Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မြင့်စိုးလှိုင် - ငါသာလျင်ငါ့ကံရဲအရှင်သခင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type
သင်ခန်းစာ (တစ်)
စုံစူးနစ်ပြီလို့ခံစားနေရမယ်ဆိုရင်... ဒါကို ပြောင်းလဲပစ်တဲ့နည်း

          ဘဝမှာ ကြုံတတ်ပါတယ်။ တကယ့်ကို ထိန်းလို့သိမ်းလို့ မလွယ်တဲ့အဖြစ်မျိုး တွေလေ။ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီက လုပ်ငန်းကြူလာလို့ ဝန်ထမ်းအင်အားလျှော့တဲ့အထဲ ကိုယ်ပါသွားတာမျိုး၊ အိမ်ထောင်ဖက်က ကိုယ့်ကို ပစ်သွားတာ မျိုး၊ အိမ်သားတစ်ယောက်ယောက် မကျန်းမမာ ဖြစ်လာတာမျိုး။ ဒါမှမဟုတ် ကိုယ်နဲ့ အရင်းအချာထဲက တစ်ယောက်ယောက် ဆုံးသွားတာမျိုး၊ ကိုယ် အမှီသဟဲပြုနေရတဲ့ အစီအစဉ်တစ်ခုကို ဆိုင်ရာက ဖြတ်တောက်လိုက်တာမျိုး တွေဆိုပါတော့။ အဲဒီလို အခြေအနေမျိုးတွေနဲ့ ကြုံရတဲ့အခါ ကျွန်တော်တို့ စိတ်ထဲမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ပြီး ဆောက်တည်ရာမဲ့သလို ခံစားရနိုင်တယ်။

          အလုပ်တစ်ခုရအောင်၊ မိသားစုကို ပံ့ပိုးရအောင်၊ လက်တွဲဖော်တစ်ယောက် တွေ့အောင်၊ ဒါမှမဟုတ် အနည်းဆုံးတော့ စိတ်သက်သာရာရအောင် ဆိုတဲ့ သဘောနဲ့ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကြည့်ဖူးတယ်၊ ဒါပေမဲ့ တစ်ခုမှ အဆင်မပြေဘူး။ တစ်နည်းနဲ့မဖြစ်ရင် တစ်နည်းပြောင်းကြည့်တယ်။ အကောင်း ဆုံးဖြစ်အောင်လုပ်တယ်။ ဘယ်လောက်လုပ်လုပ် ပန်းတိုင်နဲ့လွဲတုန်း၊ ဂိုးပေါက် ထဲမဝင်ဘဲ ဘေးချော်နေတုန်းဆိုတော့ တစ်ခါတစ်ခါ နောက်တစ်ကြိမ် ထပ်ကြိုး စားရမှာ ကြောက်စိတ်ဝင်လာတယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အားလုံးက အနာမခံချင်ကြဘူးလေ။ ပြီးတော့၊ တစ်ခါရှုံးပြီးရင် ဘယ်သူမျှ ထပ်အရှုံးမခံချင်ဘူး။ ကိုယ့်ရှိသမျှအကုန်ပုံအောပြီး စိတ်ဆင်းရဲခံ ရမယ်ဆိုတာမျိုးတော့ ဘယ်သူမျှ မလိုလားဘူး။ ဒါကြောင့်မို့လည်း စိတ်ဆင်း ရဲစရာ အတွေ့အကြုံတွေ အတော်လေးများလာပြီဆိုရင်၊ နောက်ပိုင်းမှာ ကျွန်တော် တို့က ဆက်မကြိုးစားတော့ဘဲ ရပ်ပစ်တတ်ကြတာပေါ့။ ဒီနေရာမှာ ကျွန်တော်တို့ ယုံကြည်လာတာက အလုပ်ဖြစ်မယ့်ဟာဆိုလို့ ဘာတစ်ခုမျှမရှိဘူး ဆိုတာပဲ။

          ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ရင် ကြိုးစားချင်စိတ်ကလေးတောင် မရှိတဲ့အဖြစ် ရောက်နေတယ်ဆိုပါတော့။ ဒါဆို စာဖတ်သူဟာ ကိုယ့်ကိုယ်ကို “အားကိုးရာမဲ့ ပညာတတ်” ဘဝရောက်အောင် ပို့လိုက်တာပဲ။ ဟုတ်တယ်။ စာဖတ်သူက “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်”ဆိုသလို ကိုယ်တွေ့ ကိုယ်ကြုံ အရ ပညာတတ်နေပြီ။ သော်... ငါတော့ “အားကိုးရာမဲ့”ဖြစ်ပြီဆိုတဲ့ အသိနဲ့လေ။

          သတင်းကောင်းပေးရမယ်ဆိုရင်တော့ စာဖတ်သူ မှားနေပြီ။ ကိုယ်ကသာ လုပ်မယ်ဆို ဖြစ်အောင်လုပ်လို့ရပါတယ်။ ကိုယ့်သဘောထားအမြင်တွေ၊ ကိုယ့် အပြုအမူတွေကိုသာ ပြောင်းပစ်စမ်းပါ။ ဘဝမှာ ဘယ်အရာကိုမဆို ဒီကနေ့ ပြောင်းလဲသွားအောင် စာဖတ်သူ လုပ်နိုင်ပါတယ်။

          “I am not discourage, because every wrong attempt discarded is another step forward."

THOMAS EDISON

          “ကျွန်တော်ကတော့ စိတ်မပျက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမှားတစ်ခု စမ်းလုပ်မိလို့ ဘေးဖယ်ပစ်လိုက်ရတိုင်း ရှေ့ကို ခြေတစ်လှမ်း ထပ်တိုး လိုက်ရလို့ပဲ”။

သောမတ်စ် အယ်ဒီဆင်

           ကိုယ့်ဘဝကို ပြောင်းလဲပစ်ဖို့ လှမ်းထိုက်တဲ့ ပထမဦးဆုံးခြေလှမ်းဟာ ငါ ဘာမျှမလုပ်နိုင်ဘူး၊ ငါ့အဖြစ်က အားကိုးရာမဲ့ဆိုတဲ့ အဲဒီအပျက်သဘော ဆောင်တဲ့ ယုံကြည်မှုကို ဖယ်ရှားပစ်ဖို့ပဲ။ ဘယ်လိုဖယ်ရှားမတဲ့လဲ။ အလုပ်တစ်ခုကို လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး လူတွေ အကြောင်းပြတတ်ကြတဲ့အခါ မှာ အရင်တုန်းက သူတို့လုပ်ကြည့်ခဲ့ဖူးပါတယ်။ အလုပ်မဖြစ်လို့ပါဆိုတဲ့ ဆင်ခြေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝတစ်လျှောက်လုံး လက်ကသုံးတောင် ဝှေးဖြစ်ခဲ့တဲ့ စကားလေးတစ်ခွန်းကို သတိရစေချင်တယ်။ အဲဒါကတော့ မင်း အတိတ်ဟာ မင်းအနာဂတ်နဲ့ တန်းတူမဟုတ်ဘူးတဲ့။ အရေးကြီးတာက မနေ့က မဟုတ်ဘူး။ ခုလောလောဆယ် ကိုယ်ဘာလုပ်နေသလဲဆိုတာပဲ။ လူအတော် များများက အနာဂတ်ဆီသွားတဲ့နေရာမှာ သူတို့ကိုယ်သူတို့ လမ်းညွှန်တဲ့ အနေနဲ့ နောက်ကြည့်မှန်ထဲကြည့်ပြီး မောင်းဖို့ပြင်နေကြတယ်။ ဒါဆို တိုးမိ တိုက်မိကုန်မှာပေါ့။ အဲဒီလိုလုပ်မယ့်အစား ပိုပြီးခရီးတွင်အောင် ဒီကနေ့ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကိုသာ အာရုံစိုက်ပါ။

မဆုတ်မနစ်လုပ်မှ အကျိုးပေးတာ

          လူအတော်များများက ကျွန်တော့်ကို ပြောဖူးတယ်။ “အောင်မြင်အောင် ကျုပ် ကြိုးစားလာတာ နည်းပေါင်းတစ်သန်းမကတော့ဘူး၊ တစ်နည်းမှ အပေါက် အလမ်း မတည့်ဘူးဗျာ”တဲ့။ နောက်တစ်ယောက်ကတော့ “ကျွန်တော် နည်းပေါင်းထောင်သောင်းချီပြီး ကြိုးစားကြည့်ခဲ့ပါတယ်”တဲ့။ စဉ်းစားကြည့်ပါ။ အပြောင်း အလဲလုပ်ဖို့ကျတော့ သူတို့ကြိုးစားတဲ့နည်းလမ်းက ရာဂဏန်း၊ ဒါဇင်ဂဏန်းတောင် မရှိဘူး။ လူများစုဆို အပြောင်းအလဲတစ်ခုဖြစ်ဖို့ ရှစ်နည်း၊ ကိုးနည်း၊ ဆယ်နည်းလောက် လုပ်ကြည့်ပြီး အလုပ်မဖြစ်ဘူးဆိုတာနဲ့ တစ်ခါတည်း လက်လျှော့လိုက်ကြတာပဲ။

          အောင်မြင်ရေးသော့ချက်က ကိုယ့်အတွက် ဘယ်ဟာအရေးအကြီးဆုံးလဲ ဆိုတာ ဆုံးဖြတ်၊ ပြီးရင် တစ်နေ့တစ်နေ့ ကောင်းသထက်ကောင်းအောင် အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ရမယ်။ လုပ်နေတုန်းမှာ သိပ်ပြီး အဆင်ချောပုံမရတဲ့တိုင်အောင် လုပ်ကိုလုပ်ရမယ်။

          ကျွန်တော် ဥပမာတစ်ခု ပေးပါ့မယ်။ အမေရိကန်ပြည်ထောင်စုက ဗိုလ်မှူးကြီး ဆင်းဒါးစ်ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းပါ။ ဗိုလ်မှူးကြီး ဆင်းဒါးစ်ဟာ မယုံနိုင်လောက်အောင်ကို အောင်မြင်မှုရခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလိုအောင်မြင်ရအောင် မွေးကတည်းက ချမ်းသာလာလို့လား၊ သူ့မိဘတွေက သူဌေးတွေမို့လား၊ မိဘက သူ့ကို ဟားဗတ်လို ထိပ်တန်းတက္ကသိုလ်ရောက်အောင် ပို့ပေးလို့လား၊ ဒါမှမဟုတ် ဒီလောက်အောင်မြင်ကြီးပွားတယ်ဆိုမှတော့ စီးပွားရေး လုပ်ငန်းကို ငယ်တုန်းရွယ်တုန်းကတည်းက လုပ်လာခဲ့လို့လားလို့ မေးစရာရှိ တယ်။ မဟုတ်ပါဘူးလို့ပဲ ဖြေရလိမ့်မယ်။ ဗိုလ်မှူးကြီး ဆင်းဒါးစ်ဟာ သူ့အသက် ၆၅ နှစ် ရောက်တဲ့အထိ သူ့အိပ်မက်ကို အကောင်အထည်မဖော် ဖြစ်ခဲ့သေးဘူး။ ဒါဖြင့် အဆုံးတစ်နေ့ သူလုပ်ဖြစ်ကိုင်ဖြစ်သွားအောင် ဘာကတွန်း ပို့လိုက်တာလဲ။ အဲဒီတုန်းက သူ့လက်ထဲမှာ ငွေတစ်ပြားတစ်ချပ်မှ မရှိဘူး။ လူကလည်း အဖော်အလှော်မရှိ တစ်ယောက်တည်းရယ်။ အဲဒီလိုဖြစ်နေတုန်း လူမှုဖူလုံရေး ထောက်ပံ့ကြေးအဖြစ် ၁၀၅ ဒေါ်လာတန် ချက်လက်မှတ်ကလေး တစ်စောင် ပထမဦးဆုံးအကြိမ် လက်ထဲရောက်လာတော့၊ သူအတော့်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ ဒါပေမဲ့ သူက လူတွေကို အပြစ်တင် လား၊ လွှတ်တော်ဆီလှမ်းပြီး မကျေနပ်ကြောင်း စာရေးလား ဘာလားမလုပ်ဘဲ သူ့ကိုယ်သူ စပြီး မေးခွန်းထုတ်တယ်။ “တခြားလူတွေအတွက် တန်ဖိုးရှိမယ့် ဟာဖြစ်အောင် ငါ ဘာလုပ်ရရင် ကောင်းမလဲ၊ ငါ့ဘက်က ဘာပြန်ပေးရင်ကောင်းမလဲ” ဆိုပြီး သူတစ်ပါးအတွက် တန်ဖိုးရှိမယ့်ဟာ သူ့မှာဘာရှိသလဲ ဆိုတာကိုပဲ သူ စတွေးတော့တယ်။

          ပထမဦးဆုံး ပေါ်လာတဲ့ သူ့အဖြေက “အင်း..ငါ့မှာ ဟောဒီကြက်သား ဟင်းချက်နည်းတော့ရှိတယ်၊ ဒါဆို လူတွေ ကြိုက်ကြမှာပဲ၊ ငါ့ကြက်သားဟင်း ချက်နည်းကို စားသောက်ဆိုင်တွေ လိုက်ရောင်းရရင် ဘယ့်နှယ်နေမလဲ၊ ဒီလို လိုက်ရောင်းရင် ငါ ငွေလေးဘာလေး ရမလား” အဲဒီနောက် ချက်ချင်းဆိုသလို တွေးမိပြန်တယ်။ “ဟာ... ဒါမဖြစ်နိုင်တာပဲ၊ ဟင်းချက်နည်း လျှောက်ရောင်း လို့ကတော့ အိမ်လခတောင် ပေးနိုင်လောက်အောင် ရမှာမဟုတ်ဘူး” ဒီလို တွေးမိပြီးတဲ့နောက် သူ့မှာ စိတ်ကူးသစ်တစ်ခု ပေါ်လာတယ်။ “သူတို့ကို ဟင်းချက်နည်းသက်သက်တင် ရောင်းတာမဟုတ်ဘဲ၊ ကြက်သားဟင်းကောင်းကောင်း ဘယ်လိုချက်ရတယ်ဆိုတာ ငါကိုယ်တိုင် လက်တွေ့ ချက်ပြပေးမယ် ဆိုရင်ရော ဘယ့်နှယ်နေမလဲ၊ ကြက်သားဟင်းက ကောင်းလွန်းလို့ သူတို့ရောင်းရေးဝယ်တာ တိုးတက်ကောင်းမွန်လာတယ်ဆိုရင် ဘာလုပ်မလဲ၊ ဆိုင်မှာ လူတွေကျလာမယ်၊ ကြက်သားဟင်းကလည်း လက်မလည်အောင် ရောင်းရမယ် ဆိုရင်၊ အင်း ... သူတို့အနေနဲ့ ငါ့ကို အရောင်းတက်လာတဲ့အပေါ်ကနေ ခိုင်နှုန်းနဲ့ ပေးမယ်ဆို ပေးနိုင်တာပေါ့”

          လူအတော်များများမှာ ကြီးကြီးကျယ်ကျယ် စိတ်ကူးတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးကြီး ဆင်းဒါးစ်က သူများနဲ့မတူဘူး။ သူက ကြီးကြီးကျယ် ကျယ် လုပ်ရမယ့်အလုပ်တွေကို စိတ်ကူးရုံ စိတ်ကူးကြည့်တတ်တဲ့ လူစားမဟုတ် ဘူး။ အဲဒီအလုပ်တွေကို သူကိုယ်တိုင် ဆောင်ရွက်တဲ့အထဲ တစ်ပါတည်းဖြစ်အောင် ထည့်ပစ်တဲ့လူ။ ဆိုင်တကာ့ဆိုင်လျှောက်ပြီး တံခါးတွေခေါက်လို့ ဆိုင်ပိုင်ရှင် တစ်ယောက်ချင်းကို သူ့ ဇာတ်လမ်း ပြောတော့တာပဲ။ “ကျုပ်မှာ ကြက်သား ဟင်း ချက်နည်းကောင်း တစ်ခုရှိတယ်ဗျ၊ အဲဒီချက်နည်းသုံးရင် ခင်ဗျားဆိုင် ဒီထက်ရောင်းအား ပိုကောင်းလာမယ်လို့ ကျုပ်ထင်တယ်၊ ရောင်းအားတက် လာတဲ့အခါ ကျုပ်အတွက် ခိုင်နှုန်းလေးဘာလေး ပေးမယ်ဆိုရင်တော့ ကောင်းတာ ပေါ့ဗျာ”

          ဒီလိုပြောလိုက်တော့ လူအတော်များများက သူ့ကိုရှေ့ထားပြီး ဟားတိုက် ရယ်ကြတယ်။ “ဒီမယ်... အဘိုးကြီး၊ သွားစမ်းပါဗျာ၊ ခင်ဗျားက စားဖိုမှူး ဝတ်စုံဖြူကြီး ဘာလုပ်ဖို့ ဝတ်ထားရတာလဲ”လို့ ပြောတဲ့လူက မရှား။ ဒီတော့ ဗိုလ်မှူးကြီးဆင်းဒါးစ် လက်လျှော့သွားရောတဲ့လား။ လုံးဝမလျှော့ဘူး။ သူ့မှာ ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှု သော့ချက်တစ်ခုရှိတယ်။ ဒါကို ကျွန်တော်ကတော့ တစ်ကိုယ်ရေ အစွမ်းအစ လို့ခေါ်ချင်တယ်။ တစ်ကိုယ်ရေ အစွမ်းအစဆိုတာ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ မဆုတ်မနစ် လုပ်နိုင်စွမ်း ရှိတာကို ခေါ်တယ်။ တစ်ခုခု လုပ်လိုက်ကိုင်လိုက်တိုင်း အဲဒီအထဲကနေ ကိုယ့်အတွက် ပညာရတယ်။ ဒါဆို နောက်တစ်ခါလုပ်ရင် ဒီထက်ကောင်းအောင် လုပ်တဲ့နည်းလည်း တွေ့တာပဲ။ ဗိုလ်မှူးကြီး ဆင်းဒါးစ်ကလည်း ဘယ်နေမလဲ။ သူ့တစ်ကိုယ်ရေ အစွမ်းအစကို ထုတ်သုံးခဲ့တာပေါ့။ သူ့ စိတ်ကူးကို ပယ်ချလိုက်တဲ့ နောက်ဆုံး စားသောက်ဆိုင်က အထွက်မှာ စိတ်ထဲ မကျေမချမ်းဖြစ်ရမယ့်အစား၊ နောက်စား သောက်ဆိုင် တစ်ဆိုင်ရောက်ရင် သူ့ စိတ်ကူးကို ဒီထက် ပိုထိရောက်အောင်ဘယ်လိုပြောပြီး ဒီထက်ပိုကောင်းတဲ့ အဖြေရအောင် ဘယ်လိုလုပ်မလဲဆိုတာ ကိုသာ ချက်ချင်းအာရုံစိုက်တော့တာပဲ။

          သူလိုချင်တဲ့ အဖြေမရခင် အတောအတွင်း ဗိုလ်မှူးကြီးဆင်းဒါးစ် တစ်ယောက် ဟင့်အင်းလို့ ဘယ်နှခါ အငြင်းခံခဲ့ရတယ်မှတ်သလဲ။ သူ့အတွက် ပထမဦးဆုံး ဟုတ်ကဲ့တစ်ခွန်း မကြားရခင် အကြိမ်ပေါင်း ၁၀၀၉ ကြိမ်တိတိ သူ အငြင်းပယ်ခံခဲ့ရတယ်။ ချုံးချုံးကျနေတဲ့ သူ့ကားဟောင်းတစ်စီးနဲ့ အမေရိကန် တစ်ပြည်လုံး ပြဲပြဲစင်အောင် နှစ်နှစ်လုံးလုံး လျှောက်သွားခဲ့ရတယ်။ တွန့်ကြေ နေတဲ့ ဝတ်စုံအဖြူတစ်စုံနဲ့ ကားနောက်ခန်းထဲအိပ်ရင်း၊ မိုးလင်းတာနဲ့ ဘယ်လူ သစ်တစ်ယောက်ကို သူ့ စိတ်ကူးအကြောင်း ပြောပြရပါ့မလဲဆိုပြီး နိုးလာတယ်။ စားတဲ့အခါမှာလည်း ဝယ်မယ့်လူရှိရင် ပြမယ်ဆိုပြီး ချက်ပြုတ်ပြင်ဆင်ထားတဲ့ နမူနာဟင်းတစ်မယ်တည်းကိုပဲ တစ်ဖဲ့တစ်ကိုက်နဲ့ ပြီးလိုက်ရတယ်။ ဟင့်အင်း ပေါင်း ၁ဝဝ၉ ကြိမ်နဲ့၊ နှစ်နှစ်လုံးလုံး ဟင့်အင်းအပြောခံနိုင်တဲ့လူ၊ ဒီကြားထဲက ရှေ့ဆက်တိုးနိုင်တဲ့လူ ဘယ်နှယောက်လောက် ရှိမတဲ့လဲ။ အင်မတန်ကို နည်းပါတယ်။ ဒါကြောင့်မို့လည်း ဗိုလ်မှူးကြီး ဆင်းဒါးစ်လိုလူက တစ်ယောက် တည်းပဲရှိတာပေါ့။ ကျွန်တော့်အထင်ပြောရရင် လူများစုက ဟင့်အင်းပေါင်း အခါတစ်ထောင်၊ အခါတစ်ရာ မပြောနဲ့၊ အခါနှစ်ဆယ်လောက်ကိုတောင်ကျော်နိုင်ကြတာ မဟုတ်ဘူး။ မကျော်ခါမှနေရော၊ တစ်ခါတလေ အဲဒီအခါ နှစ်ဆယ်လောက်နဲ့လည်း အောင်မြင်ချင် အောင်မြင်သွားနိုင်သေးတယ်။

          သမိုင်းမှာ အအောင်မြင်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေထဲက ဘယ်သူ့ကိုပဲ ကြည့်ကြည့် စိတ်ကူးချည်မျှင်ချင်းကတော့ ဒီအတိုင်း တစ်မျိုးတစ်စားတည်း ဖြစ်တာ တွေ့ရမှာပါ။ သူတို့က အငြင်းပယ်ခံ လူစားမျိုးတွေ မဟုတ်ဘူး။ ဟင့်အင်းဆိုတဲ့စကားကို သူတို့ လက်သင့်မခံဘူး။ သူတို့အမြင်၊ သူတို့အောင် မြင်မှု ပန်းတိုင်ကို လက်တွေ့ ဖြစ်လာအောင် လုပ်တဲ့နေရာမှာ ဘယ်အရာရဲ့ အတားအဆီးကိုမျှ မခံဘူး။ ကမ္ဘာကျော် ကာတွန်းပညာရှင်ကြီး ဝေါ့ဒစ္စနေ တစ်ယောက် သူ့ရဲ့ “ကမ္ဘာ့ပျော်စရာအကောင်းဆုံးနယ်မြေ”ဆိုတဲ့ စိတ်ကူးအိပ် မက်ကို ဖန်တီးဖို့ ငွေကြေးစိုက်ထုတ်မလုပ်နိုင်ခင် အရင်းအနှီးရှာတုန်းက အကြိမ်ပေါင်း ၃ဝ၂ ကြိမ်တိုင်တိုင် အငြင်းခံခဲ့ရတဲ့ အကြောင်းရော ကြားဖူးသလား။ ငွေထုတ်ချေးမယ့် ဘဏ်တွေက ဒီလူ ရူးနေပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူ မရူးဘူး၊ သူက အမြော်အမြင်ရှိတဲ့လူ။ ဒါထက်ပိုပြီး အရေးကြီး တဲ့အချက်က အဲဒီ သူ့ အမြော်အမြင်ကို လက်တွေ့ဖြစ်လာအောင် အကောင် အထည်ဖော်ဖို့ သူက အခိုင်အမာ သန္နိဋ္ဌာန်ချထားတဲ့လူ ဖြစ်နေတာပဲ။ ဒီကနေ့ဆို လူတွေ သန်းချီပြီး “ဒစ္စနေနယ်မြေ”ဆိုတဲ့ ပျော်စရာကမ္ဘာလေးတစ်ခုဆီ သွားလို့လာလို့ ပျော်လို့ပါးလို့ ဖြစ်နေကြပြီ။ ဘယ်ပျော်စရာကမ္ဘာနဲ့မှ မတူတဲ့ ကမ္ဘာလေးတစ်ခု၊ လူတစ်ယောက်ရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ အစပျိုးတည်ဆောက် ခဲ့တဲ့ ကမ္ဘာတစ်ခုပေါ့။

          ကျွန်တော် အိပ်ခန်းဂျင်ဂလယ်ကလေးနဲ့ နေခဲ့ရတုန်းက ရေချိုးကန်ထဲ ပန်းကန်ခွက်ယောက်တွေထည့် ဆေးကြောတိုက်ချွတ်ပြီဆိုရင် ဒီလိုအဖြစ်သနစ် ဇာတ်ကြောင်းမျိုးတွေကို အမြဲတမ်း ပြန်ပြောင်းသတိရနေတတ်တယ်။ ကျွန်တော့် ကိုယ်ကျွန်တော်လည်း အမြဲနှိုးဆော်တယ်။ ဘယ်ပြဿနာ အခက်အခဲမျှ အမြဲတမ်း တည်မနေဘူး။ ဘယ်ပြဿနာ အခက်အခဲကမျှ ငါ့ဘဝတစ်ခု လုံးကို ထိခိုက်ပျက်ပြားအောင် မလုပ်နိုင်ဘူး။ ခုတွေ့နေရတဲ့ ပြဿနာဆို တာလည်း ငါသာ အင်နဲ့အားနဲ့ အကောင်းမြင်သဘော၊ အပြုသဘောနဲ့ အဆက်မပြတ် အားထုတ်လှုပ်ရှားမယ်ဆိုရင် ကျော်လွှားလွန်မြောက်နိုင်ရ မှာပဲ။ ပြီးတော့၊ ကျွန်တော် အမြဲတွေးနေမိတာက “ခုလောလောဆယ်မှာ ငါ့အနေအထားက ဆိုးတယ်လို့ ထင်ရပေမဲ့၊ ကျေးဇူးတင်စရာ ကောင်းတာလေး တွေလည်း နည်းတော့မနည်းပါဘူး။ အနည်းဆုံး ငါ့မှာ မိတ်ဆွေကောင်း နှစ်ယောက်တော့ရှိတယ်။ တစ်နည်းပြောရရင် ငါ့မှာ အာရုံနဲ့ပတ်သက်လို့ တစ်ခုမျှ မချွတ်ယွင်းဘူး။ အကောင်းပကတိရှိတာက တစ်ချက်၊ နောက်ပြီးတော့ ငါ့မှာ အသက်ရှူစရာ လေကောင်းလေသန့် ရနေတာကတစ်ချက်”။ ကျွန်တော့် ကိုယ်ကျွန်တော် မပြတ်နှိုးဆော်နေတာက ကိုယ်လိုချင် တောင့်တတဲ့ဟာအပေါ် အာရုံစိုက်ဖို့၊ ပြီးတော့ ပြဿနာ အခက်အခဲတွေကိုချည်း ကြည့်မနေဘဲ ပြေလည်အောင် ဖြေရှင်းနည်းတွေအပေါ်သာ အာရုံစိုက်ဖို့။ အဲဒီနောက် ဘယ် ပြဿနာ အခက်အခဲကမျှ ကျွန်တော့်ဘဝတစ်ခုလုံးကို ထိခိုက်ပျက်ပြားအောင် မလုပ်နိုင်ဘူးဆိုတာကိုလည်း ကျွန်တော် အမှတ်ထင်ထင် ရှိခဲ့တယ်။ ဒီအသိကခုထိကို ရှိနေတာပါ။

          ဒီတော့ ငါ့မှာ ငွေရေးကြေးရေး အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ အလိုမပြည့်မှုတွေ ရှိနေတဲ့အတွက် ငါ့ဘဝကြီးတစ်ခုလုံးတော့ ကတိမ်းကပါး ဖြစ်ပါပြီလို့ ဆက်ယုံကြည်နေစရာ မလိုဘူးဆိုပြီး ကျွန်တော် စိတ်နှလုံး တုံး တုံးချလိုက်တယ်။ ငါ့မှာ အမှားအယွင်း ဘာတစ်ခုမျှမရှိဘူး။ ဒါပေမဲ့ ငါဟာ “ကြားကာလ”ထဲ ရောက်နေတာသာ ဖြစ်တယ်လို့လည်း စိတ်ပိုင်းဖြတ်လိုက် တယ်။ တစ်နည်းပြောရရင်တော့ ကျွန်တော် စိုက်ခဲ့တဲ့ မျိုးစေ့တွေကို အပင်ပေါက်လာအောင် ဆက်ပြီး ပြုစုပျိုးထောင်ချင်သပဆိုရင် လုပ်သင့်တာ တွေ မှန်မှန်ဆက်လုပ်ပေးနေရမယ်။ ဒါမှ လက်ရှိ ကျွန်တော့်ဘဝ ဆောင်းရာသီ ကနေ နွေဦးပေါက်လာတဲ့အထိ လုပ်လိုက်နိုင်ရင် အကျိုးမဲ့ အားထုတ်လုပ် ကိုင်နေတယ်လို့ ထင်ရတဲ့ နှစ်ကာလတွေရဲ့ အသီးအပွင့်တွေကို အဲဒီအချိန်မှာ ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်တယ်လို့ နားလည်ထားတယ်။ ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ ပြတ်သားနေတာ တစ်ခုရှိသေးတယ်။ အဲဒါက လုပ်တော့ဖြင့် ကိုယ်လုပ်နေကျ ကိစ္စတွေကိုချည်း ထပ်တလဲလဲ တစ်သဝေမတိမ်းလုပ်မယ်။ ပြီးတော့မှ မထူးခြားနားတဲ့ အကျိုးရလဒ်ကို မျှော်ကိုးမယ်ဆိုရင် ဒါ အင်မတန် ရူးသွပ်တာပဲ။ ကျွန်တော့်အနေနဲ့ အသစ်အဆန်းတစ်ခုခု လုပ်ကိုလုပ်ကြည့်ရမယ်။ ပြီးရင် ကျွန်တော် လိုချင်တဲ့ အဖြေတွေရတဲ့အထိ တစိုက်မတ်မတ် ဆက်လုပ် နေရမှာပဲပေါ့။

          စာဖတ်သူကို ကျွန်တော် ပါးချင်တဲ့ သတင်းစကားက ရိုးရိုးရှင်းရှင်း လေးပါ။ စိတ်ထဲနှလုံးထဲကနေ တွက်ဆကြည့်ရင် မှန်မှန်းလည်းသိသာပါတယ်။ ရည်မှန်းချက် ပန်းတိုင်ဆီ အရောက်လှမ်းတဲ့နေရာမှာ ပြုလွယ်ပြင်လွယ် သဘောထားလည်းရှိမယ်၊ ပကတိ မဆုတ်မနစ်တဲ့စိတ်နဲ့ အင်တိုက်အားတိုက် တစိုက်မတ်မတ်လည်း လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် အဆုံးမှာ ကိုယ်လိုချင်တောင့်တတဲ့ဟာကို ရမှာပဲ။ ဒါပေမဲ့ ဖြေရှင်းမှုမပါတဲ့ သဘောထားမျိုးကိုတော့ ကိုယ့်ဘက်က လုံးဝစွန့်လွှတ်ရလိမ့်မယ်။ ဒါကြောင့် အသေးအမွှားကိစ္စ ကလေးတွေပဲဖြစ်စေဦးတော့ ကိုယ့်အနေနဲ့ လုပ်မယ်ဆို ဒီကနေ့ ထလုပ်လို့ရတဲ့ လုပ်စရာ ကိုင်စရာတွေအပေါ် ချက်ချင်းလက်ငင်း အာရုံစိုက်မှဖြစ်မယ်။