မောင်သော်က - တိုက်ရေယာဥ်၁၀၃
တိုက်ရေယာဉ် ၁၀၃
ရေတပ်အရာရှိငယ်တစ်ဦး၏ ဘဝတွင် တိုက်ရေယာဉ်တစ်စင်းကို အုပ် ချုပ်ခွင့်အာဏာ၊ ဦးစီးမှူး(ဝါ) စစ်ရေယာဉ်မှူးအဖြစ် ခန့်အပ်ခံရခြင်း ဟူသည်မှာ အလွန်ဝမ်းသာ ဂုဏ်ယူဖွယ်ရာသော အချက်တစ်ချက် ဖြစ်တော့သည်။ သူ့ဘဝတွင် အထွတ်မြတ်ဆုံးသော ကာလတစ်ရပ် ဖြစ် သည်။ ၁၉၅၆ ခု၊ စက်တင်ဘာလတွင် ကျွန်တော့်အား တိုက်ရေယာဉ် ၁၀၃ ၏ ဦးစီးမှူးအဖြစ် ခန့်အပ်လိုက်သောအခါ ဝမ်းသာဂုဏ်ယူ၍ မဆုံးတော့ပါ။ ကျွန်တော်တို့ ဗိုလ်သင်တန်း အတူတက်လာကြသည့် ဗိုလ်လောင်းတပ်စုတွင် ကျွန်တော်သည် ပထမဆုံးအနေနှင့် စစ်ရေ ယာဉ်မှူး ခန့်အပ်ခြင်း ခံရသူဖြစ်၏။ (နောင်ခေတ်နှင့်အညီ စစ်ရေယာဉ် မှူးဟူ၍သာ သုံးစွဲပါမည်) ကျွန်တော့်အသက်မှာ ၂၉ နှစ်မျှသာ ရှိသေး သည်။
တိုက်ရေယာဉ် ၁၀၃မှာ `ရေတပ်”တွင် ၎င်းနှင့်တူ (ညီအစ်မ သင်္ဘော) ၁၀ စင်းမျှ ရှိသည့်အနက် တစ်စင်းသောသင်္ဘောဖြစ်သည်။ သဃင်္ဘော ၁၀ စင်းစလုံးမှာ အမေရိကန်ရေတပ်မှ ကမ်းခြေစောင့် ကင်းလှည့်သင်္ဘောငယ်များ ဖြစ်ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်ကမ်းခြေကို ကာကွယ်ကင်းစောင့်ရန် ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ဆောက်လုပ်ခဲ့သော ရေယာဉ်များဖြစ်သည်။ အဆီထုတ်ထား သည့် ထင်းရှူးသား(Deal Wood) များဖြင့် သင်္ဘောကိုယ်ထည်ကို တည်ဆောက်ထားလျက် အလျားပေ ၈၃ ပေ၊ အနံဗြက် ၁၄ ပေမျှရှိ ကာ ရေစူး ၆ ပေမျှရှိသည်။ လက်နက်ကြီးများ အနေနှင့် ၄ဝ မီလီမီတာ လေယာဉ်ပစ် စက်အမြောက်ကြီးနှစ်လက် ပါရှိပါသည်။ ဦးပိုင်းတွင် တစ်လက်နှင့် ပဲ့ပိုင်းတွင်တစ်လက် ဖြစ်ပါသည်။ ဘိုဖာ (Botor) စက် အမြောက်ဟု ခေါ်ဆိုသည်။
ဒုတိယကမ္ဘာစစ် ပြီးသည့်နောက်တွင် သင်္ဘောအများအပြားမှာ ပိုလျှံနေသော စစ်ကျန်ပစ္စည်းများဖြစ်သည့်အလျောက် အမေရိကန် ရေတပ်စခန်းတစ်ခုတွင် စုပြုံကြိုးချည်ထားခဲ့သည်။ ယင်းသင်္ဘောများ အနက်မှ ၁၀ စင်းကို မြန်မာပြည်ရေတပ်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ် သည်။ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာ့ရေတပ်သည် အမေရိကန်ရေတပ်မှ ကမ်းခြေစောင့်ကင်းရေယာဉ် (Coast GuardCutter)၁ဝ စင်းမျှ လွှဲအပ် ပေးသည်ကို စင်ကာပူတွင် လက်ခံရယူခဲ့၏။ ထို ၁၀ စင်းအနက်မှ တစ်စင်းသောသင်္ဘောသည် တိုက်ရေယာဉ် ၁၀၃ ဟူ၍ ဖြစ်လာခဲ့သည်။ အမေရိကန် ရေတပ်မှလွှဲပြောင်းပေးစဉ်က သင်္ဘောများ၏ ပင်လယ် ထွက်ရန်အဆင့်မီ သက်တမ်းကာလမှာ သုံးနှစ်မျှသာ ကျန်ရှိနိုင်တော့ သည်ဟု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ သင်္ဘော၏ အပိုပစ္စည်း များကို သုံးနှစ်စာမျှ အပိုဆောင်းပေးခဲ့ပါသည်။ တိုက်ရေယာဉ် ၁၀၃ သည် ကျွန်တော်၏ အုပ်ချုပ်မှုအောက်တွင်ရှိစဉ် နစ်မြုပ်သွားခဲ့သော အခါ ရေယာဉ်သည် ရေတပ်၌ ခြောက်နှစ်တာ တာဝန်ထမ်းဆောင် သွားခဲ့ပြီး ဖြစ်တော့သည်။
တိုက်ရေယာဉ် ၁၀၃ နှင့် ကျွန်တော်သည် ထိုစဉ်ကတည်းက ရေစက်ဆုံခဲ့ကြသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ကျွန်တော်သည် တပ်ကြပ်အဆင့်တွင်သာ ရှိသေးသည်။ ထိုစဉ်က တိုက်ရေယာဉ် ၁၀၃ ကို အမေရိကန်ရေတပ်မှ လွှဲပြောင်းလက်ခံယူခဲ့သည့် စစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီးမောင်မောင်ခင်ဖြစ်လျက် ဒုစစ်ရေယာဉ်မှူးမှာ ဗိုလ်ကံညွန့်ဖြစ် ၏။ ကျွန်တော်က ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးမှ တပ်ကြပ်တစ်ဦး ဖြစ်သည်။ ပထမအသုတ်ဖြစ်သော တိုက်ရေယာဉ်လေးစင်းကို စစ်ရေယာဉ် ‘မေယု”ဦးဆောင်လျက် စင်ကာပူမှရန်ကုန်သို့ တောက် လျှောက်ခုတ်မောင်း ယူဆောင်လာခဲ့ကြသည်။ လမ်းခရီးတွင် လှိုင်းလေ ပြင်းထန်သောကြောင့် အပိုအလျှံဒီဇယ်များကို တင်ဆောင်လာသည့် ဒီဇယ်ပေပါများ လွင့်စဉ်ကာ ရေထဲကျသွားခဲ့သည်။ ဒီဇယ်ပေပါ တစ်လုံးက စစ်ရေယာဉ်မှူးဖြစ်သူ၏ လက်သန်းကို ကြေမွသွားသည် အထိ ကြိတ်ပြီးမှ လိမ့်ဆင်းသွားသည်။ တိုက်ရေယာဉ် ၁၀၃ သည် သူ၏ ပထမဆုံးဖြစ်သည့် စစ်ရေယာဉ်မှူးကို သွေးစွန်းစေခဲ့ပြီဖြစ်သည်။ သူသည် ကျွန်တော့်အားလည်း ချန်လှပ်မထားခဲ့ပါ။ နောင်တစ်နေ့တွင် စစ်ရေယာဉ်မှူးဖြစ်လာမည့် သူကိုပါ သတိပေးသည့်အလား ကျွန်တော့် လက်ဝဲလက်၏ လက်ခလယ်ထိပ်ကို အံဖုံးတံခါးတစ်ခုဖြင့် ညပ်စေကာ သွေးစိမ်းရှင်ရှင် ထွက်စေခဲ့သည်။ ယခုတိုင် ကျွန်တော်၏ လက်ဝဲလက် ချောင်းသည် လက်ယာလက်ချောင်းနှင့် ပုံပန်းသဏ္ဌာန်အားဖြင့် မတူညီ ဘဲ သေရာပါ ဒဏ်ရာ ကိုပေးခဲ့ပါသည်။ ပထမဆုံး စစ်ရေယာဉ်မှူး လက်သန်းကို ကြေမွစေကာ နောက်ဆုံးဖြစ်မည့် စစ်ရေယာဉ်မှူး၏ လက်ခလယ်ကို ထိပ်တွင် ကွဲအက်စေခြင်းဖြင့် သတိပေးခဲ့သည်ဟု နောင်တွင်မှ ကျွန်တော်ပြန်ပြောင်းသတိရ မှတ်မိပါတော့သည်။
တိုက်ရေယာဉ် ၁၀၃ ၏ အုပ်ချုပ်မှုအာဏာကို ဗိုလ်ကြီးဝင်းသိမ်း မောင်ထံမှ ကျွန်တော် ဗိုလ်ကြီးဘသော်က လွှဲပြောင်းလက်ခံယူခဲ့သည်။ ဒုစစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီးစောဦးဖြစ်သည်။ ဗိုလ်ကြီးစောဦးနှင့်ကျွန်တော်တို့မှာ ရေတပ်တွင်းသို့ တစ်ပြိုင်နက်တည်းလိုလို ဝင်ခဲ့ကြ သည့် ရဲဘော်များဖြစ်ကြသည်။ ကျွန်တော်တို့သည် သာမန်ရဲဘော်များ အဖြစ် ရေတပ်သို့ဝင်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော်က လွတ်လပ်ရေး မရမီကာလတွင် ဝင်ခဲ့လျက် ဗိုလ်ကြီးစောဦးက လွတ်လပ်ရေးရပြီးခါစ တွင် ဝင်ခဲ့ကြသည်။ သို့ သော် အရာရှိဖြစ်ကြရာ၌ သူက ကျွန်တော့် ထက်နောက်ကျ၍ ဗိုလ်သင်တန်းတက်ခွင့်ရသူဖြစ်ခြင်းကြောင့် ယခု သူက ကျွန်တော်၏လက်အောက်အရာရှိအဖြစ် ထမ်းဆောင်နေရခြင်း ဖြစ်သည်။ တာဝန်ချိန်မှ လွဲလျှင် ကျွန်တော်တို့သည် ရင်းရင်းနှီးနှီးပင် ခေါ်ပြောကြလျက် သူနှင့် ကျွန်တော်တို့ တစ်ချိန်က စစ်ရေယာဉ် “အင်းလျား” တွင် အတူတကွ ရဲဘော်ဘဝနှင့် အမှုထမ်းခဲ့ကြသလိုသာ ခေါ်ပြောနှုတ်ဆက်လေ့ရှိသည်။
ကျွန်တော်သည် ထိုစဉ်က အထက်မြန်မာပြည် ရေတပ်စခန်း ဖြစ်သည့် မန္တလေး၊ မုံရွာ စသည်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အပြန်တွင် တိုက်ရေယာဉ် ၁၀၃ ၏ အုပ်ချုပ်မှုအာဏာကို ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်ရေယာဉ် ၁၀၃ မှာ သန်လျက်စွန်းရှိ ရတနာပုံ ရေတပ် စခန်းတွင် ရေလယ်ဘောတစ်ခု၌ ချည်နှောင်ထားကာ ပင်လယ်ပြင်ခရီး ထွက်ရန် ပြင်နေဆဲဖြစ်သည်။ အုပ်ချုပ်မှု အမိန့်ထွက်သည့်နေ့တွင် သင်္ဘောကို လွှဲပြောင်းယူရန်အတွက် ရေလယ်တွင် ချည်နှောင်ထားသော တိုက်ရေယာဉ် ၁၀၃ ပေါ်သို့ သမွန်တစ်စင်းထက်မှ ကျွန်တော် လှမ်း တက်လိုက်သည်တွင် သင်္ဘောလှေကားထိပ်တွင် ဗိုလ်စောဦးက စစ်ဝတ်စုံ အဖြူကို သပ်ရပ်စွာဝတ်လျက် စစ်ရေယာဉ်မှူးအသစ်ကို စောင့်ကြိုလင့် သည်။ သင်္ဘောကုန်းပတ်ထက်သို့ ကျွန်တော်ခြေချသည်တွင် ကင်းစောင့် တာဝန်ကျရဲဘော်က ” ဟူသော ခရာငယ်သံကို မှုတ်လိုက်သည်နှင့် ဗိုလ်စောဦးက သတိအနေအထားရပ်ကာ အလေးပြုကြိုဆိုသည်။
ဤအချိန်သည် ရေတပ်အရာရှိငယ်တစ်ဦး၏ အပျော်ရွှင်ဆုံးသော အထွတ်အထိပ်အချိန် ဖြစ်သည်။ ခရာ (pipe) မှုတ်၍ ကြိုဆိုခြင်းခံရသော ဂုဏ်ဟူသည်မှာ သင်္ဘောတစ်စင်း၏ စစ်ရေယာဉ်မှူးနှင့် ရေတပ် ဦးစီးချုပ်တို့သာလျှင် ဂုဏ်ပြုခြင်းခံရသည်။ ခရာမှုတ်သံ ကြားသည်တွင် သင်္ဘောပေါ်ရှိအရာရှိ၊ အကြပ်တပ်သားများသည် ငြိမ်သက်စွာ သတိ အနေအထားဖြင့် နေကြရသည်။ ဆက်လုပ်” အဓိပ္ပာယ်ရသော ခရာသံ ကို နောက်ထပ်မှုတ်မှ မိမိတာဝန်ဝတ္တရားများကို ဆက်လုပ်ကြရသည်။ စစ်ရေယာဉ်မှူးတစ်ဦး သင်္ဘောပေါ်သို့တက်တိုင်း ဆင်းသွားတိုင်း ဤသို့ အရိုအသေပြုရခြင်းမှာ ရေတပ်၏ ဓလေ့ထုံးစံတစ်ရပ်ဖြစ်တော့သည်။
ကျွန်တော်က အလေးပြုခြင်းကိုခံယူရင်း ဆက်လုပ်”ခရာမှုတ် သည်တွင် 'နေကောင်းရဲ့လား ဗိုလ်စောဦး”ဟုမေးကာ သူ့အားလက်ဆွဲ နှုတ်ဆက်လိုက်သည်။
“နေကောင်းပါတယ် စီအို” ဟု သူကပြန်ပြောရင်း လက်ဆွဲနှုတ် ဆက်သည်။ သူသည် သွားတက်လေးများပေါ်အောင် ပြုံးရယ်နေသည်။ သူက အလုပ်တာဝန် အနေအထားအရ ကျွန်တော့်အား စီအို ဟုခေါ် လိုက်သည်ကို ကျွန်တော်သတိပြုမိ၏။ စီအိုဟူသော အသုံးအနှုန်းမှာ အင်္ဂလိပ်အခေါ် (CommandingOfficer) ကို အတိုကောက်အားဖြင့် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ သူ့အား ကျွန်တော်က တာဝန်အရခေါ် ပါမူ 1“ Lieut(ဖတ်စ်လု) ဟူ၍ ခေါ်ရသည် ။ အဓိပ္ပါယ်မှာ 1st Lieutenant ဒုတိယအရာရှိ(ဝါ)ဒု စစ်ရေယာဉ်မှူးဟူ၍ ဖြစ်သည်။ သို့သော် ကျွန်တော်က ရင်းရင်းနှီးနှီးပင် “ဗိုလ်စောဦး” ဟု ခေါ်ပြောလိုက်သည်။
“ကွန်ဂရက် ကျူလေးရှင်း” ကျွန်တော့်အား လက်ဆွဲနှုတ်ဆက် ကာ ချီးကျူးကြိုဆိုသူမှာ လက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်ကြီးဝင်းသိမ်းမောင် ဖြစ်၏။ ဗိုလ်ကြီးဝင်းသိမ်းမောင်မှာ ပိန်ပိန်သွယ်သွယ် ဖြူဖြူနှင့် လူချောတစ်ဦးဖြစ်သည်။ သူသည် အင်္ဂလန်ပြည်ဒတ်(တ)မတ်(သ)ရေတပ် ဗိုလ်သင်တန်းကျောင်း ဆင်းလာခဲ့သူတစ်ဦး ဖြစ်သည်။ သူက ကျွန်တော့်အား တိုက်ရေယာဉ် ၁၀၃ ၏ စစ်ရေယာဉ်မှူး တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ စာရွက်စာတမ်း ဖိုင်များလည်း စားပွဲ ပေါ်တွင် အသင့်ရှိနေ၏။ စားပွဲဘေးတွင် ရပ်နေသူ အရာရှိငယ်တစ်ဦး မှာ ဒုဗိုလ်သန်းညွန့်ဖြစ်သည်။ သူသည် သင်္ဘောတွင် တွဲဖက်အရာရှိ ဖြစ်သည်။ ကျွန်တော်တို့သင်္ဘောမှာ ပင်လယ်ပြင်တွင် ရက်ရှည်နေရမည် ဖြစ်ခြင်းကြောင့် တွဲဖက်အရာရှိတစ်ဦး အပိုပေးထားခြင်းဖြစ်သည်။ သာမန်အားဖြင့်မူ စစ်ရေယာဉ်မှူးနှင့် ဒုစစ်ရေယာဉ်မှူး နှစ်ဦးသာလျှင် အရာရှိဟူ၍ ရှိပေသည်။
အလုပ်လွှဲပြောင်းခြင်း၊ လက်ခံရယူခြင်းတို့ကိစ္စမှာ ကြာမြင့်သည် မဟုတ်ပါ။ သင်္ဘောက သေးငယ်သည်ကြောင့် ပစ္စည်းအလွှဲအပြောင်းမှာ မများလှပါ ။ ထို့ပြင် ဗိုလ်ကြီးစောဦးနှင့် ဗိုလ်သန်းညွန့်တို့ပါ ဆက်နေ ကြမည်ဖြစ်ခြင်းကြောင့် အရေးကြီးသည့် တပ်မတော်ငွေနှင့် ခဲယမ်း မီးကျောက်စာရင်းတို့ကိုသာ ကျွန်တော်က ဂရုတစိုက် စစ်ဆေးကာ လက်မှတ်ထိုးယူသည်။
“ဒီစာရင်းတွေက သေချာပါတယ်နော်... ဝင်း”
“သေချာပါတယ် မောင်ရင်ရာ၊ လက်မှတ်ထိုးမှာသာ ထိုးပါ။ အရေးကြီးတာက အခု လက်မှတ်ထိုးပြီး ညနေမက်(စ)မှာ ဘီယာတိုက် ဖို့ပဲ၊ ထိုးသာထိုး၊ ထောင်မကျစေရပါဘူး၊ ဟဲဟဲ”
ထုံးစံ ဖြစ်သည်။ ထုံးစံမှာ စီအိုအသစ်က အရာရှိများကို အရာရှိ ရိပ်သာတွင် ဘီယာအဝတိုက်မှ လွှဲပြောင်းခြင်းကိစ္စ ပြီးမြောက်သည် ဟူ၏။ ။
“ရပါတယ်ဗျာ၊ မနက်ကတည်းက ရိပ်သာမှာ ပီလ်စနာအာကွဲလ်ဘီယာတစ်ဒါဇင် ဖရီဇာထဲမှာ အသင့်ထည့်ထားဖို့ မှာထားခဲ့ပြီးသားပါ။ ဗိုလ်စောဦးလည်း လိုက်မယ်မဟုတ်လား”
ကျွန်တော်က ဗိုလ်စောဦးဘက်သို့ လှည့်မေးလိုက်သည်။
“ကျွန်တော် မဖြစ်ဘူးစီအို၊ ဗိုက်က ဂက်(စ်)ထရစ်အာလ်ဆာ (အစာအိမ်ရောဂါ) ပြန်ထနေတယ်၊ ဆရာဝန်က ဆေးရုံတက်ဖို့တောင် ပြောတာ”
သူနှင့် ကျွန်တော် မတွေ့ကြသည်မှာ ကြာပြီ။ ယခုမှ သတိပြုမိ သည်မှာ သူသည် ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် မသိမသာ နှိပ်ထား လျက် မျက်နှာမှာလည်း နွမ်းလျလျဖြစ်နေသည်။
“ဒီလိုဆို ဆေးရုံတက်လိုက်ပေါ့ ဗျာ၊ စောစောက ကုလိုက်ရင် ကောင်းမယ်” ။
“နေပါစေ စီအို၊ ရပါတယ်။ ဒီတစ်ခေါက် မြိတ်ကပြန်မှပဲ ဆေးရုံ တက်တန် တက်ရတာပေါ့။ ခုတော့ ဗိုက်နာရင်ဆိုဒါ တိုင်ကပ်လောက်နဲ့ ပြီးပါသေးတယ်”
သူသည် အစာအိမ်ရောဂါ ရှိနေပါလျက် ကျွန်တော်နှင့်အတူ မြိတ်ကျွန်းစုသို့ ခရီးတစ်ခေါက် ထွက်လိုသေးသည့်အတွက် သင်္ဘောပေါ် တွင် ပေကပ်နေခြင်းဖြစ်သည်။
“ဗိုလ်သန်းညွန့်ကော... လိုက်မယ်မဟုတ်လား”
ဗိုလ်သန်းညွန့်က ဘာမျှပြန်မပြောဘဲ ပြုံးရုံသာပြုံးနေသည်။
“ဟေ့ မောင်ရင်၊ ဗိုလ်သန်းညွန့်ကို မခေါ်နဲ့ကွ၊ သူက မောင်ရင်တို့ ကိုယ်တို့လိုမဟုတ်ဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ပုတီးစိပ်နေတဲ့သူ”
ဗိုလ်ကြီး ဝင်းသိမ်းမောင်က ဝင်ပြောလိုက်သည်။
ထိုညနေတွင် အရာရှိရိပ်သာ၌ လွှဲပြောင်းပေးသူ စစ်ရေယာဉ်မှူးနှင့် အခြားအပေါင်း အသင်းအရာရှိများကို လက်ခံရယူသူ စစ်ရေယာဉ်မှူးကယမကာဖြင့် အဘိယာစကပြုရာတွင် ဘီယာ တစ်ဒါဇင်သာမက ဂျမေကာရမ်နှစ်လုံးပါ စာရင်းပါသွားသေးသည်။ အများတကာထက်သောက်နိုင်သူမှာ ဗိုလ်ကြီးကံညွန့်ပင် ဖြစ်သည်။ သူမကျေနပ်သေးသမျှ တာဝန်လွှဲပြောင်း လက်ခံရယူခြင်းပွဲမှာ မပြီးသေးပါ။ သူမူး၍လဲရန်ဆို သည်မှာလည်း ကျွဲရိုင်းတစ်ကောင်ကို လှဲချရန် ကြိုးစားသည်က လွယ်ကူ လိမ့်ဦးမည် ဖြစ်သည်။