Skip to product information
1 of 7

Other Websites

မျိုးငြိမ်းဆွေ - ကြည်လင်သောရေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လကလေးဝါဝါ

 

          ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် အိပ်စက်နေတဲ့ည၊ တိမ်စတိမ်မျှင် ကင်းစင်နေတဲ့ညပါ။ လဆန်း ရှစ်ရက်လားကိုးရက်လားပဲ။ သုံးရက်လခုံးမျက်စတဲ့၊ အခုရှစ်ရက်လကတော့ ဖရဲသီးစိတ်ဝါဝါလေးနဲ့တူလိုက်တာလေ။ ဟောဟိုမှာ ကြယ်ကလေးတွေ တစ်၊ နှစ်၊ သုံး၊ လေး၊ငါး..။အဲဒီလိုကြယ်ကလေးတွေနဲ့ဝါကျင့်ကျင့်ဖရဲသီးစိတ် လကလေးရဲ့အောက်မှာ အိမ်ရှေ့ကကွက်လပ်ထဲ ဂစ်တာတီး နေခဲ့တာပေါ့။ တောမြို့ကလေးက ဝင်းကျယ်ကျယ်နဲ့ အိမ်ကလေးမှာဝန်းကျင်ကိုလည်းအားနာစရာမရှိ၊ အမေ့အိမ်ဆိုတော့လည်း ငါ့ရဲ့ဂီတာသံကလေးတေွက ရဲတင်းစွာနဲ့ပဲ ဝန်းကျင်လေထုထဲကို ထိုးဖောက်သွားကြပြီး လေရူးကလေးနဲ့အတူသံစဉ်တွေဟာလည်းရောက်တတ်ရာရာကို လိုက်ပါသွားကြရဲ့။ အဲဒီညကလေးတွေပေါ့။ အမေ့ အိမ်ရှေ့က ကွက်လပ်ကလေးထဲမှာ ပျောက်ရှသွားခဲ့ပါပြီ။

          ဟောဒီမြို့ပြဖရဲသီးစိတ်လရဲ့အောက်မှာ ဖြင့်ပြွတ်သိပ်နေတဲ့ တိုက်အိမ်တွေရဲ့အလယ်က အဆောင်လေးမှာဆိုတော့မဲပြာနေတဲ့ကောင်းကင်ကြီးကိုငေးမောရင်းနဲ့ပဲလကလေးပေါ်တက်ထိုင်ကာ ချင်းတွင်းမြစ်ရဲ့ဟိုဘက်ကမ်းမြို့ကလေးထဲကအမေ့အိမ်ကို လှမ်းကြည့်နေမိပါရဲ့။ဒီအချိန်ဆို အမေတို့အိပ်နေကြရောပေါ့။ ကျွန်တော်ဒီမှာဆိုတော့လည်း ညဉ့်နက်မှ ပြန်လာတတ်တဲ့ သားကြီးကို တံခါးထဖွင့်ပေးစရာ မလိုတော့ဘူးလေ။ ဒါပေမယ့်လည်း အမေအားကိုးတဲ့ သားကြီးကိုတော့ အိပ်မက်ထဲ မှာ တွေ့နေမှာပေါ့။ ဒါမှမဟုတ် တစ်ရေးနိုးမှာ သတိရနေမှာပါ။ 

          အိမ်ကိုပြန်လာဦးမယ် အမေ။ 

         သားမှာငွေကြေးလည်းမပါ၊ အောင်မြင်မှုလည်းမပါ၊အမေနားလည်နိုင်ပါဦးမလား။ တစ်ခေါက်ပြီးတစ်ခေါက် အပြန်လမ်းစရိတ်တွေပေးပေးနေရတဲ့အမေ့ရဲ့“ကျောင်းပြီးတောင်မင့်ဒုက္ခကမငြိမ်းသေးပါလား”ဆိုတဲ့အသံကို ဒီတစ်ခေါက်လည်း ကျွန်တော်ကြားရဦးမလားပဲ။ မဂ္ဂဇင်းတွေထဲမင့်စာတွေ၊ သရုပ်ဖော်ပုံတွေပါလာမလား ငါကြည့်ကြည့်နေရတာ အမောပဲလို့ အဖေကရော ရိဦးမှာလားမသိဘူး။ သူငယ်ချင်း တချို့လည်း ကျောင်းဆရာ၊ တချို့လည်း စီးပွားရေးလုပ်နေသံ ကြားရတယ်။ အမေကတော့ ဒါတွေကြည့်ပြီး ကျွန်တော့်ကို စိတ်ထဲက အပြစ်ဆိုနေမလားပဲ။ ဒါပေမယ့် အမေ့နှုတ်က ဖွင့်ဟအပြစ်မဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဖြင့် အမေနဲ့အဖေကအမြင်ကျယ်တယ်၊ ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးတယ်။ ကျောင်းပြီးရင်ကျောင်းဆရာလုပ်တတ်ကြတဲ့ ကျွန်တော်တို့ မြို့ကနေ ရန်ကုန်ဆင်းပြီး ပန်းချီရေးချင်တယ်ပြောတော့သဘောပဲ။ဒါပေမယ့် အမေတို့ကိုကျတော့ကြွားစရာမဟုတ်တောင်သားကြီးရော၊ ဘယ်မှာလဲ၊ ဘာလုပ်နေလဲလို့ မေးရင်ဖြေဖို့ကလေးတောင် ဆောင်ရွက်မပေးနိုင်ခဲ့ဘူးနော်။ ကျွန်တော်လည်း မပြောတတ်တော့ဘူး။အမေမကြွားတတ်တာသိပါတယ်။ ဒါပေမယ့် အားကိုးတဲ့သားကြီးအတွက် ဂုဏ်ယူစရာလေးတွေတော့အမေ့မှာ ရှိနေသင့်တာပေါ့။ ရုံးသူရုံးသားတွေအချင်းချင်း စကားဝိုင်းဖွဲ့လို့သားသမီးအကြောင်းပြောကြတဲ့အခါအမေ့သားတွေဟာရယ်စရာတွေဖြစ်နေမှာပေါ့နော်။ 

          ကျွန်တော်သိပါတယ် အမေ။

          ရွှေပြည်စိုးက ကျောင်းဆရာလုပ်ပြီး အိမ်ကို လခအကုန်အပ်တယ်။ ဝင်းဇော်က သူ့အိမ်ကဂျစ်ကားနဲ့ လိုင်းဝင်ဆွဲပြီး ဓာတ်ဆီရောင်းတယ်၊ စန်းခိုင်က သူ့အစ်မနဲ့အတူ သီးနှံတွေလှောင်ပြီး မုံရွာမှာ ပွဲစားလုပ်တယ်။ ကျွန်တော်နဲ့အတူကျောင်းပြီးတဲ့သူတွေကအမေ့ရှေ့မှာစီးပွားရှာပြနေကြတော့အမေကျွန်တော့်ကိုပိုပြီးသတိရမှာပေါ့။ သူတို့မိဘတွေက ရုံးမှာ သားသမီးအကြောင်းတွေ ပြောကြမယ်။ ကြွားတယ်ရယ်တော့ မဟုတ်ပါဘူး။ အဖြစ်မှန်ကို ပြောကြတာပါ။ အမေ့အတွက် အဖြစ်မှန်ကတော့ ဖြင့် မြင့်ဆွေကြီး ရန်ကုန်မှာ ဘာလုပ်နေလဲဆိုရင် “အင်း...မဂ္ဂဇင်းတိုက်မှာလုပ်နေတယ်ပြောတာပဲ”လို့ဝေဝေဝါးဝါးအမေဖြေရမှာပေါ့။ ဘာပဲပြောပြောအမေတို့ကတော့သားကြီးကို ခွင့်လွှတ်နိုင်တုန်း၊ ယုံကြည်စိတ်ချနိုင်တုန်းပါပဲ။

          ညဉ့်တော့နက်လာပြီ အမေ။ 

          တိုက်တိုက်ဆိုင်ဆိုင် ဒီညမှာများ အမေတစ်ရေးနိုးပြီး ကျွန်တော်သတိရနေ သလိုပဲ ဟောဒီအချိန်မှာ သားကြီးကို သတိများရနေမလား။ အမေ့မှာလည်းပြောစရာတွေ ပြည့်နေမှာပါ။ “ငါ့မှာ သမီးမိန်းကလေးမရှိတော့ မင့်ပဲမိန်းကလေးသဘောထားတိုင်ပင်ရမှာ”ဆိုပြီးအဖေနဲ့အိမ်ထောင်ရေးကိစ္စ၊မိသားစုကိစ္စ၊အမျိုးသမီးကျန်းမာရေးကိစ္စတွေ ကျွန်တော်နဲ့ တိုင်ပင်နေကျ မဟုတ်လား။ ကျွန်တော် မရှိတော့ အမေ့ရင်ထဲ ပြည့်ကျပ်လို့နေမှာပေါ့။

          အမေနဲ့စကားပြောချင်တယ်။

           ခက်တာပဲ။ အမေက ကျွန်တော့်အဆောင်ကို မရောက်ဖူးတော့ စိတ်ကူးထဲကတောင်လာနိုင်မှာမဟုတ်ဘူး။ ဒီတော့အမေ့ဆီကလည်းမြင်နေရ၊ ကျွန်တော့်ဆီကလည်းမြင်နေရတဲ့ဟောဒီဖရဲသီးစိတ်ကလေးပေါ်ကိုလာခဲ့ပါလား။သားအမိနှစ်ယောက်စကားတွေအေးအေးဆေးဆေးပြောကြရတာပေါ့။ (ကျွန်တော်ဗိုက်တော့နည်းနည်းဆာတယ်။ ထမင်းဆာရင် အမေ့ကိုသတိရတယ်ဆိုတဲ့ ရယ်စရာ စကားလေးဟာ အဆောင်ကျောင်းသားဘဝမှာ ကုန်ဆုံးသွားပြီထင်နေတာ။) အမေက ကျွန်တော်အိမ်မှာရှိတုန်းက တိုင်ပင်သလိုပဲ၊ အဖေ့အကြောင်း၊ မိသားစုကိစ္စ၊ မီးဖိုချောင် ကုန်ဈေးနှုန်းတွေ၊ အမေ့ရုံးကအလုပ်တွေ၊ပြီးတော့ဦးကောဏ္ဍညရဲ့တရားပြကောင်းပုံတွေနဲ့မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ ခွဲခြမ်းစိတ်ဖြာပုံတွေပေါ့။ ကျွန်တော်က အမေပြောပြတာတွေ ပြန်ဆွေးနွေးမယ်၊ ပြီးရင် အမေကြိုက်တဲ့ ဟတ္တိပါလ သတို့သား ရဲ့ တောထွက်ခန်းကို ရွတ်ပြမယ်။

          လကလေးပေါ်ကို လာခဲ့ပါအမေ။

          အမေကတော့ သားကြီးကို သတိရရင် ရန်ကုန်ဆိုတာလောက်ပဲမှန်းပြီး ကြည့် ရမှာပေါ့။ကျွန်တော်ကတော့ လကလေးပေါ်ကနေ ငုံ့ကြည့်လိုက်ရင် လရောင်အောက်မှာ ရေနံချေးမည်းမည်း၊ အရိပ်မည်းမည်းနဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝကနှစ်ထပ်အိမ်လေးကိုလှမ်းမြင်နေရတာပဲ။အိမ်ဘေးကဖုန်ထူတဲ့လမ်းကလေးက ဒီလိုညမှာတော့ လရောင်အောက်မှာ ဖုန်မှုန့်တွေက ငြိမ်သက် အိပ်စက်နေကြလို့။ ကျွန်တော်က အဲဒီလမ်းကနေ ညဉ့်နက်နက်မှာ ထွက်လာတာ တစ်လမ်းတည်းသာရှိတဲ့ ကျွန်တော်တို့မြို့ရဲ့ ကတ္တရာလမ်း မည်းကောက်ကောက် ကလေးပေါ်ရောက်ပါရော။အဲဒီလမ်းဘေးတစ်ဖက်တစ်ချက်စီကတမာပန်းရနံ့တွေကိုရှူရှိုက်ရင်းနဲ့လက်ဖက်ရည်ဆိုင်သွားဖို့ ဆေးရုံရှေ့က သုံးထောပန်းခြံမှာ အဖော်တွေနဲ့ ဂစ်တာတီးဖို့ စက်ဘီးကလေးနင်းလာတာ အခုဆို အဖေတို့ ကျောင်းရှေ့က ကုန်းဆင်း တံတားပေါ်တောင် ရောက်နေပြီပေါ့။

           တစ်လမ်းတည်းသော အဲဒီပေတစ်ဆယ် ကတ္တရာလမ်းကလေးပေါ်မှာပဲ တမာပန်းကလေးတွေဟာ ညဉ့်နက်မှ တိတ်တိတ်ကလေးမွှေးနေကြတာကို ကျွန်တော်တွေ့ရှိခဲ့တာပေါ့။ ဟော အမေနဲ့အဖေကျတော့လည်း အဲဒီ လမ်းကလေး ပေါ်မှာပဲ ကိုယ်ပိုင်ထွက်ပေါက်ကလေးတွေ ရှိခဲ့ကြတာပဲ။

          လမ်းကလေးပေါ်ကနေ အရှေ့ကို တစ်ယောက်၊ အနောက်ကိုတစ်ယောက် သွားကြလို့ အမေနဲ့အဖေရဲ့ အားပြိုင်မှုလေးတွေ ကြီးထွားအောင် ဖန်တီးနေကြသလိုပဲ။ အမေတို့ ကျွန်တော့်ကို ပူသလိုမျိုး လှမ်းပြီးပူမိတယ်။ အဖေက အရှေ့ကျောင်းကုန်း ရပ်မှာ ညနေတိုင်း ချိန်းဝိုင်းကလေးနဲ့သောက်၊ အမေက အနောက်မြေဇွန်ရပ်မှာ အားထုတ်ဖော် ယောဂီတွေနဲ့ ညနေတိုင်းတရားထိုင်၊ တကယ့် အရှေ့နဲ့အနောက်။  အဖေက အရှေ့ကုန်းမော့မော့ ကလေးပေါ်က ဦးခင်မောင်အိမ်ကို စက်ဘီးကလေးစီးပြီး တက်သွား၊ အမေက အနောက်ချိုင့်ဝှမ်းကလေးထဲက မှန်ကင်းကျောင်းကို စက်ဘီး ကလေးစီးပြီး ဆင်းသွားလို့။ ဟုတ်တော့ဟုတ်နေကြပါပြီ။ ညကျတော့ အိမ်ပြန်လာ။ အဖေက ဟောက်သံတွေနဲ့အိပ်စက်၊ အမေက “ဘေးချင်းကပ်လျက် ချစ်လင်မပါ” ဆိုပြီး အရပ်ဆယ်မျက်နှာနေ “အားလုံးသောသတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ”မေတ္တာပို့။အမေကချန်လှပ်ခဲ့ပေမယ့်လည်း အဖေကအမေ့မေတ္တာပို့သံတွေအောက်မှာကျန်းမာချမ်းသာစွာအိပ်စက်လို့။ကျွန်တော်ကတော့ရယ်လည်းရယ်ချင်တယ်၊ စိတ်လည်းမကောင်းဘူး။ အမေက တစ်ဘဝစာ လွတ်မြောက်ဖို့ညစဉ်ဝိပဿနာရှုမှတ်ပြီးအိပ်စက်၊နောက်ပြီး အမေနဲ့အဖေက ငယ်ငယ် ရွယ်ရွယ်ဆိုတော့ အင်း...အမေတို့အိမ်ထောင်ရေး ရေရှည်မှာ အဆင်ပြေပါ့မလားလို့ စဉ်းစားမိတယ်။

          ခက်တာပဲ။ အမေမကြိုက်ဆုံးက အဖေအကြိုက်ဆုံး အရက်သောက်ခြင်း ဖြစ်နေတာပဲ။ ကျွန်တော်ကတော့ နှစ်ယောက်စလုံး မှန်လို့ပါ။ ကိုယ့်ဘာသာတွေ့ရှိထားတဲ့ထွက်ပေါက်ကလေးတွေနဲ့ပေါ့။ကျောင်းဆရာတစ်ယောက် စာအုပ်ဖတ်၊ အရက်သောက်လုပ်တာတောမြို့ကလေးမှာမမှားဘူးအမေ။ သားသမီးတွေက အနားမှာမရှိဆွေမျိုးညာတိ မရှိတဲ့ စာရေးမတစ်ယောက်လည်း ဝိပဿနာရူတာ အဲဒီမြို့ကလေးမှာ မမှားဘူး အဖေ။

          တစ်ခါတစ်ခါတော့လည်း ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ အနားမှာမရှိကြ လို့များ ခြောက်သွေ့သွားတဲ့ အမေနဲ့ အဖေရဲ့ နှလုံးသားတွေ စိုပြည်ဖို့ နည်းလမ်းတွေ အသီးသီးရှာကြတာလားလို့။ အမှန်တော့ အမေ ကျွန်တော်တို့ကို မိန်းကလေး တစ်ယောက်လောက် မွေးပေးဖို့ကောင်းတယ်။ အခု ညီအစ်ကိုသုံးယောက်ဆိုတော့ လည်း အေးစက်စက်၊ ဖွယ်တယ်တယ်နဲ့ပေါ့။ ညီမလေးတစ်ယောက်လောက် ပါရင်တော့ နွေးနွေးထွေးထွေးနဲ့ စုစုစည်းစည်း မိသားစုလေးတစ်ခုရရှိပြီး အမေတို့ နှလုံးသားတွေ စိုပြည်ဦးမှာပါ။

          အခုတော့လည်းညီအစ်ကိုတစ်တွေ ကိုယ့်အစီအစဉ်လေးတွေနဲ့ကိုယ်ရွက်လွှင့်လို့ပါပဲ။ မိဘလည်းမထောက်ပံ့နိုင်၊မိဘဆီကလည်းအထောက်အပံ့မယူနဲ့ပေါ့။တစ်ခါတော့လည်းအမေ့ဖို့ဆိုပြီးမိန်းမလေးတစ်ယောက်လောက်ယူပြီး အိမ်ပြန်နေရ မလားလို့ သာသာထိုးထိုးကလေးစဉ်းစားမိပြန်ရော၊ ဒီလိုဆိုလည်း အမေ ရယ်ဦးမှာပဲ။ အမေ မပြောပေမယ့်မိန်းမမယူစေချင်သေးဘူးဆိုတာကျွန်တော်သိပါတယ်။     ငါ့သားကြီးနှစ်ယောက်ကိုအားကိုးတယ်ဆိုတဲ့စကား ရှိတယ်လေ။ လောကီသားကြီးနဲ့လောကုတ္တရာသားကြီးတဲ့။ အမေကတော့ သိမှာမဟုတ်ဘူး။ အမေ့ ရဟန်းပဏ္ဍိတကဖြင့်ပထမကြီးကျတယ်။ မန္တလေးကို အရင်တစ်ခေါက်ရောက်တုန်းကသူ့ကျောင်းကိုဝင်ခဲ့လို့သိရတာ၊အမေ့ကိုမပြောပါနဲ့ဦးတဲ့။ ပြီးတော့အမေပို့ပေးနေတဲ့ပိုက်ဆံကလည်းသူ့ပရိယတ္တိစာအုပ်ဖိုးထက်ဓာတ်ပုံရိုက်နည်းစာအုပ်ဖိုး ကုန်ကျရတာနဲ့ မလောက်ဘူး ဖြစ်နေတယ်။ အမေအနည်းဆုံးမျှော်လင့်တဲ့ ဓမ္မာစရိယကတော့ သူ့အတွက်အလှမ်းနည်းနည်းဝေးသေးတယ်။ ဒီတော့လည်း လောကီသားအရင်း ဩရသကျွန်တော်က အမေ့နှလုံးသားကို  စိုပြည်လန်းဆန်းစေချင်ပါတယ်။

          ဒါပေမဲ့ ဒီတစ်ခေါက်လည်း ငွေကြေးမပါ။ အောင်မြင်မှုမပါနဲ့၊ ကျွန်တော်အိမ်ကို ပြန်လာဦးမယ်အမေ။ အမေလည်း “ကျောင်းပြီးတောင် မင့်ဒုက္ခကမငြိမ်းသေးပါ လား”ဆိုတဲ့ စကားစုကလေးကို စီထားနှင့်လို့ရပါပြီ။ ဟောဟိုမှာ ကြယ်ကလေး တွေက တစ်၊ နှစ်၊သုံး၊လေး၊ငါး...မည်းပြာရောင်ကောင်းကင်ထဲမှာတော့လကလေးဝါဝါ။

                                                                               ဧပြီလ၊ ၁၉၉၁၊ မြားနတ်မောင်၊ အတွဲ(၂)၊ အမှတ်(၁၀)

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)