Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတည်ထောင်နည်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
Type

[ ]

လုပ်ငန်းစဖို့ ပြင်ဆင်ခြင်း

          ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်သို့ ရောက်ရှိမည့် စိတ်လှုပ်ရှား တက်ကြွဖွယ် ခရီးစဉ်ကို စတင်လျှောက်လှမ်းတော့မည်ဟု မဆုံးဖြတ်မီ သင့်ကိုယ်သင် ဝေဖန် စိစစ်ကြည့်ပါဦးဟု အကြံပေးပါရစေ။ သင်လျှောက်မည့်လမ်းကို ပိတ်ဆို့တားဆီးထားမည့် စိတ်ပိုင်းဆိုင်ရာ အဟန့် အတား တစ်ခုခု ရှိနေသလား ဆိုတာကို စိစစ်ကြည့်ပါ။ ၎င်းအဟန့် အတားများက သင့်အားထုတ်မှုများ မအောင်မြင်အောင် တားဆီးပိတ်ဆို့ထားနိုင်သောကြောင့် ဖြစ်၏။ သည်တော့ ၎င်းအဟန့်အတားများကို ခုချက်ချင်းပဲ ဖော်ထုတ်ပါ။ ပြီးတော့ ထိုအရာတွေကို အမြစ်ပြတ် သုတ် သင်ရှင်းလင်းပစ်ဖို့ ချက်ချင်းဆောင်ရွက်ပါ။

ဘယ်အကြောင်းအရာက သင့်ကို နောက်တွန့်စေသလဲ

          သင် နောက်တွန့်နေခြင်းသည် အကြောင်းတစ်ခုခုကြောင့် ဖြစ်ရ မည်။ မဟုတ်လျှင် သင် သည်စာအုပ်ကို သည်လောက်ထိ ရောက် အောင် ဖတ်နေလိမ့်မည် မဟုတ်။

         ကျွန်တော်ဆိုလျှင် ကျွန်တော်၏ စိတ်ပိုင်းဆိုင်ရာ အဟန့် အတားများကို အချိန်မီ ဆန်းစစ်ဖော်ထုတ်ခြင်း မပြုနိုင်ခဲ့။ ရလဒ်မှာ ကျွန်တော်၏ အောင်မြင်နေသော ပထမဦးဆုံးကိုယ်ပိုင်လုပ်ငန်းကို စွန့် လွှတ်လိုက်ရ၏။ ကျွန်တော့်ကိစ္စကို သက်လတ်ပိုင်းအရွယ်မှာ ကြုံရသည့် ဘဝအလှည့်အပြောင်းဟု ကောက်ချက်ဆွဲလို့ရ၏။ ကျွန်တော်တို့ တော်တော်များများတွင် သည်လို အလှည့်အပြောင်းမျိုးတွေ အသက်လေး ဆယ်ကျော်မှာ ကြုံရတတ်၏။ တချို့ဆို သည့်ထက်စောပြီး ကြုံရတတ် သည်။ တချို့ကျတော့လည်း အသက်ခြောက်ဆယ်နားကပ်ပြီး အလုပ်မှ အနားယူရတော့မည်ဆိုမှ ကြုံရတတ်သည်။ ကျွန်တော့်ကိစ္စတွင် အသက် ငါးဆယ်အရွယ်၌ အလှည့်အပြောင်းက မိုးကြိုးပစ်ချလိုက်သလို ဖြစ်ပေါ် ခဲ့လေသည်။

          ကျွန်တော်က အလွန်အောင်မြင်နေသော ကြော်ငြာအေဂျင်စီ တစ်ခုကို စတင် တည်ထောင်ခဲ့သူ။ ၎င်းအေဂျင်စီ၏ ဥက္ကဋ္ဌ၊ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ရှယ်ယာအများစုပိုင်ဆိုင်သူ။ (မိုးကြိုးက နှစ်ကြိမ်တိတိ ပစ်ခဲ့၏။) ကျွန်တော်တို့ အေဂျင်စီ၏ စတော့စာချုပ်များက တန်ဖိုး ရှိသည်။ ဒေါင်ဒေါင်မြည် ခိုင်မာသည်။ လုံခြုံစိတ်ချရသည်။ သည် လုပ်ငန်းကြီး ဆုံးရှုံးပျက်စီးဖို့ဆိုသည်မှာ သည်အေဂျင်စီ၏ ဥက္ကဋ္ဌ၊ သို့ မဟုတ် သူ့ဇနီးကို သတ်ပစ်မှပဲ ဖြစ်နိုင်မည်။ ။

          သို့ဖြစ်သည့်တိုင် ထိုလုပ်ငန်းကို ကျွန်တော် လက်လွှတ်ဆုံး ရှုံးလိုက်ရသည်။ သည်လုပ်ငန်းထဲမှ ကျွန်တော့်ကိုယ်ပိုင် ရှယ်ယာများ ဆုံးရှုံးသွားခြင်း မဟုတ်။ ကျွန်တော်ကိုယ်တိုင် သန္ဓေတည် မွေးဖွား ပေးခဲ့သော၊ တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ အလုပ်လုပ်ပြီး ထူထောင် ခဲ့သော၊ ကျွန်တော့် ဇာတ်သိမ်းခန်းမတိုင်မီ နှစ်လသုံးလအလိုလောက်က အမြတ်ငွေ အမြောက်အမြားပေးပြီး ဝယ်ယူဖို့ ကမ်းလှမ်းခြင်း ခံရသောလုပ်ငန်းကြီး တစ်ခုလုံးကို လက်လွှတ်လိုက်ရခြင်းပါ။ အဆိုပါ ကမ်းလှမ်း ချက်ကို ဘာ့ကြောင့် ငြင်းပယ်ခဲ့မိမှန်း ယနေ့ထိတိုင် ကျွန်တော် စဉ်းစားလို့ မရသေး။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် ကုမ္ပဏီတစ်ခုလုံးကို ကုမ္ပဏီကြီးတစ်ခုထံသို့ စတာလင်ပေါင် တစ်ပေါင်တည်းဖြင့် လွှဲပြောင်း ပေးအပ်လိုက်ရသောကြောင့်ပင်။ သည်လို လွှဲပြောင်းယူမည့် ကုမ္ပဏီကြီး တစ်ခုရှိသည့်အတွက် ကျွန်တော့်မှာ စိတ်သက်သာရာပင် ရမိသေးသည်။ အကြောင်းမှာ ဘဏ်မှ ပိုထုတ်ငွေ ပေါင် ၁ဝဝ,ဝဝဝ ကိစ္စပြေလည်သွား သောကြောင့်။ နောက်ပြီး အကြီးအကျယ် အငြင်းပွားမှုမှ ကင်းလွတ် သွားသောကြောင့်။ သို့မဟုတ်ပါကလည်း ထိုစဉ်က ကျွန်တော် ထို အတိုင်း ထင်ခဲ့သည်လေ။

ကျွန်တော့်လုပ်ငန်း ဘာကြောင့် ဆုံးရှုံးခဲ့ရသလဲ

          အထက်ပါ မေးခွန်းကို ကျွန်တော် နေ့စဉ်နေ့တိုင်း နှစ်နှင့်ချီပြီး ကြာအောင် မေးခဲ့၏။ တကယ့်အဖြေမှန်ကိုကား မရခဲ့။ အကြောင်းမှာ ကျွန်တော်က အဖြေကို မဟုတ်သည့်နေရာတွေမှာ လိုက်ရှာနေခဲ့သောကြောင့် ဖြစ်၏။ အငြင်းပွားမှုကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ အငြင်းပွားရတာကို ကျွန်တော် နှစ်ခြိုက်သဘောကျသည်။) ဘဏ်မှ ငွေပိုထုတ်မှုကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်၊ လုပ်ငန်းက ခိုင်မာမည်။ ပိုထုတ်ငွေကို ပြန်ဆပ်နိုင်သည်။)

          အဓိကကျသော အုပ်ချုပ်ရေးပိုင်းကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်၊ သူတို့အားလုံး ကုမ္ပဏီ အကျိုးရှိအောင် ဆောင်ရွက်ခဲ့ကြ သည်။)

          အိမ်တွင်းရေး ပြဿနာတွေကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ ကွယ်လွန်ရှာပြီဖြစ်သည့် ကျွန်တော့်ဇနီးသည် အသက်ရှင်လမ်း မရှိတော့သည့်တိုင် ကျွန်တော့်ထက်ပင် စိတ်ဓာတ် ကြံ့ခိုင်ခဲ့သည်။) အဘိုးကြီး ဂျွန်ဘာလီကွန်းကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ အတိုင်ပင်ခံထံမှ အကြံဉာဏ်များ ရယူခြင်းသည် အဓိက အကြောင်းရင်း မဟုတ်။)

သည်တော့ ဘယ်နေရာမှာ လွဲချော်သွားသလဲ

          ထိုနေ့က စိတ်ဆင်းရဲခြင်းကြီးစွာနှင့် မိုးရေထဲ လျှောက်လှမ်း လာခိုက် အမှန်တရားက ကျွန်တော့်ဆီသို့ တိုးတိုးတိတ်တိတ်ကလေး ရောက်လာသည်။ ရလိုက်သည့် အဖြေက ကျွန်တော် ရှာဖွေဖော်ထုတ် ရမည့် စိတ်နှလုံး ငြိမ်းချမ်းမှုအတွက်လည်း အဓိကသော့ချက် ဖြစ်နေ သည်။ တကယ်တော့ ကျွန်တော့် ပိုင်ဆိုင်မှုအားလုံးကို ကျွန်တော် ပေးပစ်လိုက်ခြင်းသာ ဖြစ်၏။

          အသက်က ငါးဆယ်။ အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခု ရှိသည်။ ငွေကြေးကြွယ်ဝသည်။ ခပ်သေးသေး လုံးချင်းအိမ် တစ်လုံး ရှိသည်။ ဂုဏ်ယူဝင့်ကြွားလောက်သည့် ကားသုံးစီး ရှိသည်။ ဒါတွေအားလုံး ပေးပစ်လိုက်ရသည်။ တိုတိုတုတ်တုတ် ပြောရလျှင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ပျက်ပြားပြီး အရှုံးပေး ထွက် ပြေးခဲ့၏။ ဘာကြောင့်လဲ။

# ရှင်းရှင်းလေးပါ။ ကျွန်တော် အောင်မြင်မှုနှင့် မထိုက်တန်

          ကျွန်တော့် ကိုယ်ပိုင်လုပ်ငန်း၊ ကျွန်တော့် အသက်မွေးဝမ်း ကျောင်းမှုနှင့် ကျွန်တော်ပိုင် စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးလက်လွှတ်လိုက်ရ ရုံမဟုတ်သေး၊ ပြည်တွင်း အခွန်ဦးစီးဌာနက ကျွန်တော့်ကို ခုနစ်နှစ်လုံးလုံး စုံစမ်းစစ်ဆေးတာလည်း ခံခဲ့ရသည်။ ကျွန်တော့်လို အဖြစ်မျိုး ဘယ်သူမျှ မကြုံရစေချင်ပါ။ (ပြည်တွင်းအခွန်ဌာန၏ အားထုတ်ကြိုး ပမ်းမှုမှာ အသေးစိတ်လွန်း၊ နှံ့နှံ့စပ်စပ် ရှိလွန်းသည်။ နောက်ဆုံးတွင် သူတို့က ကျွန်တော့်အား ပေါင် ၁၄,၀၀၀ ကျော် ပြန်အမ်းပေးခဲ့ကြ၏။)

အောင်မြင်မှုကို တည်ဆောက်ဖို့ ဆည်းပူးလေ့လာခြင်း 

          အောင်မြင်မှုကို တည်ဆောက်ဖို့ ဘယ်အချိန်မှာ အဆင်သင့် ဖြစ်မည်လဲ။ လွယ်ပါသည်။ သင့်အား တွန့်ရွံ့အောင် လုပ်နေသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီးသည်နှင့် အဆင်သင့် ဖြစ်နေပါပြီ။ ၎င်းအကြောင်းရင်းကို ဖော်ထုတ်သိရှိချိန်၌ သင်သည် အသက်နှစ်ဆယ်ပဲ ရှိသေးသည်ဆိုလျှင် သင် လက်ခမောင်းခတ်ဖို့ပဲ ရှိသည်။ သို့ပေမဲ့ လူ တော်တော်များများအတွက်တော့ အဆိုပါ အမှန်တရားကို တွေ့ရှိ လက်ခံနိုင်ဖို့ သည့်ထက်မက အချိန်ယူရလေ့ ရှိပါသည်။

          သည်တော့ သင့်ကို ဘယ်လိုအကြောင်းအရာက ဟန့်တားနေ သလဲ။ သည်အဟန့်အတားကို ဖော်ထုတ်ရမည့်အချိန်၊ အနေအထားကို ဆန်းစစ်ဝေဖန်ပြီး သင့်ဘဝကို ပြန်လည်လှုပ်ရှားရမည့်အချိန်သည် ယခုပဲ ဖြစ်ပါသည်။

          သင့်အား စိတ်အနှောင့်အယှက် ပေးနေသည်မှာ ယနေ့ခေတ် လက်သုံးစကား သုံးမျိုးထဲမှ တစ်မျိုးမျိုး ဖြစ်နေနိုင်သလား။ လူလျှော့တဲ့ အထဲ ပါသွားလို့ ၊ အငြိမ်းစားယူထားလို့၊ အပယ်ခံဖြစ်နေလို့။

          အလုပ်လက်မဲ့ဖြစ်နေလို့ သင် စိတ်ဓာတ်ကျနေသလား။ သင် သည် အိုကြီးအိုမဖြစ်နေပြီဟု လူတွေပြောသည်ကို ကြားနေရတာ နားကြားပြင်းကပ်နေပြီလား။ သင်သည် အသက်ငယ်လွန်းသေးသည် ဟု လူတိုင်းက ပြောနေကြသလား။ သို့မဟုတ် သင်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အလုပ်တစ်ခုထဲမှာ ခြေကျွံနေတာလား။

စိတ်ပိုင်းဆိုင်ရာ အဟန့်အတားများကို ကျော်လွှားလွန်မြောက်ခြင်း

          သင့်အနေအထားများကို အကျိုးသက်ရောက်မှု ရှိစေနိုင်သော စိတ်ပိုင်းဆိုင်ရာ အဟန့်အတား တစ်ခုချင်းစီကို ကျွန်တော်တို့ ဆန်းစစ် ကြည့်ကြရအောင်။

လူလျှော့ခံရသည့်အထဲမှာ သင်ပါသွားလို့ စိတ်ဓာတ်ကျနေသလား

          လူလျှော့ခံရသည့်အထဲမှာ ပါသွားခြင်းသည် တော်တော် အခံရ ခက်သည်။ ဟုတ်ပါသလား။ မနေ့က  သင်သည် အများသူငါလို လူအုပ် ထဲက လူတစ်ယောက် ဖြစ်၏။ ယနေ့တော့ သင်သည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေပြီ။ သင့်အလုပ်ရှင်က သင့်အား ကရုဏာကြေးကလေးတော့ ပေးကောင်းပေး လိုက်မည်။ သို့ပေမဲ့ ရက်ရက်ရောရော ပေးတာမျိုးတော့ ရှားပါသည်။ သည် အသပြာစကလေးသည်လည်း မသုံးမဖြစ် မပေးမဖြစ် ကိစ္စတွေကြောင့် လက်ထဲမှာ နွေးအောင်ပင် ကိုင်မထားရဘဲ ပျောက်ခြင်းမလှ ပျောက်သွားပြီ။ ချေးထားသော အကြွေးတွေ ပြန်ဆပ်ဖို့၊ ဝယ်ထားသည့် ပစ္စည်းဖိုးတွေ ချေဖို့.....။ 

ဟုတ်ပြီ။ သင် အလုပ်ပြုတ်နေပြီ။

သည်တော့ သင် ဘာလုပ်မည်လဲ။

          အိမ်မှာထိုင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမည့်အစား အပြင် ထွက်ပြီး သင့်အနာဂတ်ဘဝအတွက် တစ်ခုခု ကြံစည်လုပ်ကိုင်ခြင်းက ကျေနပ်နှစ်သက်စရာ မကောင်းပေဘူးလား။ တကယ်တော့ သင် လုပ်စရာတစ်ခု ရှိကို ရှိနေပါသည်။

အငြိမ်းစားယူတာ သိပ်စောနေသလား

          သင် အငြိမ်းစားယူခါနီး နှစ်တွေတွင် သင် လျှောက်လှမ်းမည့် လမ်းကြောင်းကို စနစ်တကျ စီမံကိန်းချမထားလို့ကတော့ သင်သည် ဆိုးရွားသော ရာသီဥတုနှင့် ကြုံရပေလိမ့်မည်။ တချို့ လူတွေက သိပ် စောစောစီးစီးကြီး အငြိမ်းစားယူလိုက်ကြ၏။ သူတို့လက်ထဲမှာ ငွေကြေး အမြောက်အမြား ရှိသည်။ သို့ပေမဲ့ သင့်ကိုယ်သင် အားမလို အားမရ ဖြစ်သည့် ခံစားချက်တွေ အကြီးအကျယ် ခံစားနေရသည်။

          သင်သည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး ကြံ့ခိုင်သန်စွမ်း နေသည့်တိုင် သင့်စွမ်းအင်များအတွက် ထွက်ပေါက် တစ်ခုတော့ လိုအပ်နေပါသေးသည်။ သည်တော့ စီးပွားရေး သဘောသဘာဝရှိသည့် ထွက်ပေါက်တစ်ခုထက် တခြား ဘယ်လိုထွက်ပေါက်က ပိုကောင်းပါဦး မည်လဲ။

          အကယ်၍ သင်သည် အမြတ်အစွန်းမလိုသည့် အနေအထား မျိုးရှိလျှင် ၎င်းအမြတ်အစွန်းများကို ထိုက်တန်သင့်မြတ်သော လုပ်ငန်း များသို့ ပေးလှူပစ်လို့ရ၏။ ဆက်ဖက်ပါဦး။

အမြဲတစေ ငြင်းပယ်ခံနေရလို့ စိတ်ဓာတ်ကျနေသလား 

          ကျွန်တော် ထိုအနေအထားမျိုးနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဖူး ပါသည်။ ကျွန်တော့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဆုံးရှုံးလက်လွှတ် ရပြီးနောက်ပိုင်း အိမ်မှာပင် ရုံးခန်းဖွင့်ပြီး ဈေးကွက်ဖော်ဆောင်ရေး အတိုင်ပင်ခံ လုပ်ငန်းကို နှစ်အတန်ကြာအောင် လုပ်ခဲ့၏။ ၎င်းလုပ်ငန်းအောင်မြင်ပါသည်။ သို့သော် စီးပွားပျက်ကပ်က ကျရောက်လာသည်။ ၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလမှာတော့ စီးပွားပျက်ကပ်၏ အကျိုး ဆက်က ကျွန်တော့်ကိုပါ ထိုးနှက်တော့၏။