မောင်၀ံသ - သမ္မတကတော်၏ဘ၀ခရီး
ဖိနပ်ကြိုးပြတ်ခဲ့ရသောကပွဲသဘင်
၁၈၃၉ ခုနှစ်၏ အေးချမ်းလှသော ဆောင်းညတစ်ညဝယ် စပရင်းဖီးလ် မြို့တော်ခန်းမထဲ၌ ရောင်စုံမီးများ ထိန်ထိန်ညီလျက် ပျော်ပွဲကြီး ခင်းကျင်းလျက်ရှိ၏။ ဂီတသံစုံများသည် ခန်းမထဲမှ ပျံ့လွင့်ထွက်ပေါ်နေ၏။ စပရင်းဖီးလ်မြို့အား အီလီနွိုင်းပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ် လိုက်ခြင်းအတွက် မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူကြီးလူကောင်းများ၏ အောင်ပွဲသဘင် ဆင်ယင်ကျင်းပနေခြင်းပေတည်း။
ဒွိယံ ဒွိယံသော အတွဲများသည် ငြိမ့်ညောင်းသော တေးသံနှင့် အလိုက်သင့် ကနေကြ၏။
မစ္စစ်နီနီယံ အက်ဒွပ်ခေါ် အယ်လဇ္ဇဘက်တော့ဒ်သည် ရွှေပွဲလာ ဂုဏ်သရေရှိ မိန်းမပျိုများအား ထိန်းသိမ်းကြပ်မတ် စောင့်ရှောက်လျက် ရှိ၏။ သူမသည် စပရင်းဖီးလ်မြို့၏ မျက်နှာဖုံးလူကြီးဖြစ်သော မစ္စတာ အက်ဒွပ်၏ဇနီးဖြစ်၏။ မစ္စတာအက်ဒွပ်မှာ အီလီနွိုင်းပြည်နယ် ဘုရင်ခံ၏ သားဖြစ်ရုံမျှမက မြို့မျက်နှာဖုံး လူကြီးလည်း ဖြစ်နေ၍ တစ်ဂုဏ်ပေါ် နှစ်ဂုဏ်ဆင့်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထို့ကြောင့်လည်း အက်ဒွပ် မိသားစုသည် စပရင်းဖီးလ်မြို့၌ လူအများက လေးစားခန့်ညားရသော ရေပေါ်ဆီ လူ့အလွှာဖြစ်နေ၏။
မစ္စစ်အက်ဒွပ်၏အနီးတွင် ပြည့်ဖြိုးလှပသော မိန်းမပျိုတစ်ဦးသည် နီထွေးသော နှုတ်ခမ်းအစုံကို မပွင့်တပွင့်ကလေး နေရာချထားလျက် ပြုံးစစမျက်နှာပေးကို ဆောင်ကာ ခန်းမအလယ်၌ ကနေသည့် အတွဲများ ကို ကြည့်ရှုနေ၏။
ထိုမိန်းမပျို၏ ရွှန်းလဲ့သော မျက်လုံးအစုံသည် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် ယဉ်ကျေးစွာ တွဲကနေသော ယောက်ျားပျိုတစ်ဦး ဆီသို့ တစ်ချက်တစ်ချက် ဝေ့ဝိုက်ရောက်ရှိသွား၏။
ယောက်ျားပျို၏ တုတ်ခိုင်တောင့်တင်းသော ခန္ဓာကိုယ်နှင့် ပြည့်ဖြိုးသော မျတ်နှာမှာ နုပျိုခြင်း ဂုဏ်ပုဒ်ကိုဆောင်လျက်ရှိ၏။ အသတ်အရွယ် မှာ ၂၆ နှစ်ခန့်သာ ရှိဦးမည်ဖြစ်၏။ သို့ရာတွင် သူ၏ အရေးပါမှုမှာ ကပွဲထဲ၌ပင် ပေါ်လွင် ထင်ရှားနေသည်။ ကနေကြရင်း သူတို့အတွဲနှင့် ကပ်၍ ဖြတ်သန်းသွားသော အတွဲများသည် ထိုယောက်ျားပျိုအား လှမ်း ကြည့်ကာ အပြုံးကိုယ်စီဖြင့် ခေါင်းညိတ် နှုတ်ဆက်သွားတတ်ကြ၏။ စောင့်ကြည့်နေသော မိန်းမပျိုသည် အနီးရှိ မစ္စစ်အက်ဒွပ်၏ လက်မောင်းကို အသာထိတို့ကာ တီးတိုးမေးလိုက်၏။ 'မမ .. သူ ဘယ်သူလဲ... ဟင်”
မစ္စစ်အတ်ဒွပ်က မိန်းမပျို၏ မျက်စိသွားလမ်းကို မသိမသာ တိမ်း ကြည့်လျက် တီးတိုးပြန်ဖြေလိုက်၏။ “စတီဖင် ဒေါက်ဂလပ်စ် ဆိုတာပဲ မေရီရဲ့၊ ညီမလေး မျက်စိက လမ်းမှန်ကမ်းမှန် သွားတတ်သားပဲ။ သူက ဒီမြို့မှာ နှင်းဆီခိုင် ဖြစ်နေတာ ကြာပြီ။ ဒီအရွယ်ကလေးနဲ့ အခုဆို ပြည်နယ်အတွင်းဝန်တောင် ဖြစ်နေပြီ"
မစ္စစ်အတ်ဒွပ်၏ အသံမှာ ကျေနပ်အားရနေဟန်ရှိ၏။ ညီမဖြစ်သူ ၏ မျက်လုံးအကြည့် မှန်ကန်ပုံကိုပင် ချီးကျူးလိုက်သေး၏။ ထိုခေတ် ထိုအခါက အထက်တန်းလွှာ မိန်းမပျိုများသည် ခုလို မင်းပေါင်းစုံညီ
သော ကပွဲများ၌ ကြင်ရာလောင်း ရှာဖွေတတ်ကြသည်မှာ ဓလေ့ထုံးစံ တစ်ခုကဲ့သို့ပင် ဖြစ်ခဲ့၏။ မိန်းမပျိုများက ယောက်ျားပျိုများထဲမှ ကြီးပွား တိုးတက်ရန် အလားအလာ အကောင်းဆုံးဟု ယူဆသော ဖူးစာရှင်လောင်း ကို စိစစ်ရွေးချယ်တတ်ကြသလို၊ ယောက်ျားပျိုများကလည်း မိန်းမပျို များစွာတို့အထဲမှ ကတော်ဆယ်ပါး၌ တစ်ပါးအပါအဝင် ဖြစ်နိုင်မည့် “လှမကိုဋ်' ကို စိတ်ကြိုက် ရွေးချယ်တတ်ကြ၏။
“မေရီ' သည် စတီဖင်ဒေါက်ကလပ်ခေါ် စပရင်းဖီးလ်မြို့၏ နှင်းဆီခိုင် အား မျက်စိကျမိပြီဖြစ်သော်လည်း စတီဖင်ကား မေရီတို့ထံသို့ လုံးဝ မျက်စိ လမ်းမသင့်သေးချေ။ သူသည် မိမိအား ဝိုင်းဝိုင်းလည်နေသော အမျိုးသမီး များနှင့် အလှည့်သင့်သလို တွဲကလျက်ရှိ၏၊
မေရီသည် စတီဖင်ဒေါက်ဂလပ်စ်နှင့် ရင်ချင်းအပ်၍ ကနေသော အမျိုးသမီး၏ နေရာ၌ စိတ်မှန်းနှင့် နေရာယူကြည့်ရင်း ရင်ကလေးများ ဖိုလာ၏။ စတီဗင်၏ နှာသီးဝမှ ထွက်ပေါ်လာမည့် လေနွေးနွေးကလေး မိမိ၏ နဖူးပြင်သို့ တို့ထိ ကစားသွားလေမလားဟူ၍ တွေးမိကာ ကြက်သီး များပင် ထလိုက်သေး၏။
ယခုအတွဲနှင့် ကပြီးလျှင် စတီဖင်သည် မိမိအား တွေ့မြင်ပြီး အနီး သို့ ညင်သာစွာ လျှောက်လာကာ ယဉ်ကျေးစွာ ဦးခေါင်းညွှတ်လျက် “ဒီက လှနတ်မယ်ကလေးနဲ့ ကျွန်တော် ကပါရစေလားခင်ဗျာ” ဟူ၍ ခွင့်ပန်လာ လျှင် ဘယ်လို မျက်နှာထားကလေးနဲ့ ခွန်းတုံ့လှယ်ရမလဲဟူ၍လည်း မေရီက တွေးနေမိ၏။
'မစ္စတော့ဒ် ... ကျွန်တော် ခင်ဗျားနဲ့အတူ ကချင်ပါတယ်၊ ခွင့်ပြု ပါ ခင်ဗျား”
မေရီ တွေးလို့ ကောင်းနေချိန်တွင် ညင်သာသော်လည်း အက်ကွဲ သော အသံတစ်သံကြောင့် ရုတ်တရက် လန့်နိုးသွားရ၏။ အသံရှင်ကို လည်း မျက်နှာကလေး မှုန်မှုန်ဖြင့် ကြည့်လိုက်မိ၏။ ကြည့်လိုက်သည် ဆိုရာတွင် မျက်နှာကို မြင်တွေ့နိုင်ရန် ဦးခေါင်းကို အတော်ပင် မော့၍ ကြည့်ရခြင်းဖြစ်၏။ ထိုသူသည် မော်ကြည့်လောက်အောင်လည်း အရပ် အမောင်း ကလန်ကလားနှင့် ရှည်လျားလှ၏။ ပါးသွယ်နားသွယ်များချောင်ကျနေသော သူ့မျက်နှာမှာ နှုတ်ခမ်းအစုံက ပြုံးနေသော်လည်း မျက်လုံးအစုံက မှုန်ရီအုံ့မှိုင်းလျက် ရှိ၏။
“ကျွန်တော်က သိပ်မကတတ်သေးလို့ ခင်ဗျားအတွက် အနှောင့် အယှက်ဖြစ်ရင် ဖြစ်နေမှာပဲ၊ ဒါပေမဲ့ ကျွန်တော့်ကို အညံ့ဆုံးနည်းနဲ့ပဲ ကခွင့်ပေးပါလား' ဟု ထိုသူက ဆက်လက်ခွင့်ပန်နေ၏။
မေရိက အနီးရှိ အစ်မဖြစ်သူဘက်သို့ ယိမ်းငဲ့၍ လှည့်ကြည့်လိုက်၏။ အဓိပ္ပာယ်မှာ “ဘယ်သူလဲ၊ အတူ ကခွင့်ပေးလောက်တဲ့ အဆင့်အတန်း ရှိရဲ့လား'
မစ္စစ်အက်ဒွပ်က တည်သယောင်ယောင်ဖြစ်သွားသော သူမ၏ မျက်နှာကို ချက်ချင်း ပြုံးရိပ်ဆင်လိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းကာ ရွှင်ချီသော အသံဖြင့် မိတ်ဆက်ပေး၏။
'အို မစ္စတာလင်ကွန်းပါလား၊ ခုနက မတွေ့ပါဘူး ဘယ်နေရာ သွားပုန်းနေသလဲ၊ ဒီမှာ . . မေရီ၊ သူက မစ္စတာလင်ကွန်း နာမည်ကျော် ရှေ့နေတစ်ယောက်ပဲ၊ ကိုယ်တို့ စပရင်းဖီးလ်မြို့ကို ပြည်နယ်မြို့တော် ဖြစ်အောင် ကြိုးစားခဲ့ကြတဲ့အထဲမှာ မစ္စတာလင်ကွန်းက အတက်ကြွဆုံး ဦးဆောင်ခဲ့တယ်။ မစ္စတာလင်ကွန်း ဒါက ကျွန်မ ညီမအရင်း မေရီတော့ဒ်ပါ။ လတ္တဇင်တန်က ဒီကို ပြောင်းလာတာ လပိုင်းပဲ ရှိသေးတယ်။ မေရီရေ မစ္စတာလင်ကွန်းကလည်း ကင်တပ်ကီနယ်ကပဲကွယ့်။ ကိုယ်တို့ တစ်နယ်တည်းသားချင်း ဆုံမိကြတာပေါ့။
လင်ကွန်းက မေရီအား ရွှန်းရွှန်းစားစား ကြည့်၍ ထပ်မံဦးညွှတ်လျက် အသိအမှတ် ပြုလိုက်၏။ မေရီသည် အစ်မဖြစ်သူ၏ စကား အသွား အလာအရ မစ္စတာလင်ကွန်းသည်လည်း “အရေးပါသူ တစ်ဦးဖြစ်ကြောင်း တွက်ဆလျက် ဖော်ရွေသော အပြုံးဖြင့် တုံ့ပြန်နှုတ်ဆတ်၏။ ထို့နောက် လင်ကွန်း ကမ်းပေးသော လက်ကို လက်ဖျားကလေးများဖြင့် ထိသည်ဆိုရုံ အားပြု ကိုင်တွယ်လျက် ခန်းမ အလယ်ဆီသို့ ထွက်ခွာလာခဲ့၏။ ကကွက် ခြေလှမ်းစလိုက်သည်နှင့် မစ္စတာလင်ကွန်းသည် ၀ေါ့ဇ်အကကို အခြေခံ အဆင့်ပင် မတတ်ကျွမ်းကြောင်း မေရီက ရိပ်မိလိုက်ပြီး စိတ်ပျက် လက်ပျက် ဖြစ်သွား၏။ လင်ကွန်း၏ ရင်ခေါင်းနားဆီ၌ အပြုံးဖြင့်မော် ထားရသော မျက်နှာကလေး မရှုံ့မိအောင် ဣန္ဒြေဆောင်နေရ၏။
မစ္စစ် အက်ဒွပ်သည် လင်ကွန်းနှင့် မေရီအတွဲကို လှမ်းကြည့်ရင်း အေဗရာဟင်လင်ကွန်း၏ အကြောင်းကို အတွေးရောက်သွား၏။
လင်ကွန်းသည် ဤမြို့သို့ ရောက်ခါစ၌ အညတြရှေ့နေပေါက်စ တစ်ဦးသာ ဖြစ်သော်လည်း နှစ်နှစ်ခန့်အတွင်း ထင်ရှားသူတစ်ဦး ဖြစ် လာပုံကို စဉ်းစားမိ၏။ လင်ကွန်းသည် နိုင်ငံရေး အလုပ်များနှင့် နစ်မွန်း နေသော ရှေ့နေကြီး ဂျွန်စတူးဝပ်၏ လက်ထောက်ဘဝမှ ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစား လုပ်ကိုင်ရင်း နာမည်တက်လာခဲ့၏။ မကြာမီမှာပင် ပြည်နယ်ဥပဒေကောင်စီ၌ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့၏။ သူ၏ လုပ်ရည် ကိုင်ရည်နှင့် ပေါင်းသင်း ဆက်ဆံရေးသည် နိုင်ငံရေးသမား ဖြစ်လာရန် အံဝင်ခွင်ကျ ဖြစ်နေ၏။ ထိုအချိန်၌ အီလီနွိုင်းပြည်နယ်၏ မြို့တော် အဖြစ် ဗန်ဒါလီယာမြို့မှ စပရင်းဖီးလ်မြို့သို့ ပြောင်းလဲ သတ်မှတ်ရန်စပရင်းးဖီးလ်နယ်သားများက အရေးဆိုသော လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ရာ လင်ကွန်းသည် အတက်ကြွဆုံး ဦးဆောင်ခဲ့၏။ တရားပွဲများ နှင့် အစည်းအဝေးများတွင် ချက်ကျလက်ကျ ပြောတတ်ဆိုတတ်သော လင်ကွန်း၏ သတင်းသည် စပရင်းဖီးလ်မြို့သူမြို့သားများ အကြား၌ ပျံ့မွှေးလာလေ၏။
လင်ကွန်းသည် ရပ်ကျိုးရွာကျိုး လုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင် နေပြီ ဖြစ်သော်လည်း “လူတွင်ကျယ်” တစ်ဦးအဖြစ် နေထိုင်ခြင်းမပြု။ သူ၏ ရင်းနှီးသော အပေါင်းအသင်းများမှာဂျို ရှာစပိဒ်၏ ဆိုင်နောက်ဖေး ခန်းသို့ ညနေတိုင်း လာရောက် စုဝေးကာ နိုင်ငံရေး လူမှုရေး ရောက် တတ်ရာရာတို့ကို ဝေဖန်ခြင်း လေကန်ခြင်း ပြုနေကြသော အသိုင်းအဝန်း ကလေးမျှသာ ဖြစ်၏။ ထိုလူစုမှာ အများအားဖြင့် လင်ကွန်း၏ခေါင်းဆောင် ရှေ့နေကြီး ဂျွန်စတူးဝပ်နှင့် ပတ်သက်သူများဖြစ်လေရာ ဂျွန်စတူးဝပ်မှာ နိုင်ငံရေးအားဖြင့် ဝှစ်ပါတီ (ရီပတ်ဗလီကင်ပါတီ) ဘက်သား ဖြစ်သည့်အတိုင်း လင်ကွန်းတို့၏ စကားဝိုင်းများမှာလည်း ဝှစ်ပါတီနှင့် ပတ်သက်သော အကြောင်းအရာများ အများဆုံး ပါဝင်ခဲ့လေ၏။ ဤသို့
အားဖြင့် လင်ကွန်းသည် ၀ှစ်ပါတီနှင့် အနီးစပ်ဆုံး ဖြစ်လာပြီး နိုင်ငံရေး နယ်သို့ ကူးပြောင်းရန် ထက်သန်စပြုလာလေ၏။
ထိုအချိန်၌ စပရင်းဖီးလ်မြို့ အား မြို့တော်ဖြစ်စေရေး လှုပ်ရှားမှုတွင် လင်ကွန်းသည် လူစွမ်းလူစ ပြနိုင်ခဲ့ပေရာ လူစွမ်းလူစ ပြနိုင်သူများအတွက် လမ်းပွင့်နေသော နိုင်ငံရေးနယ်ပယ်၌ သူသည် အလားအလာ ကောင်းသူ တစ်ဦး ဖြစ်လာလေတော့၏။
မစ္စစ် အက်ဒွပ်သည် လင်ကွန်း၏ ဟောပြောဆွေးနွေးချက်များကို အတော်များများ နားထောင်ဖူးရာ အာဝဇွန်းကောင်းသလောက် ချက်ကျ လက်ကျ ပြောတတ်ပုံကို အထူးသဘောကျခဲ့၏၊ စပရင်းဖီးလ်မြို့သည်လင်ကွန်းအတွက် အစိမ်းသက်သက်လို ဖြစ်နေသော်လည်း စပရင်းဖီးလ် မြို့ဇာတိဌာနေများထက် လင်ကွန်းက ပို၍ ပိုင်ပိုင်နိုင်နိုင် အမွှမ်းတင်နိုင် သည်ကို ကြားနာခဲ့ရ၏။ မြို့၏ တည်နေရာ အကွက်အကွင်း၊ လမ်းပန်း ဆက်သွယ်ရေး နယ်အတွင်း ကုန်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်ရေး စသည်ဖြင့် အချက်အလက်များစွာကို အထောက်အထားပြီး သကာလ၊ ဤမြို့ကို မြို့တော် မသတ်မှတ်လျှင် ပြည်နယ် ခေါင်းဆောင်လုပ်နေသူ များသည် နောင်သောအခါမှ တစ်သက်လုံး နောင်တရစရာ ဖြစ်ကြရချိမ့် မည်ဟူသော စကားလုံးများဖြင့် လင်ကွန်းက မိန့်ခွန်းများ ပြောကြားခဲ့ရာ စပရင်းဖီးလ်မြို့သူမြို့သားများ၏ သြဘာလက်ခုပ်သံများဖြင့် ခြိမ့်ခြိမ့်ညံ ခဲ့ဖူးလေ၏။
ကပွဲပြီးဆုံးသွားသဖြင့် ဩဘာ လက်ခုပ်သံများ ထွက်ပေါ်လာ၏။ မစ္စစ် အက်ဒွပ်သည် ခန်းမအလယ်ရှိ စုံတွဲများထဲ၌ ညီမဖြစ်သူကို ရှာဖွေရာ ပထမဦးစွာ လင်ကွန်း၏ ထင်ရှားလှသော အရပ်ကြီးကို လှမ်းတွေ့လိုက်ရ ၏။ သူ့ပခုံးစွန်းအနီးတွင် မေရီ၏ နုပျိုသော မျက်နှာကလေးကို တွေ့မြင် ရ၏။ သူတို့နှစ်ဦးသည် မစ္စစ်အက်ဒွပ်ဆီသို့ လျှောက်လာကြ၏။ လင်ကွန်း ၏ မျက်နှာမှာ ကျေနပ် ရွှင်လန်းလျက်... ။ မေရီကမူ ရင်ထဲ မကြည် သော်လည်း ကြိုးစား၍ ပြီးမျက်နှာဖုံး ဆင်ထားရဟန်ရှိ၏။
မစ္စစ်အတ်ဒွပ်အနီးတွင် မေရီ အား အပ်နှံခဲ့ပြီး လင်ကွန်းက ဦးညွှတ် နှုတ်ဆက်လျက် ထွက်ခွာသွား၏။ မစ္စစ်အက်ဒွပ်က မေလို့ အား အကဲခတ် သော အကြည့်ဖြင့် ကြည့်လိုက်၏။ အဓိပ္ပာယ်မှာ “ဘယ့်နှယ်လဲ ဟန်ကျရဲ့လား”
မေရီက နှုတ်ဖြင့် အဖြေ မပေးသေးဘဲ သူမ၏ ညာခြေထောက် ကလေးကို ပြန့်ကားသော ဂါဝန်ရှည်ကြီး၏ အောက်နားရှေ့သို့ မသိမသာ ထိုးပြလိုက်၏။ ပန်းနုရောင် ဖိနပ်ကြိုးလှလှကလေးတစ်ဖက် ပြုတ်ထွက် နေသည်ကို တွေ့ရ၏။ ဖိနပ်ကြိုး ပြတ်အောင် အနင်းခံရသည်ကို ထောက် ချင့်လျှင် ခြေဖမိုး၏ အခြေအနေကို တွက်ဆနိုင်ပေလိမ့်မည်။
မေရီက မချိပြုံးပြီး၍ အစ်မဖြစ်သူအား ပြောလိုက်၏။ “အင်း. သူ ပြောတဲ့အတိုင်း တကယ့်ကို အညံ့ဆုံးနည်းနဲ့ ကသွားတာပဲ”
မစ္စစ်အက်ဒွပ်သည် မေရီ ဖြစ်အင်ကို ကြည့်၍ ရယ်ချင်စိတ် ပေါက်လာ၏။ ရယ်ရမလို ငိုရမလိုနှင့် ကသိကအောက် ဖြစ်နေသော မေရီ မှာ အစ်မ၏ မျက်နှာကိုကြည့်၍ ရှက်ဒေါသဖြင့် ခြေကို ဖွဖွဆောင့်ကာ လှည့်ထွက်သွားလေ၏။ တတ်နိုင်လျှင် လင်ကွန်းဆိုသော ထိုလူကြီးအား ကလဲ့စား ချေသည့်အနေဖြင့် သူ့ခြေထောက်ကြီးများအပေါ် ဆောင့်၍ ဆောင့်၍ နင်းပစ်လိုက်ချင်လေမလားမသိ။