Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ဇွဲမော်ကွန်း

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

သူရဲကောင်းများပေါ်ထွန်းသည့်ခေတ်

           သင်္ဘောကပ္ပတိန် ဖရင့်ဝါစလေကတော့ ထိုနေ့အကြောင်းကို သူ့တစ်သက်လုံး ပြက်ပြက်ထင်ထင် အမှတ်ရနေမိမည်ဖြစ်၏။ သူရောက်နေသည့် နေရာဒေသမှာ တောင်ဝင်ရိုးစွန်း၊ အန္တာတိကတိုက်။ အချိန်ကာလမှာ ဆောင်းလယ်၊ ဇူလိုင်လ။ တာရှည်လွန်းသောညများ၏ အမှောင်ထုက သူတို့အပေါ် မင်းမူနေခဲ့သည်မှာ သီတင်းပတ်ပေါင်း များစွာကြာခဲ့ပြီ။ အပူချိန်က ၃ဝံ ဖာရင်ဟိုက်။ သင်္ဘောပတ်ပတ်လည် ဘယ်ဘက်ပဲကြည့်လိုက်ကြည့်လိုက် မာကျောတောက်ပသော ကြယ်စင် များအောက်တွင် တစ်မျှော်တစ်ခေါ် မြင်တွေ့ နေရသည်မှာ ဖွေးဖွေး လှုပ်နေသော အသိရခက်သော ရေခဲပြင်ကြီး။

          မကြာမကြာ စူးစူးရှရှ အော်မြည်တိုက်ခတ်လာသော အပလေက ပြောနေသည့် စကားသံအားလုံးကို ဝါးမျိုသွားတတ်၏။ ဟိုးအဝေးဆီမှာတော့ တညည်းညည်း တညုညုလုပ်နေသည့် ရေခဲတွေ။ ဝါစလေနှင့် အပေါင်းအပါ နှစ်ယောက်က သူတို့ကို တင်ဆောင်ပြီး ရေခဲပြင်ကြီးထဲတိုးဝင်နေသည့် သင်္ဘောကလေး၏ အတိတ်ဆိုးနိမိတ်ဆိုး အသံနက် ကြီးကို နားစွင့်နေကြ၏။ တစ်ခါတစ်ခါတွင် တန်သန်းပေါင်းများစွာ အချိန်စီးသည့် ရေခဲများ၏ ဖိအားကို ကြိတ်မှိတ်တင်းခံနေရသော သဘောကိုယ်ထည်သစ်သားများသည် တဆတ်ဆတ်ခါနေ၏။ တကျွိကျွိမြည်နေ၏။

          “ဒီကောင်လေး ဇီဝိန်ကြွေခါနီးနေပြီဗျ” ဟု သင်္ဘောပေါ်ရှိ လူ သုံးယောက်ထဲမှ တစ်ယောက်ကပြောသည်။ “ဒီရေခဲပြင်ကြီးထဲမှာ ဒီသင်္ဘောလေး သက်ဆိုးရှည်ဖို့မလွယ်တော့ဘူး ကပ္ပတိန်ရေ။ နေ့သေ မလား၊ ညသေမလားပဲ။ ဒီတော့ ဘာလုပ်ကြမလဲဆိုတာ ခင်ဗျား ဆုံးဖြတ်ထားရင်ကောင်းမယ်။ ဒီကောင်လေး တောင့်ခံနိုင်လှ သုံးလေးလ ပေါ့။ သုံးလေးပတ်၊ ဒါမှမဟုတ် သုံးလေးရက်ကလေးပဲ ဖြစ်ချင်ဖြစ် သွားမယ်... တစ်ခုတော့ရှိတယ်ဗျ၊ ရေခဲဆိုတာမျိုးက သူ့ဆီရောက်လာ တာတွေကို တာရှည်ခံအောင် ထိန်းထားတတ်တာမျိုးလေ”

          ခုနှစ်သက္ကရာဇ်မှာ ၁၉၁၅။ အထက်ပါစကားကိုပြောသည့် ဆာ အားနက် ရှက်ကယ်လ်တန်သည် ထိုခေတ် ထိုအခါတုန်းက အကျော် ကြားဆုံး ဝင်ရိုးစွန်းစူးစမ်းလေ့လာရေးသမားတွေထဲတွင် တစ်ဦး အပါ အဝင်ဖြစ်သူ။ စကားပြောနေသည့် သုံးယောက်ထဲမှ တတိယတစ် သွီယောက်ကတော့ သူ့လက်ထောက် ဖရင့်ဝိုင်းလ်။ သူတို့၏ ဇွဲသင်္ဘော ကလေးသည် အန္တာတိကတိုက်ရှိ ဝက်ဒဲလ်ပင်လယ်၏ အေးခဲနေသော ရေပြင်လယ်မှာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေပြီ။ သည်လေ့လာရေး ခရီးကို ဦးဆောင်ခဲ့သူ ရှက်ကယ်လ်တန်ကား ရည်မှန်းချက်ကြီးမား လွန်းသူ။ သူက သူ့ခရီးစဉ် အောင်မြင်ရမည်ဟု သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားသည်။ သူက ဝန်ရိုးစွန်းလေ့လာရေးသမားတွေ မဆွတ်ခူးနိုင်သေး သည့် နောက်ဆုံးလက်ကျန်ဆုတစ်ဆုကို အပိုင်စီးဖို့ စိတ်ပိုင်းဖြတ်ထားသူ။ ထိုဆုကား အန္တာတိကတိုက်ကို ခြေကျင်ဖြတ်လျှောက်ပြရန်။

          တောင်ဂျော်ဂျီယာကျွန်းပေါ်ရှိ ဝေလငါးဖမ်းစခန်းများဆီမှ ဇွဲသင်္ဘောကလေး စတင်ခရီးထွက်ခဲ့သည်မှာ ၁၉၁၄ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက။ သည်နှစ်မှာမှ ရေခဲများအခြေအနေက မကြုံစဖူးထူးထူး ကဲကဲ ဆိုးဝါးလှသည်။ သည်ရေခဲတွေကို တိုက်ပွဲဆင်ပြီး ထွက်လာခဲ့ သည်မှာ ယခုဆို မိုင်ပေါင်း ၁ဝဝဝ ကျော် ခရီးတွင်ပြီး အန္တာတိတ်စက်ဝိုင်း အဝင်ဝသို့ပင် ရောက်ခဲ့ပြီ။ မူလရည်မှန်းထားသည့် ဆိပ်ကမ်းသို့ရောက် ဖို့ မိုင်တစ်ရာလောက်အလိုတွင်မှ ရေခဲများအခြေအနေက ပိုဆိုးလာသည် မို့ ဇွဲမှာ မရပ်မဖြစ် ရပ်နေရတော့၏။ ခြောက်ရက်ဆက်တိုက် တိုက်ခတ် လာလိုက် ရပ်သွားလိုက်ဖြစ်နေသည့် အရှေ့မြောက်လေပြင်းမုန်တိုင်းက ရေခဲများကို သိပ်သည်းကျပ်ခဲကုန်စေသည်။ သည်တော့ ကျပ်ခဲလာ သည့် ရေခဲများ အလယ်တွင် ဇွဲ သည် မလူးသာမလွန့်သာ ပိတ်မိနေတော့၏။ ရက်အနည်းငယ်အကြာတွင် အအေးချိန်သည် ၉° အထိ စိုက်ကျသွားသည်။ သည်တော့ ပင်လယ်ပြင်တွင် မျောနေသည့် ရေခဲ တုံးကြီးများကို ဆွဲပြီး အင်္ဂတေကိုင်လိုက်သလို အကြားအလပ်မရှိ ဖြစ်သွားတော့၏။ ထိုအချိန်တွင် ရေခဲစိုင်တွေကြားထဲ ညပ်နေသည့် ဇွဲကို မနားမနေ တအိအိ စီးနေသည့် ဝက်ဒဲလ်ပင်လယ်ကြီးက မြောက် ဘက်သို့ ခေါ်ဆောင်သွား၏။ ထိုအခါ ဆိုက်ကပ်ဖို့ ရည်ရွယ်ထားသည့် ဆိပ်ကမ်းနှင့် ဝေးသည်ထက်ဝေးသောနေရာသို့ စီးမျောပါသွားတော့၏။

          မဟာအင်ပါယာ အန္တာတိတ်ဖြတ်ကျော်ခရီး စတင်အကောင် အထည်ဖော်ချိန်တွင် ရှက်ကယ်လ်တန်သည် အမျိုးသားသူရဲကောင်း အဖြစ် ထင်ပေါ်ကျော်ကြားပြီးဖြစ်နေပြီ။ သူ့သမိုင်းကြောင်းတွင် ဝင်ရိုးစွန်း ခရီး နှစ်ခေါက်သွားခဲ့သည်။ ခရီးတစ်ခေါက်တွင် သူသည် တောင်ဝင်ရိုး စွန်းနှင့် မိုင် ၁ဝဝ အကွာအထိရောက်ခဲ့၏။ ထိုခေတ်ထိုအခါတုန်းကတောင်ဝင်ရိုးစွန်းသို့ အဝေးဆုံးခရီးပေါက်ခဲ့သူအဖြစ် မှတ်တမ်းတင်ခံ ရသူ။ သို့ဖြစ်သည့်တိုင် ၎င်းခရီးစဉ် နှစ်ခေါက်စလုံးတွင် တောင်ဝင်ရိုးစွန်း အထိ မရောက်ခဲ့။ ၁၉၁၄ ခုနှစ်၊ တောင်ဝင်ရိုးစွန်းသို့ ရှက်ကယ်လ်တန် စတင်ခရီးထွက်ချိန်တွင် တောင်ဝင်ရိုးစွန်းသို့ ဆိုက်ရောက်သည့်ဆုကို အခြား သူများက ဆွတ်ခူးထားပြီးဖြစ်၏။ သို့သော် သူက အလေးမမူ ဂရုမထား။ သူ့ဆုံးဖြတ်ချက်အတိုင်း ဝက်ဒဲလ်ပင်လယ်မှသည် ရော့စ် ပင်လယ်အထိ ဖြတ်ကူးခြင်းဖြင့် အန္တာတိကတိုက်ကို ဖြတ်ကျော်မည်။ ဤကား သူ၏ မဟာရည်မှန်းချက်ကြီးပါတည်း။ ။

          ဇွဲ ခရီးစဉ်ကား ရှိစုမဲ့စု အိတ်သွန်ဖာမှောက် ပုံအောထားရသည့် ခရီးစဉ်။ ရှက်ကယ်လ်တန်၏ တာဝန်များမှာ ရန်ပုံငွေများစုဆောင်းခြင်း အပါအဝင် လူရွေးခြင်းအဆုံး စုံတကာစေ့နေ၏။ ထိုအချိန်တွင် သူ့အသက် လေးဆယ်ရှိနေပြီ။ စူးစမ်းလေ့လာရေးသမားအဖြစ်လည်းကောင်း၊ စည်းရုံးလှုံ့ဆော်ရေးသမားအဖြစ် လည်းကောင်း၊ အတွေ့အကြုံ ကြွယ်ဝခဲ့သည့် ရှက်ကယ်လ်တန်သည် သူ၏ အတွေ့အကြုံများကို ပြန်လည်စုစည်းရသည်။ သူ့ခရီးစဉ်ဖြစ်မြောက်အောင်မြင်ရေးအတွက် ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ အားထုတ်ရသည်။

        သို့သော်... ရှက်ကယ်လ်တန် မသိသေးပါတကား။ သူ၏ အန္တာ တိတ်ဖြတ်ကျော် မဟာခရီးစဉ်ကြီးသည် နောက်တစ်ကြိမ် မအောင် မမြင် ဖြစ်မည့် ခရီးစဉ်ကြီး ဖြစ်ပေဦးတော့မည်။ သို့ဖြစ်သော်ငြားလည်း ဤသို့ ဇွဲ မအောင်မမြင်ဖြစ်ခဲ့သောကြောင့်ပင် ဤခရီးစဉ်ကြီးကို မေ့မရနိုင် လောက်အောင် အမှတ်ရနေခြင်းလည်း ဖြစ်နိုင်ပါသည်။

          တောင်ဝင်ရိုးစွန်း စူးစမ်းရှာဖွေရေးသမားများသည် သူတို့၏ စွန့် စားခန်းများကို နှစ်ဆယ်ရာစုနှစ် အစောပိုင်းက စတင်ခဲ့ကြ၏။ သူတို့၏ စူးစမ်းရှာဖွေရေးခရီးစဉ်များသည် မြေပေါ်စူးစမ်းရှာဖွေရေး ခရီးစဉ်များနှင့်မတူ။ တောင်ဝင်ရိုးစွန်းဒေသများတွင် အန္တရာယ်ကြီးသော သားရိုင်း တိရစ္ဆာန်များမရှိ။ ထို့အတူ ရက်စက်ကြမ်းကြုတ်သည့် လူရိုင်း မျိုးနွယ်စု များလည်း မရှိ။

          သို့သော် သည်နေရာသည်ဒေသတွင် လေတိုက်နှုန်းသည် တစ် နာရီ မိုင် ၂၀၀ ခန့်အထိရှိသည်။ အအေးပမာဏကတော့ ၁၀ ဖာရင် ဟိုက်အထိရှိသည်။ သည်နေရာသည်ဒေသတွင် သူနိုင်ငါနိုင် အပြိုင်နွှဲရ သည်မှာ လူသားများနှင့် အထိန်းအကွပ်မဲ့ အရိုင်းသက်သက် သဘာဝ တရားကြီးသာဖြစ်၏။ ပြိုင်ပွဲတွေ၊ တိုက်ပွဲတွေက-ရှင်းသည်။ သန့်သည်။ ပရိယာယ်တွေ လှည့်ဖြားမှုတွေမရှိ။ ရှုပ်ရှုပ်ထွေးထွေးမရှိ။ နောက်ထပ် နွှဲရသည့်တိုက်ပွဲတစ်မျိုးမှာ လူတွေနှင့် သူတို့၏ ဇွဲသတ္တိအတိုင်းအတာ ဖြစ်၏။ အရိုင်းသက်သက် သဘာဝတရားနှင့် ယှဉ်ပြိုင်အနိုင်တိုက်ရာ၌ ဘယ်အတိုင်းအတာအထိ ခံနိုင်ရည်ရှိသလဲ။ ဘယ်အတိုင်းအတာအထိ စိတ်ဓာတ်ခိုင်မာသလဲ။ အန္တာတိတ်ဒေသ၏ ထူးခြားချက်မှာ စူးစမ်း ရှာဖွေရေးသမားများက အမှန်တကယ်ရှာဖွေတွေ့ရှိခဲ့သောကြောင့် အန္တာ တိတ်ဒေသရယ်လို့ နာမည်တစ်လုံးရလာခြင်းဖြစ်၏။ သည်နယ်မြေတွင် ဒေသခံတိုင်းရင်းသားများ နဂိုကတည်းကမရှိ။ သည်တိုက်၊ သည် နယ်မြေပေါ်တွင် လူသားမျိုးနွယ်ထဲက ခြေချဖူးဖို့ဝေးလို့ သည်ဒေသပေါ် သို့ လူ့အရိပ်ပင် မထိုးခဲ့စဖူး။

         ၁၉၁၄ ခုနှစ်တွင်စတင်ပြီး ၁၉၁၇ ခုနှစ်တွင်မှ ပြီးဆုံးခဲ့သည့် ပထမကမ္ဘာစစ်ကြီး၏ ကြားကာလတစ်လျှောက်တွင် လှုပ်ရှားခဲ့သည့် ဇွဲ ခရီးစဉ်သည် ဝင်ရိုးစွန်းစူးစမ်းရှာဖွေသောခေတ်၊ သို့မဟုတ် သူရဲကောင်းများ ပေါ်ထွန်းသည့် ခေတ်၏ နောက်ဆုံးခရီးစဉ်ဖြစ်ကြောင်း မကြာမကြာ ပြောလေ့ရှိကြ၏။ အန္တာတိတ်ဖြတ်ကျော်ရေး ခရီးစဉ်တစ်လျှောက်တွင် ရှက်ကယ်လ်တန်သည် သူ၏ရည်မှန်းချက်နှင့် စွမ်းရည်ကိုထူးခြားထင်ရှားစွာ ပြနိုင်ခဲ့၏။ ဇွဲ ခရီးစဉ်တွင် တွေ့ကြုံခဲ့ရသည့် အခက် အခဲ အကျပ်အတည်းများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရာ၌ ယခင် ဝင်ရိုးစွန်းခရီးစဉ် ခေါင်းဆောင်များထက် ရှက်ကယ်လ်တန်က-ကြံ့ကြံ့ခံ နိုင်သည်။ ဇွဲသတ္တိရှိသည်ဟု ချီးကျူးခံခဲ့ရသည်။ အခက်အခဲများကို ရဲဝံ့ပြောင်မြောက်စွာ ကျော်ဖြတ်ရာတွင်လည်းကောင်း၊ အတ္တမာနကြီးရာ တွင်လည်းကောင်း ရှက်ကယ်လ်တန်သည် သူမတူအောင် အလံထူခဲ့သူ ပါတည်း။

          သူရသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများ ပေါ်ထွန်းသည့် ခေတ် သည် ၁၉ဝ၁ ခုနှစ်တွင် စတင်ခဲ့၏။ ထိုနှစ်သြဂုတ်လတွင် ဒစ်စ်ကာဗရီ (Discovery)သင်္ဘောသည် အန္တာတိတ်ရှိ မက်မာဒိုရေလက်ကြားသို့ သွားမည့်ခရီးစဉ် စတင်ခဲ့သည်။ ထိုစဉ်က ဒစ်စ်ကာဗရီခရီးစဉ်ကို ဦးဆောင်ခဲ့သူမှာ ကပ္ပတိန် ရောဘတ်ဖယ်လ်ကွန်စကော့ (Captain Robert Falcon Scott) ဆိုသူဖြစ်၏။ သူတို့၏ ခရီးစဉ်သည် သိပ္ပံ ပညာတိုးတက်ထွန်းကားရေးအတွက်ဟု အများပြည်သူများကြားတွင် ပြောကြဆိုကြသော်လည်း ရည်ရွယ်ချက်အစစ်အမှန်မှာ လူသူအရောက် အပေါက် မရှိသေးသည့် ထိုနယ်မြေထိုဒေသတွင် ဦးစွာ ခြေချနိုင်ရေး ဖြစ်၏။ တစ်နည်းဆိုရသော် ထိုနယ်မြေထိုဒေသတွင် ဗြိတိသျှအလံတော် ကို ဦးစွာစိုက်ထူပြီး ဗြိတိန်အတွက် နယ်မြေပိုင်စိုးရေးဖြစ်လေသည်။

          ဝင်ရိုးစွန်း နယ်မြေပိုင်စိုးရေးခရီးစဉ်တွင် သူနှင့်အတူလိုက်ဖို့ စကော့က အဖော်နှစ်ယောက် ရွေးခဲ့၏။ တစ်ယောက်က ဒေါက်တာ အက်ဒဝပ် ဝီလ်ဆင် (Dr. Edward Wilson) ဒေါက်တာဝီလ်ဆင်က ဆရာဝန်နှင့် သတ္တဗေဒပညာရှင်။ စကော့နှင့်ရင်းနှီးသည့် မိတ်ဆွေလည်း ဖြစ်၏။ နောက်တစ်ယောက်ကတော့ လက်ဖတင်နင် အားနက် ရှက် ကယ်လ်တန် (Lieutenant Ernest Shackleton) သူက အသက်