Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

မောင်သာနိုး - ဟိုက္ကုကဗျာခရီးသည်ဗသျိူး

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ခရီးအစ

          တတိယလ နှစ်ဆယ့်ခုနစ်ရက်၊ မနက်စောစောမှာ ငါခရီးစခဲ့ တယ်။ ကောင်းကင်မှာ အမှောင်ရစ်သီနေဆဲ။ တဖြည်းဖြည်း ဝါးသွား နေပေမဲ့ လကိုမြင်ရတုန်း။ ဖူဂျီတောင်ရဲ့ ဝိုးတဝါးအရိပ်နဲ့ အူအေနိုနဲ့ ယနကတို့ရဲ့ ချယ်ရီပန်းတို့က ငါ့ကို နောက်ဆုံးနှုတ်ဆက်နေကြရဲ့။ ငါ့မိတ်ဆွေတွေ အလျင်ညကရောက်လာကြပြီး အားလုံးပဲ ပထမမိုင် အနည်းငယ်လိုက်ပို့ဖို့ လှေပေါ်လိုက်ခဲ့ကြတယ်။ ဆင်ဂျူမှာ လှေပေါ်က ဆင်းကြတော့ ငါ့ ရှေ့က မိုင်သုံးထောင်ကို တွေးမိပြီး ရုတ်တရက် ငါ့ ရင်ထဲပြည့်သွားတယ်။ မြို့ရဲ့ အိမ်တွေကိုရော၊ မိတ်ဆွေများရဲ့ မျက်နှာ တွေကိုရော မျက်ရည်ပေနေတဲ့ ငါ့မျက်လုံးများက အိပ်မက်ပမာသာ မြင်နိုင်တော့တယ်။

နွေဦးကုန်မှာစိုး

 ငှက်တို့ ငို၊ ငါးတို့တောင်မှ

မျက်ရည်တွေဝေကြ

          ခရီးအစကို သည်ကဗျာနဲ့ မော်ကွန်းထိုးရင်း ငါခရီးထွက်ခဲ့တယ်။ ဒါပေမဲ့ တဝဲလည်လည် အတွေးတွေက ခြေလှမ်းများကို လေးလံစေ လေရဲ့။ ငါ့မိတ်ဆွေများဟာ တန်းရပ်တဲ့ကာ ငါ့ကျောပြင်ကို မြင်ရ သေးသမျှ လက်ဝှေ့ယမ်း နှုတ်ဆက်နေရစ်ကြပေါ့။

          ဆိုကာ

          အဲဒီနေ့တစ်နေ့လုံး လျှောက်လာခဲ့တယ်။ မြောက်ဖျားဒေသက ထူးဆန်းတဲ့မြင်ကွင်းတွေ ကြည့်ပြီးရင် ပြန်မယ်တမ်းတရင်း၊ ဒါပေမဲ့ ဖြစ်နိုင်မယ့် အလားအလာကိုတော့ တကယ့်တကယ် မယုံကြည်နိုင် ဖြစ်ရင်းပ။ ဂင်ရိုို ဒုတိယနှစ် ၁၆၈၉ မှာ ခုလို ခရီးရှည်ထွက်ခဲ့တာ အအေးပိုင်းဒေသတွေရောက်ရင် ခေါင်းပေါ် နှင်းဖွေးဆံပင်တွေသာ ပိုလို့ရမှာပဲဆိုတာ သိပါရဲ့။ ညနေမှာ ဆိုကာရွာကိုရောက်တော့ ထမ်း လာခဲ့ရတဲ့ အထုပ်ကြောင့် အရိုးငေါငေါ ငါ့ပခုံးတွေနာနေပြီ။ အထုပ် ထဲမှာက ညမှာနွေးစေဖို့ စက္ကူအင်္ကျီ၊ ရေချိုးပြီးရင်ဝတ်ဖို့ ပေါ့ပေါ့ပါးပါး ချည်ထည်အကျီရှည်၊ မိုးကာမလုံမလဲ၊ စာရေးကိရိယာ၊ မိတ်ဆွေတချို့ ရဲ့ လက်ဆောင်တွေ။ ပေါ့ပေါ့ပါးပါး ခရီးထွက်ချင်တာပါပဲ။ ဒါပေမဲ့ လက်တွေ့ အသုံးဝင်တာ တစ်ကြောင်း၊ မပစ်ရက်ချင်တာ တစ်ကြောင်း ကြောင့် တချို့ပစ္စည်းလေးတွေ လွှင့်မပစ်ရက်နိုင် ဖြစ်ရတယ်။

          မူရော-နော-ယာရှိမ နတ်စင်ကို သွားကြည့်ကြတယ်။ ငါ့ခရီး ဖော်ဆောရရဲ့ အဆိုကတော့ သည်နတ်စင်က ပန်းပွင့်အပင်ရှင်မ (ကော နောဟန ဆရာယ ဟိမေ) ဆိုတဲ့ နတ်သမီးရဲ့ နတ်စင်တဲ့။ ဖူဂျီတောင်ခြေရင်းမှာလည်း သူ့နတ်စင်ရှိသေးသတဲ့။ သည်နတ်သမီးက သူနဲ့တစ် ညတည်းနေပြီးရတဲ့ ကလေးကို ခင်ပွန်းသည်နတ်က သံသယဝင်တော့ သစ်ခက်တဲနန်းလေးထဲဝင်၊ မီးရှို့ခဲ့တယ်။ ကလေးဟာ အန္တရာယ်မရှိဘဲ မွေးဖွားခဲ့ရင် သူမှာအပြစ်မရှိဘူးလို့ ဆိုလိုတာပေါ့လေ။ ဒါကြောင့် သူမွေး တဲ့သားကို မီးလျှံဖွားအရှင်ကြီး (ဟောဟော ဒေမိ-နော-မိကော တော) လို့ခေါ်ပြီး နတ်သမီးရဲ့ နတ်စင်ကို မုရော-နော-ယရှိမ (မီးလျှံ နတ်ကွန်း) လို့ခေါ်တာတဲ့။ သည်ဒေသက ကဗျာဆရာတွေ မီးလျှံကို တေးဖွဲ့ လေ့ရှိ ကြပြီး အရပ်သားတွေကလည်း ကောနာရှိရိုခေါ်တဲ့ အပြောက်အကျား ငါးတစ်မျိုးကို မစားကြဘူး။ သည်ငါးက မီးသင့်ရင် လူသားမီးရှို့တဲ့ အနံ့ထွက်တာကိုး။

          ဟောတောကေ ဂေါဇအဲမာန်

          တတိယလ ဆယ့်သုံးရက်နေ့ (မေ ၁၉) ညမှာ နစ်ကိုတောင်ခြေ ရင်းရှိ ထမင်းဆိုင်တစ်ဆိုင်မှာ တည်းခိုလိုက်ကြတယ်။ ထမင်းဆိုင်ရှင်က သူ့နာမည် လူရိုးကြီးဂေါဇအဲမာန်လို့ ခေါ်ကြောင်း၊ အစစအရာရာမှာ ရိုးသားမှုကို ရှေ့တန်းတင်ကြောင်း၊ သူ့မြက်ခေါင်းအုံးပေါ် လုံးဝ စိတ်ချ လက်ချအိပ်နိုင်ကြောင်း ပြောပါတယ်။ ငါသူ့ကို သေသေချာချာ ကြည့် လိုက်တယ်။ ခေါင်းမာမာနဲ့ ရိုးသားမယ့်ပုံ။ လောကီပါးနပ်မှု အလျှင်း ကင်းမဲ့နေပုံ တွေ့ရရဲ့ ။ ရဟန်းအသွင်နဲ့ သူတောင်းစားဟန် ခရီးသည် နှစ်ဦးကို စောင့်ရှောက်ဖို့ ကရုဏာတော်ရှင် ဗုဒ္ဓကိုယ်တိုင်က ယုတ်မာရက် စက်တဲ့ကမ္ဘာထဲ လူယောင်ဆောင်လာခဲ့လေရော့သလား ထင်မိတော့ တယ်။ ကွန်ဖြူးရှပ်ရဲ့ ဂိုကိဘောကုတောစု (စာရိတ္တမြင့်မားမှု အစွမ်းကုန် ရိုးသားမှု) တရားကို နီးနီးကပ်ကပ် ချဉ်းလာနိုင်သူပါပဲ။ ဒီလိုလူမျိုးကို လေးစားရမှာပါ။

          နစ်ကို

          စတုတ္ထလတစ်ရက်နေ့ (မေ ၂၀) မှာ နစ်ကို တောင်ပေါ်တက်ပြီး ဘုရားဖူးကြတယ်။

          ရှေးကတော့ ဒီတောင်ရဲ့ အမည်ကို တရုတ်စာလုံး “နှစ်”နဲ့ “ရိုင်း” ကို ယူပြီး “နိကို” လို့ ရေးခဲ့တယ်။ ဒီမှာ ဆရာတော် ကူးကာအိ ဘုရား တည်တဲ့အခါမှာတော့ “နေ” နဲ့ “အလင်း” အဓိပ္ပာယ်ထွက်တဲ့ စာလုံး နှစ်လုံးကို ပြောင်းလဲပြီး သုံးခဲ့တဲ့အတွက် “နစ်ကို”လို့ ပြောင်းသွားတယ်။ ဆရာတော်ဟာ နောင်အနှစ်တစ်ထောင်ကို ကြိုမြင်နိုင်စွမ်းခဲ့ပုံပါပဲ။ ခုဆို တောကုဂဝသာသနာရဲ့ မြင့်မြတ်တဲ့အလင်းဟာ ကောင်းကင်အနှံ့ လင်းထိန်လို့နေကာ မေတ္တာရောင်ခြည်တွေ တိုင်းပြည်တစ်ဝန်း လွှမ်းခြုံ နေသမို့ ပြည်သူတစ်ရပ်လုံး ချမ်းအေးသာယာနေကြရပြီလေ။ ကြည်ညို စိတ်တွေ ပြည့်လျှမ်းနေလိုက်တာ ကဗျာရေးဖို့တောင် လက်တွန့်နေမိ။

          စေတီတော် မြတ်ငဲ့၊

          ရွက်စိမ်းတွေ ရွက်နုသစ်တွေ

           နေခြည်မှာ လင်းလို့

          “ကျီးကန်းမွေး” တောင်လို့ အဓိပ္ပာယ်ရတဲ့ ကုရောကမိ အဝေး နှင်းဖြူထဲမှာ မြင်ရတယ်။ မိုးနှင်းနဲ့ ဖွေးဖွေးဖြူလို့ပါ။

          ဦးပြည်း ခေါင်းတုံး ငါ

          ကျီးကန်းမွေးတောင် တက်ခဲ့တယ်

          အဝတ်သစ်လဲနေ့။

                                                                      ဆောရ

          “ဆောရ” က သူ ကလောင်နာမည်ပါ။ သူ့ မျိုးရိုးနာမည်က ကာဝါအိ။

          သူက ငှက်ပျောပင်တဲအနီးမှာနေပြီး ငါ့ကို ထင်းခွေ၊ ရေခပ်စတဲ့အိမ်မှုတောက်တိုမည်ရတွေ ကူညီလေ့ရှိတယ်။ ဆောရက မတ်ဆုရှိမနဲ့ ကိဆကတ ရှုခင်းတွေ့မြင်ရမှာ စိတ်အားသန်သမို့ ငါ့ကို အဖော်လည်းရ၊ လမ်းပေါ်က ဒုက္ခ၊ သုက္ခတွေလည်းမျှယူမယ်ဆိုပြီး ငါနဲ့လိုက်ခဲ့တာ ဖြစ်တယ်။ တို့ခရီးစထွက်တဲ့ မနက်မှာပဲ ခေါင်းတုံး၊ ရဟန်းသာမဏေ ဝတ်ရုံနက်ကို ဆင်၊ နာမည်ကိုလည်း “ဗောဓိ” လို့ အဓိပ္ပာယ်ရတဲ့ “ဆိုဂေါ”ကို ခံယူလိုက်တယ်။ ကုရာကမိ တောင်မှာရေးတဲ့ သူ့ကဗျာမှာ ဒါကိုညွှန်းထားတာ။ “အဝတ်သစ်လဲ” ဆိုတဲ့ စကားလုံးတွေက အင်မတန်ထိတယ်။ နွေဦး အဝတ်အစားလဲဝတ်ရတဲ့ ထုံးစံဓလေ့ဆိုင်ရာ နေ့ကိုရော၊ ခရီးမထွက်ခင် ရဟန်းဝတ်တော့ ဆောရကိုယ်တိုင် “အဝတ် သစ်လဲ” ခဲ့တာကိုပါ ဆိုလိုပါတယ်။

         တောင်အထက် တစ်မိုင်လောက်မှာ ရေတံခွန်ရှိတယ်။ ရေက ခုန်ပျံတက်ကာ ဂူထိပ်ကနေ ကျောက်ဆောင် ထောင်သောင်းပတ်လည် ဝိုင်းနေတဲ့ စိမ်းလဲ့လဲ့ကန်ထဲ ကိုက်တစ်ရာလောက် ထိုးဆင်းနေဟန် ထင်ရတယ်။ ဂူထဲ အသာလှည့်ဝင် ရေတံခွန်ကို နောက်ကနေ ရှုစားနေ ရသလိုပဲ။ ဒါကြောင့် “နောက်ကမြင်” ရေတံခွန် (အူရမိ-နော-တကိ) လို့ အမည်တွင်တာ။

ရေတံခွန်ထဲ အောင်း

နွေရတု ကမ္မဋ္ဌာန်းကို

စတင်ခဲ့ကြပေါ့။

          နာဆုခရိုင်က ကုရောဘနေခေါ်တဲ့ အရပ်မှာ နေသူ ငါ့ အသိ တစ်ယောက်ရှိတယ်။ ဒါနဲ့ နာဆုမြက်တောကြီးကို ဖြတ်ဖို့ဆုံးဖြတ် လိုက်ကြတယ်။ အဝေးမှာ လှမ်းမြင်ရတဲ့ ရွာတစ်ရွာဆီ ဦးတည်ပြီး ဖြတ် လမ်းအတိုင်း လိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ရွာမရောက်ခင် မိုးရွာလာပြီး ညရောက်လာပါရော။ လယ်သမားအိမ်တစ်အိမ်မှာ အဲဒီညအိပ်ပြီးနောက်နေ့မနက် မြက်တောကိုဖြတ် ခရီးစခဲ့ကြပြန်တယ်။

          မြက်စားနေတဲ့ မြင်းတစ်ကောင် တွေ့ကြရတယ်။ အနီးအနားမှာ လူတစ်ယောက်က မြက်ရိတ်နေလေတော့ လမ်းမေးကြရတာပါ။ တောသားပေမဲ့လည်း ကရုဏာတရား မခေါင်းပါးပါဘူး။

          “ဟောဗျ” တဲ့ သူက စိုးရိမ်သွားဟန်နဲ့ “

          " ဒီတောက လမ်းတွေ ရှုပ်ယှက်ခတ်နေတာ။ လူစိမ်းဆို အလွယ်နဲ့မျက်စိလည်မှာပဲ။ ကျုပ်မြင်း ယူသွား၊ သူဆက်မသွားရင်တော့ ပြန်လွှတ်လိုက်ပါ”

          သူ့မြင်းကို ငှားလိုက်တယ်။ မြင်းစီးပြီး ထွက်လည်းထွက်ရော ကလေးနှစ်ယောက် နောက်က ပြေးလိုက်လာတယ်။ တစ်ယောက်က မိန်းကလေး၊ နာမည်က ကာဆနေလို့ ပြောပြတယ်။ အဓိပ္ပာယ်က “မမျိုးစုံ” ပေါ့၊ ထူးခြားသလောက် လှပတဲ့နာမည်လေးပါပဲ။

ပန်းပွင့်လေးသာဆို

ပန်းနုရောင် တောပန်းလေး ပ

ပွင့်ချပ် မျိုးစုံလိမ့်။

ဆောရ

          မကြာခင် အိမ်ခြေအနည်းငယ်နဲ့ ရွာလေးတစ်ရွာကို ရောက်လာ ကြတယ်။ ဒါနဲ့ ပိုက်ဆံအနည်းအကျဉ်းကို ကုန်းနှီးမှာ ကြိုးနဲ့ချည်ကာ