Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်သာနိုး - နိရောဓသစ္စာ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
Type

နိရောဓသစ္စာ

          ဗုဒ္ဓဘုရားသခင်ဟာ သူတစ်ပါးအကူအညီမပါ ကိုယ်တော်တိုင် အားထုတ်ကာ အလုံးစုံသိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူလျက် အမြတ်ဆုံးဆရာတစ်ဆူအဖြစ် လောကမှာ ပေါ်ထွန်းတော်မူခဲ့တယ်။ ဗောဓိဉာဏ်ရရှိတော်မူပြီးတာနဲ့ မိမိ ထိုးထွင်းသိခဲ့တဲ့ သစ္စာတရားတို့ကို သတ္တဝါအပေါင်းအား သွန်သင် ဟောကြားတော်မူခဲ့ တယ်။ သူ သင်ပြခဲ့တဲ့တရားတွေဟာ အံ့ဖွယ်ကောင်းလှတယ်။ ဒါပေမဲ့ ကျိုးကြောင်းဆီလျော်တယ်၊ မဆီလျော်တာ ကင်းတယ်။ တရားတို့ရဲ့ အဓိပ္ပာယ်ကို ထိုင်စဉ်းစားသူအားလုံး နားလည်နိုင်တယ်။

          ဗုဒ္ဓရှင်ဟာ ဘယ်တော့မှ မိမိကို ယုံဖို့၊ မိမိတရားတို့ကို လက်ခံဖို့ အတင်းအဓမ္မ တိုက်တွန်းတာမျိုး မလုပ်တော်မူဘူး။ တရားကို နာယူကာ အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်သူများဟာကျေနပ်အားရ သဘောနှစ်ခြိုက်သွားကြကာ ယုံယုံကြည်ကြည်၊ ထက် ထက်သန်သန် အလိုလို တပည့်သာဝက ဖြစ်သွားကြတာပါပဲ။ မိမိတို့ သွန်သင်ချက်များကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ခြင်းမပြုဖို့ တကယ်ကို တား မြစ်လေ့ရှိတဲ့ အခြားဘာသာများ၊ ဂိုဏ်းများမှာ ဒီလိုမဟုတ်ကြချေဘူး။ ဗုဒ္ဓတရားတော်က အဆုံးစွန်ထိ ဝေဖန်ပါ၊ အကျိုးအကြောင်း တင်ပြတာတွေကို စစ်ဆေးပါလို့ ဖိတ်ခေါ်တယ်။ အဲသလို ဝေဖန်တော့မှ မိမိကိုယ်တိုင် အမှန်တရားကို ပြတ်ပြတ်သားသား သိမြင်မယ်။ ဒီတော့ မှ ဗုဒ္ဓဘာသာဝင်တစ်ဦးရယ်လို့ လွတ်လွတ်လပ်လပ် ဖြစ်လာနိုင်ပါ မယ်။ ဒါကြောင့် တရားတော်ကို လက်ခံပြီးသူတို့ရဲ့ အမြင်များ၊ လက်တွေ့ ကျင့်စဉ်များဟာ ခြိမ်းခြောက်ခံရလို့ မဟုတ်၊ ကြိုတင်သဘော တူညီထားလို့ မဟုတ်၊ အောက်ပါအချက်များနဲ့အညီသာ ဖြစ်ကြပါ လိမ့်မယ်။

 

အဆင့် ၁

ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်ခြင်း

          ကမ္မဿကာ၊ ကမ္မဒါယာဒါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပဋိ သရဏာ၊ ယံ၊ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ဒါယာဒါ ဘဝိဿန္တိ။

          ဒီအချက် ခြောက်ချက်ကို မိမိ တစ်သက်တာပတ်လုံး ခိုင်ခိုင် မြဲမြဲ ယုံကြည်ဖို့ လိုအပ်တယ်။

          ဘဝမှာ မိမိကိုယ်ကို မိမိ သိတတ်လာတာနဲ့ ကံတွေကို ပြုလုပ် တော့တာပါပဲ။ ကိုယ်နဲ့မဟုတ်ရင် အပြောနဲ့ စိတ်နဲ့ ပြုမယ်။ မပြုဘဲနေ ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုပြုထားတဲ့ ကံသာလျှင် မိမိဥစ္စာရှိတာကို ကမ္မ ဿကာလို့ ခေါ်တယ်။ | အပြုတိုင်း အကျိုးကို ဖြစ်စေတယ်။ ကောင်းတာမဟုတ်ရင် ဆိုး တာ၊ ကောင်းကျိုးပေးတာ မဟုတ်ရင် ဆိုးကျိုးပေးတာပဲ။ ဒါ မရှောင် ကွင်းနိုင်ဘူး။ ဒီတော့ ကိုယ်၊ နှုတ်၊ စိတ်တို့က အမှုကို ပြုလိုက်တာနဲ့ အကျိုးကို ခံစားရမှာပဲ။ ဒါကို ကမ္မဒါယာဒါလို့ ခေါ်တယ်။

          ကောင်းတဲ့အပြုတွေရဲ့ အကျိုးတရားက ကိုယ်၊ နှုတ်၊ စိတ်တွေကိုပစ္စက္ခရော နောင်မှာပါ ချမ်းသာတဲ့ အခြေအနေမှာ ဖြစ်ပေါ်စေလိမ့်မယ်။ မကောင်းတဲ့ အပြုတွေရဲ့ အကျိုးတရားက ကိုယ်၊ နှုတ်၊ စိတ်တို့ကို ပစ္စက္ခရော နောင်မှာပါ ဆင်းရဲတဲ့အခြေအနေမှာ ရောက်စေလိမ့်မယ်။ ဒါကို ကမ္မယောနိ လို့ ခေါ်တယ်။

          အရင်ဘဝများမှာ ကိုယ်၊ နှုတ်၊ စိတ်တို့က ပြုလိုက်တဲ့ကံတွေက လက်ရှိဘဝမှာ အခြေအနေအမျိုးမျိုးကို ဖန်စီရင်ပေးတာပါပဲ။ ဒါကို ကမ္မဗန္ဓု လို့ ခေါ်တယ်။

          ကျုပ်တို့ဟာ ကံကြောင့် မွေးဖွားလာရတာ၊ မွေးဖွားပြီးတာနဲ့လည်း မလှုပ်ရှားဘဲ၊ မပြုမူဘဲ မနေနိုင်ကြဘူး။ အသက်ဆက်နိုင်ဖို့အရေး၊

          ကောင်းမှုမဟုတ်လည်း မကောင်းမှုအပြုအမူကတော့ မပြတ်ရှိနေရပေ လိမ့်မယ်။ အသက်ဆက်နိုင်ရေး ဒီအပြုအမူတွေပေါ် မှီခိုနေကြရတဲ့ အတွက် ဒါကို ကမ္မပဋိသရဏ လို့ ခေါ်တယ်။

          ဒီတော့ကာ မိမိဘာသာပဲ ဘယ်လိုကမ္မကို ပြုမလဲ ဆုံးဖြတ် ရမယ်။ ကောင်းမှုကံ၊ မကောင်းကံဆိုတာ အခြားသူနဲ့မဆိုင်၊ မိမိနဲ့သာ ဆိုင်တာဖြစ်တယ်။ သတ္တဝါတွေအမျိုးမျိုး ဖြစ်ပေါ်စေတာ ကံတစ်ခုပဲ ဖြစ်တယ်။ ဘယ်သူ၊ ဘယ်အရာဝတ္ထုမှ ဒီအစွမ်းမရှိဘူး။ ဒါကြောင့် “ကလျာဏံ ဝါ ပါပကံ ဝါ တဿဒါယာဒါ ဘဝိဿန္တိ”လို့ ဆိုတယ်။

          ကံနဲ့ပတ်သက်တဲ့ ဒီအချက် ခြောက်ချက်ကို ဗုဒ္ဓဘာသာဝင်တို့ ဟာ မိမိတို့ တစ်သက်တာပတ်လုံး စွဲစွဲမြဲမြဲ ယုံကြည်ကြရလိမ့်မယ်။

          လူတွေ မွေးဖွားနေရတာ ကံတွေကို အဆုံးမသတ်နိုင်ကြလို့ ဖြစ် တယ်။ မွေးဖွားစေခဲ့တဲ့ ကံဟောင်းက ကံသစ်တွေ ပြုမိစေကာ ကံသစ် တွေက တစ်ဖန်ပြန်လည်မွေးဖွားဖို့၊ နောင်ဘဝတွေမှာ ကံတွေ ဆက်လက် ပေါ်ပေါက်စေဖို့ အကြောင်းတရား ဖြစ်ကုန်ကြတယ်။

          ကံဟူသမျှ ကိုယ်၊ နှုတ်၊ စိတ် အမှုဆိုတဲ့ တစ်ခုတည်း ရေအယဉ်က ထွက်လာနေတာဖြစ်တယ်။ ဒါကြောင့် ကံတွေဟာ တစ်ခုတည်း၊ တစ်မျိုးတည်းပဲ။ ဆွေမျိုးတော်စပ်ကြတယ်လို့ ဆိုတယ်။ (ကမ္မဗန္ဓု)

          ရှင်းခဲ့တဲ့အတိုင်း ကံကို၊ ကံရဲ့အကျိုးကို ယုံကြည်မှုရှိသူတိုင်းကို ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ သရဏဂုံသုံးပါး ပထမအဆင့်ကို ရရှိသူ ဖြစ်လာပါတယ်။

 

 

အဆင့် ၂

ငါးပါးသီလ အမြဲထိန်းသိမ်းခြင်း

          ကံနဲ့ ကံရဲ့ အကျိုးတရားကို ယုံကြည်မှုရှိခဲ့ရင် ငါးပါးသီလ ထိန်းဖို့ အလွန်မှ လွယ်ကူတယ်။

          ဗုဒ္ဓမြတ်စွာက မကောင်းမှုပြုတာကို တားမြစ်တော်မူတယ်။ မကောင်းမှုကို ရှောင်ကြဉ်ရင်း သီလကို စောင့်ထိန်းရတယ်။ ။

          မလျောက်ပတ်တဲ့ ကမ္မအားလုံး၊ မကောင်းမှု ပုံသဏ္ဌာန်အမျိုးမျိုး တို့ကို ဗုဒ္ဓက ခေါင်းစဉ် ငါးခုအောက်မှာ စုစည်းလိုက်တယ်။ ဘာအမှုကို ဘယ်အချိန်မှာ ပြုပြု၊ ဒီငါးမျိုးရဲ့ နယ်ပယ်အတွင်း ကျရောက်ရမှာပါပဲ။

          စိတ်ဟာ အရာအားလုံးတို့ စတင်သူဖြစ်သမို့ ဗုဒ္ဓက စိတ်ကို ထိန်းချုပ်ဖို့ ဟောကြားတော်မူတယ်။ | သက်ရှိသတ္တဝါတို့ သေကျေမှု ပြုလုပ်ခြင်းမှ ထိန်းချုပ်ဖို့ စိတ်က ဆုံးဖြတ်တယ်။

          သူတစ်ပါးပိုင် ပစ္စည်းတွေကို ရယူခြင်းမှ ထိန်းချုပ်ဖို့ စိတ်က ဆုံးဖြတ်တယ်။

          လိင်အကျင့် ယွင်းမှားပြုကျင့်ခြင်းမှ ထိန်းချုပ်ဖို့ စိတ်က ဆုံးဖြတ် တယ်။

          လိမ်ညာတဲ့၊ ရုန့်ရင်းတဲ့၊ ကုန်း(ဂုန်း)ချောတဲ့ စကားမှ ထိန်းချုပ်ဖို့ စိတ်က ဆုံးဖြတ်တယ်။

          မူးယစ်စေတတ်တဲ့ အရာများမှ ထိန်းချုပ်ဖို့ စိတ်က ဆုံးဖြတ် တယ်။

          ဒီအချက် ငါးချက်ကို ထိန်းသိမ်းနိုင်သူကို ငါးပါးသီလဆောက် တည်နိုင်သူ ခေါ်ပါတယ်။ ငါးပါးသီလဟာ လူသားအားလုံး ချမ်းသာ သုခရရှိရေး အကျင့်တရားကို ကိုယ်စားပြုနေတယ်။ ဒီအမှုတွေကို မရှောင်ကြဉ်နိုင်သူဟာ သီလမဲ့သူဖြစ်တယ်။ သူ့အကျင့်တရားဟာ လူသားအားလုံး စိတ်မချမ်းသာ၊ ဆင်းရဲဒုက္ခရောက်ရေးကို ဖြစ်စေ တယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ စံနမူနာပြုတော်မူတဲ့ သူတော်စင်အားလုံး ဟာ မကောင်းမှုမှန်သမျှ၊ ဒုက္ခပေးတဲ့ အပြုအမူမှန်သမျှမှ ရှောင်ကြဉ် ကြကာ လူသားအားလုံးကိုလည်း သူတို့ နမူနာအတိုင်း လိုက်ကြဖို့ ဟောကြားခဲ့ကြတယ်။

          ရှင်းပြခဲ့တဲ့အတိုင်း ကံ-ကံရဲ့ အကျိုးတရားကို ယုံကြည်ကာ ကိုယ်၊ နှုတ်၊ စိတ်တို့ကို ငါးပါးသီလနဲ့ စောင့်ရှောက်သူတစ်ဦးဟာ ဗုဒ္ဓသာသနာကို ဒုတိယအဆင့်အထိ ထွင်းဖောက်ဝင်ရောက်ခဲ့ပြီ ဖြစ် တယ်။ အခု အဲဒီသူဟာ သမာဓိအလေ့အကျင့်ဖြင့် မိမိရဲ့ စိတ်ကို သန့်စင်အောင်လုပ်ဖို့ ဆက်လက် ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ရဲ့ အခြေခံမူများရဲ့ အမှန်တရားကို သဘောမပေါက်သေးရင် မိမိရဲ့ အမြင်တွေဟာ အဆုံးအမတော်များနဲ့ မကိုက်ညီရင်၊ ဥပမာ-မိမိပြုခဲ့တဲ့ ကံတွေကို သူတစ်ပါးကို လွှဲပြောင်းပေးနိုင်တယ်။ ကံရဲ့ အကျိုးတရားကို အခြားသူတစ်ဦးက လျော့ပါးအောင် လုပ်ပေးနိုင်တယ်လို့ ယုံနေရင် မိမိရဲ့ စိတ်ကို သမာဓိဖြင့် သန့်စင်အောင် လုပ်နိုင်တယ်လို့ ဘယ်မှာ မျှော်လင့်နိုင်ပါ့မလဲ။

          တချို့သူများက သီလဟာ ကိုယ်အမှု၊ ၀စီအမှုတို့နဲ့သာ ဆိုင်တယ်။ စိတ်ကတော့ သမာဓိရဲ့ နယ်ပယ်အတွင်းမှာသာ ရှိတယ်။ ဘယ်လိုအမှု ပြုပြု၊ ဘာစကား ပြောပြော သမာဓိကို မထိခိုက်ဘူးလို့ ပြောကြတယ်။ တစ်နည်းပြောရရင်တော့ ကိုယ်နဲ့စိတ်ဟာ လုံးဝ တခြား စီ ဖြစ်တယ်လို့ ပြောကြတာပါပဲ။

          ကျုပ် တကယ်ပဲ ဒီအချက်ကို လက်မခံနိုင်ဘူး။ ဘယ်လောက်ပဲ စဉ်းစား စဉ်းစား၊ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မလဲ။ နားမလည်နိုင်ဘူး။ ကျုပ် နှံအပုံကို ဒီမှာ နည်းနည်းပြောပါရစေ။ လူတစ်ယောက်ဟာ လူ သတ်မှု ဝါ ဓားပြမှု ကျူးလွန်တော့မယ် ဆိုပါစို့။ ပထမ စိတ်ထဲမှာ မလျော်ကန်တဲ့ကံ ပေါ်ပေါက်ရမယ်။ အဲဒီနောက် သူ ပုန်းဝှက်နေကာ သင့်တော်တဲ့အချိန် ကျရောက်လာတဲ့အခါ မူလကြံရွယ်ထားတဲ့အတိုင်း သတ်တာ၊ လုတာပါပဲ။

          ဒီတော့ အဲဒီ လူသတ်ဖို့၊ လုယက်ဖို့ ရည်ရွယ်သမှုပြုကာ ပုန်းဝှက် နေတဲ့အချိန်မှာ ဘယ်သီလမှ မချိုးဦးတော့၊ သူ့စိတ်ဟာ မလျော်ကန်တဲ့ အခြေအနေမှာ ရှိနေပြီ။ မကောင်းမှုပြုဖို့ ပြင်နေပြီမဟုတ်လား။ ဒီ လူရဲ့ စိတ်ကို သတိနဲ့ စောင့်ရှောက်ထားမယ်၊ မိမိကိုယ်ကို မကောင်းမှု က ရှောင်မယ်၊ ပုန်းနေရာ ထွက်လာခဲ့မယ်ဆိုရင်တော့ ဘာသီလမှ မကျိုးဘူးပေါ့။ ။

          ဒါကြောင့် စိတ်ဟာ အချက်အချာဖြစ်တယ်ဆိုတာ တွေ့နိုင်တယ်။ သီလကို ချိုးရာ၊ ထိန်းရာမှာ အခြေခံအကြောင်းတရားဟာ စိတ်ဖြစ် တယ်။ အဲဒီတော့ကာ သီလကို စောင့်ထိန်းရာမှာ စိတ်ရဲ့ ကဏ္ဍကို ဘယ်လိုလုပ် ပစ်ပယ်မလဲ။

          ( အချို့နိုင်ငံများမှ ဗုဒ္ဓဘာသာဝင်တို့က ဝိပဿနာရှုတာ၊ ငါးပါး သီလ ထိန်းဖို့မလိုပါဘူးလို့ ဟောကြ၊ ပြောကြတာများကို ချေပနေခြင်း ဖြစ်ပါတယ်။ - ဘာသာပြန်သူ)

          ဗုဒ္ဓမြတ်စွာက “အရာ(ဓမ္မ)အားလုံး စိတ် အကြီးအမှူးဖြစ်တယ်။ စိတ် ရှေ့သွားတယ်။ စိတ်နဲ့ ပြုလုပ်ထားတယ်” လို့ ဟောကြားခဲ့ တယ်။ ပြောတာ ဆိုတာမှန်သမျှ စိတ်က ထွက်ပေါ်လာတာ ဖြစ်တယ်။ စိတ်နဲ့မပတ်သက်ဘဲ ဓမ္မကို ဆွေးနွေးလို့ မရနိုင်ဘူး။

          “ဓမ္မအားလုံး စိတ်ရှေ့သွားတယ်”ဆိုတဲ့စကား ရှင်းပါတယ်။ “ဓမ္မ အားလုံး”ဆိုရာမှာ အပြုအမူမှန်သမျှ အကျုံးဝင်တယ်။ ကောင်းတဲ့ အပြု အမူများကို “ကုသလာဓမ္မာ”လို့ ခေါ်ပြီး မကောင်းတဲ့အပြုအမူများကို “အကုသလာဓမ္မာ”လို့ ခေါ်တယ်။ ကောင်းလည်း မကောင်း၊ ဆိုးလည်း မဆိုးတဲ့ ကြားအပြုအမူများကို “အဗျာကတာဓမ္မာ”လို့ ခေါ်တယ်။ ဒါတွေကို “ကုသိုလ်” “အကုသိုလ်” “ကုသိုလ်မဟုတ်၊ အကုသိုလ် မဟုတ်”ရယ်လို့ အတိုသုံးပါတယ်။

          အရာဝတ္ထုတို့ရဲ့ အကြောင်းတရားကို ကျုပ် စူးစမ်းလေ့လာခဲ့ရာမှာ ဘယ်မှာမှ သီလဟာ ကိုယ်၊ နှုတ်နဲ့သာ ဆိုင်တယ်။ သမာဓိဟာ စိတ် အလုပ်သက်သက် ဖြစ်တယ်ဆိုတဲ့ ဘုရားဟော မတွေ့စဖူးဘူး။ ကျမ်းဂန် တွေကို ကျုပ်မှတ်မိတာ မတိကျဘူး၊ ညံ့ဖျင်းလို့ စာဖတ်မှားတာဆိုရင် ကျုပ် ဉာဏ်မမီလို့လို့ ဆိုရမှာပေါ့လေ။

          သန့်သန့်ရှင်းရှင်း လိုက်နာရမယ့် ဝိနည်းသိက္ခာပုဒ်တွေ များလွန်း လို့ဆိုပြီး လူထွက်ချင်တဲ့ ရဟန်းတစ်ပါး သာဓကတောင် ရှိတယ်။ မြတ်စွာဘုရားက “လူမထွက်ပါနဲ့၊ သိက္ခာပုဒ်တွေ များလွန်းတယ်ထင် ရင် မိမိစိတ်ကိုပဲ ထိန်းပေါ့”လို့ မိန့်တော်မူတယ်။

          ကဲ မြတ်စွာဘုရားက သီလကို ထိန်းသိမ်းရာမှာ စိတ်ကို ပစ်ပယ် ရမှာမဟုတ်တဲ့အကြောင်း ညွှန်ပြတော်မူရုံမျှမက စိတ်ကို ထိန်းသိမ်းတာတစ်ခုတည်းပဲ လုံလောက်ပြီလို့တောင် မိန့်တော်မူချေတယ်။ ဒီတော့ စိတ်ကို ပစ်ပယ်ကာ သီလထိန်းလို့ ဘယ်လိုရနိုင်တယ်ဆိုတာ ကျုပ် မစဉ်းစားတတ်အောင် ဖြစ်မိပါရဲ့။ ။

          လူဝတ်ကြောင်တစ်ဦးဟာ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး ကြိုက်ရာ ထိန်းသိမ်းနိုင်တယ်။ ဒါပေမဲ့ ဆယ်ပါးသီလကိုတော့ အခါအားလျော် စွာသာ ထိန်းသိမ်းနိုင်ပေလိမ့်မယ်။ ငွေကြေး မကိုင်ရတာ ပါနေလို့ ဖြစ်တယ်။ အလားတူ (ရဟန်းတို့ရဲ့) နှစ်ရာနှစ်ဆယ့်ခုနစ်ပါး သိက္ခာပုဒ် တို့နဲ့ပတ်သက်လို့လည်း လူဝတ်ကြောင်တစ်ဦးဟာ သူလိုရာကို ယူပြီး ထိန်းသိမ်းနိုင်တယ်။ မြတ်စွာဘုရားက မတားတော်မူပါဘူး။ ဒါပေမဲ့ သီလယူတာမျိုးတော့ မလုပ်သင့်ဘူး။ ။

          ရှေးရှေးဘဝများစွာထဲက တစ်ဘဝမှာ ဗုဒ္ဓမြတ်စွာဟာ ဇောတိက ဆိုတဲ့ အိုးထိန်းသည် ဖြစ်ခဲ့တယ်။ ဇောတိကရဲ့ မိဘနှစ်ပါးလုံး မျက်စိ မမြင်ကြဘူး။ သူဟာ သူလုပ်တဲ့အိုးတွေကို အစားအစာနဲ့ ဖလှယ်ပြီး မိဘကို လုပ်ကျွေးခဲ့တယ်။ တစ်နေ့တော့ ကောဏာဂမန မြတ်စွာဘုရား ဟာ (ကျုပ် အမှတ်မှားတာ ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ) သံဃကျောင်းပြင်ဖို့ ရဟန်းအချို့ လွှတ်ပြီး ဇောတိကဆီ အိမ်မိုးစရာ အလှူခံတော်မူတယ်။ ဇောတိကဟာ မိမိအိမ်က အမိုးကိုဖြုတ်ပြီး ရဟန်းတွေကို လှူလိုက် တယ်။ အဲဒီနှစ်က တစ်မိုးတွင်းလုံး ဇောတိကရဲ့အိမ်ဟာ ကောင်းကင်ကို ပဲ အမိုးပြုရတာပ။ ဒါပေမဲ့ မိုးတစ်ယောက် အိမ်ထဲ မကျခဲ့ဘူး။ ။

          တစ်နေ့တော့ ပြည့်ရှင်မင်းက ကောဏာဂမန မြတ်စွာဘုရားကို နန်းတော်ကို ဆွမ်းဖိတ်ကျွေးတယ်။ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ဘုရင့် ဥယျာဉ်က တောအုပ်မှာ ဝါဆိုတော်မူဖို့ ဘုရားကို လျှောက်ထားတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက

          “အရှင်မင်းကြီး ... အိုးထိန်းသည် ဇောတိကဆီက ဖိတ်ကြားချက်ကို လက်ခံထားခဲ့ပြီးနေပြီ”လို့ မိန့်တော်မူတယ်။

          ဒီတော့ ဘုရင်က “တပည့်တော်တို့ဟာ နိုင်ငံမှာ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်မဟုတ်ပါလားဘုရား၊ အဘယ်အကြောင်းကြောင့် တပည့်တော် တို့ ဖိတ်ကြားချက်ကို ငြင်းပယ်တော်မူရပါသလဲဘုရား၊ ဒီလူ ဇောတိက က ဘာများ ထောက်ထားစရာရှိနေလို့ပါလဲဘုရား”လို့ လျှောက်တယ်။

          ဒီတော့ မြတ်စွာဘုရားက ဇောတိကရဲ့ ကုသိုလ်သီလအကြောင်း စုံကို ရှင်းပြတော်မူတယ်။ ဒါကိုကြားတော့ ဘုရင် အလွန်စိတ်ထိခိုက် လှုပ်ရှားသွားတော့တယ်။ သူ့မှူးမတ်တို့ကို ဆန်၊ ပဲ၊ ထောပတ်၊ ဆီ စတဲ့ ရိက္ခာမျိုးစုံကို လှည်းတွေနဲ့တင်ကာ ဇောတိကဆီ အပို့လွှတ်တော် မူတယ်။ ကုန်အပြည့် လှည်းတွေရောက်လာတာ မြင်တော့ ဘယ်သူက အပို့ခိုင်းလိုက်တာလဲလို့ ဇောတိကက မေးတဲ့အခါ မှူးမတ်တို့က ဘုရင့် ဆီက လက်ဆောင်ပဏ္ဏာများ ဖြစ်ပါကြောင်း ပြန်ကြားကြတယ်။

          ဇောတိကက “ဘုရင့်မှာ တာဝန်ဝတ္တရားတွေ များလှပါတယ်။ ငါ့မှာတော့ လူသုံးဦး စားစရာမျှပဲ လိုတာပါ၊ အပန်းမကြီးလှပါဘူး၊ ဒီပစ္စည်းတွေကို အားလုံး ပြန်ပေးပါရစေလို့ ဘုရင်မင်းမြတ်ကို ခွင့် တောင်းကြောင်း လျှောက်ထားကြပါဘိ”လို့ ပြောလိုက်တယ်။

          ဇောတိကဟာ ယုံကြည်ချက်ကြီးမားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ သူ့အိုးတွေလုပ်ဖို့ မြေကိုတောင် မတူးဘူး။ (မပြိုမကွဲ မြေကြီးကို တူးဆွ ခြင်းမှ ရှောင်ကြဉ်တာ သိက္ခာပုဒ် ၂၂၇ ထဲက တစ်ပါးဖြစ်တယ်။) ဒုက္ခခံပြီး ကြွက်တွင်းတို့၊ မြစ်ကမ်းပါးပြို နေတာတို့ကို ရှာဖွေတယ်။ (အဲဒီမှာ မြေကြီးက ပြိုကွဲပြီးသား ဖြစ်နေပြီကိုး။) သီလရှိတဲ့ လူဝတ်ကြောင်တစ်ဦးဟာ အဲသလို သိမ်မွေ့တဲ့ရဟန်းသိက္ခာပုဒ်ကို စောင့်ထိန်း နိုင်ရင် ဒီလောက် မသိမ်မွေ့တဲ့ သိက္ခာပုဒ်တွေကို အခက်အခဲ မရှိတော့ ဘူးပေါ့။