Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ဝဏ္ဏ - မည်သည့်လူမျှမျောက်မဟုတ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကျွန်တော်သည် မျောက် မဟုတ်ပါ

ပထမဦးစွာ မည်သည့်လူမျှ မျောက် မဟုတ် ဆိုတာကို ဆွေးနွေးချင်ပါတယ်။ ဒီအဆိုဟာ ရိုးရိုးရှင်းရှင်းလေးပါ။ သဘောမပေါက်စရာအကြောင်း မရှိပါ။ လောဂျစ်နည်းနဲ့ ဆင်ခြင်ကြည့်ရင် ဒီလိုဖြစ်ပါတယ်။

အားလုံးသော မျောက်များသည် တိရစ္ဆာန်များ ဖြစ်ကြ၏။

မည်သည့်လူမျှ တိရစ္ဆာန် မဟုတ်။

ထို့ကြောင့် မည်သည့်မျောက်မျှ လူ မဟုတ်။

ဒါကိုပဲ နောက်တစ်နည်းနဲ့ပြောရရင် မည်သည့်လူမျှ မျောက် မဟုတ်ပေါ့ ။

ကျွန်တော်တို့ကို ဆရာတွေသင်ခဲ့တာက ဘယ်အဆိုအမိန့် (အယူအဆ) ကိုဖြစ်ဖြစ် စဉ်းစားဆင်ခြင်ကြည့်ပါ။ သဘောတူရင် ယာယီ လက်ခံပါ။ သဘောမတူရင် ယာယီ ငြင်းပယ်ပါ။ အဲဒါ အကျဉ်းချုပ်သဘောပါပဲ။ ဘာကြောင့် ယာယီလို့ပြောရသလဲ။ တစ်ချိန်တုန်းက အမှားလို့ ယူဆခဲ့တာတွေဟာ အခြား ကာလတစ်ခု၊ ဒေသတစ်ခု၊ အခြေအနေတစ်ခုကျရင် မှန်သွားနိုင်ပါတယ်။

ဒီအတိုင်းပဲ တစ်ချိန်က အမှန်လို့ယူဆခဲ့တာတွေဟာ တခြား ကာလ၊ ဒေသ၊ အခြေအနေတစ်ခုခုရောက်ရင် မှားသွားနိုင်ပါတယ်။ ။

အရှင်းဆုံးဥပမာကတော့ ရှေးတုန်းက ကမ္ဘာမြေကြီးဟာ အပြား ကြီးလို့ ယုံကြည်ခဲ့ကြတယ်။ အခု အလုံးကြီးဆိုတာ သိပ္ပံပညာရှင်တွေက ခိုင်ခိုင်လုံလုံ သက်သေပြခဲ့ပြီးပါပြီ။ (အဲဒီကမ္ဘာ အလုံး အပြား ကိစ္စလည်း တစ်နေရာရောက်ရင် ဆွေးနွေးပါမယ်။)

လောလောဆယ်တော့ မည်သည့်လူမျှ မျောက်မဟုတ် ဆိုတာကိုပဲ နည်းနည်းဦးနှောက်စားကြည့်ရအောင်ပါ။

လောဂျစ်ဆိုတာ ရှင်းရှင်းလေးကို ရှုပ်သွားအောင် လုပ်လို့ရသလို တော်တော်ရှုပ်နေတာကိုလည်း ရှင်းလင်းပေးနိုင်စွမ်း ရှိပါတယ်။

(စတင်လို့ ကြောင်ပါပြီခင်ဗျား)

ချားလ်စ်ဒါဝင်က လူဆိုတာ မျောက်မျိုးစိတ် ၁၉၃ မျိုး ရှိတဲ့အနက်က တစ်မျိုးသော မျောက်မျိုးစိတ်ကနေပြီး အဆင့်ဆင့် တိုးတက်ပြောင်းလဲခြင်း အီဗော်လူးရှင်း (Evolution) နည်းနဲ့ တိုးတက်လာတာလို့ ဆိုပါတယ်။ အဲဒီနောက် မနုဿဗေဒ (Anthropology) ပညာရှင်များက ရှေးဟောင်း သုတေသန၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒ အစရှိသဖြင့် ပညာရပ် ပေါင်းစုံနဲ့ တူးဖော်ရှာဖွေလေ့လာပြီး လူတွေဟာ မျောက်လို လေးဖက်ထောက်သွား၊ သစ်ပင်တွဲလွဲခို သစ်သီးစိမ်းနဲ့ အကောင်ပလောင် ဖမ်းစားရာ ကနေ တဖြည်းဖြည်း မတ်တတ်ရပ်နိုင်လာ၊ နောက် အဆင့်ဆင့် တိုးတက်၊ လူဖြစ် စသဖြင့် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရှင်းပြကြပါတယ်။

ဒါပေမဲ့ ကျွန်တော်က အဲဒီသက်သေခိုင်လုံတာတွေကို ခဏမေ့ထားပြီး လူဆိုတာ မျောက်တစ်မျိုးက ဖြစ်လာတာမဟုတ်ပါဘူး။ အဆင့်နိမ့် တယ်လို့ ထင်ရတဲ့ လူကနေပဲ အဆင့်မြင့်တယ်လို့ ထင်ရတဲ့လူ ဖြစ်လာ တာပါ လို့ ပြောရင် ကျွန်တော့်ကို ကန့်လန့်တိုက်တယ်၊ မင်းက ပညာ ဘယ်လောက်တတ်လို့လဲ၊ ဘယ်လောက်များ လေ့လာထားလို့လဲ စသဖြင့် ရှုတ်ချနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆရာကြီး အိုင်းစတိုင်းရဲ့ Thought Experiment စဉ်းစားဆင်ခြင်မှုဖြင့် စမ်းသပ်လေ့လာခြင်းဆိုတာ ကို သဘောကျပါတယ်။

Dr. Desmond Morris ရေးတဲ့ The Naked Ape ဆိုတဲ့ စာအုပ် တစ်အုပ် ဖတ်ရပါတယ်။ အဲဒီထဲမှာ သူတို့ပညာရှင်တွေ လေ့လာတွေ့ရှိချက် အရ လူဖြစ်လာမယ့် သတ္တဝါဟာ အခြားမျောက်တွေ၊ လူဝံတွေနဲ့ လုံးဝ မတူဘဲ အမွေးအမှင် ပါးပါးလေးပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်က ဆက်ပြီး စဉ်းစားလိုက်ပါတယ်။

အဖြေက မျောက်မျိုးစိတ်ကနေ လူဖြစ်လာတာမဟုတ်ဘူး။ လူဖြစ်မယ့် သတ္တဝါကပဲ လူဖြစ်လာတာလို့ ချားလ်စ်ဒါဝင် ကို ငြင်းကြည့်ပါတယ်။

မင်းက ကြီးကျယ်လှချေလား။ ချားလ်စ်ဒါဝင်ကိုတောင် ငြင်းရဲရအောင် မင်း ဘယ်လောက်တတ်လို့လဲဆိုရင် ကျွန်တော်က ရိုးရိုးပဲ ဖြေပါ မယ်။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်တာ ဘာဖြစ်လဲ။ ဒါဝင် မကလို့ ဒါဝင့်အဖေ ပြောလည်း ပြောတိုင်း ကျွန်တော် မယုံဘူး။ (ယုံချင်မှ ယုံမှာပေါ့) ကိုယ်ပိုင်ဉာဏ်ကိုပဲ သုံးချင်တယ်လို့ ဖြေမှာပါ။ (အဲသလိုဆင်ခြင်ဖို့ ဇွဲသန် သန်နဲ့တော့ လေ့လာထားရပါလိမ့်မယ်) ဆရာကြီး ဒါဝင် ရှိရင်လည်း ကျွန်တော့် ကို ငြင်းခွင့်ပြုမှာပါ။ ။

(ကျွန်တော်တင်ပြတာကို လူကြီးမင်း လက်ခံနိုင်ပါ့မလား။ လက်မခံ လည်း သိပ်အရေးမကြီးပါဘူး။ ကျွန်တော်တို့ လူတွေဟာ မျောက်ကပဲ ဆင်းသက်ဆင်းသက်၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်းကပဲ ဆင်းသက်ဆင်းသက် ခု လူဖြစ်နေပြီပဲ။ လူပီပီသသ ကျင့်ကြံနေထိုင်ဖို့ပဲ အရေးကြီးပါတယ်။)

ဒီစာစုကို ရေးတဲ့ကိစ္စမှာ အဲဒါ ပါပါတယ်။ သူများယောင်လို့ ယောင်ရ ပါတယ်။ အမောင် တောင်မှန်းမြောက်မှန်းမသိ ဖြစ်နေရင် မနိပ်ပါဘူး။

ဒါကြောင့် ဘယ်ကိစ္စဖြစ်ဖြစ် နည်းနည်းလေးလောက်တော့ စဉ်းစား ဆင်ခြင်ကြည့်ပါလားလို့ အကြံပေးချင်တာပါ။

ဆက်ပြီး ကြောင်ကြည့်ရအောင်လားဗျာ။ ခုခေတ် ကွန်ပျူတာတွေဟာ အလုပ်အများကြီး လုပ်နိုင်ပါတယ်။ ဂဏန်းတွက်တာကစပြီး ဆေးကုတာ၊ ပရိုဂရမ်အစီအစဉ်တွေ ရေးတာအထိ လုပ်နိုင်ပါတယ်။ တခြား ကျွန်တော် မသိတာတွေလည်း အများကြီး လုပ်နိုင်ပါသတဲ့။ ဒါပေမဲ့ ကွန်ပျူတာဟာ လူလိုစဉ်းစားဆင်ခြင်မှုတော့ မပြုနိုင်ဘူးခင်ဗျ။ (ဒေတာတွေ ဖြည့်ပေး ထားရင်တော့ ရတယ်။ ဒါပေမဲ့ ထွက်လာတဲ့ အဖြေတွေက တလွဲချည်းပဲ။)

အဲဒါနဲ့ပတ်သက်တဲ့ ဟာသလေးတစ်ပုဒ် ဖတ်ကြည့်ပါ။ သိပ္ပံပညာရှင် တစ်ယောက်ဟာ အနာဂတ်ဟောကိန်းထုတ်တဲ့ စက်(ကွန်ပျူတာ)တစ်ခု တီထွင်လိုက်ပါတယ်။ ပြီးတော့ စမ်းသပ်တဲ့အနေနဲ့ ကွန်ပျူတာကို မေးခွန်း တစ်ခု မေးပါတယ်။ “နောက်တစ်နာရီကြာရင် ငါ ဘာဖြစ်မလဲ” ကွန်ပျူတာက (ကျား) ဖြည့်ထားတဲ့ အချက်အလက်တွေနဲ့ နည်းပေါင်းစုံသုံးပြီး တွက် ပါတယ်။ တစ်နေ့ ကုန်သွားပါတယ်။ ပြီးတော့ အဖြေထုတ်ပေးတယ်။ အဖြေက “ခင်ဗျား ကျွန်တော်ပေးတဲ့အဖြေကို ထိုင်စောင့်နေမယ်”တဲ့။

တကယ်လို့ ကျွန်တော်က တစ်စုံတစ်ယောက်ကို ခင်ဗျားဟာ လူလားလို့ မေးမိရင် ကျွန်တော့်ခေါင်းကို အနည်းဆုံး ရှစ်ချက်လောက် ချုပ်လိုက် ရပါလိမ့်မယ်။ (အဲဒါ သက်သာတာဖြစ်လိမ့်မယ်) ဒါပေမဲ့ ကျွန်တော်တို့ တက္ကသိုလ်တက်ခါစ လောဂျစ် စသင်တော့ ဆရာမကြီး ဒေါ်လီလီဖြူက ကျောက်သင်ပုန်းကြီးမှာ ဒီလို စရေးပြပါတယ်။

လူသည် သေမျိုးဖြစ်၏ (Man is mortal) တဲ့ ခင်ဗျ။

နောက်တစ်မျိုးက  

ကျီးကန်းသည် မည်း၏ (Crows are black) တဲ့ ခင်ဗျ။

ကျွန်တော် တော်တော်ညစ်သွားပါတယ်။

ဒါများ သူပြောမှလား၊ အားလုံး သိပြီးသားကြီးကို။ ဒီဘာသာ သင်မိ တာတော့ `ယူမိယောင်မှား ဖြစ်ပဟေ့”လို့ ထင်ခဲ့မိပါတယ်။ နောက်မှ တဖြည်း ဖြည်း တစ်ဆင့်ချင်း တက်တော့ စိတ်ဝင်စားသွားပါတယ်။ သေတာရှိရင် မသေတာကော မရှိနိုင်ဘူးလား၊ မည်းတဲ့ကျီးကန်းရှိရင် ဖြူတဲ့ကျီးကန်းကော မရှိနိုင်ဘူးလား စသဖြင့် မေးခွန်းတွေ ထုတ်ရင်း အဖြေတွေ ရှာရင်း စိတ်ဝင်စားလာပါတယ်။ (အဲဒီမေးခွန်းမေး အဖြေထုတ်တဲ့နည်းကို ဆရာကြီးဆော့ခရတ္တိ က စသုံးပါသတဲ့။ ဒဿနဆရာဟာ ဝမ်းဆွဲသည်နဲ့ တူတယ်လို့ ဆိုပါတယ်) ဟုတ်ကဲ့ လောဂျစ်ဟာ နေ့စဉ် ဘဝမှာတင်မက ကိုးကွယ်ရာ ဘာသာထိ စဉ်းစားဆင်ခြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမ သံသရာမှလွတ်ကြောင်း၊ အမတမြတ်နိဗ္ဗာန်ဆိုတာတွေ တွေး ကြည့်လိုက်ပေါ့ဗျာ။ မြတ်ဗုဒ္ဓရဲ့ ဝါဒအရ မသေတာ ရှိပါတယ်။ အဲဒါကတော့ မမွေးရင် မသေဘူး ဆိုတာပါပဲ။ ဘာကြောင့်မွေးလာကြရသလဲ။ (ဘာကြောင့် သံသရာဝဋ်ဆင်းရဲ ခံနေရသလဲ) သမုဒယတဲ့ ခင်ဗျ။ စွဲလမ်းတပ်မက်မှု တဏှာတဲ့ ခင်ဗျ။ ယိုစီးခြင်း အာသဝေါတရား လေးပါးတဲ့ခင်ဗျ။ ဗုဒ္ဓ အဆုံးအမအရ သမုဒယ၊ တဏှာ၊ အာသဝေါတရားတွေကို ပယ်သတ်နိုင်ရင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေ မနေရဘူးလို့ ရှင်းရှင်းလင်းလင်း ဟောထား ပါတယ်။ အဲဒါတွေက ကြီးကျယ်မြင့်မြတ်တဲ့ တရားသဘောတွေပါဗျာ။ ကျွန်တော်တို့ ရိုးရိုးလွယ်လွယ်နဲ့ပဲ စရအောင်ပါ။

ကျွန်တော် “ကြောင်” ရဲ့လား

အယူအဆသစ်၊ အတွေးအခေါ်သစ်၊ သီအိုရီသစ်တွေဟာ အူကြောင်ကြောင် နိုင်တယ်ဆိုတာ မှန်ပါတယ်။ အဲဒါကို စိုးရိမ်စရာမလိုပါဘူး။ အရေးကြီးတဲ့ မေးခွန်းက အဲဒီအတွေးအခေါ်သစ်၊ သီအိုရီသစ်တွေဟာ လုံလောက်အောင် အထိ အူကြောင်ကြောင်နိုင်ရဲ့လား ဆိုတာပါပဲ။

နီးလ်စ်ဘိုးရ် (Neils Bohr)

နိုဘယ်ဆုရရူပဗေဒပညာရှင်

အဲဒီစာကို အင်္ဂလိပ်လို မဖတ်ဖူးပါ။ ဆရာကြီး တက္ကသိုလ်ကြယ်ပွင့် ပြုစုတဲ့ စူပါကြိုးမျှင်လေး သီအိုရီစာအုပ်ထဲမှာ ဖတ်ရတာပါ။ ကျွန်တော် သဘောကျလို့ ပြန်ဖော်ပြလိုက်ပါတယ်။ ကျွန်တော် သဘောပေါက်သလောက် ပြောရရင် အတွေးအခေါ်သစ်၊ အယူအဆသစ်၊ သီအိုရီသစ်တွေဟာ စတင် ဖော်ပြတဲ့အခါမှာ အခြေအနေ၊ အချိန်အခါ၊ နေရာ၊ ဒေသ စတာတွေနဲ့ အံဝင်ခွင်ကျ မဖြစ်သေးလို့ ရူးကြောင်ကြောင် အယူအဆတွေလို့ ထင်နိုင်ပါ တယ်။ (တကယ်လည်း ရူးကြောင်ပြီး အသုံးမဝင်တာတွေကတော့ သမိုင်း ရေစီးထဲမှာ အမှိုက်အဖြစ်နဲ့ မျောပါပျောက်ဆုံးသွားမှာပါ။)

ကိုယ့်အယူအဆ၊ အတွေးအခေါ်သစ်၊ သီအိုရီသစ်ကို ကိုယ့်ဘာသာ ထောင့်စေ့အောင် ပြန်ဝေဖန်ဆန်းစစ်ပြီးရင် ဘယ်သူက ဘာပြောပြော (ကြောင်တယ်ပြောရုံမကလို့ ရူးသွားပြီလို့ပဲပြောပြော) ရဲရဲရင့်ရင့် တင်ပြဖို့ လိုပါတယ်။ အဝေဖန်တော့ ခံနိုင်ရမယ်ပေါ့။ ပြီးတော့ လုံလောက်အောင် “ကြောင်” ရဲ့ လား ဆိုတာလည်း အရေးကြီးပါတယ်။

ပရမ်းပတာ ကြောင်တာမဟုတ်ဘူး။ အကြောင်းခိုင်လုံတဲ့အထိ၊ လုံလောက်တဲ့အထိ ကြောင်သင့်ရင် ကြောင်ရမယ်ဆိုတဲ့သဘောလို့ ထင်ပါ တယ်။ ဥပမာ ဆရာကြီး အိုင်းစတိုင်းရဲ့ ရီလေတီဗတီသီအိုရီနဲ့ စတုတ္ထမြောက် အတိုင်းအထွာ (Fourth dimension) ကို ကျွန်တော် စဉ်းစားကြည့်တိုင်း သွပ်ချောင်ချောင်ဖြစ်မိပါတယ်။

ကျွန်တော်တို့သိတာက အလျား၊ အနံ၊ ထုထည် ဆိုတဲ့ ဒိုင်မင်းရှင်း သုံးခုပဲ သိတယ်။ ဆရာကြီး အိုင်းစတိုင်းက (Time Space) အချိန်ကာလနဲ့ ဟင်းလင်းပြင်ကို စတုတ္ထဒိုင်မင်းရှင်း (အတိုင်းအထွာ) ဆိုတော့ အူလည်လည် ဖြစ်သွားတာပါပဲ။ အခု နှစ်ဆယ့်တစ်ရာစုအဝင်မှာ ဒိုင်မင်းရှင်း (အတိုင်း အထွာ) ၁၄ ခု (တစ်ဆယ့်လေးခု) ကျော်ပြီလို့ ဆိုကြသဒါ့။ ကျွန်တော် ဉာဏ်မမီပါဘူး ။

အဲဒီ ရီလေတီဗတီသီအိုရီကို စပြီး တင်ပြတုန်းက သဘောပေါက်တဲ့သူ ကမ္ဘာပေါ်မှာ နှစ်ယောက်တည်းရှိတယ်လို့ ကြားဖူးပါတယ်။ သိပ္ပံပညာရှင် အများစုကြီးကတော့ အိုင်းစတိုင်းကို အရူးကြီးလို့ ထောမနာပြုခဲ့ကြပါသတဲ့။ ခုတော့ နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ကြီးတဲ့ဗျား။ ဒါတောင်မှ ဆရာကြီး အိုင်းစတိုင်းရဲ့ သီအိုရီက အမှုန်ရူပဗေဒ (Particle Physics) မှာ တင်းပြည့်ကျပ်ပြည့် အံဝင်ခွင်ကျ မဖြစ်ဘူးတဲ့ခင်ဗျ။ နောက် TOE(Theory of Everything) အရာရာတိုင်းကို ဖြေရှင်းပေးနိုင်မယ့် သီအိုရီကို သိပ္ပံ ပညာရှင်တွေ ရှာနေကြပါသတဲ့။ ၁၉၀၀ ပြည့်နှစ်မှာ မက်စ်ပလဲန်ရဲ့ ကွမ်တမ်သီအိုရီ၊ ကွမ်တမ်မက္ကင်းနစ်ဆိုတာလည်း အစပိုင်းမှာ အမျိုးမျိုးအရှုတ်ချ ခံခဲ့ရတာပါပဲ။ ခုတော့ အမှုန်ရူပဗေဒသာမက Cosmology (စကြဝဠာဗေဒ) မှာပါ ကွမ်တမ်သီအိုရီကို ထည့်သွင်းအသုံးချ တွက်ချက်နေရပါပြီတဲ့။

ဝိဇ္ဇာပညာရပ်တွေမှာလည်း ဒီအတိုင်းပါပဲ။ ဘီစီ ၅၀၀ လောက်က ဂရိနိုင်ငံမှာ ဆော့ခရတ္တိ (Socrates) ကို အေသင်မြို့ပြနိုင်ငံသားအများစုက အရူးကြီးလို့ ပြောခဲ့တဲ့အပြင် နတ်ဘုရားတွေကို ဝေဖန်လို့၊ လူငယ်တွေကို စည်းရုံးလို့၊ အေသင်မြို့ပြနိုင်ငံရဲ့ တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေလို့ စတဲ့ ပုဒ်မ၊ ပုဒ်ထီးတွေတပ်ပြီး အဆိပ်ခတ် သေဒဏ်ပေးလိုက်ပါသတဲ့။ နောက်မှ ဆရာကြီးတစ်ဆူအဖြစ်“ထိုင်ရှိခိုးကြတာပါ။

ဆေးပညာသမိုင်းမှာလည်း ပင်နီဆီလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ | Dr.A. Fleming ကို (မအောင်မြင်ခင်က) သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက “မင်း ပင်နီဆီလင်က ဒိန်ခဲတွေ ဝင်းမှည့် (မှိုတက်ပုပ်သိုး) အောင် လုပ်ကောင်း လုပ်ပေးနိုင်လိမ့်မယ်။ ဆေးပညာအတွက်တော့ သုံးစားလို့ရမှာ မဟုတ်ပါဘူးကွာ” လို့ ရေရေလည်လည် လှောင်ခဲ့ဖူးပါသတဲ့။ ဒါပေမဲ့ ဒေါက်တာ ဖလင်းမင်းရဲ့ ပင်နီဆီလင်နဲ့တကွ နောက်ထပ်ရှာတွေ့တဲ့ ပဋိဇီဝ (Anti-biotic) ဆေးတွေ မရှိရင် ခုလို သဘာဝပတ်ဝန်းကျင် တစ်စစ ယိုယွင်း လာတာကြောင့် ဖြစ်လာတဲ့ ဆန်းဆန်းပြားပြား ရောဂါပိုးတွေကို ဘယ်ဆေး တွေနဲ့ ကာကွယ်ကုသကြမှာလဲ။ ရောဂါမှန်သမျှ ရေမန်းနဲ့ ပျောက်နိုင် ရင်တော့ သိပ်ကောင်းတာပေါ့ဗျာ။ ရေမန်းကြောင့် သက်သာသွားတဲ့ လူမမာ တွေတော့ တွေ့ဖူးပါရဲ့။ ဒါပေမဲ့ သေချာပေါက် ပျောက်ကိုပျောက်စေရမယ် ဆိုတဲ့ ရေမန်းမျိုးကိုတော့ မတွေ့ဖူးသေးဘူးခင်ဗျ။ အဲဒီ ရေမန်း၊ ဆီမန်း၊ ညံ့ဖွ၊ ဗေဒင်၊ ယတြာတွေကိုလည်း လောဂျစ်နဲ့ စဉ်းစားလို့ရသဗျ။ နည်းကတော့ ဖြစ်တန်ရာအခြေ (Probability) နဲ့ ယေဘုယျပြုခြင်း (Generalization) နည်းပါပဲ။ သက်ဆိုင်တဲ့နေရာရောက်တော့ ရေးပါမယ်။

ကျွန်တော် ကြိုကြိုတင်တင် အစီရင်ခံချင်တာက ကျွန်တော်ဟာ ခုန ဖော်ပြခဲ့တဲ့ ဆရာကြီးတွေမပြောနဲ့၊ အဲဒီဆရာကြီးတွေရဲ့ ခြေဖဝါးမှာ ကပ်ပါ လာတဲ့ ဖုန်မှုန့်လောက်တောင် ဉာဏ်ပညာ မကြီးရင့်ပါဘူးဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော် ဝါသနာပါလို့ သင်ခဲ့ရပြီး လက်တွေ့ဘဝမှာလည်း အသုံး ချလို့ရခဲ့တဲ့ လောဂျစ်နဲ့ ဒဿနဗေဒ(ဖီလော်ဆော်ဖီ)ကို အခြားမိတ်ဆွေ များအနေနဲ့လည်း အနည်းအကျဉ်းဖြစ်ဖြစ် အသုံးကျမယ်ထင်လို့ လောဂျစ်ရဲ့ အခြေခံသဘောကို တတ်သလောက် မှတ်သလောက်နဲ့ မိတ်ဆက်ပေးလိုက် ပါတယ်။ လုံလောက်အောင်အထိ အူကြောင်ကြောင်နိုင်ရဲ့လားဆိုတာတော့ စာဖတ်သူ လူကြီးမင်းကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။