Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်ဝဏ္ဏ - ကျွန်တော်အူကြောင်ကြောင်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကျွန်တော် အူကြောင်ကြား

လွန်ခဲ့တဲ့တစ်နှစ်လောက်က ရူးသလိုပေါသလိုနဲ့ စားပြီး အိပ်၊ အိပ်ပြီး စား။ စာကလေးပေကလေး ဖတ်လိုက်၊ လေကြောင်းတည့်တဲ့လူနဲ့ စကား ဖောင်ဖွဲ့ လိုက်လုပ်နေခဲ့တဲ့ ကျွန်တော့်ကို သူငယ်ချင်း ကိုကျော်စွာ (ဆရာချစ်ဦးညို) က သူ့ ရွှေပြည်တန်ဂျာနယ်အတွက် စာရေးခိုင်းခဲ့ပါတယ်။ ဒါနဲ့ပဲ မငြင်းသာ လို့ ဆရာချစ်ဦးညို မနှစ်က လုပ်ခဲ့ဖူးတဲ့ ရွှေပြည်တန်ဂျာနယ်မှာ ဆောင်းပါး လေးတွေ ရေးဖြစ်ခဲ့ပါတယ်။ ဆရာမ ဒေါ်ကလျာကလည်း စာရေးဖို့ အမြဲ လိုလိုတိုက်တွန်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ကဗျာ မဂ္ဂဇင်းမှာလည်း အရေးကျဲနေတယ်။ ဆရာမက အပြစ်မပြောပါဘူး။ မဟေသီဆရာ ဦးခင်မောင်မြင့်ကလည်း တွေ့တိုင်း စာရေးခိုင်းတယ်။ ဆရာမောင်မြင့်မြတ်လည်း သည်အတိုင်းပဲ။

ကိုဝင်းငြိမ်းတို့၊ ကိုမြတ်ခိုင်တို့၊ ကိုအေးကြူလေးတို့ကလည်း ရေးခိုင်း တာပဲ။ ရေးတိုင်း သုံးမယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စာရေးဖြစ်အောင် တိုက်တွန်းအားပေးကြတာပါ။ သည်လိုတိုက်တွန်းသူတွေ အများကြီး ပါပဲ။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်လောက်ကတော့ မဂ္ဂဇင်းထဲမှာ စာမူလေးတစ်ပုဒ်ပါလာရုံနဲ့ ရေးလိုက်တာ နေ့နေ့ညညပါပဲ။ ကျွန်တော့်စာမူတွေ အပယ်ခံခဲ့ရတာလည်း အများကြီးပဲ။ပယ်လေ ရေးလေ လုပ်ခဲ့တာပဲ။ ခုမှ ဘာဖြစ်လို့ စာရေးဖို့ပျင်းနေသလဲ မသိပါဘူးဗျာ။ ကိုယ့်ဘာသာကိုယ်တော့ စာဖတ်တာများနေလို့၊ စာဖတ်သူအတွက် အကျိုးမဖြစ်ဘဲ အကျိုးမဲ့မှာစိုးလို့တို့ စတဲ့ ထမင်းရည်ပူလာ လျှာလွှဲ အကြောင်းပြချက်တွေ လုပ်နေတာပေါ့ဗျာ။ အမှန်ကတော့ အပျင်းထူနေတာပါ။ သူတောင်းစား ထမင်းဝတော့ အိပ်နေ.. ဆိုလား၊ စကားပုံတောင် ရှိသေးရဲ့။ ကျွန်တော့်ဇနီးက အိမ်ဆိုင်လေး ဖွင့်ထား တယ်။ (ကျွန်တော့်ဝင်ငွေကို စိတ်မချလို့ဆိုတာ ရှင်းပြစရာမလိုပါဘူးနော်။) ရုပ်ရှင်လုပ်ငန်းက ဝင်ငွေအသင့်အတင့်ရှိတယ်။ ဒီတော့ ကျွန်တော် အပျင်း ထူလာတာပေါ့ဗျာ။ စားဝတ်နေရေးက အသင့်အတင့် အဆင်ပြေနေတာကိုး။ ဒါ ဘာသဘောလဲဆိုတော့ စာရေးသူအစစ် မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဆရာကြီး ငွေဥဒေါင်း (ဦးကြီးမောင်) ရေးတဲ့ ရှုမဝမဂ္ဂဇင်းထဲက ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်။ တစ်နေ့တော့ ဆရာဦးကြီးမောင်ဟာ သဘင်ဝန်ဦးနုဆီကို ရောက်သတဲ့။ ဆရာကြီး သဘင်ဝန်ဦးနုက စာရေးနေ သတဲ့။ ဆရာ ဦးကြီးမောင်က

ဆရာကြီး ဘယ်တိုက်ကိုပို့ဖို့ ရေးနေတာလဲ” လို့ မေးမိသတဲ့။ ဆရာကြီး သဘင်ဝန် ဦးနုက

ဘယ်တိုက်ကိုမှ ပို့ဖို့မဟုတ်ဘူး။ ငါရေးချင်လို့ ရေးနေတာ” လို့ ပြန်ဖြေသတဲ့။ စာရေးဆရာဆိုတာ အဲသလို ပုဂ္ဂိုလ်မျိုးတွေပါ။ ကျွန်တော် ဆိုတဲ့ကောင်ကတော့ ရေးချင်ချင်ရှိ ထရေးလိုက်၊ ပျင်းပျင်းရှိ ထိုင်နေလိုက်နဲ့ ဘယ်လိုလုပ်ပြီး စာရေးဆရာလို့သတ်မှတ်နိုင်ပါ့မလဲ။ စာရေးဆရာ မဟုတ်ရင် ဘာကောင်လဲ။ ဘာကောင်မှ မဟုတ်ပါဘူးဗျာ။ စာရေးလိုက်၊ ရုပ်ရှင်ရိုက် လိုက်နဲ့ အသက်မွေးနေတဲ့ကောင်ပါပဲ။

ဆရာပန်းချီစံတိုးနဲ့ မနေ့က တွေ့တယ်။ ဆရာစံတိုးက အမှတ်တရ ကိစ္စတွေကို မှတ်တမ်းမှတ်ရာသဘောမျိုး စာရေးထားသင့်တယ်လို့ အကြံ ပေးတယ်။ သူလည်း ရေးထားချင်သတဲ့။ (မရေးတတ်ဘူးလို့ နှိမ့်ချပြော တယ်။ တကယ်က ရေးတတ်မှန်း သိပါတယ်ဗျာ။)

ကိုယ်ရေးချင်တာတွေကို ခုပြောသလို ပြောပြီး ကက်ဆက်လေးနဲ့ဖမ်းထားပါလားဗျာ” လို့ ပြန်ပြီးအကြံပေးခဲ့တယ်။ ဆရာနေဝင်းမြင့်က အဲသလိုလုပ်တယ်လို့ ဆရာစံတိုးက ပြန်ပြောပြတယ်။ ချီးကျူးစရာပေါ့ ဗျာ။ ကျွန်တော်လည်း အလေ့အကျင့်ကလေးလုပ်ဦးမှ။ ကက်ဆက်နဲ့ဖြစ်ဖြစ်၊ မှတ်စုစာအုပ်လေးနဲ့ ဖြစ်ဖြစ်ပေါ့။ ပြောမယ့်ပြော လုပ်ဖြစ်ပါ့မလားမသိ။

ကျွန်တော် ဘာဖြစ်လို့ စာရေးနေတာလဲလို့ ပြန်စဉ်းစားကြည့်မိတယ်။ ရေးချင်လို့ ဆိုတဲ့ အဖြေကိုရတယ်။ ရေးချင်ရင် ရေးချင်သမျှ ရေးနေပါလားလို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်တယ်။ ဒီလိုကျတော့လည်း ရေးချင်တာတွေလျှောက်ရေးလို့ မတော်မတည့်တွေ ရေးဖြစ်ရင် ဘယ်ကောင်းမလဲ။ ဒါဖြင့် ချင့်ချင့်ချိန်ချိန် ရေးပေါ့။ ချင့်ချင့်ချိန်ချိန် သုခမိန်တဲ့။ ပညာရှိများမှ ကျကျနန ချင့်ချိန်နိုင်မှာပေါ့။ ကျွန်တော်က ပညာရှိမှမဟုတ်ဘဲ။ ဒီလိုဆို အဆိပ် မဖြစ်ဘူးထင်တာတွေ ရေး။ စာဖတ်သူက ချင့်ချိန်ပြီး ရွေးဖတ်လိမ့်မယ်။ “စာဖတ်သူက မှတ်ကျောက်ပဲ ။ ဟာ ဒီလိုတော့လွှဲမချနဲ့။ စာရေးသူမှာ တာဝန်ရှိတယ်။ ဒါဖြင့်လည်း တာဝန်ယူ၊ သင့်တော်တဲ့ စာတွေရေး။ ဒါပေါ့။

အသက်အရွယ်ရလာတဲ့ လူကြီးတွေဟာ သူတို့ဘဝအတွေ့ အကြုံကို ပြန်ပြောပြလေ့ရှိတယ်။ ကျွန်တော်တို့ လူလတ်ပိုင်းတွေ၊ လူငယ်တွေက လေရှည်တယ်။ ဇာတ်လမ်းတွဲကြီး စပြီ။ တော်တော်နဲ့ပြီးမှာမဟုတ်တော့ဘူး လို့ထင်ကြတယ်။ အမှန်ကတော့ အသက်ကြီးလာလေလေ စကားများများ ပြောချင်လေပဲ။

ဘာဖြစ်လို့တဲ့လဲ။ အသက်ကြီးတဲ့ လူကြီးသူမများဟာ ဆောင်ရန်၊ ရှောင်ရန်တွေကို ငယ်ရွယ်သူတွေအတွက် ပေးထားခဲ့ချင်တယ်။ လေရှည်ချင် ရှည်ပါလိမ့်မယ်၊ နားထောင်တဲ့သူက သည်းခံပြီး ကိုယ့်အတွက် အကျိုး ရှိမယ့် အကြောင်းအရာတွေကို မှတ်ထား။ အရေးမကြီးဘူး ထင်တာတွေ ခဏမေ့ထား။

(ကိုယ်က အရေးမကြီးဘူးထင်ပေမဲ့ တစ်ခါတလေ သိပ်အရေးကြီးတဲ့ အကြောင်းအရာတွေဟာ သက်ကြီးစကား သက်ငယ်ကြား’ထဲမှာ ပါနေလေ့ ရှိပါတယ်။)

ကျွန်တော်တို့တစ်တွေကလည်း ကိုယ်အတွေ့အကြုံနဲ့ စဉ်းစားဆင်ခြင် ထားတာတွေကို ပြန်ပြောပြချင်ပါတယ်။ ဒါကြောင့် စာရေးနေကြတာပါ။

ငယ်တုန်းကလည်း ငယ်တွေ့ငယ်ကြုံ၊ ရွယ်တော့လည်း ရွယ်တွေ့ ရွယ်ကြုံ။ အသက်ကြီးသူတွေမှာတော့ အတွေ့အကြုံတွေ အများကြီး။ စာရေးဆရာကြီး တွေဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ပြီးတော့ သူတို့ရဲ့ အတွေး အခေါ်တွေကို နှောင်းခေတ် လူငယ်လူလတ်တွေအတွက် ရေးပေးနေကြတာ ပါ။ စာရေးဆရာကြီးတွေဟာ သူတို့ကိုယ်ကျိုးကို သိပ်ထည့်မတွက်တော့ဘူးလို့ ထင်ပါတယ်။ မသေခင်ကတည်းက အမွေတွေကို အလကားပေးနေကြတာ ပါ။ ခုချက်ချင်း အသုံးဝင်တာတွေလည်း ပါမယ်။ နောင်မှ အသုံးကျမှာတွေ လည်း ပါမယ်။ ဟောင်းနွမ်းသွားလို့ အသုံးမတည့်တာတွေလည်း ပါချင်ပါ မယ်။ (ဟောင်းနွမ်းသွားပေမဲ့ ရှေးဟောင်းပစ္စည်းဆိုတာ တန်ဖိုးကြီးကြောင်း ကိုတော့ လက်ခံထားရပါလိမ့်မယ်။)

ကျွန်တော်တော့ ရာစုသစ်ကြီး၊ ထောင်စုသစ်ကြီးထဲ ရောက်လာပြီမို့ ခေတ်နဲ့အမီဆိုတဲ့ စာတွေလည်း ဖတ်မိပါရဲ့။ ခေတ်မီစေချင်တဲ့ ဆရာတွေကို လည်း ကျေးဇူးတင်ပါရဲ့။ ဒါပေမဲ့ ခုတစ်လော စာရေးဆရာကြီးတွေရဲ့ စာတွေကို ဖတ်ရတာ ပြန်ဖတ်လေ အသစ်တွေးနိုင်လေ၊ အဓိပ္ပာယ်ပိုနက်လာ လေလို့ ခံစားရပါတယ်။

ကျွန်တော်ကော ဘယ်လိုစာတွေရေးမလဲ။ ကိုယ် တွေးခေါ်ဆင်ခြင်ကြည့်မိ သမျှကို ရိုးရိုးဖြောင့်ဖြောင့် ရေးရုံပါပဲ။ မရိုးမသားနဲ့ စတန့်တွေ ထွင်နေ လို့တော့ အပိုပဲ။ ကိုယ့်ကို သူများအထင်ကြီးအောင်လုပ်ရင် ရလာမယ့် အကျိုးက အထင်သေးခံရတာပဲဖြစ်မှာလို့ တွေးမိပါတယ်။ (စာရေးဖို့ တိုက်တွန်းတဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။)