မြတ်ငြိမ်း - တီထွင်တွေး
တကယ်တမ်းကျတော့ တီထွင်ဖန်တီးနိုင်စွမ်းနှင့်ပတ်သက်၍ ဆုပ်ဖမ်းရ ခက်ခြင်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်ခြင်းဟူ၍ ဘာမျှမရှိ။ စကားပြောနိုင်သူ ဘယ်သူမဆို ရေးချနိုင်စွမ်း ရှိ၏။ ကြည့်မြင်နိုင်သူ ဘယ်သူမဆို အာရုံမှာ ပုံဖော်နိုင်စွမ်း ရှိ၏။ နောက်ပြီး တွေးခေါ်နိုင်သူ ဘယ်သူမဆို စိတ်ကူး စိတ်သန်းများ ပေါ်နိုင်စွမ်းရှိ၏။
စတီဇင် ဘေကာ
ကမ္ဘာ့အကြီးကျယ်ဆုံးနှင့် အအောင်မြင်ဆုံး သံကွင်းဆက် ဟိုတယ်ကြီးတွေထဲမှ တစ်ခုကို စတင်တည်ထောင်ခဲ့သူတစ်ဦး ရှိ၏။ သူသည် ကျောင်းစာကို ရှစ်နှစ်တာမျှ သင်ခဲ့ရ၏။ သည်ကြားထဲ သည် လောက်ထိအောင်မြင်အောင် ဘယ်လိုစွမ်းဆောင်ခဲ့သလဲ ဟု သူ့အား မေးမြန်းခံရသည်။ သည်တော့ သူက “လူတစ်ယောက် ပညာမတတ် တဲ့အခါ သူဟာ သူ့ဦးနှောက်ကို မဖြစ်မနေ အသုံးချရတော့တယ်” ဟု အဖြေပေးခဲ့လေသည်။
မေစီကုန်တိုက်ကြီးတွင် အလုပ်လာလျှောက်သော လူငယ်တစ် ဦးအား သူ့အလျင် လျှောက်ထားသူပေါင်း မြောက်မြားစွာရှိကြောင်း တုံးတိတိ ငြင်းပယ်လွှတ်လိုက်ကြ၏။ တွန့်ခြင်း၊ ရွံ့ခြင်းမရှိသော ထို လူငယ်က ကုန်တိုက်ထဲတွင် ဟိုဟိုသည်သည် လျှောက်ကြည့်၏။ ပြီး တော့ အမှုထမ်းရေးရာ ဒါရိုက်တာထံ တယ်လီဖုန်းဆက်သည်။
“ကျွန်တော် အလုပ်တစ်ခု လိုချင်ပါတယ်။ ကျွန်တော် အကူ အညီပေးနိုင်မယ့်နေရာများရှိမလားဆိုပြီး ကုန်တိုက်ထဲမှာ နာရီပေါင်း အတော်ကြာအောင် လှည့်ပတ်ကြည့်နေခဲ့တယ်ခင်ဗျ။ ကျွန်တော့်ကို ခု ချက်ချင်းအသုံးချလို့ရနိုင်မယ့်နေရာ ဆယ်နေရာကို ကျွန်တော် စာရင်း လုပ်ထားပါတယ်။ အဲဒါ ဘယ်နေရာတွေလဲဆိုတာ ကျွန်တော် တက် လာပြီး ပြောပြရမလားခင်ဗျ”
မကြာမီအတွင်း ထိုလူငယ်သည် မေစီကုန်တိုက်၏ အလုပ်သင် အဖြစ် ခန့်အပ်ခြင်းခံရကြောင်း ပြောနေဖို့ မလိုတော့ပါချေ။
မိခင်တစ်ဦးသည် သူ့သားသမီးတွေ စန္ဒရားတီးလေ့ကျင့်ရန် စိတ်လိုလက်ရ မရှိခြင်းအတွက် တဖျစ်တောက်တောက် ဆူပူကြိမ်းမောင်း နေရသည်။ သူတို့အား စေ့ဆော်မှုကလေးသွင်းပေးရန် ဆူပူကြိမ်းမောင်း ခြင်းထက် ပိုကောင်းသောနည်းလမ်းတစ်ခုတော့ရှိရမည်ဟု သူ တွေး မိ၏။ သို့ဖြင့် သူက မှတ်စုတစ်အုပ်နှင့် ရောင်စုံကြယ်ပွင့်တစ်ဘူး ဝယ် လိုက်၏။ ထို့နောက် စန္ဒရားအတီးလေ့ကျင့်ခြင်းနှင့်ပတ်သက်၍ စည်း ကမ်းသစ်များ ချမှတ်သည်။ ကိုယ့်သဘောဖြင့်ကိုယ် စန္ဒရားတီးလေ့ကျင့် သည့်ကလေးတိုင်း စားဖိုဆောင်ထဲရှိ မီးဖိုပေါ်က အချိန်မှတ်ကိရိယာ ဖြင့် အချိန်မှတ်ထားရမည်။ ဆယ့်ငါးမိနစ်လေ့ကျင့်ပြီးတိုင်း ကလေး၏ မှတ်စုစာအုပ်ထဲတွင် ကြယ်တစ်ပွင့် ကပ်ပေးသည်။ သီတင်းတစ်ပတ် ကုန်ဆုံးသောအခါ ကြယ်ပွင့်အများဆုံးရသည့်ကလေးကို ဆုချသည်။
သူတို့ကလေးတွေ၏စန္ဒရားလက်သံ တိုးတက်ကောင်းမွန်လာ ရုံမျှမဟုတ်၊ သူတို့ကလေးတွေ၏ တစ်ယောက်ချင်း တာဝန်သိစိတ် ကလည်း တိုးတက်လာလေသည်။
ဤကား သူတို့၏ တီထွင်မှုစွမ်းရည်များကို အသုံးချခဲ့သူများ အကြောင်း နမူနာပုံပြင်များဖြစ်၏။ သူတို့သည် တီထွင်မှုစွမ်းရည်ဖြင့် သူတို့၏ဘဝကိုကော သူတို့ဝန်းကျင်မှလူများ၏ဘဝကိုပါ တိုးတက် ကောင်းမွန်လာအောင် ပြုနိုင်ခဲ့ကြ၏။
စိတ်ကူးခြင်းသည် ကျွန်တော်တို့၏ အစွမ်းအထက်ဆုံး စိတ်ပိုင်းဆိုင်ရာသတ္တိထူးဖြစ်၏။ နောက်ပြီး စိတ်ကူးအသစ်အဆန်းများ တီထွင်ဖန်တီးခြင်းသည် တိုးတက်မှုအားလုံး၏ ဗဟိုအချက်အချာ ဖြစ် ပါသည်။
စိတ်ကူးခြင်း - သင့်စိတ်၏ ရေနံတွင်းများ
စိတ်ကူးခြင်း၏ အရေးပါအရာရောက်မှုကို သမိုင်းစဉ် တစ် လျှောက်မှာ ပေါ်ထွန်းခဲ့သော ဉာဏ်ကြီးရှင်အားလုံးက တညီတညွတ် တည်းလောက် အသိအမှတ်ပြုခဲ့ကြသည်။ အောက်ဖော်ပြပါ အမြင် သုံးရပ်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။
စိတ်ကူးခြင်းသည် အသိဉာဏ်ထက် ပို၍အရေးကြီးသည်။
အဲလ်ဘတ် အိန်စတိန်း
စိတ်ကူးခြင်းက လူကို သတ္တဝါများ၏ အထွတ်အမြတ် ဖြစ် စေသည်။
ရှိတ်စပီးယား
စိတ်ကူးခြင်းက ကမ္ဘာကို စိုးမိုးသည်။
ဒစ်စရေး ယယ်လီ
အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းနှင့် ရှင်သန် ကြီး ထွားမှုသည် တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များ၏ အရည်အချင်း၊ အမြော်အမြင်ကြီးမှုတို့နှင့် တိုက်ရိုက်တွဲဖက်နေလေသည်။ အက်ဒီဆင်၊ ဘဲလ်၊ မော့စ်၊ ရိုက်ညီနောင်များနှင့် အခြားမြောက်မြားစွာသော တီထွင် ရှင်များ၏ နာမည်များက ကျွန်တော်တို့သမိုင်းစာအုပ်များ၏ စာမျက်နှာ များကို ဖြည့်ပေးနေသည်။ တကယ်တော့ သူတို့သည် နယ်မရွေး၊ ဒေသ မရွေး လှည့်လည်သွားနေသူများ၊ တီထွင်ရှင်များ၊ အသစ်အဆန်းဖော် ထုတ်သူများ၊ တကယ် အလုပ်လုပ်သူများ... အတိုချုံးဆိုရလျှင် ထိပ်တန်းစိတ်ကူးကို လက်တွေ့ တပ်ဆင်သူများဖြစ်၏။
အမေရိကန်နိုင်ငံ၏ အနာဂတ်ကြီးပွားတိုးတက်ရေး၊ တကယ် တမ်းပြောရလျှင် ရှင်သန်ရပ်တည်နိုင်ရေးမှာ ကျွန်တော်တို့ ယနေ့ ရင်ဆိုင် နေရသည့် ပြဿနာကြီးများအတွက် အဖြေများထုတ်ပေးမည့် စိတ်ကူး ခြင်းအပေါ် မူတည်နေ၏။ သို့သော် ယနေ့အမေရိကသည် တီထွင်မှု စွမ်းရည်များ ပျောက်ဆုံးနေပြီလားဟု စိုးရိမ်ပူပန်မှုတွေ ရှိနေ၏။ ထို အကြောင်းနှင့် ပတ်သက်၍ သိပ္ပံ၊ နည်းပညာနှင့် အာကာသဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီဥက္ကဋ္ဌ အက်ဒလေစတီဗင်ဆင်က -
“ဒီနိုင်ငံဟာ ချမ်းသာပြီး သယံဇာတကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ စွန့်စားမှုနဲ့ တီထွင်မှုစိတ်ဓာတ်ဟာ ခန်းခြောက်ကောင်း ခန်းခြောက်နေလိမ့်မယ်။ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် တိုင်းပြည်တွေ ကျ ဆုံးတော့တာပဲ”
ဟူ၍ ပြောခဲ့၏။ သူ့တင်ပြချက်သည် အလေးအနက်ထားပြီးစဉ်းစားလောက်ပါသည်။
သည်တော့ တကယ်ပဲ တီထွင်နိုင်စွမ်း ကွာဟချက် ရှိနေ သလား။
တကယ်လို့ တီထွင်နိုင်စွမ်း ကွာဟချက်ရှိနေသည်ဆိုလျှင် ဘယ်လိုကြောင့်ဖြစ်နိုင်သလဲ။
တီထွင်နိုင်စွမ်း ကွာဟချက်ကို ရှာဖွေဖော်ထုတ်နိုင်သည့် သဲလွန်စတစ်ခုကတော့ ကျွန်တော်တို့၏ ပညာသင်ကြားရေးဆိုင်ရာ နည်းစနစ်များကို ဆန်းစစ်ကြည့်ခြင်းပင်ဖြစ်၏။ ရိုးရှင်းလွယ်ကူစေရေး အတွက် ကျွန်တော်တို့စိတ်စွမ်းရည်များ၏ အခြေခံအလုပ်များကို အဆင့် လေးဆင့် ခွဲကြည့်ကြရပါမည်။
၁။ ကြည့်ရှုလေ့လာပြီး အာရုံစိုက်ခြင်း၊
၂။ အလွတ်ကျက်ပြီး ပြန်လည်ရွတ်ဆိုခြင်း
၃။ ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ခြင်း
၄။ စိတ်ကူးသစ်များ ထုတ်လုပ်၊ ကြိုတင်သိမြင်အောင် အား
ထုတ်ပြီး ဖြစ်တည်မှုမရှိသေးသည်ကို အာရုံခံကြည့်ခြင်း
ကျွန်တော်တို့ ပညာရေးစနစ်သစ်၏ ကြည့်ရှုကြပ်မတ်မှု ကြောင့် ကျွန်တော်တို့သည် အခြေခံအလုပ်၏ ပထမဆင့်သုံးဆင့်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်အောင် အားထုတ်ရင်း လူ့ဘဝသက်တမ်း ၏ ပထမလေးပုံတစ်ပုံကို ကုန်လွန်ကြရသည်။ အခြေခံအလုပ်၏ စတုတ္ထဆင့်ကိုမူ လုံးဝနီးပါး လျစ်လျူရှုထားခဲ့ကြသည်။ ကျွန်တော်တို့ စာအုပ်တွေဖတ်ကြ၊ ကျောင်းဆရာတွေ၊ ပါမောက္ခတွေ သင်ကြားပို့ချ သမျှကို လိုက်မှတ်ကြဖြင့် မရေမတွက်နိုင်သော နာရီပေါင်းများစွာ ကျော် လွန်ခဲ့ကြသည်။ ဆရာတွေကလည်း “အေ” မှသည် သတ္တဗေဒအထိ သင်ကြားပေးကြသည်။ ပညာရေးစနစ်ကြီးက အချက်အလက်နှင့် ကိန်းဂဏန်းတွေကို အလွတ်ကျက်ပြီး လိုအပ်ချိန်တွင် ပြန်ပြီး အာဂုံဆောင် ပြနိုင်သလားဆိုသည်ကို မပြတ်စစ်ဆေးခဲ့၏။ ကျွန်တော်တို့ အား အဆက်မပြတ် တာဝန်ပေးအပ် စမ်းသပ်ခဲ့သည်မှာ စည်းမျဉ်းစည်းကမ်း များကို သိမသိ ဟူ၍ဖြစ်၏။ ၎င်းစည်းမျဉ်း စည်းကမ်းများက ကျွန်တော် တို့အား ခွဲခြမ်းစိတ်ဖြာတတ်အောင်၊ တန်ဖိုးဖြတ်တတ်အောင်၊ ဝေဖန် ပိုင်းခြားတတ်အောင် သင်ကြားပေး၏။ သို့သော် ကျွန်တော်တို့၏ ဖန်တီးမှုစွမ်းရည် တိုးတက်ရေးအတွက် လေ့ကျင့်ခွင့်ကိုမူ မပေးခဲ့ သလောက် ရှိပေသည်။ သည်တော့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ တီထွင်စွမ်းမရှိဟု တွေးထင်ကြသည်ကို ဘာများအံ့ဩစရာရှိနေပါသေး သလဲ။ ဘာကို စဉ်းစားရမည်၊ ဘယ်လိုစဉ်းစားရမည် ဆိုတာတွေ ကျွန်တော်တို့အား သင်ကြားပေး ထား၏။ သို့ပေမဲ့ ဆန်းသစ်တီထွင်စွာ စဉ်းစားခွင့်ကိုမူ ပေးသည် ဆိုဦးတော့၊ အလွန်ရှားရှားပါးပါး ပေးကြ ပါသည်။ ။
“သင်သည် ကြည့်ရှုနေရုံမျှဖြင့် အများကြီး ရှုမှတ်သုံးသပ် နိုင်သည်။”
အတွေးအခေါ်ပညာရှင်ကြီး ယောဂီဘာရာ တစ်ခါကပြောဖူး သော စကားဖြစ်၏။ မူကြိုကျောင်းသားအရွယ် ကလေးငယ်များ၏ အပြုအမူများကို ကြိုးစားပြီး အကဲခတ်လေ့လာကြည့်ပါ။ သူတို့မှာ တီထွင်နိုင်စွမ်းတွေ ဘယ်လောက်များများရှိကြောင်း သင် တွေ့ရပါမည်။ တကယ်တော့ ကျွန်တော်တို့မှာလည်း ထိုသို့သောအစွမ်းအစတွေ မွေး ကတည်းက ပါလာပါသည်။ သိလိုစိတ်နှင့် ထက်မြက်သောစိတ်ကူး ဉာဏ် ပေါင်းစပ်ထားခြင်းသည် မူမှန်ကလေးငယ်တစ်ယောက်၏ အရည်အသွေးဖြစ်သည်။ ထို့ကြောင့် မိခင်ဖခင်များ ပြောလေ့ရှိသည့် စကားများကို ပြန်စဉ်းစားကြည့်ပါ။
“ဒီကလေးမ ဒီစိတ်ကူးကို ဘယ်ကများရလာပါလိမ့်” “
ဒီလောက်မဖြစ်နိုင်တဲ့ မေးခွန်းမျိုးကို သူ ဘယ်လိုလုပ်ပြီး စဉ်းစားမိပါလိမ့်”
ဂျွန်ဂျေပလော့ခ်ပ် ဆိုသူကတော့ အောက်ပါအတိုင်း မှတ်ချက် ချခဲ့ဖူး၏။
“အဖြေတွေရှိတဲ့ မေးခွန်းတွေကို စပြီးမေးလာပြီဆိုရင် အဲဒီ ကလေးဟာ အရွယ်ရောက်လာပြီလို့သာ မှတ်”
အချိန်တန်အရွယ်ရောက်လာတော့ ကလေးတွေ ကျောင်း စတက်ကြရသည်။ ထိုအခါ သူတို့၏စိတ်ကူးအားတွေ တဖြည်းဖြည်းလျော့ပါးဆုတ်ယုတ်လာပြီး အခြားစိတ်ပိုင်း၊ ဉာဏ်ပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုး လာသည်။ ဘာကြောင့် သည်လိုဖြစ်ရကြောင်းကိုတော့ ကျွန်တော်တို့ ခန့်မှန်းရုံသာ ခန့်မှန်းနိုင်၏။ မည်သို့ ဖြစ်စေ ရှင်းလင်းလွယ်ကူသော အကြောင်းအချက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်သုံးရပ်ကို ဖွံ့ဖြိုး တိုးတက်အောင် လေ့ကျင့်သင်ကြားပေးနေချိန်တွင် စတုတ္ထစွမ်းရည်ကို လျစ်လျူရှုထားခြင်းကြောင့်ဖြစ်၏။
တကယ်တော့ တီထွင်မှုစွမ်းရည်များသည် ကျွန်တော်တို့စိတ် ၏ ရေနံတွင်းများပင် ဖြစ်သည်။ တွင်းတွေထဲမှာ ရေနံတွေအများကြီး ရှိကြောင်း ကျွန်တော်တို့သိထားသည်။ သို့ပေမယ့် ဤရေနံတွေကို မြေ ပေါ်ရောက်အောင် စုပ်ယူပြီး အကျိုးရှိသောအရာတစ်ခုအဖြစ် အသွင် ပြောင်းပစ်ရေးသည် ပြဿနာဖြစ်၏။
စိတ်နှစ်မျိုးပေါင်းမှ စိတ်တစ်စိတ်
ကာလီဖိုးနီးယား စက်မှုတက္ကသိုလ်မှ ဒေါက်တာ ရော်ဂျာ စပယ်ရီ (Dr.Roger Sperry) နှင့် သူ့တပည့်များဖြစ်သော မိုက်ကယ် ဂါဇာနိဂါ (Michael Gazzaniga) နှင့် ဂျယ်ရီ လီဗိုင် (Jerre Levy) တို့သည် ဦးနှောက်ကို သုတေသနလုပ်ခဲ့ကြသည်။ သူတို့၏ သုတေသန ပြုချက်မှ တီထွင်မှုစွမ်းရည် ကွာဟချက်နှင့်ပတ်သက်သော ထိုးထွင်း သိမြင်မှုတစ်ရပ် အဖြေထွက်ခဲ့၏။
ဦးနှောက်ကို တစ်ခြမ်းစီခွဲထုတ်ပြီး တွေးခေါ်မှုစွမ်းရည်များအား သုတေသနပြုသည့် ၎င်းတို့၏ လက်တွေ့ စမ်းသပ်မှုများသည် သမိုင်း တွင်ရစ်အောင် အောင်မြင်ခဲ့၏။ သူတို့ဖော်ထုတ်တွေ့ရသည့်အဖြေမှာ လူတိုင်းတွင် ဦးနှောက်နှစ်ခြမ်းရှိသည်။ ဦးနှောက်တစ်ခြမ်းစီသည် ကိုယ့် နည်းကိုယ့်ဟန်ဖြင့် စဉ်းစားတွေးခေါ်ပြီး ကိုယ်ပိုင်အမှတ်သညာများ ရှိ သည်။ ကျွန်တော်တို့မှာ မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ လက်နှစ်ဖက်ရှိသလို စိတ်လည်းနှစ်မျိုးရှိ၏။
ဘယ်ဘက်ခြမ်းဦးနှောက်က သင်္ကေတများ၊ စကားလုံးများနှင့် ပတ်သက်၍ စဉ်းစားပြီး ညာဘက်ဦးနှောက်ခြမ်းကတော့ အာရုံခံပုံရိပ် များနှင့်ပတ်သက်၍ စဉ်းစားသည် ဟူ၏။ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အကဲဖြတ်ခြင်း၊ စကားပြောခြင်းနှင့် သင်္ချာပိုင်းဆိုင်ရာစွမ်းရည်အတွက် ကျွန်တော်တို့၏ ဘယ်ဘက်ခြမ်းဦးနှောက်ကို အသုံးပြုသည်။ အိပ်မက် မက်ခြင်း၊ ခံစားချက်များဖြစ်ပေါ်ခြင်း၊ အာရုံခံပုံရိပ်များ မြင်ခြင်း၊ ထိုးထွင်း သိမြင်ခြင်းတို့နှင့် စပ်လျဉ်း၍တော့ ကျွန်တော်တို့သည် ညာဘက်ခြမ်း ဦးနှောက်ကို အသုံးပြုကြသည်။
တစ်စုံတစ်ယောက်၏နာမည်ကို မှတ်မိခြင်းက ဘယ်ဘက်ခြမ်း ဦးနှောက်၏ အလုပ်ဖြစ်ပြီး သူတို့မျက်နှာကို မှတ်မိခြင်းမှာ ညာခြမ်း ဦးနှောက်၏အလုပ်ဖြစ်သည်။ တင်းနစ်ကစားခြင်း ပိုတော်လာအောင် သို့ မဟုတ် ဂေါက်ရိုက်ကစားခြင်း ပိုတော်လာအောင် စာအုပ်တစ်အုပ် ဖတ်ခြင်းမှာ ဘယ်ခြမ်းဦးနှောက်၏ အလုပ်၊ “ကစားပွဲကို ခံစားကြည့်ခြင်း”