Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်သော်က - လူကြီးရောဂါဝထ္ထုတိုများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

လူကြီးရောဂါ

          “လမ်းလျှောက်လား ကိုဘတင်”

          “ဟုတ်တယ် မခင်မေရေ၊ ကျန်းမာရေးက အရေးကြီးတယ်ဗျ။ မခင်မေကော နေကောင်းရဲ့ မဟုတ်လား”

          “နေကောင်းပါတယ်။ ကောင်းတယ်ဆိုပေမဲ့ သရိုးသရီပါပဲ ကိုဘတင်ရယ်။ သမီးက ဆရာဝန်ဆိုတော့ တော်သေးတာပေါ့”

          “အင်း... မခင်မေတို့များ ဟန်ကျသဗျာ၊ ကျုပ်တို့မှာ တူတော် မောင်တစ်ယောက်နဲ့ ဟိုဟာလေး ဒီဟာလေးများ ခိုင်းချင်သူ့ကို ရှာမ တွေ့ပေါင်ဗျာ။ လူငယ်ဆိုတော့ ခက်သားပဲလေ။ ဟဲ-ဟဲ-ဟဲ၊ ကဲ နေမမြင့်ခင် ဆက်လျှောက်လိုက်ဦးမယ် မခင်မေ”

          “ကောင်းပြီး ကိုဘတင်၊ အရေးအကြောင်းရှိရင် သမီးကို လူလွှတ် ခေါ်ခိုင်းလိုက်ပေါ့။ အိမ်ချင်းက သိပ်ဝေးကြတာမှ မဟုတ်တာ”

          “ကျေးဇူးပါပဲ မခင်မေရယ်။ ကဲ... သွားလိုက်ဦးမယ်”

          ဦးဘတင်သည် မာဖလာကို ပြင်စည်း၊ သူ့ဦးခေါင်းပေါ်မှ ဘယ်ရီကက်ဦးထုပ်ကို လက်ဝဲလက်ဖြင့် ခပ်ဖိဖိကလေး အုပ်ဆောင်းလိုက်ပြီး လမ်းလျှောက် လက်ကိုင်တုတ်ကို ဟန်ပါပါလွှဲကာ ဆက်လျှောက်သွား သည်။ ဒေါ်ခင်မေလေးသည် သူ့အိမ်ရှေ့ ပန်းခြံတွင်းဝယ် ဘုရားတင်ရန် ပန်းများကိုရွေး၍ လိုက်ညှပ်ကာ ခူးနေသည်။ မြေးမလေးက သူ့နောက် မှ ပန်းခြင်းဆွဲကာ လိုက်ပါရင် ဦးဘတင် သွားရာဘက်သို့ ကြည့်ကာ

          “ဘွားဘွား၊ အဲဒီဦးဘတင်ဆိုတဲ့လူကြီးက ဘွားဘွားရဲ့ သူငယ် ချင်းလား” ဟု စပ်စုနေသည်။

          “ဟုတ်တယ်ကွယ့် မီးငယ်လေးရဲ။ ဘွားဘွားနဲ့ ငယ်ငယ်က ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့ ”

          “သနားပါတယ်နော်၊ သူ့မှာ သားသမီးလည်း မရှိဘူး။ သူ့တူ လေး တစ်ယောက်နဲ့ နေရရှာတာ။ နောက်ပြီး အိမ်ဖော် မိန်းမကြီး တစ်ယောက်”

          “သားတစ်ယောက်ရှိတယ်တဲ့။ နိုင်ငံခြား သင်္ဘောဆိုလား လိုက် နေတယ်။ ဟိုတစ်လောကတောင် သူ့အဖေဖို့ ပစ္စည်းတွေ ပို့လိုက်သေး တယ်။ ဖအေတစ်ခုသားတစ်ခု ပေါ့ အေ။ သူ့မိန်းမ မခင်အိကတော့ မနှစ်ကပဲ ဆုံးသွားရှာတယ်။ မခင်အိလည်း ဘွားဘွားတို့နဲ့ ကျောင်း နေဖက် သူငယ်ချင်းတွေပါ” ။

          “ပစ္စည်းကဘာလုပ်ဖို့လဲ ဘွားဘွားရယ်။ သူ့သားက သူ့အဖေ အတွက် ဗွီဒီယိုစက်တဲ့၊ သူတို့အိမ်ကြီးက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာ ကြီး။ သူ့မှာ မြေးတွေမရှိဘူးလားဟင်”

          “သူ့သားက အိမ်ထောင်မှမပြုသေးတာ၊ ဘယ်မှာရှိလိမ့်မလဲ။ ကဲ..လာ၊ ပန်းခြင်းလည်းပြည့်တော့မယ်၊ အိမ်ထဲ ဝင်ကြစို့ရဲ့”

          ဒေါ်ခင်မေလေးတို့ မြေးအဘွား ပန်းခြင်းဆွဲ၍ အိမ်ထဲဝင်သွား ကြစဉ် ဦးဘတင်သည် အတွေးစဉ် တစ်ခုဝယ် တွေးကာ နစ်မျောရင်းလမ်းလျှောက်နေသည်။ ခင်မေလေး၊ ခင်မေလေး။ အသံတိတ် ရုပ်ရှင် ခေတ်က နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦး၊ ခင်မေကြီး နာမည်ကြီး လာတော့ ခင်မေလေး ပေါ်လာပြန်သည်။ သူ့အမည်က မောင်ဘတင်။ နာမည်ကြီး ရုပ်ရှင်မင်းသားက မောင်ဘတင့်။ အောက်ကမြစ်တစ်လုံး သာ ခြားသော်လည်း ရုပ်က ခပ်ဆင်ဆင်။ ဦးဘတင်ငယ်စဉ်က လူချော၊ လူရည်သန့်၊ အလွန်ရိုးသား အေးဆေးသည်။ ရှက်တတ်ကြောက်တတ် သည်။

          ရုပ်ရှင်မင်းသား ဘတင့်နှင့် ခင်မေကြီးက အတွဲများသည်။ ထိုခေတ်တွင် အထက်တန်းကျောင်းသား မောင်ဘတင်နှင့် ကျောင်းသူ ခင်မေလေးတို့ကို ကျောင်းနေဖက် သူငယ်ချင်းများက နောက်ပြောင် ကြသည်။ ခင်မေလေးက မည်သို့မျှမမှုသော်လည်း မောင်ဘတင်မှာ သူငယ်ချင်းများက နောက်ပြောင်လိုက်လျှင် မျက်နှာကြီးတစ်ခုလုံး နီရဲ သွားသည်အထိ ရှက်သွေးဖြာတတ်သည်။ ယောက်ျားတန်မယ့်နှင့် အရှက်အကြောက်က ကြီးလွန်းသည်။ သူများတကာထက် ရင်ခုန်သံ နည်းနည်းမြန်သည်။ ခင်မေလေးနှင့် မျက်မှာချင်းဆိုင်ရမည်ကို ကြောက် နေခဲ့သည်။ မတတ်သာ၍ မျက်နှာချင်းဆိုင်တွေ့လျှင်ပင် သူက မျက်နှာ လွှဲသွားသည်။ ခင်မေလေးက ပြုံးမိသည်။ ယခုလို ရင်းရင်းနှီးနှီး အရော တဝင် မပြောဆို မဆက်ဆံတတ်။ အသက်ကြီးမှ အရှက်သည် ထင်သည်။ ဒေါ်ခင်မေလေးက ဦးဘတင်၏ ငယ်စဉ်အရွယ်ကို တွေးမိ တိုင်း ပြုံးမိသည်။ ။

          မပြုံးနိုင်သူမှာ ဦးဘတင်။ သူသည် ချွေးစေးများကိုသုတ်ရင်း လမ်းသာ ဆက်လျှောက်နေသော်လည်း စိတ်များက တစ်ခုသော ဝါဆို လဆီသို့ ရောက်သွားသည်။

          အထက်အညာရှိ မြို့ကလေးတစ်မြို့။ ဒုတိယ ကမ္ဘာစစ်ပြီးစအချိန်က အစိုးရဟိုက်စကူးကျောင်း၊ S.H.S ဟုခေါ်ကြသည်။ မောင် ဘတင်ရော ခင်မေလေးပါ ဆယ်တန်းတက်နေကြဆဲ အခါ ဖြစ်သည်။ သူတို့သည် စစ်ကြီးအတွင်းက ပျက်ခဲ့ရသည် ပညာရေးကို ဆက်ရန် အတွက် ကုန်းရုန်း၍ ကြိုးစားနေကြဆဲဖြစ်သည်။

          စစ်ဒဏ်ကစစ်ဒဏ်၊ စာမေးပွဲကစာမေးပွဲ၊ ကျောင်းသား ကျောင်း သူက ကျောင်းသားကျောင်းသူ၊ ဝါဆိုလပြည့်မတိုင်မီနေ့တစ်နေ့ ၊ နက်ဖြန် ဝါဆိုလပြည့် ဘုရားတင်ရန်အတွက် ကျောင်းသားကျောင်း သူများ တပျော်တပါး ဝါဆိုပန်းခူး ထွက်ခဲ့ကြသည်။ မြို့ကလေးမှ မနီးမဝေးရှိတောပန်းတွေ ဝေသော မြိုင်ဟေမာ တစ်နေရာ။

          ကျောင်းသားတစ်စု၊ ကျောင်းသူတစ်စု ကိုယ်ခင်မင်ရင်းနှီးရာ လူစုခွဲကာ ပန်းရှာ ပန်းခူးကြသည်။ မောင်ဘတင်က လိုက်သာလိုက် လာရပေမဲ့ သိပ်စိတ်မပါလှ။ ထို့ကြောင့် ချောင်ကောင်းကောင်း တစ် နေရာတွင် ငူငူကြီးထိုင်ကာ အတွေးနယ်ချဲ့နေသည်။ မည်မျှကြာ အောင်ထိုင်နေပါသည် မသိ၊“ “အမေ့” ဟု အလန့်တကြား အော်လိုက် သောမိန်းကလေးတစ်ဦး၏ အသံကိုကြားကာမှ မည်သို့များဖြစ်ပါလိမ့် ဟူသော ဇောနှင့် အသံကြားရာဆီ ထလာခဲ့သည်။

          တွေ့ရသူမှာ ခင်မေလေး၊ နောက်ပြီး တစ်ယောက်တည်း၊ လူစုကွဲ ၍ လာခဲ့ဟန်တူသည်။ မြေပြင်ပေါ်တွင် ခြေတင်ပါးလွှဲထိုင်ကာ “အမယ် လေး ကျွတ်ကျွတ်ကျွတ်” ဟု အော်ကာ ညည်းရင်း လဲကျနေသည်။ “ဟင် မခင်မေလေး ဘယ်လိုဖြစ်တာလဲ”

          နေ့စဉ် ကျောင်းတွင် တွေ့ နေစဉ်က မျက်နှာလွှဲသွားတတ်သော မောင်ဘတင်က ခင်မေလေးအနီးတွင် ဒူးတုပ်ထိုင်ချလိုက်ရင်း အလော သောကောမေးသည်။ ခင်မေလေးက မည်သို့မျှ မဖြေ။ သူ၏ ဝဲဘက် ခြေဖနောင့် လေးကိုသာ လက်နှင့်ကိုင်ရင်း မျက်စိစုံမှိတ်ကာ တကျွတ်ကျွတ်စုတ်သပ်နေသည်။

          မောင်ဘတင် ကြည့်လိုက်တော့ ခင်မေလေး၏ ဝဲဘက် ခြေ ဖနောင့်တွင် တစ်လက်မခွဲခန့်ရှိသည့် ခွေးကြီးသည် ဆူးခက်ပါ နစ်ဝင် နေသည်။

          “အို ဆူးစူးနေပါကလား။ အသာနေနော်။ ဆူးဖျားကျိုးကျန်မှာ စိုးရတယ်။ ကျွန်တော် နုတ်ပေးပါ့မယ်။ အို... ထောက်ရှာဘူးကြီးပါ လား”

          “အင်း... ဟင့်၊ သိပ်နာမှာလား ကိုဘတင်ရယ်။ ခင်မေ မကြည့်ရဲဘူး”

          “သိပ်မနာပါဘူး။ မကြည့်ရဲရင် မျက်စိမှိတ်နေပါ။ ကဲ... ဟိုဘက်လှည့်”

          ဖနောင့်တွင် အရင်းတိုင် စူးဝင်နေသော ထောက်ရှာဆူးကို မောင် ဘတင်က ဆတ်ခနဲ ဆွဲယူနုတ်လိုက်သည်တွင် သွေးများ ငေါက်ခနဲ ပန်းထွက်လာသည်။ မိန်းကလေးတစ်ဦး၏ မျက်လုံးများကို ရဲရဲ မကြည့် ဝံ့သည့် မောင်ဘတင်သည် သွေးရဲရဲ သံရဲရဲကိုတော့ ကြည့်ဝံ့ကြည့်ရဲ သည်။ ပထမ ဆူးဆိပ်ကုန်သွားစေရန် သွေးများကို ညှစ်ပစ်သည်။ ခင်မေလေးမှာ အိုး... အားဟူ၍သာ ညည်းတွားကာ စုတ်တသပ်သပ်နှင့် ကိုဘတင် ပြုသမျှနုနေရသည်။ သွေးများအတန်ထွက်သွားမှ သူ့လက် ကိုင်ပဝါ ဖြင့် ပတ်စည်းပေးသည်။

          “ကဲ... မခင်မေလေးထပါ၊ ဆူးမကျန်တော့ပါဘူး။ ဒါပေမဲ့ နည်းနည်းဖော့လျှောက်နော်။ ဟိုဘက်လူစုနားထိ ကျွန်တော် တွဲပို့ပေး မယ်။ အိမ်ကျရင် အနာကို နည်းနည်း ဂရုစိုက်နော်။ ထောက်ရှာဆူးက အဆိပ်ပြင်းတယ်”

          ထော့နဲ့ထော့နဲ့နှင့် ခင်မေလေးသည် မောင်ဘတင်၏ ဖေးမကူညီမှုဖြင့် ထရပ်ရင်း သူ့ကျေးဇူးတင် ကြောင်းကို နှုတ်မှဖွင့်မပြောသော် လည်း မျက်လုံးများက ဓာတ်အားတို့အား အပြည့်ဖြင့် ပြောနေသည်။ မောင်ဘတင်သည် ယခုမှ မျက်နှာကြီး ထူအမ်းနီရဲနေကာ ခင်မေလေး ကို သူ့အဖော်များ ရှိရာသို့ တွဲကူခေါ်လာသည်။ နောက်ကျန်ရှိ နေသေး သည့် ပညာရေးနှစ် ဟိုက်စကူးကျောင်းရက်များတွင် မောင်ဘတင်၊ ခင်မေလေးတို့၏ ဝါဆိုဦး ဆူးစူးစဉ်က ဇာတ်လမ်းမှာ ကျောင်းသားကျောင်းသူတိုင်း၏ နောက်ပြောင်စရာ ဇာတ်လမ်းဖြစ်သွားသည်။ ပြဇာတ်ခေတ်တွင် ပြဇာတ်မင်းသား ကျော်အေး၊ မေမေဝင်းတို့၏ ဝါဆို ဦးအခါဝယ် ပန်းခူးထွက်စဉ်က တကယ် ခုတော့မှ ဖွင့်ပြောမယ်” ဟူ သော ပြဇာတ်သီချင်းကလည်း ခေတ်စားဆဲဆိုတော့.. ။

          သူတို့ ကြိုက်သွားကြ၍ မည်မျှညားဖို့ ကောင်းပါသနည်း။ သို့ သော် သူတို့မညားကြပါ။ မညားကြရုံသာမက အသက်အတန်ကြီး၍ ကိုယ့်ကိုယ့်အိမ်နှင့် သားတွဲလောင်း သမီးတွဲလောင်း ဖြစ်ကြသည် ထိ ပြန်မတွေ့ကြပါ။ ဦးစွာ ခင်မေလေးက အိမ်ထောင်ကျသည်။ တစ်မြို့တစ်ရွာမှ ဆရာဝန်တစ်ဦးနှင့် ကောလိပ်မှာနေစဉ် တွေ့ကြသည် ဆို၏။ မောင်ဘတင်တစ်ယောက်မူ တော်တော်နှင့် အိပ်ထောင်မကျ။ အသက်အတန်ကြီး၍ အိမ်ကလူကြီးများ မနေသာသောကြောင့် ပေးစား ကာမှ မခင်အိဆိုသည့် တစ်မြို့တည်းသူနှင့် လက်ဆက်ခဲ့ကြသည်။ သူ့အလုပ်တာဝန်မှာ သတ္တုတွင်းရှိသော မြို့များတွင်သာ နေထိုင်ရသောကြောင့် တနင်္သာရီ ကမ်းရိုးတန်းတွင်သာ အနေများသည်။ မခင်မေလေး ၏ ခင်ပွန်းသည်ဒေါက်တာက ချင်းတောင်နှင့် ကချင်ပြည်နယ်မှာသာ အမှုထမ်းသက်များသည်။ ။

          တစ်ခါတစ်ရံ မိတ်ဟောင်းဆွေဟောင်းများနှင့် တွေ့၍ စကားစပ် မိမှသာ သတင်းကြားရသည်။ စာအဆက်အသွယ်လည်းမရှိ။ သို့သော်ကျောင်းနေဖက်သူငယ်ချင်း သတိတရ ရှိမှုကလေးကတော့ ရှိနေကြ သည်။

          အသက်လေးဆယ် ကျော်လာသည်ဆိုလျှင်ပင် နှစ်များသည် လျှောစီး၍ ဆင်းသည့်ပမာ အဆင်းမြန်၊ အကုန်မြန်လွယ်ကြသည်။ သားသမီး ကြီးသည်ဟုပင် မထင်ရသေး၊ မိုးဦးပေါက်သော မှိုပမာ မြေးကလေးတွေက ဘယ်ကပေါက်မှန်းမသိ ပေါက်လာကြသည်။ ဒေါ်ခင်မေလေး မြေးတွေနှင့် ဖြစ်နေသော အချိန်တွင် ဦးဘတင်မှာ မိန်းမ မယူဘဲ ပေကတ်ကတ်လုပ်နေသော သားကြောင့် မြေးငယ်မရှိဘဲ ဆည်း လည်းသံညံညံနှင့် ဖဝါးနုနုလေးများ အသံကို မကြားရရှိနေသည်။ အဖြစ်ချင်းတူချင်ပြန်တော့ ဦးဘတင်၏ ဇနီး ခင်အိ သွေးတိုးရောဂါနှင့် ဆုံးသောနှစ်မှာပင် ဒေါ်ခင်မေလေးလည်း မုဆိုးမ ဖြစ်ရသည်။ အငြိမ်း စား အနားယူရန် မြို့ရွေးတော့လည်း တစ်မြို့တည်းမှာ လာရောက်ဆုံမိ ကြပြန်သည်။ ဒေါ်ခင်မေလေးက ဆီးချိုရောဂါ၊ ဦးဘတင်က သွေးတိုး ရောဂါနှင့် နှလုံးရောဂါ။ ဒါပဲကွာခြားသည်။

          ထိုနေ့က ဦးဘတင်သည် လမ်းအများကြီး လျှောက်ပစ်လိုက် သည်။ သူ့စိတ်တွင်ဝယ် အကျိတ်အခဲကြီး တစ်ခုသည် တစ်ဆို့နေသည့် ပမာ ခံစားရသည်။

*          *          *

          ကောင်းကင်တွင် မိုးသားများ ဆိုင်းနေသည်။ ရာသီဥတု ကလည်း မှုန်ပျပျ၊ နယုန်လကွယ်က မိုးတစ်ပြိုက် နှစ်ပြိုက်ရွာပြီး မိုးကပြတ်သွား သည်။ နေရထိုင်ရသည်မှာ အိုက်စပ်စပ်နိုင်လှသည်။ မိုးကိုသာ မျှော် နေမိသည်။ ဟော... မိုးသားတိမ်လိပ်များသည် တက်လာပေပြီ။ မိုးသား တိမ်လိပ်ကို မြင်သည်နှင့် အလိုလိုစိတ်အေးလာသည်။ အဆွေးဓာတ်ခံရှိသူများက ဆွေးကြသည်။ အမှတ်တရရှိသူများက ယနေ့သည် ဝါဆို လဆန်း ၁၄ ရက်ဖြစ်သည်ကို သတိပြုမိ ကြမည် ဖြစ်၏။ နက်ဖြန်ဆို ဝါဆိုလပြည့်နေ့ဦးဘတင်သည် အိမ်မှလမ်းလျှောက်ထွက်လာကတည်းက ရက်စွဲကို သတိရနေမိသည်။ ဒေါ်ခင်မေတို့ အိမ်ရှေ့အရောက်တွင် မခင်မေလေး အိမ်ရှေ့ထွက် နှင်းဆီပန်းညှပ်မည့်အချိန်နှင့်လည်း တိုက် ဆိုင်နေစေရန် တမင်ရွေး၍ ဖြည်းဖြည်းထွက်လာသည်။ အကြံအစည် နှင့် လူများသည် ဝီရိယ ရှိကြ၏။ ဟောတွေ့ပါပြီ၊ ဒေါ်ခင်မေက ကတ် ကြေးနှင့် ပန်းညှပ်ကာ သူ့မြေးမလေး ကိုင်ထားပေးသော လက်ဆွဲခြင်း တောင်းတွင် ထည့်နေသည်။ နက်ဖြန် ဝါဆိုလပြည့်မို့ ရွေးညှပ်နေဟန် တူသည်။ ။

          “အဟမ်း... အဟမ်း” “ဟော... ကိုဘတင် အစောကြီးပါလား”

          “ဟုတ်တယ် မခင်မေ၊ ဒီနေ့နည်းနည်းစောထွက်လာတယ်” ဦးဘတင်က လက်ကိုင်တုတ်ကို မြေကြီးထောက်ရင်း ပြောသည်။

          “သားဆီက စာရသလား” “ရတယ် မခင်မေ၊ နောက်နှစ်ပတ်လောက်ဆိုရင် ပြန်ရောက် တော့မယ်တဲ့ဗျ။ ဖေဖေ့အတွက်ကားလည်း ဝယ်ခဲ့သတဲ့ဗျ”

          “တော်ပေသားပဲ။ အားကိုးရသားပဲ။ ဒါထက် ချွေးမလေးဘာ လေးကော မကြည့်သေးဘူးလား” မခင်မေလေးမှာ ဟန်မူမပျက်စဉ်က ကဲ့သို့ အပြောရဲ အကြည့်ရဲ၊ နှုတ်သွက်၊ လျှာသွက်ပင် ရှိသေးသည်။

          “ဟင်း...ဟင်း။ ဒါကတော့ သူတို့ ဟင်း.. ဟင်း... လူငယ်ကိစ္စ ပဲဗျာ” ဦးဘတင်မှာ သူ့သားမိန်းမယူမည့် ကိစ္စပြောရမှာပင် ရှက်နေဟန် တူသည်။

          “ဘယ်ဒီလို ဟုတ်လိမ့်မလဲ ကိုဘတင်ရယ်။ ကိုယ့်မှာ ချွေးမက ရှားရှားပါးပါး ဒီတစ်ယောက်ပဲရမှာ။ အဲဒီတော့ ကိုယ့်စိတ်ကြိုက် အမေ့”

          စကားပြောရင်း နှင်းဆီပန်းခူးနေသည့် ဒေါ်ခင်မေလေး၏ လက် ကို နှင်းဆီဆူးက ဝင်စူးသည်ကြောင့် အမေ့”ဟု အသံထွက်သွားသည်။

          “ဟင်... ဘွားဘွား ဆူးစူးသွားပြီ၊ ဟင် သွေးတွေ ထွက်နေပါလား” “ကိစ္စမရှိပါဘူး မီးငယ်ရယ်။ နှင်းဆီဆူးပဲဟာ” ။ “နေဦး မီးငယ် ဂွမ်းနဲ့ ပလတ်စတာ သွားယူဦးမယ်”

          သွက်လက်ချက်ချာသည့် ဆရာဝန်ကတော်၏မြေး၊ ဆရာဝန်မ ၏ သမီးဖြစ်သူလေးသည် ရှေးဦးသူနာပြုရန်အတွက် အိမ်ဆီသို့ပြေး၍ ဆေးသေတ္တာ သွားယူသည်။

          “နှင်းဆီဆူးမို့ ဂရုမစိုက်ဘဲ မနေနဲ့လေ မခင်မေ”

          ဦးဘတင် အသံထွက်လာမှ ဒေါ်ခင်မေ မော့ကြည့်မိသည်။ သူ တို့ အကြည့်ခြင်းဆုံကြသည်။ ယင်း

          “ဒါပေမဲ့ ထောက်ရှာဆူးလောက်တော့ အဆိပ်မပြင်းပါဘူး”

          ဒေါ်ခင်မေလေး၏ မှုန်သီသီမျက်လုံးများသည် ကြယ်ပွင့်ကလေး များကဲ့သို့ လက်သွားသည်။ သူ့လက်ညှိုး ထိပ်မှသွေးစို့ကလေးသည် ဖနောင့်တွင် ထောက်ရှာဆူးစူးစဉ်က သွေးများကဲ့သို့ နီရဲစွာပင် ရှိနေ သေးသည်။ မြေးငယ်ကလေးက ဆေးသေတ္တာကို ရှာနေပုံရသည်။

          “အဟမ်း... မခင်မေကို ကျွန်တော်၊ ကျွန်တော် တစ်ခုလောက် မေးချင်တယ်”

          ဦးဘတင်၏ အသံမှာ ထူးခြားစွာ ခြောက်ကပ်လှ၏။

          “မေးလေ ကိုဘတင်၊ ဘာများမေးချင်လို့လဲ”

          ဒေါ်ခင်မေလေးသည် မမျှော်လင့်သော စကားကြောင့် အတန်အံ့ အားသင့်သွားပုံရှိသည်။ သို့သော်သူကအမြဲ ဟန်မပျက်သူ။

          “အင်း... မခင်မေ၊ ဝါဆိုပန်းခူးထွက်တုန်းက၊ အဲ... အဲ ကျောင်းမှာပါ။ အဲ.. အဲ... ကြာပါပြီ”

          “ဘာလဲ ကျွန်မခြေထောက်ကို ထောက်ရှာဆူး စူးတုန်းက ကိုဘတင် နုတ်ပေးတာပြောတာ မဟုတ်လား”

          “အဲ... အဲ... အဲဒါ မေ့နေပြီလားလို့ပါ”

          “မမေ့ပါဘူး ကိုဘတင်ရယ်။ ခုလို သွေးမြင်ရတော့ ရှင်လည်း သတိရတယ် ဆိုပါတော့။ ကျွန်မမေ့သွားပြီလားလို့ မေးချင်တာလား”

          “ဟုတ်- ဟုတ်ပါတယ်။ အဲ.. မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ မေးချင်တာက ကျန်- ကျန်နေသေးတယ်” ။

          ဦးဘတင် မျက်လုံးများမှာ နှင်းဆီပွင့်တွေပေါ်တွင်သာ။ “ဘာများပါလိမ့် ကိုဘတင်ရယ်။ ပြောစရာရှိလည်းပြောလေ” ဒေါ်ခင်မေလေးက ရေလာမြောင်းပေး ပြောလိုက်သည်။

          “အဲ-အဲ- ကလေးစကားပြောရရင်ဗျာ၊ အဲဒီတုန်းက ခင်ဗျားကို ကျွန်တော်မေတ္တာရှိနေပါတယ်လို့ ဖွင့်-ဖွင့်ပြောခဲ့ရင် မခင်မေ ဘယ်ဘယ်လို တုံ့ပြန်မလဲလို့ သိချင်တာပါ” ဟု ပြောလိုက်တော့သည်။

          ဒေါ်ခင်မေလေးသည် အတန်ကြာပြန်မဖြေ။ သူ့အိမ်ဆီသို့ လှည့် ကြည့်နေသည်။ မြေးမလေးက ပြန်ထွက်မလာသေး။ ပြီးမှ... ။

          “ကိုဘတင်၊ ရှင်ခုပြောနေတာက ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြော နေတာလား၊ သို့မဟုတ် ကုန်လွန်ခဲ့တဲ့ အတိတ်အရပ်ဆီက အဖြစ် အပျက် တစ်ခုကို အတိတ်ကံစမ်းအနေနဲ့ သိချင်လို့ မေးနေတာလား”

          ဒေါ်ခင်မေလေးအသံမှာ တည်လွန်း၍ ဦးဘတင် လန့်သွား သည်။

          “ဘာရည်ရွယ်ချက်မှ မရှိပါဘူးဗျာ၊ သိ- သိချင်တာ တစ်ခုပဲ ရှိပါတယ်”

          “ဪ.. အတိတ်က ကံစမ်းမဲကို သိချင်တယ်ဆိုပါတော့”

          “ဟုတ်ကဲ့ ထားပါတော့။ အဲ ဆိုကြပါစို့”

          “ရှင်မှမနှိုက်ဘဲနဲ့” “ဗျာ...”

           “ရှင်မှမနှိုက်ခဲ့ဘဲနဲ့”

           “တကယ်လို့ မဲနှိုက်ခဲ့ရင်ကော”

          “ပေါက်တယ်၊ အောင်ဘာလေမဲပေါက်တယ်။ အဲဒီတုန်းကမှ မဲမနှိုက်ဘဲနဲ့ ခုမှထပ်နှိုက်ချင်တယ်ဆိုရင်တော့ ဗလာမဲပဲ ပေါက်မယ်။ ဒီမီးငယ်လေးကလည်း ဆေးပလတ်စတာ သွားယူတာ ကြာလိုက်တာ။ ကဲ... ကျွန်မအိမ်ထဲ ဝင်လိုက်ဦးမယ်။ ရှင်လည်း လမ်းလျှောက်စရာရှိ တာ ဆက်လျှောက် ပေဦးတော့”

          ဒေါ်ခင်မေလေး အိမ်ဆီသို့ လျှောက်သွားသည်ကို ဦးဘတင် သည် အတန်ကြာ စိုက်ကြည့်နေမိသည်။ သူ့မျက်နှာတစ်ခုလုံးမှာလည်း ထူအန်း၍ နီမြန်းနေသည်။ ဒေါ်ခင်မေလေး အိမ်တွင်းဝင်သွားမှ ချာခနဲ လှည့်ကာ ခြေလှမ်းများ လေးရဲ့ စွာဖြင့် သူ့လမ်းသူ ဆက်လျှောက်သွား တော့သည်။ နောက်တစ်နေ့

          ဝါဆိုလပြည့်နေ့။

          ဝါဆိုလပြည့်နေ့ထုတ် သတင်းစာများသည် ဝေဝေဆာဆာနှင့် လှလှပပ ထွက်လာသည်။ သို့သော် နာရေးကြော်ငြာ တစ်နေရာတွင်မူ ဦးဘတင် အသက် ၆၂ ́ဟူသည့်အမည်တွင် “လူကြီး ရောဂါ” ဖြင့် ကွယ်လွန် အနိစ္စရောက်သည်ဟု မရေမရာ ဖော်ပြထား သည်ကို သတိပြုမိ သူများသာလျှင် တွေ့ရှိကြရမည် ဖြစ်ပါသည်။

အမှတ်၆၂၊ ပေဖူးလွှာမဂ္ဂဇင်း

ဇူလိုင်လ၊ ၁၉၈၆။