင်း သင်ကြားခြင်း မပြု။ စာသင်ကျောင်းတွေက ကျောင်းစာနှင့် ဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အတတ်ပညာတွေကိုပဲ ဇောက်ချသင်ကြားသည်။ သို့သော် ငွေကြေး ဆိုင်ရာ အတတ်ပညာတွေကိုတော့ မသင်။ ကျောင်းမှာ စာတော်ပြီး ဂုဏ်ထူးတွေ တသီကြီးရလာသည့် ဘဏ်မန်နေဂျာတွေ၊ ဆရာဝန်တွေ၊ စာရင်းကိုင်တွေ သူတို့ သက်တမ်းတစ်လျှောက်လုံး ငွေကြေး ဝဲသြဃ ထဲမှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေခြင်းကို အထက်ပါအချက်က ရှင်းပြနေ၏။ ကျွန်တော်တို့ အမေရိကနိုင်ငံတော်ကြီးတွင် အံ့ဖွယ်သရဲ ထူးကဲ များပြားလှသော ကြွေးမြီများ တင်နေ၏။ ထိုသို့ဖြစ်ရခြင်းမှာ ငွေကြေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နေသည့် နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိကြီးတွေသည် ပညာတွေ အလွန်တတ်ကြသော်လည်း ငွေကြေး ပညာရပ်အကြောင်း မသိသူတွေ၊ သို့မဟုတ် မဖြစ်စလောက်သာ နားလည်သူတွေ ဖြစ်နေကြသောကြောင့်ဖြစ်၏။

          ရာစုသစ်ခေတ်ကို ကျွန်တော် မကြာမကြာဆိုသလို မျှော်ကြည့် မိ၏။ ငွေကြေးနှင့်ဆေးပညာဆိုင်ရာ အထောက်အပံ့တွေ လိုအပ်လာ မည့် သန်းပေါင်းများစွာသော ပြည်သူတွေဘဝကို တွေးပူမိ၏။ သူတို့ သည် ငွေရေး ကြေးရေး အထောက်အပံ့အတွက် မိသားစုတွေ၊ သို့မဟုတ် အစိုးရအပေါ် မှီခိုသူတွေ ဖြစ်လာတော့မည်။ ငွေအကြောင်း ကလေး တွေအား သင်ကြားပို့ချဖို့ မိဘတွေကိုသာ လွှဲထားသော နိုင်ငံတစ်နိုင်ငံ သည် ဘယ်လိုလုပ်ပြီး ရေရှည် ရှင်သန်ရပ်တည်နိုင်ပါမည်လဲ။ လွှဲအပ် တာဝန်ပေးခံထားရသည့် မိဘအများစုကလည်း ဆင်းရဲတော့မည့်သူ များ၊ သို့မဟုတ် ဆင်းရဲနေသူများ ဖြစ်နေတော့ နိုင်ငံအနာဂတ်မှာ တွေးဝံ့ စရာ မရှိတော့ပါ။

          ကျွန်တော့်မှာ သြဇာကြီးမားသော ဖအေနှစ်ယောက် ရှိနေသည့် အတွက် ကျွန်တော်က သူတို့နှစ်ယောက်စလုံးထံမှာ လေ့လာဆည်းပူး ရ၏။ ဖအေတစ်ဦးချင်း၏ အကြံပေးလမ်းညွှန်ချက်ကို စဉ်းစား ဆင်ခြင် ရသည်။ သည်လိုပြုမူရင်းဖြင့်ပင် လူတစ်ယောက်၏ အတွေးအခေါ်က သူ့ဘဝကို ဘယ်လို အကျိုးသက်ရောက်စေသည် ဆိုသော အဖိုးထိုက် အဖိုးတန် အသိအမြင်ကို ရခဲ့၏။

          ပမာဆိုရသော် ဖအေတစ်ဦးက “ငါ မတတ်နိုင်ဘူး” ဟု ပြောကျင့် ရှိ၏။ နောက်တစ်ဦးက သည်စကားလုံးတွေ မသုံးဖို့ တားမြစ်သည်။

          ထိုသို့ပြောမည့်အစား “ငါတတ်နိုင်အောင် ဘယ်လိုလုပ်မလဲ” ဟု ပြောဖို့ တိုက်တွန်းသည်။ တစ်ခုက ကြေညာချက်။ နောက်တစ်ခုက မေးခွန်း။ တစ်ခုက သင့်အား ကိုယ်လွတ်ရုန်းခွင့် ပေးသည်။ နောက်တစ်ခုက သင့်အား အတင်းအကျပ် စဉ်းစားကြံဆစေသည်။ မကြာမီ ချမ်းသာ လာတော့မည့် အဖေက သည်အကြောင်းကို ရှင်းပြသည်။ “ငါ မတတ်နိုင် ဘူး”ဆိုသော စကားကို ပါးစပ်က အလွယ်တကူ ပြောလိုက်ခြင်းအားဖြင့် သင့်ဦးနှောက်သည် အလုပ်လုပ်တာ ရပ်သွားသည် ဆို၏။ “ငါ တတ် နိုင်အောင် ဘယ်လိုလုပ်မလဲ” ဟု မေးလျှင်တော့ သင့်ဦးနှောက်ကို အလုပ်လုပ်ဖို့ တာဝန်ပေးလိုက်ပြီဟု ပြော၏။

          ထိုသို့ပြောရာ၌ သူက သင်ဝယ်ချင်သရွေ့ ပစ္စည်းတိုင်းကို အကုန် လိုက်ဝယ် နေဖို့ မဆိုလို၊ သူက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ကွန်ပျူတာဖြစ်သည့် သင့်စိတ်ကို လေ့ကျင့်ပျိုးထောင်ဖို့ အစွဲကြီးသူ ဖြစ်၏။

          “ငါ့ဦးနှောက်ဟာ နေ့စဉ်နဲ့အမျှ ကြံ့ခိုင်သန်စွမ်းလာတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ငါက လေ့ကျင့်ပေးလို့၊ ဦးနှောက်အား ကောင်းလေလေ ငွေရှာရ လွယ်ကူလေပဲကွ” ဟု ပြောသည်။ “ငါ မတတ်နိုင်ဘူး” ဟု ပါးစပ်က အလိုအလျောက်ပြောခြင်းသည် စိတ်အပျင်းထူခြင်း ဖြစ် သည်ဟု သူက ယုံကြည်လေသည်။

          ကျွန်တော့်ဖခင်နှစ်ဦးစလုံး အလုပ်ကြိုးစားကြ၏။ သို့သော် ငွေရေး ကြေးရေးနှင့် ပတ်သက်သာလျှင် တစ်ဦးက ဦးနှောက်ကို အိပ်ခိုင်းထားပြီး ကျန်တစ်ဦးက သူ့ဦးနှောက်ကို လေ့ကျင့်ပေးသည့် အကျင့်ရှိကြောင်း တွေ့ရသည်။ ရေရှည်တွင် ဖြစ်ပေါ်လာသည့် ရလဒ်မှာ ဖခင်တစ်ဦးက ငွေကြေးတောင့်တင်းလာပြီး နောက်ဖခင်တစ်ဦးက ငွေကြေးချို့တဲ့လာ ခြင်း ဖြစ်ပါသည်။ သူတို့ ဖြစ်ရပ်သည် အားကစား လေ့ကျင့်ခန်းသို့ပုံမှန်သွားကျင့်သူနှင့် ညောင်စောင်းပေါ် အခန့်သား ထိုင်ပြီး ရုပ်မြင် သံကြား ကြည့်နေသူနှင့် တူ၏။ ရုပ်ပိုင်းအရ စနစ်တကျ လေ့ကျင့်သူ သည် ကျန်းမာရေးကောင်းလာဖို့ အလားအလာများပြီး စိတ်ပိုင်းအရ စနစ်တကျ လေ့ကျင့်သူသည် ဥစ္စာဓနတိုးပွားလာဖို့ အလားအလာ များ ၏။ ပျင်းရိခြင်းက ကျန်းမာရေးကိုကော ဥစ္စာဓနကိုပါ ချည့်နဲ့စေပါသည်။

          ကျွန်တော့်ဖခင်နှစ်ဦးတွင် ဆန့်ကျင်ဘက်အတွေးများ ရှိ၏။ တစ်ဦးက ကံမကောင်း အကြောင်းမလှသူများကို စောင့်ရှောက်ဖို့ ချမ်းသာ သူများသည် အခွန်အခများ ပိုပေးသင့်သည်ဆို၏။ နောက်တစ်ဦးက “ကုန်ထုတ်သူတွေကို အခွန်အကောက်တွေက ဒဏ်ခတ်ပြီး ကုန်မထုတ် သူတွေကို ဆုပေးတယ်” ဟု ပြောသည်။

          ဖခင်တစ်ဦးက “စာကြိုးစား၊ ဒါမှ မင်း အလုပ်ဝင်ဖို့ ကုမ္ပဏီ ကောင်းကောင်း တွေ့မှာ” ဟု အကြံပေးပြီး နောက်တစ်ဦးက “စာကြိုး စား၊ ဒါမှ မင်း ဝယ်ယူဖို့ ကုမ္ပဏီ ကောင်းကောင်းတစ်ခု တွေ့မှာ” ဟု တိုက်တွန်းသည်။

          တစ်ဦးက “ငါမချမ်းသာတာ မင်းတို့ကလေးတွေ ရှိနေလို့ပေါ့” ဟု ပြောချိန်တွင် အခြားတစ်ဦးကမူ “မင်းတို့ကလေးတွေ ရှိနေတဲ့ အတွက် ငါက ချမ်းသာမှ ဖြစ်မယ်” ဟု ပြော၏။

          ငွေကြေးနှင့် စီးပွားရေးအကြောင်းကို ညစာစားချိန်တွင် ပြောကြ ဖို့ တစ်ဦးက တိုက်တွန်းသော်လည်း အခြားတစ်ဦးက ထိုအကြောင်းကို ထမင်းစားရင်း မပြောရဟု တားမြစ်သည်။

          “ငွေကြေးနဲ့ ပတ်သက်လာရင် စိတ်ချရတဲ့နည်းကို သုံး၊ အရဲ မကိုးနဲ့” ဟု တစ်ဦးက ပြောသည်။ ကျန်တစ်ဦးက “ခြေနိုင်လက်နိုင် အရဲကိုးတတ်အောင် ပညာရှာ” ဟူ၏။

          တစ်ဦးက “ငါတို့ အိမ်ဟာ အကြီးမားဆုံး ငွေပင်ငွေရင်းဖြစ်ပြီးတန်ဖိုးအရှိဆုံး ပုံသေပိုင်ပစ္စည်းပဲ” ဟု ခံယူ၏။ နောက်တစ်ဦးကတော့ “ငါ့အိမ်ဟာ ပေးရန်ရှိတဲ့ ကြွေးပဲ။ မင့်အိမ်ဟာ အကြီးမားဆုံး ရင်းနှီး မြှုပ်နှံမှုဆိုရင် မင်း ဒုက္ခရောက် ပြီသာမှတ်” ဟူ၏။

          ဖခင်နှစ်ဦးစလုံး ပေးဆပ်ရမည့် ကြွေးများကို အချိန်မီ ပေးဆပ် ကြ၏။ သို့တိုင် တစ်ဦးက ပေးရန်ရှိသည်များကို အရင်ဆုံးပေးပြီး ကျန် တစ်ဦးက နောက်ဆုံးမှ ပေးသည်။

          တစ်ဦးက သင်နှင့် သင့်လိုအပ်ချက်များကို တာဝန်ယူဖို့ ကုမ္ပဏီ တစ်ခု၊ သို့မဟုတ် အစိုးရကို အားထားသည်။ သူက လခတိုးဖို့၊ အငြိမ်း စားယူချိန် စီမံကိန်းများ၊ ဆေးကုသမှု ခံစားခွင့်များ၊ နာမကျန်းခွင့်များ စသည်ဖြင့် အမျိုးမျိုး တွေးတောပူပန်သည်။ “ငါဟာ အစိုးရအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့တယ်။ ဒီတော့ အဲဒီခံစားခွင့်တွေကို ခံစားခွင့်ရှိတယ်” ဟု သူက မကြာမကြာ ပြောသည်။

          အခြားဖခင်တစ်ဦးကတော့ ငွေရေး၊ ကြေးရေးအရ အကြွင်းမဲ့ ကိုယ့်အားကိုယ်ကိုးခြင်းကို ယုံကြည်အားထားသည်။ သူက “ခံစားခွင့်” မျှော်ကိုးသည့် စိတ်ဓာတ်ကို မကြိုက်။ သည်စိတ်ဓာတ်က စိတ်ဓာတ် ပျော့ညံ့သူများ၊ ငွေကြေးချို့တဲ့သူများကို မွေးထုတ်ပေးသည်ဟု သူက ဆိုသည်။ သူက ငွေကြေးကိစ္စများကို ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ် တတ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံသည်။

          ဖခင်တစ်ဦးက အလုပ်ကောင်းကောင်းတစ်ခုရအောင် အထင် ကြီး လေးစားလောက်သည့် အလုပ်လျှောက်လွှာတစ်စောင် ဘယ်လို ရေးရမည်ဖြစ်ကြောင်း သင်ကြားပေးသည်။ အခြားဖခင်တစ်ဦးက ခိုင်မာသော စီးပွားရေးနှင့် ငွေကြေးစီမံကိန်းများ ဘယ်လိုရေးရမည်ကို သင်ကြား ပေး၏။ သို့မှသာ ကိုယ်က အလုပ်အကိုင်တွေ ဖော်ဆောင်ပေးနိုင် မည်ဟု ဆိုသည်။

          စိတ်ဓာတ်ကြံ့ခိုင်သော ဖခင်နှစ်ဦး၏ သြဝါဒများအောက်တွင် ကြီးပြင်းလာသော ကျွန်တော်သည် မတူခြားနားသော အတွေးအခေါ် များက မတူခြားနားသော ဘဝများကို ဖန်တီးပေးကြောင်း သိခွင့်၊ မြင်ခွင့် ရလာသည်။ လူတွေသည် သူတို့၏ အတွေးအခေါ်များဖြင့် သူတို့၏ ဘဝများကို ပုံဖော်ကြကြောင်း သတိထားမိလာသည်။

          ပမာဆိုရသော် ကျွန်တော်၏ နွမ်းပါးသော ဖခင်က “ငါ ဘယ် တော့မှ ချမ်းသာမှာ မဟုတ်ဘူး” ဟု အမြဲတစေ ပြောတတ်သည်။ အဆိုပါ ဟောကိန်းက တကယ်လက်တွေ့ ဖြစ်လာသည်။ တစ်ဖက်ရှိ ချမ်းသာသော ဖခင်ကတော့ သူ့ကိုယ် သူ လူချမ်းသာဟု အမြဲပြော၏။ “ငါက လူချမ်းသာကွ၊ လူချမ်းသာတွေက ဒါမျိုး ဘယ်တော့မှ မလုပ် ဘူး” ဆိုသော စကားမျိုး သူက ပြောတတ်သည်။ တစ်ချီတစ်မောင်း ငွေကြေးအရ အကြီးအကျယ် အရှုံးပေါ်သွားသည့်တိုင် သူက သူ့ကိုယ် သူ သူဌေးဟုပဲ ပြောသည်။ “ဆင်းရဲတာနဲ့ ဘိုင်ကျတာ မတူဘူးကွ။ ဆင်းရဲတာက အမြဲတမ်းဖြစ်ပြီး ဘိုင်ကျတာက ယာယီကြုံရတာ” ဟု လည်း သူ့ကိုယ်သူ ဖေးဖေးမမ ပြောသည်။

          နွမ်းပါးသော ဖေဖေက “ငွေကို ငါ စိတ်မဝင်စားဘူး” သို့မဟုတ် “ငွေကြေးက အကြောင်းမဟုတ်ပါဘူး” ဟုလည်း ပြောတတ်သေး သည်။ ချမ်းသာသော ဖေဖေကတော့ “ငွေဆိုတာ စွမ်းအားပဲ” ဟူ၏။

          ကျွန်တော်တို့အတွေးများ၏ စွမ်းပကားကို တိုင်းတာမိချင်မှ တိုင်းတာမိမည်။ သို့မဟုတ် အသိအမှတ်ပြုဖြစ်ချင်မှ ပြုဖြစ်မည်။ သို့သော် လူငယ်တစ်ယောက်အနေဖြင့် ကိုယ့်အတွေးများကို ကိုယ် သတိ ထားရကောင်းမှန်း သိလာသည်။ ၄င်းအတွေးများကို ဘယ်လို ဖော်ပြရ မည်ဆိုတာ သဘောပေါက်လာသည်။ နွမ်းပါးသော ဖေဖေသည် နွမ်းပါးနေ၏။ သည်သို့ဖြစ်ရသည်မှာ ဝင်ငွေနည်းသောကြောင့် မဟုတ်။