မောင်သာနိုး - ခိုးစားတဲ့သစ်သီး
ခိုးစားတဲ့ သစ်သီး
အသျှင့်သား၊ သင်းကလေးကို ကြင်နာပါ။ သင်းကလေးဟာ ကျုပ် သွေးသားက မွေးဖွားလာခဲ့တာ မဟုတ်ပေမယ့် ကျုပ်နှလုံးသား နဲ့ မွေးမြူခဲ့ရသူပါ။ သူ့အမေက သူ့ကို လူ့လောကထဲ ဆောင်ကြဉ်း ပေးရုံပေးခဲ့တာဖြစ်ပြီး ကျုပ်ရဲ့ အဆွေ တောကောင်တွေနဲ့ ကျုပ်ကသာ သူ့ကို ကမ္ဘာလောကပေါ် ရှင်သန်လာရေး ဖေးမခဲ့ကြရသူတွေ ဖြစ်တယ်။
တကယ်တော့ သူ့ခမျာ သူ့မိခင်ကို မှတ်မိမယ်တောင် မဟုတ်ပါဘူး။ သူသိနေတဲ့ သူ့မိခင်တွေက သမင်မတို့ တောဝက်မကြီးတို့ပဲ ဖြစ်တယ်။ သူငယ်စဉ်က သူတို့ရဲ့ သားတွေ သမီးတွေနဲ့ပဲ အတူပြေးလွှား၊ အတူကစား နေခဲ့တာကိုး။ သူတို့ကလည်း သူ့ကို မိမိတို့ရဲ့ သားရင်း သမီးရင်းတွေကြား မှာ သားရင်းသမီးရင်းတွေနဲ့ထပ်တူ ပြုစုစောင့်ရှောက်ခဲ့ကြပုံပါပဲ။ သူက လည်း အဲ့ဒီတောကောင်လေးတွေနဲ့ မခြားပါဘူးလေ။ အိုး... အဲ့ဒီအချိန်က သင်းကလေးကို အသျှင့်သား မြင်ဖူးစေချင်တယ်။ တကယ့်တောကောင် ကလေး၊ အဟိတ်တိရစ္ဆာန်ငယ်ကလေး၊ သူတို့လိုပဲ လေးဘက်တွားသွား ပြေးလွှားတယ်၊ သူတို့လိုပဲ စကားမဲ့တယ်၊ သူတို့လိုပဲ ကြောက်တတ်တယ်။ အဲ့ဒီအရွယ်က သူ့ကို ကျုပ် စတင်တွေ့ မြင်ဖူးတာပဲ။
ကျုပ်က ကျုပ်ကျောင်းသင်္ခမ်းရှေ့က မြေကွက်လပ်မှာ ညနေတိုင်းညနေတိုင်း ရတတ်သမျှ အစာကို သူတို့အတွက် ချကျွေးလေ့ရှိတယ်။ ဟိုမှာ လေ၊ မြင်ရဲ့ မဟုတ်လား။ သောက်ရေကိုတော့ စဉ့်အင်တုံနဲ့ အမြဲချပေးထားတယ်။ တောမှာက ရေကို အမြဲတမ်း မရတတ်ဘူး။ မိုးရာသီမှာသာ စိမ့်၊ စမ်းချောင်း၊ ကန်တို့က ရေပြည့် တတ်တာ၊ နွေခေါင်ခေါင်ဆိုလျှင် စိမ့်စမ်းတို့ခန်းပြီ၊ ချောင်းတို့ကောပြီ။ ဒီအခါမှာ သူတို့ ရေငတ်ကြရပြီ။ ကျုပ်ကတော့ ရေကို စရည်းအိုးကြီးတွေနဲ့ သိုလှောင်ထားတယ်။ ဒါကိုပဲ နွေခေါင်ခေါင်မှာ သင်းတို့နဲ့ မျှသုံးရတာပဲ။ တစ်ညနေသား နေဝင်ချိုးဖျမှာ ရေလာသောက်ကြတဲ့ သမင်အုပ်တို့အလယ် ထူးဆန်းတဲ့ တောကောင်ငယ်ကို ကျုပ်ပထမဆုံး သတိပြုလိုက်မိတာဖြစ် တယ်။ သူဟာ လေးဘက်ထောက် သွားလာနေပေမယ့် သူ့ခြေတံလက်တံ တို့က သားသမင်တို့ ခြေလက်မျိုး မဟုတ်ချေဘူး။ ခေါင်းမှာ ဒိုက်သရောလို ရှုပ်ထွေးပွေလိမ်နေတဲ့ မည်းမှောင်မှောင် ဆံပင်ဖားလျားကလည်း သားသမင် တို့နဲ့မတူ ထူးခြားစေတယ်။ သူ့ကိုယ်တုံးလုံးကလေးမှာက ရွှံ့ညွန်အလူးလူး ပေကျန်လို့။ သမင်နဲ့တူတာဆိုလို့ ဝင်းလက်ဝိုင်းစက်တဲ့ မျက်လုံးတစ်စုံပဲ ရှိတယ်။
သူဟာ လူသားလို လက်နှစ်ဖက် ပါပေမယ့်လည်း ရေသောက်ရာ အစာစားရာမှာ လက်ကို အသုံးမပြုချေဘူး။ သူနဲ့အတူကြီးပြင်းခဲ့ရာ တောကောင်တို့လိုပဲ ပါးစပ်နဲ့သာ ရေအင်တုံထဲ တိုးဝှေ့ ရေကိုသောက်တယ်။ ကျပ်ချပေးထားတဲ့ သစ်သီး သစ်ဥ၊ မျောက်ဥပြုတ် ကန်စွန်းဥပြုတ်တို့ကို လည်း ပါးစပ်နဲ့ပဲ ကိုက်ခဲဖွဲရွဲ့ ကာ ကုန်းပြီး သွေးတော့တယ်။ သူ စားသောက် နေပုံကို ကြည့်ရတာ ရယ်စရာပင် ကောင်းသေးတော့။ ။
ကြောက်တတ်လိုက်တာကလည်း မပြောနဲ့တော့။ သားကောင်တို့က သူ့ကို သင်ကြားပေးထားတဲ့အတိုင်း သူဟာ လောကကို လန့်နေတယ်။ ဝန်းကျင်ကို ကြောက်နေတယ်။ အစာစားရင်းက မျက်လုံးလေးတွေကို ဟိုဘက်ရွှေ့၊ ဒီဘက်ပြောင်း တကြည့်ကြည့် လုပ်နေတယ်။ သတိဝီရိယကို အလစ်မပေးဘဲ စားသောက်တယ်၊ သွားလာလှုပ်ရှားတယ်။ ထစ်ခနဲ အသံ ကြားလျှင် မျက်ကလူး ဆန်ပျားဖြစ်ကာ အစာစားမှုကို ရပ်လိုက်ပြီ။ ဘာသံမှ ဆက်မကြားတော့မှ အစာကို ဆက်စားတယ်။ စားတော့လည်း ဟိုဘက်ကိုစောင်းကြည့်၊ သည်ဘက်ကိုငဲ့ကြည့်... အသံက ဆက်မြည်လာလျှင် အသံက ရုပ်သဏ္ဌာန် ပြောင်းလဲလာလျှင်တော့၊ လျှပ်ပြက်သည့်နှယ် ေ ခန်ထခုန်ကာ သူပြေးပြီ။ မြန်တာကလည်း မပြောပါနဲ့တော့၊ သားသမင်တို့နည်းတူ သွက်လက်ပါပေရဲ့။ အဲ့ဒီလို ပြေးရာမှာ ပထမ ခြေလေးချောင်းပဲ ပြေးတယ်။ နောက်တော့ ရှေ့ခြေ (ဝါ) လက်နှစ်ဖက်ကို ခြေစုံမြှောက်ကာ မြှောက်ကာ ခြေနှစ်ချောင်းနဲ့ပဲ ပြေးတော့တယ်။
အသျှင့်သား၊ သင်းကလေးကို ဖမ်းယူရတာ ခက်ခဲပင်ပန်းလှတဲ့ ကိစ္စ တစ်ရပ်ပါပေပဲ။ သင်းကလေးကို ဇာတ်မတူတဲ့ တောကောင်တွေထဲက ခွဲထုတ်ကာ လူ့ဇာတ်သွင်းပေးဖို့ စတွေ့ပြီးတဲ့နေ့နောက်မှာပဲ ကျုပ် အားထုတ် ခဲ့ပါတယ်။ သူဟာ တစ်ခါတလေ သမင်အုပ်စုနဲ့ ပါလာတတ်ပြီး တစ်ခါ တလေ တောဝက်မကြီးတစ်ကောင်ရဲ့ သားအုပ်စုထဲ ရောပါလာတတ်တယ်။ သမင်တို့နဲ့ ရေကိုသာ အတူသောက်လို့ရပြီး မြက်သစ်ရွက်တို့ကို စားရာမှာတော့ သူ အတူလိုက်လုပ်လို့ မရချေဘူး။ သစ်ရွက်တချို့ကို သူစားပေမယ့် နှစ်ခြိုက်ပုံ မရဘူး။ ပြန်ပြန်ထွေးပစ်တတ်တယ်။ တောဝက်မကြီးနဲ့အတူ သစ်ဥသစ်ဖုတို့ကို စားရာ၊ ဝါးမျှစ်ပြုတ်တို့ကို စားရာမှာတော့ သူ ခုံခုံမင်မင်ပဲ။ သူ မှန်မှန်လာတော့ ကျုပ်လည်း သူ့အတွက် ယာဂုတို့ ဆွမ်းဟင်းလက်ကျန် တို့ကို သီးသန့်ချပေးတယ်။ သူ နှစ်နှစ်ခြိုက်ခြိုက် စားသုံးတယ်။ အနားကို တော့ အကပ်မခံချေဘူး။
ဒါပေမယ့် သူ့မိခင်များဖြစ်ကြတဲ့ သမင်မကြီး၊ တောဝက်မကြီးတို့ဟာ ကျုပ်ကို ယဉ်ပါးနေပါပြီ။ ကျုပ်လက်နဲ့ ပွတ်သပ်တာကို လိုလား ကြည်ဖြူနေ ကြပါပြီ။ ဒီတော့ သူလည်း သမင်မ၊ ဝက်မတို့ နမူနာကိုယူကာ ရက်များ မကြာခင်ဘဲ ကျုပ်ကို ယဉ်ပါးလာရပါတော့တယ်။ ကျုပ် ချဉ်းကပ်လာလျှင် မပြေးတော့ဘူး။ သူ့စုတ်ဖွား ဆံပင်လေးတွေကို ကျုပ်သပ်ပေးတဲ့အခါမှာ လည်း မျက်လုံးကလေးတွေ ပြူးကြောင်ကာ မော့ကြည့်ရင်း ကျုပ်ကို ဝေဖန် နေတတ်တော့တယ်။
အဲ... သူ့လက်ကလေးကို ကျုပ်လက်နဲ့ ဆုပ်ကိုင်ထားလိုက်ကာ သူ့အဖော်တွေ အစားအစာကိစ္စပြီးလို့ ပြန်ကြချိန် ပြန်ခွင့်မပေးဘဲ ထားလိုက် တဲ့အခါမှာတော့ သူ ရုန်းကန်လိုက်ပုံ မပြောပါနဲ့တော့။ ခြေထောက်ကလေးတွေနဲ့ ကျုပ်ကို ကန်ကျောက်တယ်။ လက်သည်းရှည်တွေနဲ့ ကုတ်ခြစ်တယ်။ ခေါင်းနဲ့တိုးဝှေ့ကာ သွားနဲ့ကိုက်ဖဲဖို့ ကြိုးစားတယ်။ ပါးစပ်ကလည်း လူသံ မပီတဲ့ တောသတ္တဝါအသံမျိုးနဲ့ မြည်ဟိန်း မာန်ဖီနေတော့တယ်။ ကျုပ်ခက်ခဲ ခြင်းကြီးစွာ သူ့ရန်ပြုမှုတွေကို ခုခံရင်း သူ့ကို သိမ်းထဲ ဆွဲခေါ်ခဲ့ရတယ်။ သင်္ခမ်းထဲရောက်တော့ တံခါးကဲလားကို ချလိုက်ကာ အတတ်နိုင်ဆုံး ချိုသာ တဲ့လေသံနဲ့ သူနားလည်တန်ရာမယ့် မေတ္တာစကားတွေကို ဆိုပါတယ်။ ချော့မော့ဖျောင်းဖျတဲ့အလုပ်ကို ဉာဏ်စွမ်းရှိသမျှ လုပ်ကြည့်တယ်။ နားဝင်ပုံ မရပါဘူး။ ကျုပ်လက်ထဲကလည်းလွတ်ရော ကျူဖျာထရံတွေကို တိုးဝှေ့ ဖြိုဖျက်ဖို့ပဲ အားထုတ်တော့တယ်။ မရတော့ ထောင်ထဲမှာ ငုတ်တုတ်ကလေး ထိုင်ရင်း မျက်လုံးကလေးပြူးကြောင်ကာ ကျုပ်ကို ကြည့်နေတော့တာပဲ။
ကျုပ်လည်း သတို့သမီးငယ်တို့ မက်မောတန်ရာတဲ့ မာလကာသီး၊ ရှောက်သီး၊ ငှက်ပျောသီးတို့ကို သူ့ရှေ့ ချပေးတယ်။ ကြံပင် အရည်ရွှမ်းရွှမ်းကို ကျုပ်ကိုယ်တိုင် စုပ်ပြပြီး သူ့ရှေ့ တစ်ပိုင်းချပေးထားတယ်။ ချပေးတာကိုစောင်းကြည့်ပါရဲ့။ ပါးစပ်နဲ့ ငုံလို့တော့ မစားချေဘူး။ ငုတ်တုတ်ကလေး သာ ထိုင်နေမြဲ။ ပြူးကြည့်နေမြဲ။ ။
အတန်ငယ် ညဉ့်နက်လာတော့ အထိုက်အလျောက် ချမ်းစိမ့်လာပြီမို့ ကမ္ဗလာခြုံစောင်တစ်ခုကို သူ့ဆီ လွှမ်းခြုံပေးမိတယ်။ လက်ခြေတို့နဲ့ ကန်ကျောက်ကာ လွှင့်ပစ်လို့သာ နေတော့တယ်။ တောတိရစ္ဆာန်မလေးဟာ ဘယ်မှာစောင်ခြုံတတ်ပါလိမ့်မလဲ။
ကျုပ်လည်း သူ့ကို လက်လျှော့ခဲ့ပြီး မိမိလုပ်မြဲထုံးစံအတိုင်း ကမ္မဌာန်း ဘာဝနာ စီးဖြန်းကာ သတ္တဝါအနန္တကို မေတ္တာပို့ အမျှဝေပြီးတဲ့နောက်၊ တစ်ည တာအနားယူဖို့ လဲလျောင်းလိုက်ပါတော့တယ်။
အရုဏ်မတက်မီ ကျုပ်နိုးလာရာမှာတော့ သင်္ခမ်းရဲ့ ထောင့်မှာ သင်း ကလေး မရှိပြီ။ ကဲလားကို ချလျက်ပါပဲ။ ပျားဖယောင်းတိုင်ကို ထွန်းညှိလိုက်ကာ သင်္ခမ်းအတွင်း နေရာအနှံ့ ရှာကြည့်ပေမယ့် မတွေ့ရတော့ဘူး။ အသံကို မမြည်စေဘဲ၊ ကျုပ်ကို မနိုးစေဘဲ၊ သည်တောသတ္တဝါမလေး ဘယ်လိုလုပ်လို့ များ သင်္ခမ်းတွင်းက ထွက်ပြေးလွတ်မြောက်သွားပါလိမ့်မလဲ။
မနက်အချိန်မှာ ကျုပ်ကျောင်းသင်္ခမ်းနားလာကြတဲ့ တောတိရစ္ဆာန်စုတွေထဲမှာလည်း သင်းမပါချေဘူး။ သစ်သီးဝလံရှာဖွေရင်း တောတွင်း ကျပ် လှည့်လည်ခဲ့ရာ တွေ့ရတဲ့ သမင်အုပ်၊ ဒရယ်အုပ်၊ တောဝက်အုပ်တို့အတွင်းမှာ လည်း သင်းမရှိဘူး။ ညနေ နေဝင်ရီသရောအချိန် သိမ်းဆီ အစာစားဖို့ ရေသောက်ဖို့လာကြတဲ့ တောကောင်အုပ်တွေထဲမှာလည်း သူ့ကို မတွေ့ရ တော့ဘူး။
လဆန်းက လပြည့်၊ လပြည့်က လကွယ်။ နေ့ရက်တွေ ရွေ့ လျားကာ နေ့က လ ပြောင်းလဲခဲ့ပေမယ့် တိရစ္ဆာန်တို့အလယ် ယောင်လည်လည်ရောက် နေတဲ့ ဒီလူမမယ်ကလေးကို ကျုပ် မတွေ့ရတော့ပြီ။ သစ်သီး သစ်ဥ ရှာရင်း၊ ထင်းခွေရေခပ်ရင်း၊ တောခပ်နက်နက်အထိ ကျုပ်သွားခဲ့ပါရဲ့။ ရောက်ခဲ့တဲ့
တောင်ကုန်းတောင်စွယ်တို့ကိုလည်း တက်ခဲ့ပါရဲ့။ သင်းကလေး အရိပ် အယောင်ကိုမှ မတွေ့ရတော့ဘူး။
ရက်လအတန်ကြာခဲ့ပြီမို့ ကျုပ် သူ့ကို မေ့သလောက်ဖြစ်သွားပြီဆိုတဲ့ တစ်နေ့မှာတော့ ညက မိုးကြီး သည်းကြီးမဲကြီး ရွာချပြီးတဲ့နောက် မှိုများရ မလားလို့ ဖွေရှာရင်း လျှိုမြောင်တစ်ခုဆီ ရောက်လာခဲ့တယ်။ ချုံကောင်းကောင်းတစ်ခုအတွင်းမှာ ကျုပ်ဆီလာနေကျ သမင်မကြီးကို လှမ်းမြင်လိုက် တာနဲ့ သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။ သမင်မဟာ ကြောင့်ကြပူပန်ခြင်းကြီးစွာနဲ့ တစ်စုံတစ်ရာကို စောင့်ရှောက်နေပုံပါပဲ။ ကျုပ်ကိုလည်း အားကိုးတဲ့ အကြည့် မျိုးနဲ့ “ကယ်ပါလှည့်အသျှင်” လို့ လှမ်းဖိတ်နေသယောင်။
သူ့အနားရောက်သွားလို့ ကြည့်လိုက်တော့ သူ့ခြေအစုံအောက်မှာ သင်းကလေး သတိမေ့မြော လဲလျောင်းနေလေပေါ့။ ကျုပ်သမင်မကို ဖယ်ရှား စေကာ ချစ်ချစ်တောက်ပူပြင်းနေတဲ့ သင်းကလေးရဲ့ ကိုယ်ကို ပခုံးမှာ ထမ်းပိုး က ကျောင်းသင်္ခမ်းဆီ သုတ်ခြေတင်ခဲ့ရပါတော့တယ်။ ( အသျှင့်သား။ တောထဲမှာ တစ်ကိုယ်ရေ တစ်ကာယ နှစ်ရှည်လများ နေထိုင်လာခဲ့ရတော့ အာဟာရဖြစ်တဲ့ သစ်သီးသစ်ဥတို့ကိုသာမက ဆေး ဘက်ဝင်တဲ့ သစ်ရွက်သစ်မြစ်တို့ကိုပါ ကျုပ်နားလည်တတ်ကျွမ်းလို့ နေပါ တယ်။ ကျောင်းသင်္ခမ်းရောက်တော့ ရေနွေးကိုကျိုကာ ဆေးမြစ်ဆေးရွက် တို့ကို စီရင်ကာ ကျုပ် သင်းကလေးကို ကုသနိုင်ခဲ့ပါပြီ။ ရက်အနည်းငယ် အတွင်းမှာပဲ သူ့ရောဂါက သက်သာလာပါတော့တယ်။ ဒီတစ်ခါမှာတော့သူ ကျုပ်ကို အားကိုးရမယ့်သူအဖြစ် နားလည်တတ်သွားပါပြီ။ ကျုပ်တိုက် ကျွေးတဲ့ ဆေးဝါးတို့ကို မှီဝဲတယ်၊ အားအင်ပြည့်ဖို့ ကျုပ်ကျွေးတဲ့အစာတွေ ကိုလည်း လက်ခံစားသုံးတတ်လာပါတော့တယ်။ အားအင်ပြည့်လာတော့ လည်း ထွက်ပြေးဖို့ အားမထုတ်တော့ဘူး။
သူ့ကို စသင်ပေးရတာကတော့ အစာကို တိရစ္ဆာန်များလို ခေါင်းငံ့ လွေစားတာမဟုတ်ဘဲ လက်နဲ့ကိုင်စားတတ်ဖို့ပါပဲ။ ရေကို အုန်းမှုတ်ခွက်နဲ့ ခပ်ယူကာ သောက်တတ်ဖို့ပါပဲ။ ကျန်းမာလာတဲ့အခါ ချေးညှော်တွေ သန့်စင်အောင် သူ့ကိုယ်လုံးလေးကို ကျုပ်ကိုယ်တိုင် ရေနွေးနဲ့ ရေချိုးပေးရတယ်။ ခေါင်းဖြီးပေးရတယ်။ ကိုယ်ဝတ်ကတော့ ကျုပ်မှာရှိတဲ့ လျှော်တေသင်္ကန်း ပဲပေါ့။ (ခုထိလည်း ဒါပဲဝတ်နေတာ မြင်တဲ့အတိုင်းပဲလေ) စကားကိုတော့ တဖြည်းဖြည်း သင်ယူရတယ်။ အလွယ်ဆုံး စကားလုံးဖြစ်တဲ့ “ဘ”နဲ့ စသင်ရ တာပဲ။ ကျုပ်ကို ဘဘ” လို့ သူ စခေါ်တတ်သွားတယ်။
လူမမယ်ကို မွေးမြူရတာ ရသေ့ ရဟန်းကိစ္စကို အနှောင့်အယှက်ဖြစ်ရ ပေမယ်လို့ သင်းကလေး တစ်စတစ်စ ကြီးပြင်းလာတာနဲ့အမျှ ကျုပ်အဖို့ ကြီးမားတဲ့အကူအညီဖြစ်လာတော့တယ်။ ကျုပ်နဲ့အတူ လိုက်လံကာ တော သစ်ဥသစ်ဖုကို ရှာဖွေတတ်လာပြီ။ ထင်းခွေ၊ ရေခပ်တတ်လာပြီ။ ခုနစ်နှစ် သမီးအရွယ်မှာတော့ နီးနားဝန်းကျင် မြိုင်အုပ်က မျောက်မျိုးစုံနဲ့ အဆွေ ခင်ပွန်းဖွဲ့ကာ အပင်တွေကို တက်တတ်၊ နွယ်ကြိုးတွေနဲ့လွှဲပြီး ကူးတတ်လာ သမို့ ပင်မြင့်ထက်က သစ်သီးတွေ ခူးချပေးနိုင်ရုံသာမက ဝေသီမြင့်ဖျားက ရှားပါးသဇင်ပန်း၊ သစ်ခွပန်းတို့ကိုလည်း ဘုရားစင်မှာ တင်ဖို့ ခူးပေးတတ် လာတော့တယ်။ ကျုပ် အစာရေစာရှာဖွေတဲ့အလုပ်မှ တော်တော်သက်သာ သွားခဲ့တယ်။
အချိန်တန် အရွယ်ရောက်မယ့် အရိပ်နိမိတ်တွေ စတင်ညွှန်ပြလာတဲ့ အခါမှာတော့ သူ့ကို လောကရဲ့ ဓမ္မတာသဘောကို ရှင်းပြကာ ကျုပ်သိမ်း မှာ အတူမနေစေတော့ဘဲ သီးခြား သစ်ခက်တဲလေးတစ်ခုနဲ့ နေစေတယ်။ တဲလေးကို ကျုပ်က ညွှန်ရုံ ညွှန်ပြနိုင်ပြီး သူပဲ ဆောက်လုပ်ခဲ့တာပါပဲ။ သူက အရွယ်ရောက်လာ။ ကျုပ်က အိုမင်းလာချိန်မှာတော့ အစာရှာတဲ့အလုပ်၊ ထင်းခွေရေခပ်တဲ့အလုပ်တွေကို သူပ် လုပ်နေပါပြီ။
ဪ... ကျုပ်ကို သိပ်မအိုသေးဘူးလို့ အသျှင့်သားက ဆိုသလား။ ခု လပြည့်ကပဲ ကျုပ်အသက် ရှစ်ဆယ်ပြည့်ခဲ့ပြီ အသျှင့်သား။ ဇရာရဲ့ နှောင်းပိုင်းရောက်နေပြီ။ ခုလို ကျန်းမာသန်စွမ်းနေနိုင်တာကတော့ တောထဲ တောင်ထဲမှာ နေရခြင်းရဲ့ အကျိုး၊ အပူအပန် အကြောင့်အကြမဲ့ စိတ်ချမ်းချမ်း သာသာ နေရခြင်းရဲ့ အကျိုး၊ သီလသမာဓိရဲ့ တန်ခိုးပေပ။ အခု သူ့ကို အားကိုးနေရပေမယ့်လည်း ကျုပ်ကိုယ်တိုင် သွားနိုင်လာနိုင် အစာရှာနိုင် ရေခပ်နိုင်ပါတယ်။ တစ်ကိုယ်တည်း တရားရှာမှီးတဲ့သူဆိုတာ မိမိကိုယ်ကို သာ အားထားရမြဲပေပဲ။ အသျှင့်သား၊ အပူအပင် ကင်းမဲ့စွာသာ သူ့ကို ခေါ်ဆောင်သွားပါလေ။ သူ့အဖို့ ရေခပ်သွားရင်း အသျှင့်သားတို့ညီနောင်ကို မြစ်ကမ်းမှာ တွေ့လိုက်ရတာဟာ ကျုပ်ကလွဲလို့ ယောက်ျားသနာကို ပထမ ဆုံး မြင်ဖူးရခြင်းပေပဲ။ အသျှင့်သားနဲ့ ဆုံစည်းထိုက်လို့ ခုလို ကြုံတောင့်ကြုံခဲ ကြုံဆုံကြရတာပေပဲ။ ဆုံထိုက်လို့ ဆုံလာရသူလေးကို ကြင်ကြင်နာနာ ယုယုယယ ဆက်ဆံပေါင်းသင်းပါလေ အသျှင့်သား။
သူ့မိခင်ရင်း... အိမ်း၊ သူ့မိခင်ရင်းကိုတော့ ကျုပ်လည်း တိတိကျကျ မသိချေဘူး။ တောတိရစ္ဆာန်တွေထဲ သူ့ကိုမတွေ့ခင် တစ်နှစ်သာသာလောက် ဆီကတော့ လူမိန်းမတစ်ယောက် ကိုယ်လေးလက်ဝန်နဲ့ တောတွင်းရောက် လာတာကို မြင်လိုက်မိပါရဲ့။ ဒါပေမယ့် ဒီမိန်းမဟာ ကြောက်လန့်နေပုံပဲ။ ဘယ်လိုအန္တရာယ်ဆီက ပြေးထွက်လာတယ် မသိဘူး။ ကျုပ်လို ရသေ့ ရဟန်းကို လှစ်ခနဲမြင်ရတာကိုတောင် သူ လန့်ဖျပ်သွားပုံရတယ်။ ကျုပ်ကို လည်းမြင်ရော လှစ်ခနဲ ပုန်းလျှိုးကွယ်ပျောက် ထွက်ပြေးသွားတော့တာပဲ။ သူတော်စင်နဲ့ မာတုကာမဆိုတာ ဘယ်လိုမှမအပ်စပ်ပေမယ့် ဒုက္ခရောက်နေ တဲ့ လူသားတစ်ယောက်ကိုတော့ ကူညီဖေးမဖို့ ကျုပ် အဆင်သင့်ရှိခဲ့ပါရဲ့။ ဒါပေမယ့် သူ ကျုပ်ကို အတွေ့မခံဘူး၊ တောနက်ရာ လျှိုမြောင်ထဲကိုပဲ ပြေးဝင် သွားတယ်။ အဲ... တိရစ္ဆာန်တွေကို ကျုပ်ချထားတဲ့ အစာရေစာတွေ မနက် မနက်မှာ လက်ကျန်မရှိ ပြောင်နေတာကို သတိပြုမိတယ်။ ဒါနဲ့ ကျုပ် လည်း အလိုက်တသိပဲ ည ညမှာ အစာတွေ အပိုချပေးထားခဲ့တယ်။ တစ်ည သင်္ခမ်းကျောင်းထဲကနေ မအိပ်ဘဲ ချောင်းကြည့်လိုက်တော့ ခိုးကြောင် ခိုးဝှက်နဲ့ ရောက်လာကာ တောင်ကြည့်မြောက်ကြည့်လုပ်ပြီး သစ်သီးသစ်ဥတွေ လာစားတဲ့ ကိုယ်ဝန်ဆောင်မကို မြင်လိုက်ရဲ့။ နောက်တော့ မလာဘဲ ရှိနေလိုက်တာ တစ်နှစ်ကျော်ကျော်ကြာတော့မှပဲ ကလေးငယ်ကို သမင်အုပ် ကြား၊ တောဝက်အုပ်ကြား တွေ့လိုက်ရတော့တာပါပဲ။
ကိုယ်ဝန်ဆောင်မကို ခုထိမတွေ့ရပုံထောက်တော့ သေခဲ့ပြီလို့ပဲ ယူဆ ရပေလိမ့်မယ်။ ဘယ်မြောင် ဘယ်လျှိုထဲ သွားသေခဲ့သလဲသာ မပြောတတ် တယ်။ သားမွေးပြီး တစ်နေရာပြေးခဲ့ပြီလို့တော့ ပြောလို့ရမယ် မဟုတ်ပါဘူး။
ဘယ်လိုအန္တရာယ်ဆီက သူပြေးခဲ့တယ်ဆိုတာကတော့ မှန်းရုံပဲ ခန့်မှန်းနိုင်လိမ့်မယ် အသျှင့်သား။ မင်းပြစ်မင်းဒဏ်သင့်သူတစ်ဦးမို့ နရသိမ် က လွတ်ထွက်ပြေးလာတာများလား။ လင်ဖြစ်သူ အရေးနိမ့်သွားလေတော့ ရန်သူတွေက ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ဆိုသလို ဗိုက်ထဲက ကလေး ငယ်ကိုပါ သုတ်သင်ပစ်မှာမို့ ပြေးလာခဲ့တာများလား။ တစ်ပါးသူနဲ့ ရထားတဲ့ ကိုယ်ဝန်ဖြစ်ကြောင်း သိသွားတဲ့အခါ လင်သားဖြစ်သူကိုယ်တိုင်က လိုက်လံ သတ်ဖြတ်သမို့ ခြေဦးတည့်ရာပြေးလာခဲ့တာများလား။ ရွာသူ* ဆိုပြီး ရပ်ရွာ က လိုက်လံသတ်ဖြတ်ဖို့ တုတ်ဆွဲ၊ ဓားဆွဲဝိုင်းဝန်းလာကြရာမှ ကြောက်အား လန့်အား ထွက်ပြေးလွတ်မြောက်လာတာများလား... အမျိုးမျိုးဖြစ်နိုင်တာ ချည်းပါပဲ။
တစ်ခုတော့ ကျုပ် ပြောနိုင်တယ်။ သူ့နာမည် ကျုပ် မသိလိုက်ရပေ မယ့် သူ့ရုပ်ရည်ကို မြင်ရခြင်းအားဖြင့် သူ့မျိုးရိုးကိုတော့ ကျုပ် ခန့်မှန်းကြည့် နိုင်တယ်။ သူဟာ သာမန်ဆင်းရဲသား မိလက္ခုမျိုးရိုးထဲကတော့ မဖြစ်နိုင်ဘူး။ အဝတ်အစားတွေ စုတ်ပြတ်ကာ တစ်ကိုယ်လုံးလည်း ရွှံ့တွေ၊ ဖုန်တွေ၊ သွေးစတွေ ပေရေကာနေပေမယ့်လည်း သူ့ရုပ်ရည်ဟာ လှပချောမွေ့ပြီး မွန်ရည် တယ်။ ကြမ်းတမ်းတဲ့ စရိုက်အသွင် မရှိဘူး။ ကိုယ်လေးလက်ဝန်နဲ့ ပြေးရ လွှားရတာမှာတောင် သူ့လှုပ်ရှားပုံဟာ တောငန်းမရဲ့ တင့်တယ်မှုကို ဆောင် နေတယ်။ တိတ်တဆိတ် အစာကို လာစားရာမှာတောင် ဣန္ဒြေမဲ့ အငမ်းမရ စားတာမျိုးမဟုတ်ဘဲ ကျက်သရေမင်္ဂလာရှိရှိနဲ့ စားသုံးတတ်တယ်ဆိုတာကို မြင်လိုက်ရတယ်။ မဟာမျိုး မဟာနွယ်ထဲက မဟုတ်တောင် မှူးကြီး မတ်ရာသားသမီး၊ သူဌေးကြီး သူကြွယ်ကြီးတို့ရဲ့ သားသမီး ဖြစ်ပေလိမ့်မယ်။
သူ့ခမျာ သူ့သမီးလေးသာ မသေမပျောက် အခုလို ကျုပ် ကျောင်း သင်္ခမ်းမှာ ကစားမြူးတူးနေနိုင်ခဲ့တယ်။ ဟော ခုဆို အသျှင့်သားလို ထီးမွေ နန်းမွေ ဆက်ခံနိုင်တဲ့ မင်းသားတစ်ပါးရဲ့ ဖူးစာဘက်အဖြစ် ရောက်ရှိလာခဲ့ရ ပြန်တယ်ဆိုတာကိုသာ မြင်လိုက်ရလျှင် ဘယ်လောက်ကြည်နူးဝမ်းသာ ရှာလေလိမ့်မလဲ။
အသျှင့်သား၊ သင်းကလေးနဲ့ အသျှင့်သားတို့ဟာ ဘဝကံကြမ္မာချင်း လည်း ဆင်တူကြပါပေတယ်။ သင်းကလေးရဲ့ မိခင်ဟာ မင်းပြစ် မင်းဒဏ်လား၊ တခြား ရန်သူမျိုးတစ်ပါးပါးလား မသိရတဲ့အန္တရာယ်က ထွက်ပြေးကာ ဒီတောကြီးမျက်မည်းထဲ ရောက်လာခဲ့ရတာဖြစ်သလို အသျှင့်သားတို့ ညီနောင်လည်း ရန်အန္တရာယ်က ရှောင်ရှားရင်း မြစ်ရေယဉ်ကြောမှာ ဝါးဖောင် ငယ်နဲ့ ထွက်ပြေးကြရာက ဒီဒေသကို ရောက်လာခဲ့တာပဲ မဟုတ်လား။ ရှေ့လျှောက်လို့ သင်တို့နှစ်ဦးဟာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ကံကြမ္မာလမ်း တစ်လျှောက်မှာ အတူလက်တွဲလျှောက်လှမ်းနိုင်ကြပါစေသား။
ညီဖြစ်သူ အသျှင့်သားကလည်း ဒီတောတွင်းသူမလေးကို အစ်ကိုရဲ့ ကြင်ယာ၊ မရီးတော်ရယ်လို့မျှ မဟုတ်ဘဲ အစ်မအရင်းလို ချစ်ခင်ဆက်ဆံ နိုင်ပါစေ။
သာဓု သာဓု၊ နေမလင့်ခင် ခရီးပေါက်ချင်တာဖြင့် ထွက်ကြွဖို့ အချိန် သင့်ပြီ။ သမီး မျက်ရည်တို့ကို သုတ်ပါလေ။ လူချင်း မမြင်တွေ့ကြရပေမယ့် ဘ(ရသေ့) ရဲ့ မေတ္တာဟာ သမီးဆီကို အချိန်တိုင်း ပျံဝဲရောက်ရှိလာပါလိမ့် မယ်။ သွားတော့ အသျှင့်သားတို့၊ သွားတော့ ချစ်သမီး။
၁၉၈၈