မောင်၀ံသ - ပြောချင်လွန်းလို့
လောလောဆယ် နိုင်ငံရေး နယ်ထဲမှာ ဘယ်လို လူတွေ များသလဲ
သည်ခေါင်းစဉ်ပေးဖို့ ရေးချလိုက်ပြီးမှ သင့်မသင့် တော်တော်ပြန်စဉ်းစားရသေးသဗျ၊ ကျွန်တော့် ခေါင်းစဉ်က ယခုလက်ရှိ ပင်ပန်းကြီးစွာ ရုန်းကန် ကြိုးစားနေကြတဲ့ နိုင်ငံရေးသမားတွေကို ထိပါးနိုင်သလား။ ရိသဲ့သဲ့ ပြောရာ ရောက်သွားနိုင်သလားလို့ စဉ်းစားရတာပါ၊ ရုတ်တရက်ကြည့်ရင်“လောလောဆယ်နိုင်ငံရေးနယ်ထဲမှာဘယ်လို လူတွေများသလဲ” ဆိုတာနည်းနည်းလေးအဆိုးမြင်သလိုများ ဖြစ်သွားလေမလားပဲ ဒါပေမဲ့ကျွန်တော့်အနေနဲ့သည်ခေါင်းစဉ် တင်လိုက်မှလိုရင်းရောက်အောင်သုံးသပ်လို ရမှာဖြစ်လို့ သည်ခေါင်းစဉ်အောက်ကပဲ ဆက်ပြောပါရစေဗျာ " ပထမဦးဆုံး ပြောချင်တာက ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကိုရော နိုင်ငံရေးသမား တွေကိုရော၊ တစ်သီးပုဂ္ဂလတွေကိုရော ကျွန်တော့်အနေနဲ့ လုံးဝ မဆန့်ကျင်ပါဘူး၊ ရွေးကောက်ပွဲ ဝင်ရကောင်းလားဆိုပြီး အပြစ်မတင်ပါဘူး၊ “ ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်း၊ မဲပေးခြင်း မပေးခြင်းဟာ လူတစ်ဦးချင်းရဲ ဆုံးဖြတ်ပိုင်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့နားလည်ထားတယ်ပြီးခဲ့တဲ့အပတ်ပြည်သူ ခေတ်ဂျာနယ်မှာ ဆရာဖေမြင့် တဲ့ “ဝီစကီ စာနယ်ဇင်းသမား ရပ်တည်ချက်မျိုးနဲ့ ပြောတာ မဟုတ်ပါဘူးဗျ။ (“အယ်ဒီတာ ခေါင်းကြီး” ဆိုတဲ့ အဲဒီဆောင်းပါးလေး မဖတ်ရသေးရင် ရှာဖတ်ကြည့်ဗျာ အတော်ကောင်းတယ်) ။
ကျွန်တော်က စာနယ်ဇင်းသမားဘဝမှာ မြှုပ်နှံပြီး စာရေးခြင်း အလုပ်ကိုပဲ ဖိလုပ်နေပေမယ့်နိုင်ငံရေး ပိုးလေးတွေက ခန္ဓာကိုယ်တွင်းမှာရွစိရွစိနဲ့ကျန်နေတုန်းပဲ၊ ဆိုင်းသံကြားရင် ထကချင်တဲ့ ဝါသနာအိုးလို ဖြစ်နေတာကိုး။
ကျွန်တော်ကတော့ လက်ရှိ အနေအထားမှာ ကိုယ့်ကိုယ်ကိုယ် ဘာနဲ့တူသလဲ စဉ်းစားတော့ ကမ္ဘာ့ဖလားပွဲ ကာလမှာ ပြောနေတာဆိုတော့ ဘောလုံးပွဲကို ကွင်းထဲ သွားထိုင်ကြည့်နေတဲ့ ဘောလုံးသမားဟောင်း တစ်ယောက်နဲ့ ပြီးတူနေတယ်လို့ ထင်မိတယ်ကိုယ်တိုင်ဘောလုံးကန်နေတုန်းကအသုံးကျချင်မှကျမယ်သူများတွေ ကန်တာ ထိုင်ကြည့်တဲ့အခါ လစ်ကွက် ဟာကွက်တွေကို တယ်မြင်တတ်တာကိုး။
ဘောလုံးပွဲနဲ့ နိုင်းပြီး ပြောနေတာဆိုတော့ ဂျာနယ်ကြီးတစ်စောင်က လောလောဆယ် နိုင်ငံရေးသမားတွေကို “လူသစ်တန်းတွေ”လို့ သုံးနှုန်းလိုက်တာ သတိထားမိတယ်ဗျ။ “လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သူ အများစုက ရွေးကောက်ပွဲကို ပါဝင် ဆင်နွှဲခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် လူသစ်တန်းများ နိုင်ငံရေးဝင်လုပ်သည့် ရွေးကောက်ပွဲ ဖြစ်လာရသည့်အချက်” လို့ ရေးထားတယ်၊ (Voice ဂျာနယ်၊ ၅ဇူလိုင် ၂၀၁၀)၊ သည်အချက်ကို ဖတ်ပြီး ကျွန်တော် သုံးသပ်ထားမိတာလေးတင်ပြရရင် တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာလူသစ်တန်းတွေများနိုင်မှာ ဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော် အဆင့်မှာတော့ လူသစ်တန်းနည်းလိမ့်မယ် ထင်တယ်။ အနည်းဆုံး နှစ်နှစ်ဆယ် နိုင်ငံရေးအတွေ့အကြုံ ရှိသူတွေက အင်အားပိုများမယ် ထင်တယ်ဗျာ။ပါတီ တည်ထောင်သူတွေအကြောင်းဂျာနယ်တွေက တာဝန်ကျပွန်စွာ ဖော်ပြခဲ့ကြလို့ သိရသမျှဆိုရင် ဝါရင့် သမ္ဘာရင့်တွေ အတော်များများတွေ့ရတာပဲ။
လူသစ်တန်းဆိုတာ အတွေ့အကြုံ နည်းပါးသေးသူ၊ နိုင်ငံရေးနယ်ထဲ ခုမှ ဝင်သူတွေကိုဆိုလိုတာဖြစ်မယ်။ လက်တွေ့ နိုင်ငံရေးနယ်မှာ လူသစ်တန်းကနည်းပြီး လူဟောင်းတန်းကပိုများဖို့အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့အခုအချိန်ဟာ တိုင်းပြည် တည်ဆောက်ချိန်ဖြစ်လို့ဥပဒေပြုရေးတာဝန်ကိုအဓိကထမ်းဆောင်ကြရမယ့် ပြည်သူ့ကိုယ်စားလှယ်လောင်းတွေဟာ သာမန်လူတွေထက် အရည်အချင်း ပိုပြည့်စုံသူတွေ ဖြစ်ဖို့လိုတယ်။ ကရော်ကမယ် ရွက်ကြမ်းရေကျို လောက်နဲ့တော့ ပြည်သူ့ကိုယ်စားလှယ်လုပ်ဖို့ စိတ်မကူးသင့်ဘူး။ ရွေးကောက်ပွဲဝင်ဖို့ ငွေကျပ် ငါးသိန်း စိုက်ထုတ်တင်သွင်းနိုင်သူ ဖြစ်ရုံနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပြည့်စုံသွားပြီလို့ မထင်နဲ့။လွတ်လပ်ရေး တိုက်ပွဲဝင်နေတဲ့ အချိန်တုန်းကတော့ တစ်မျိုးပေါ့ဗျား ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် ဖဆပလ အမတ်လောင်းတွေ ရွေးတော့ အရွေးခံရတဲ့ ၁၈၂ ယောက်ထဲမှာ လူငယ် ၆ဝ ကျော် ပါတယ် ဗိုလ်ချုပ်အောင်ဆန်းက “အခုလာမယ့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်တဲ့ လူ ၂၀၀၀ ကျော်မှာ လက်ရွေးစင် ၁၈၂ ယောက် ရွေးခဲ့တယ် အဲဒီ ၁၈၂ ယောက်မှာ ၆၀ ကျော်ဟာ မလိမ်မညာတတ်သေးတဲ့ ပြည်သူ့ ရဲဘော် လူငယ်တွေချည်းပဲ။ ကျန်တဲ့ လူတွေဟာလည်း တကယ် တစ်နေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုရင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့လူတွေချည်း ပဲလို့ကျုပ်ယူဆတယ်။
ဒါပေမဲ့ ဗုံးကြတဲ့နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူ အရပ်သားတွေ ထိသွားသလို အချောင်သမား တစ်ယောက်တလေ ပါချင်ပါလိမ့်မယ်။ ဒီလောက် တိုတောင်းတဲ့ ရက်မှာ ဒီလောက်ပဲ စိစစ်ပြီးတော့ရွေးနိုင်မယ် ကျုပ်တို့ ရွေးလိုက်တဲ့လူထဲမှာသစ္စာဖောက်မယ့်သူ နည်းတယ်ဖောက်ရင်လည်း ကျုပ်တို့ကတာဝန်ယူတယ်”
(၁၇ မတ် ၁၉၄၇ မော်လမြိုင်လူထုကိုပြောတဲ့ မိန့်ခွန်း)
“ယခု လွှတ်တော် အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး၊ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့လူကိုပဲ လိုတယ်။နောင်အခါကျမှကြည့်ပြီး စာတတ်တွေနဲ့စီမံရမှာပဲ အခု စာတတ်တွေရွေးလိုက်ရင် စကားများနေကြမှာပဲ၊ လွတ်လပ်ရေး စခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး (၂၁ မတ် ၄၇ မုံရွာ)
စသည်ဖြင့်မိန့်ကြားခဲ့တာတွေဟာအချိန်ကာလနဲ့လျော်ညီစွာ လိုအပ်တဲ့ နိုင်ငံရေး သမား အမျိုးအစားကို ထင်ဟပ်နေတာပဲဗျ။ လွတ်လပ်ရေးတိုက်ပွဲ အရေးတကြီး ဖြစ်နေချိန်မှာ ဖဆပလခေါင်းဆောင်များရဲ့ ဦးဆောင်မှု နောက်ကနေ မသွေမဖည် မတွန့်မဆုတ် လိုက်ပါမည့် နောက်လိုက်ကောင်းတွေကိုပဲ ခေါင်းခေါက်ရွေးခဲ့တာ ဖြစ်တယ်။ မလိမ်မညာတတ်ခြင်း၊ စာတတ်(ပညာတတ်)မဟုတ်ပေမယ့် တိုက်စရာရှိ တိုက်ရဲခြင်း၊ စသည်တို့ဟာ ထိုခေတ် ထိုကာလက နောက်လိုက် နိုင်ငံရေးသမားများရဲ့ အရည်အချင်း ဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ်မိန့်ခွန်းကနေ ကောက်ချက်ချမိတယ်ဗျာ။
အဲသလိုအနေအထားမှာခေါင်ဆောင်ကောင်းတွေရှိနေခြင်းဆိုတဲ့အချက်အလက် ကတော့ အလွန်အရေးကြီးတယ်။ရွက်ကြမ်းရေကျို ခေါင်းဆောင်မှုမျိုးနဲ့ဆိုရင်တော့
နောက်လိုက်တွေကဘယ်လောက်အသေခံလုပ်လုပ်ရည်မှန်းချက် ပေါက်မြောက်မှာ မဟုတ်ပေဘူးပေါ့ဗျာ။
အခု ကျွန်တော့်ဆောင်းပါးကို “လောလောဆယ် နိုင်ငံရေးနယ်ထဲမှာ ဘယ်လို လူတွေများသလဲ” လို့ ခေါင်းစဉ် တပ်ထားပေမယ့် ကျွန်တော်က အဖြေထုတ်ပေးဖို့ မရည်ရွယ်ပါဘူး။စာဖတ်သူများအနေဖြင့် မိမိဘာသာသုံးသပ်ကြည့်ကြဖို့ အလုပ်ရှုပ် ခိုင်းလိုက်ခြင်း ဖြစ်ကြောင်းပါဗျာ။
ပြည်သူ့ခေတ်ဂျာနယ် ၁၅ ဇူလိုင် ၂၀၁၀ အတွဲ ၁ အမှတ် ၂။