Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်သိန်းဆိုင် - ချစ်သောလယ်လယ်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

[ ]

          သည်မြေသို့ ပြန်လည်ခြေချမိပြန်သည်။

          သည်မြေမှလေသည် လတ်ဆတ်ခြင်းမရှိ၊ သန့်ရှင်းခြင်းမရှိ။ မီးခိုး နံ့နှင့် ဓာတ်ဆီညှော်နံ့ ရောပြွမ်းနေတတ်သည်။ သည်မြေ၏ အသွင် အပြင်ကလည်း စိမ်းလန်းခြင်းမရှိ၊ စိုပြည်ခြင်းမရှိ။ တိုက်တာအိမ်ခြေတို့ ဖြင့် ကျပ်ညပ်နေသည်။ လူသူမော်တော်ယာဉ်စသည်တို့ဖြင့် အစဉ်လို ရှုပ်ထွေးနေတတ်သည်။

          လတ်ဆတ်သန့်ရှင်းသော၊ ထင်းရှူးနှင့် ယူကလစ်နံ့သင်းသော လေကို ရှူရှိုက်ခဲ့ရာမှ မီးခိုးနံ့ ဓာတ်ဆီညှော်နံ့ ပြွမ်းသောလေကို ရှူရှိုက် ရသည့်အခါ စိတ်မှာ ကြည်လင်၍မလာပေ။ စိမ်းလန်းသော၊ သာယာ သော တောတောင်ရေမြေ ရှုခင်းများကိုတွေ့ခဲ့ရရာမှ ရှုပ်ထွေးကျပ်ညပ် သော ရှုခင်းကို မြင်တွေ့ရသောအခါ ရင်မှာ ရွှင်ပျမလာပေ။ တိတ်ဆိတ် ငြိမ်သက်နေရာမှ ဆူညံကျယ်လောင်သော အသံဗလံများကို ကြားရသည့် အခါ ခေါင်းမှာ နောက်ကျလာသည်။

          စင်စစ် ရန်ကုန်သို့ ပြန်လည်ခြေချမိခြင်းသည် ကျွန်တော့်အဖို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ ရုတ်တရက် လန့်ဖျပ်နိုးထလိုက်ရခြင်း ကဲ့သို့ ဖြစ်နေသည်။

          ဘူတာမှ ထွက်လိုက်ပြီဆိုကတည်းကပင် ပျားပန်းခတ်မျှ လှုပ်ရှား နေသော ရှုခင်းကို တွေ့ လိုက်ရသည်။ ဆူညံကျယ်လောင်သောအသံ များကို ကြားလိုက်ရသည်။ နေ့စဉ်နှင့်အမျှ ပွဲတော်တစ်ခုပမာ ကျိတ်ကျိတ် တိုးစည်ကားနေသော ရန်ကုန်မြို့၏အသွင်အပြင်ကို မြင်လိုက်ရသည်။

          သို့ပေမယ့် သည်မြေသည် ကျွန်တော့်အဖို့ ရေကြည်ရာ မြက်နုရာ ဒေသ။ ကျွန်တော်၏ အသက်မွေးဝမ်းကျောင်း ရှိရာအရပ်။ သည်မြေမှ အဘယ်မျှဝေးကွာအောင် ပြေးမည်ပင်ဆိုစေ တစ်နေ့သောအခါ သည်မြေ သို့သာ ပြန်လည်ခြေချရသည်။

          သည်မြေနှင့် ကင်းကွာနေရစဉ်က အဖြစ်များသည် ကျွန်တော့်အဖို့ အိပ်မက်နှယ် ဖြစ်နေရသည်။ စိတ်အတွေး၌ တစ်ပတ်လည်လာသော အခါ ရင်မောဖွယ်ရာများ ဖြစ်နေရသည်။ ကုန်လွန်ခဲ့သော နေ့၊ ရက်၊ နာရီဟူသည် အစားပြန်မရစကောင်းဟု အဆိုရှိသည်။ မှန်ပါသည်။ ကုန်လွန်ခဲ့သော နေ့ရက် နာရီများသာမက ကုန်လွန်ခဲ့သော ဖြစ်ရပ်များ သည်လည်း အစားပြန်မရစကောင်း။

          ဖြစ်နိုင်မည်ဆိုလျှင်တော့ ကျွန်တော်သည် မိမိကိုယ်မိမိ မေသင်း အောင်နှင့် အင်းလျားကန်ဟိုတယ်၌ ဆုံတွေ့ခြင်း မရှိခဲ့သေးသော အချိန် ကာလဆီသို့ ပြန်လည်ရောက်ရှိလိုက်ချင်သည်။ သို့မဟုတ် လယ်လယ်နှင့်အောင်ပန်း၌ ကြုံတွေ့ခြင်း မရှိခဲ့သေးသော နေ့ရက်များဆီသို့ ပြန်သွား လိုက်ချင်သည်။

          ကျဉ်းကျပ်သော တိုက်ခန်းကလေးဝယ် အထီးကျန်ဆန်စွာ နေထိုင် ရင်း ရောင့်ရဲတင်းတိမ်စွာဖြင့် စာပေရေးသားနေခဲ့သော အတိတ်ဘဝသို့ ပြန်ချင်သည်။

          ယင်းသို့ဆိုလျှင် သည်မြေသို့ ပြန်လည်ခြေချမိခြင်းအတွက် ကျွန်တော် စိတ်မှာ တစ်စုံတစ်ရာ စနောင့်စနင်း ရှိမိမည် မဟုတ်ပါပေ။ အခါတိုင်းကလို နေရာဒေသတစ်ခုသို့ သွားရောက်လေ့လာကာ ပြန်လာ ခဲ့ခြင်းမျိုးပင် ဖြစ်မည်။ စိတ်မှာ လွတ်လပ်ပေါ့ပါးနေမည်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရကာ ရယ်မောရွှင်ပျရှိရမည် အမှန်ပင်။

          ယခုမူ ထိုသို့မဟုတ်။ ရင်မှာ နာကျင်နေသည်။ စိတ်မှာ စနိုးစနောင့် ဖြစ်နေရသည်။ သည်မြေသို့ ပြန်လည်ခြေချရသည်ကိုပင် မဝံ့မရဲရှိနေ မိသည်။

          သည်မှာ မေသင်းအောင်နှင့်သော်လည်းကောင်း၊ လယ်လယ်နှင့် သော်လည်းကောင်း ပြန်လည်ဆုံတွေ့ကြရမည်။ ကြမ္မာ၏စေစားချက်ကို အဘယ်မျှအထိ ခါးစီး၍ ခံရဦးမည် မသိတတ်နိုင်။

          မေသင်းအောင် ပြောခဲ့သလိုပင် ဖြစ်မည်။ စိတ်ညစ်၍ မြစ်ကမ်း နံဘေး သွားထိုင်ပါမှ ရေလယ်မှ သပွတ်အူတထွေးမျောလာသည် ဆို ခြင်းကဲ့သို့ပင် ဖြစ်မည်။ မေသင်းအောင်ကို ရှောင်လို၍ ရန်ကုန်က ထွက် လာပါမှ လယ်လယ်နှင့်အဖြစ်က ပေါ်လာပြန်သည်။ ငါးသည် ဆီပူထိုး ခံရသည်။ ဆီပူမှ လွတ်မြောက်ရန် ဒယ်အိုးအတွင်းမှ ခုန်ထွက်သည်။ ထိုအခါ မီးကျီခဲထဲသို့ရောက်ရပြန်သည်ဟု ခိုင်းနှိုင်းသော် ရိုင်းအံ့မထင် မိပါပြီ။

          မေသင်းအောင်အတွက် ရင်နာသည်။ လယ်လယ်အတွက် ရင်မော သည်။

          သည်လိုနှင့်ပင် သောကကို ရင်ဝယ်ပိုက်ကာ သည်မြေသို့ ခြေချ ခဲ့ရသည်။

          ရက်အတန်ကြာမျှ ကွဲကွာခဲ့ရသော မိမိ၏တိုက်ခန်းကလေးသို့ပြန်လည်ရောက်ရှိခဲ့ရသည်။ ဖုန်အလိမ်းလိမ်းတက်နေသည်ကို ရှင်းလင်း ရသည်။ ကျွန်တော်မရှိခိုက် မင်းမူချင်တိုင်း မင်းမူနေသော ကိုရွှေကြွက် တို့ကို မောင်းရသည်။ နေရာတကာမှာ အိမ်ဖွဲ့ဆင်နေသော ပင့်ကူတို့ကို နှင်ရသည်။ စာအုပ်ပုံအကြားမှာ ကျင်လည်ကျက်စားကြသည့် ပိုးဟပ် တို့ကို သုတ်သင်ရသည်။

          ပြီးလျှင်မူ ကုလားထိုင်တစ်လုံး၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ ပါသည်။

          တစ်ကိုယ်လုံး နုံးနေသည်။ နွမ်းနယ်နေသည်။ အရက်မပြတ် သောက်ခဲ့သော အကျိုးဆက်အဖြစ် လေးလံထိုင်းမှိုင်းနေသည်။ မျက်စိ အစုံကို မှေးမှိတ်ထားမိသည်။ လူက ငြိမ်သက်နေသော်လည်း စိတ်က မငြိမ်သက်နိုင်သေး။ မေသင်းအောင်ကို မြင်ယောင်သည်။ မေသင်းအောင် နှင့်ပတ်သက်၍ လွမ်းခဲ့၊ တမ်းတခဲ့ရသည်များကို အမှတ်ရသည်။ ပြီးလျှင် မူ စိတ်အတွေးသို့ လယ်လယ် ရောက်လာသည်။ လယ်လယ်နှင့် ပတ်သက်၍ ကြည်နူးရွှင်ပျခဲ့ရသည်များ နာကျင်ဆွေးမြည့်ခဲ့ရသည်များ ကို သတိရသည်။

          နေရာဟောင်းသို့ကား ရောက်ခဲ့ပါပြီ။ သည်မှာ မောင်ပိုနှင့် ရွှေကျား ပုံပြင်လို ဖြစ်ခဲ့လျှင်တော့ အကောင်းလေသား။ ကျားငစဉ်းလဲက ထောင် ချောက်သို့ဝင်၍ မောင်ပိုက ရွာသို့ဝင်ကာ ပညာရှိ ကိုရွှေယုန်က တောသို့ဝင် လေသတည်းဟု နိဂုံးချုပ်ခဲ့လေလျှင် အဘယ်မျှကောင်းလေမည် မသိ။ ယင်းသို့ဆိုလျှင် အစားပြန်မရနိုင်တော့သော အချိန်ကာလများကို အစား ပြန်ရသည့်နှယ် ဖြစ်မည်။ ရင်မှာ နာကျင်ဆွေးမြည့်ရခြင်းတို့ လျော့ပါးမည်။

          ဆုတောင်းဆိုသည်မျိုးကို ငယ်စဉ်ကပင် မယုံကြည်ပါ။ ဆုတောင်း တိုင်း ရနိုင်လိမ့်မည်ဟူသော ယုံကြည်မျှော်လင့်ချက်မျိုးကို မထားခဲ့မိပါ။ ယခုမူ ဆုကိုလည်းတောင်းမိပါသည်။ ဆုတောင်းသည့်အတိုင်း ပြည့်ပါစေဟု ဆုတောင်းမိပြန်သည်။ အရာခပ်သိမ်းသည် စင်းဖြောင့်ပြေလျှော ပါစေဟု။ ။

          သို့သော် ဆုတောင်းနေစဉ်မှာပင် ဆုတောင်းကို ယုံကြည်ကိုးစား ခြင်းနည်းပါးနေမိပြန်သည်။ ဆုတောင်းဟူသည် အားနည်းပျော့ညံ့သူတို့ ၏စိတ်ဖြေရာဟု ထင်မိပြန်သည်။

          နှလုံးသားရေးရာနှင့် စပ်လျဉ်းလာလျှင် စစ်နိုင်ဘုရင် ဂျူးလီးယက် ဆီဇာသည်လည်း ပျော့ညံ့ပါသည်။ ဗလငါးတန်နှင့် ပြည့်ဝသော သတိုး မင်းစောသည်လည်း ပျော့ညံ့ခဲ့ပါသည်။

          ကျွန်တော်သည်ကား သာမန်လူသားတစ်ဦးမျှသာတည်း။

          ရောက်စရက်များ၌ ကျွန်တော်သည် နေရာဟောင်းသို့ ပြန်ပြောင်း ရောက်ရှိလာသူတစ်ယောက်အဖြစ် မိမိကိုယ်ကို ဖြေသိမ့်သည်။ မေသင်း အောင်နှင့် မဆုံသေးစဉ်ကကဲ့သို့၊ လယ်လယ်နှင့် မကြုံသေးစဉ်သကဲ့သို့ ကျင့်ကြည့်သည်။ မပြီးသေးသော ဝတ္ထုကိုဆက်ရေးသည်။ ပုံနှိပ်တိုက်သို့ သွားကာ ရေးပြီးသမျှစာမူကို ပေးသည်။

          သည်မှာ လှလှအေးသည် ကျွန်တော့်ကို တအံ့တသြ ကြိုဆိုသည်။

          “အာ၊ ကိုညီညီ။ ရှင်ဒီဒွန္နရာကြီးမှာ အသက်ထင်ရှားရှိနေသေး ဆဲကိုး” သူမက မှတ်ချက်ချသည်။ “အေးတို့က ကိုညီညီ ရုတ်တရက် ပျောက်သွားတော့ တစ်စုံတစ်ခုဖြစ်ပြီလားလို့။ ရဲဌာနတွေ ဘာတွေတိုင်ပြီး သတင်းစာမှာ လူပျောက်ကြော်ငြာရတော့မလားလို့” “အဲဒါတွေ တစ်ခုမှမလုပ်ဖြစ်တာ ဝမ်းသာပါတယ် အေး”

          နောက်တော့ ဦးလင်းအောင်နှင့် ဆုံရသည်။ “ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား” မေးဖော်ရသည်။ “ကိုယ်ပြောခဲ့ တဲ့ စကားအတွက် စိတ်ကောက်ပြီး ထွက်သွားတာတော့ မဟုတ်တန် ကောင်းပါဘူးနော်”ဆိုသည်။

          “ကျွန်တော်ခရီးထွက်သွားတာ ခင်ဗျားနဲ့ ဘာတစ်ခုမှ မပတ်သက် ပါဘူး ဦးလင်းအောင်”

          “အဲလိုဆိုရင်တော့ ဝမ်းသာပါတယ်ညီညီ။ တကယ်တမ်းကျတော့ ကိုယ်မောင်ရင့်ကို ပြောခဲ့တာတွေဟာ စေတနာပါ။ မောင်ရင် စာရေးဖြစ် စေချင်လို့ပါ။ အနုပညာသမားတစ်ယောက်ဟာ ဘယ်လောက်ပဲတော် နေနေ၊ အနုပညာဓာတ်ခံ ဘယ်လောက်ပဲကောင်းနေနေ၊ အနုပညာ ပစ္စည်း ဖန်တီးထုတ်လုပ်မှုမရှိရင် ကျဆုံးရတာ ဓမ္မတာဘဲ ညီညီ။ ပျံနေအောင်ကောင်းတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဆိုပါစို့ ။ ရုပ်ရှင်ကား တကားမှ မရိုက်ရင် သူရဲ့ နာမည်ဟာ လူတွေရဲ့ ပါးစပ်ဖျားက ကင်းကွာ သွားမှာ အမှန်ပဲ နာမည်တက်ခိုက်၊ ရတုန်းရခိုက် အားစိုက်ခွန်စိုက် ရေးထားဖို့ကောင်းတယ်”

          သူနှင့်အငြင်းမပွားချင်ပါ။ သူ့စကားကိုဖြေရှင်းရန် မကြိုးစားချင် ပါ။ ခပ်မဆိတ်နေခြင်းသည် အကောင်းဖြစ်မည် ထင်သည်။ ဤသည် မှာလည်း အကြောင်းရှိသည်။ သူ၏ စကားသည် ထိုက်သင့်သလောက် မှန်ကန်ခြင်းရှိသည်။ မိမိကိုယ်၌ကလည်း မိမိခံစားချက်နှင့် မိမိပင်ဖြစ် သည်။ သူကလည်း သူ့ခံစားချက်နှင့် သူဖြစ်ပေလိမ့်မည်။

          သို့ရာတွင် အငြင်းမပွားချင်သည့်ကြားမှ စကားတစ်ခွန်းကိုကား ဆိုခဲ့မိသည်။

          ဒါပေမယ့် ရုပ်ရှင်ကားတွေ ရိုက်ပါများတိုင်းလည်း အဲဒီမင်းသမီး ဟာ ပရိသတ်ရဲ့ နှုတ်ဖျားမှာ ရေပန်းစား မနေတတ်ပါဘူး ဦးလင်းအောင်”

          ကျွန်တော်၏စကားကြောင့် ဦးလင်းအောင်သည် ကျွန်တော့် မျက်နှာ ကို စူးစူးစိုက်စိုက်ကြည့်လာသည်။

          “မောင်ရင် ဘာကိုဆိုလိုတာလဲ” မေးသည်။

          ကျွန်တော့်တွင် ပြောစရာစကားများစွာ ရှိလာရသည်။

          “အနုပညာသမားဆိုတာ ဖန်တီးမှုများတိုင်းလည်း မကောင်းဘူး လို့ ဆိုလိုတာပါ။ အရေအတွက်နဲ့ အရည်အချင်းဆိုတာ တခြားစီပါလို့ ပြောတာပါ။ ဆိုပါတော့ဗျာ။ အခုလောလောဆယ်မှာ ကျွန်တော်ဟာ စာမရေးနိုင်လောက်အောင် စာမရေးချင်လောက်အောင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိနေတယ်ဆိုပါစို့။ ဒီကြားထဲက ဖြစ်ညှစ်ရေးရင်တော့ တစ်ပုဒ် တလေ ထွက်လာမှာသေချာတယ်။ ဒါပေမယ့် အဲဒီလိုထွက်လာတဲ့ စာတစ်ပုဒ်ဟာ ကောင်းမကောင်းလို့ တာဝန်မခံနိုင်ဘူး။ အဖြစ်နိုင်ဆုံးက ညံ့မှာသေချာတယ်။ ဒီတော့ အညံ့စားကို အရေအတွက်အနေနဲ့ ရေးမယ့် အစား မရေးဘဲနေလိုက်တာက ပိုမကောင်းဘူးလား ဦးလင်းအောင်”

          “ကိုယ်စောစောက ပြောသလို”

          ‘ထားပါ၊ ခင်ဗျားပြောတာကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမယ့် စာရေးဆရာ အပါအဝင် ဘယ်အနုပညာသမားမှ တန်ခိုးတော်ရှင်တွေ မဟုတ်ကြဘူး။ စေတလုံးပိုင်ရှင်တွေ မဟုတ်ကြဘူး။ ရွံ့ဖွ လို့ မန်းလိုက်ရုံနဲ့ အနုပညာပစ္စည်းတစ်ခုကောင်းကင်က ကျမလာဘူး။ အသည်းနှလုံးနဲ့ ဦးနှောက်က ဖန်တီးနေကြရတာချည်းပဲ။ ကျွန်တော်တို့ တစ်တွေဟာလည်း ပုထုဇဉ်လူသားတွေပါ။ ကျွန်တော်တို့မှာ ကြေကွဲရ တာတို့ နာကျည်းရတာတို့ ဆိုတာရှိတယ်။ စိတ်ဓာတ်တက်ကြွရတာ တို့ ကျဆင်းရတာတို့ဆိုတာ ရှိတယ်။ ဒီတော့ စိတ်အစဉ်ကို ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ကာလမှာ ဘာမှမလုပ်ဘဲ နေချင်နေမှာပဲ။ အဲဒီကြားက စိတ်မပါ လက်မပါနဲ့ အနုပညာပစ္စည်းတစ်ခု ဖန်တီးမယ်ဆိုရင် အဲဒီ ပစ္စည်းဟာ အရေအတွက်အားဖြင့် ကောင်းချင်ကောင်းပေလိမ့်မယ်။ အရည်အချင်းဘက်ကတော့ မညံ့ဘူးဆိုတောင် အကောင်းစားတော့ ဖြစ်လာလိမ့်မယ် မဟုတ်ဘူး ဦးလင်းအောင်”

          “ခင်ဗျားရဲ့ စကားနဲ့ စပ်ပြီးပြောမယ်။ ကျွန်တော်တို့ ငယ်စဉ်ကဆိုပါတော့ဗျာ ဆယ့်သုံးနှစ်သားလောက်ကပေါ့။ ကျွန်တော်ဟာ နယ်မှာ နေတယ်။ တစ်နှစ်ကိုတစ်ခေါက်နှစ်ခေါက် ဆိုသလို၊ ရန်ကုန်ကို လာရ တယ်။ အဲဒီတုန်းက အောင်မြင်ဆိုတဲ့ ရုပ်ရှင်မင်းသားဆိုပါတော့။ သူက သိပ်နာမည်ကြီးတယ်။ ရေပန်းစားတယ်။ ကျွန်တော် မှတ်မိသေးတယ်။ မီးရထားဘူတာရုံ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီဆိုရင် ရုပ်ရှင်ရုံတွေ မှာ သူ့ပုံတွေချည်း တွေ့ရတယ် ရုပ်ရှင်ရုံသုံးရုံဆိုရင် သုံးရုံစလုံးမှာ သူ့ပုံနဲ့ သူ့နာမည်ချည်း တွေ့ရတတ်တယ်။ အဲဒီအချိန်တုန်းက ရုပ်ရှင်ကားထဲ မှာ သူဌေးသားဆိုလည်းသူ ဆင်းရဲသားဆိုလည်းသူ၊ ဝရမ်းပြေးဆိုလည်း သူ၊ ရဲအရာရှိဆိုလည်းသူ။ တစ်မိုးလုံးဖျောက်ဆိတ်ပဲ။ အဲဒီအချိန်မှာ သူ့အသက်ဟာ လေးဆယ်နားနီးနေပြီ။ ဒါပေမယ့် အသက် ဆယ့်ကိုးနှစ် အရွယ် ကောလိပ်ကျောင်းသားဆိုလည်း သူပဲ လုပ်ရတယ်။ လျှမ်းလျှမ်းတောက်နေတယ်ဆိုပါတော့။ ဒါပေမယ့် ဒီကနေ့ခေတ်ကျတော့ သူ့နာမည် ကိုသွားမေးရင် မသိတဲ့သူအများကြီး ဖြစ်နေတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ အနုပညာကိုဖန်တီးသင့်တဲ့ အတိုင်းအတာထက် လွန်ပြီးလုပ်လို့ ပဲ။ ရတုန်းယူမတဲ့ဆိုတဲ့ ဆန္ဒနဲ့ကိုယ်နဲ့တော်၏ မတော်၏ မစဉ်းစားဘဲ တွေ့ကရာဇာတ်တွေ လက်ခံလို့ပဲ။ အသက်လေးဆယ်ကျော်အရွယ်က ဆယ့်ခုနစ်နှစ်သမီးနဲ့ သမီးရည်းစား စကားပြောခန်းမှာပါပြတော့ သဘာဝ နဲ့ ကင်းလွတ်သွားတယ်။ အဲဒါနဲ့ တစ်ပြိုင်နက်ပရိသတ်က ပြောင်လှောင် လာတယ်။ တစ်ဆက်တည်းမှာပဲ ကျဆုံးမှုရလဒ်ဟာ ကပ်လာပါတယ်”

          ဦးလင်းအောင်သည် ကျွန်တော့်စကားကို ချေပခြင်းမရှိ။ သို့တိုင် အောင် ကျွန်တော့်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်သော အရိပ်အသွင် များ သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။

          “ဒါပေမယ့် ဘာပဲပြောပြော ခင်ဗျားထုတ်မယ့် စာအုပ်အတွက် စာမူအပြီးထိ ကျွန်တော် ကြိုးစားရေးပေးမှာပါ ဦးလင်းအောင်”