Skip to product information
1 of 2

Other Websites

မောင်သာချို - အိမ်မက်များအနားမလာရနှင့်ဘ၀ရှုမျှော်ခင်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပြာသိုရက်များ ကြက်သားမစား

(တစ်)

သမီးရေ...

ဟိုး... အရှေ့ဘက် မိုးကုပ်စက်ဝိုင်းကြီးရဲ့ အထက်နားဆီ မှာ လင်းရိပ်လင်းရောင်ဆိုလို့ စွေ့စွေ့ငွေ့ငွေ့ ကလေးတောင်မှ မသမ်းတတ်ခင်အချိန်လောက်ကစပြီး လမ်းလျှောက်ထွက်ခဲ့ တဲ့ ဖေဖေတစ်ယောက် ချွေးအစို့စို့နဲ့ အိမ်ကိုပြန်ရောက်လာခဲ့ပြီး မနက်တိုင်း ကလိနေကျဖြစ်တဲ့ ဖေဖေရေဒီယိုကလေးကို ဟိုဟို သည်သည် ကလိလို့ အားရပြီးတဲ့နောက် စီးနေကျ စက်ဘီး ကလေးကို မကာ အပြင်ကိုထုတ်လိုက်တယ် ဆိုရင်ပဲ သမီးက ဖေဖေ့အနားကို ရောက်လာကာ ဈေးခြင်းတောင်းကို လှမ်းပေးရင်း..

“ဖေဖေ၊ ကြက်သားပဲ ဝယ်ခဲ့”တဲ့

ဖေဖေက စက်ဘီးလက်ကိုင်မှာ ဈေးခြင်းတောင်းပေါက် စနကလေးကို ချိတ်ရင်း သမီးကိုတစ်လှည့်၊ သမီးနောက်မှာ ရပ်နေတဲ့ သမီးမေမေကို တစ်လှည့်ကြည့်ကာ မငြီးငွေ့သေးဘူး လားဆိုတဲ့ မေးခွန်းကို မေးဖြစ်မိကာ သမီးမေမေရယ်လေ ..

“ခုမှ ကြက်သားစားရတာ၊ ချက်သာချက်”တဲ့

ဖေဖေလေ တစ်စုံတစ်ခုကို သွားသတိရမိလိုက်ကာ ခပ် ငွေ့ငွေ့ ကလေးပြုံးရင်း စက်ဘီးကို တွန်းထွက်လိုက်ရင်းနဲ့ လမ်း ပေါ်ရောက်တော့မှာပဲ အတွေးတွေက ဖျိုးခနဲဖျတ်ခနဲဆိုသလို ဖေဖေ့မနက်ခင်းထဲကို ဝင်ရောက်လို့ လာကြပြန်တယ်လေ။

(နှစ်)

သမီးရေ ..

သမီးမေမေပြောလိုက်တဲ့ “ခုမှကြက်သားစားရတာ၊ ချက်သာချက်”ဆိုတဲ့ စကားရဲ့ နောက်ကွယ်က အင်မတန် သိမ်မွေ့ နူးညံ့လှတဲ့ လူမှုရှုမျှော်ခင်းကလေးတစ်ရပ်ကိုဖြင့် ဖေဖေ့သမီး တစ်ယောက် သတိမပြုမိခဲ့ပါရဲ့ လား မပြောတတ်ပါဘူးသမီးရယ်။ ဟုတ်ပါတယ်။ ခုမှ ကြက်သားစားရတာဆိုတဲ့ စကား ရဲ့ နောက်ကွယ်မှာ သမီးကို လက်တို့ပြီး သတိပေးချင်တဲ့ ဘဝရဲ့ ပုံရိပ်အပိုင်းအစကလေးတချို့ ဖေဖေ့မှာ ရှိနေခဲ့တယ်လေ။သမီးမှတ်မိဦးမလားမသိဘူး။ သည့်မတိုင်ခင် ရက်တော်တော်များများထဲမှာတုန်းက ဖေဖေတစ်ယောက် အိမ်နဲ့အဝေးမှာ ရောက်နေခဲ့တာလေ။ မှတ်မှတ်ရရပြာသိုလကြီးပေါ့ ။ အာနန္ဒာ ဘုရားမှာ ပြာသိုပွဲ ကျင်းပနေတဲ့ ဆောင်းရက်တွေထဲမှာ ဖေဖေပုဂံကို ရောက်နေခဲ့တယ်လေ။ ပွဲတော်ရက် အစကန အဆုံးအထိလို့ ဆိုရလောက်အောင်ကို ပုဂံမှာ ဖေဖေ ရှိနေခဲ့တာပါ။ ဆယ်ရက်လား၊ ဆယ့်ငါးရက်လား အိမ်နဲ့ဝေးတဲ့ ပြာသိုရက် များပါပဲ။ သမီးရယ်၊ အဲသည့်ရက်တွေကဖြင့် သမီးတို့တစ်တွေ ကြက်သားဟင်းမစားရသော ပြာသိုရက်များပါပဲလေ။

(သုံး)

ဘာသာရေးတို့ဘာတို့ဆိုတဲ့ ကိုယ်ယုံကြည်ရာ ကိုယ်စွဲလမ်း ရာ တစ်ခုခုကြောင့် သူ့အသက်ကို ရှောင်နေရလို့လည်းမဟုတ်၊ ဈေးသုံးစရာ ငွေရေးကြေးရေးပြတ်လပ်သွားတဲ့အတွက် အသက် ရှူကျပ်နေရချိန်လည်း မဟုတ်ပါဘဲနဲ့ သမီးတို့တစ်တွေ ပြာသို ရက်များ ကြက်သားမစားခဲ့ရတဲ့ အဖြစ်ကတော့ သူများတွေ အဖို့ရာမှာ ဆန်းများ ဆန်းကြယ်နေမလား မပြောတတ်ပါဘူး သမီးရယ်။ တကယ်တော့ ဒါဟာ ဖေဖေတို့နေထိုင်ရာ ဘဝ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ကြီးကို ဆက်နွယ်နေတဲ့ ကိစ္စပါ။

သမီးသိတဲ့အတိုင်းသည်တုန်းက ဖေဖေတို့ နေခဲ့ရတဲ့ ကောလိပ်ရှေ့က ရပ်ကွက်ကလေးဟာ အင်မတန်မှကို လူနေ ကျဲပါးလွန်းလှတဲ့ နေရာလေးလေ။ ခြောက်ကပ်ကပ်အနိုင်ဆုံး ကတော့ ဖေဖေတို့အနားပါပဲလေ။ ခေါင်းရင်းအိမ်မှာလည်း လူမရှိ။ ခြေရင်းအိမ်မှာလည်း လူမရှိ။ အိမ်ရှေ့အိမ်မှာလည်း လူ မရှိ။ နောက်ဖေးက အိမ်လေးတစ်အိမ်ပဲ လူရှိတယ်။ သည် အိမ်ကလေးကတော့ တစ်အိမ်ဆို ဆိုသလောက် ဖေဖေတို့ရဲ့ လက်ကတုံးတောင်ဝှေးပါပဲလေ။အဲသည့်အိမ်က မိသားစုကလေးဟာ စိတ်စေတနာ မနွမ်းပါးပေမယ့် ဘဝတွေကတော့ သိပ်ပြီး ခမ်းခမ်းနားနား မဟုတ်ရှာပါဘူး။ အိမ်ထောင်ဦးစီး လူငယ်ကလေးက ပညာမရှိရှာပါဘူး။ ပညာမရှိတာမှ မူလတန်းပညာကိုတောင် ကုန်အောင် မသင်ခဲ့ ရရှာတာပါ။ သူ့အမျိုးသမီးကတော့ သမီးသိတဲ့အတိုင်း ဘွဲ့ ကလေးတစ်ခု ရထားပေမယ့် ရှေ့နဲ့နောက် ၁ နှစ်တောင်မှ မခြားတတ်ချင်တဲ့ ကလေးပေါက်စကလေးနှစ်ယောက်နဲ့ အမြဲတမ်း ဖိုသီဖတ်သီ။ဖေဖေ ခရီးတွေဘာတွေသွားလို့ သမီးမေမေကို ဈေးသွား ပေးမယ့်သူ မရှိတော့တဲ့အခါ အဲသည့်အိမ်က လူငယ်ကလေး ဟာ သမီးမေမေရဲ့ ဈေးကြုံမှာဖို့ရာ ဖြစ်လာတာပါပဲ။ “မမဖူးရေ ဈေးကို ဘာမှာဦးမလဲ” ဆိုတဲ့ သူ့ ရဲ့ အသံစူးစူးကလေးနောက်မှာ အိမ်နီးချင်း ကောင်းတို့ရဲ့ မေတ္တာဓာတ်တွေ တဖွေတထွေး ရောယှက်ပါဝင် နေလိမ့်မယ်လေ။

(လေး)

သမီးရေ ...ဖေဖေ ပုဂံကနေ ပြန်ရောက်လာခဲ့တော့ သမီးမေမေက ဈေးမှာရတဲ့ အခက်အခဲတွေကို ပြောမဆုံးနိုင်တော့ဘူး။ အဓိက ကတော့ နောက်ဖေးအိမ်က စိုးနိုင်ဝင်းကို အားနာတဲ့အကြောင်း ပါပဲ။ သူတို့ကလေးတွေ တိုင်းတိုင်းတိတိနဲ့ ဝယ်ရခြမ်းရ ချို့ချို့ ငဲ့ငဲ့နဲ့ စားရသောက်ရတဲ့ ဘဝရဲ့ အရိပ်အကဲတွေကို တစေ့တစောင်း မြင်နေရတဲ့ အချိန်မျိုးမှာ တော်ကြာ ကြက်သားအရိုး လွတ် ဝယ်ခဲ့ပါဦး။ တော်ကြာ မြစ်ငါးကြင်းကလေး ဝယ်ခဲ့ပါဦး။ တော်ကြာ မြစ်ပုစွန်ထုပ်ကလေး ဝယ်ခဲ့ပါဦးနဲ့ လမ်းကြုံမှာဖို့ ဆိုတာဟာ နှုတ်မထွက်ရဲချင်စရာပါပဲ။ သူ့မိသားစုအတွက် သူ သွားရောက်သယ်ပိုးတဲ့ ဝန်ထုပ်ဝန်ပိုးထက် ပိုပြီးလေးလံ၊ ပိုပြီးခမ်းနား၊ ပိုပြီးကြေးထိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သူ့ နှလုံးသား ပခုံးသားထက်ပေါ်မှာ ထပ်မတင်ချင်ဘူးတဲ့လေ။ ဒါကြောင့်လည်း ချဉ်ပေါင်လေး၊ ကန်စွန်းလေး မှာလိုက်၊

အာလူးလေး ကြက်ဥလေးမှာလိုက်၊ ငါးကလေး ပုစွန်ကလေး မှာလိုက်နဲ့ ပြာသိုရက်များ သမီးတို့ ကြက်သားမစားခဲ့ကြဘူး လေ ..။ သမီးရယ် ...နောက်ဖေးအိမ်က စိုးနိုင်ဝင်းကလေးတို့ရဲ့ ရင်ထဲကို သူ များတွေ နေ့တိုင်း ဆီဦးထောပတ် စားနေကြတယ်ဆိုတဲ့ မြားချက် မတော်တဆကလေးတောင်မှ သမီးမေမေက မှန်စေ့ချင် ပုံ မရပါဘူးလေ။

(ငါး)

သမီး မှတ်မိဦးမလားမသိဘူး။ဟိုးတစ်ခါတုန်းက အဲသည့် ဦးဦးစိုးနိုင်ဝင်းကိုပဲ လမ်းကြုံ လို့ဆိုပြီး သမီးမေမေက ဆေးမှာတာလေ။ သမီးရဲ့ မောင်လေး ပေါက်စနကို ဗိုက်တာဇုံ (Vitazone) တိုက်နေရာက အစား စားချင်လာအောင်လို့ဆိုပြီး (Liprovite) တိုက်ဖို့အတွက် မှာလိုက်တာလေ။ ဆင်ရုပ်ကလေးတွေ။ မျောက်ရုပ်ကလေး၊ ယုန်ရုပ်ကလေးတွေ၊ ဇီးကွက်ရုက်ကလေးတွေနဲ့ ဝါဝါစိမ်းစိမ်း ချစ်စရာ့ဆေးဘူးကလေးကို ကြည့်ပြီး ဦးဦးစိုးနိုင်ဝင်းက ...“ကျွန်တော့်သားလေးလဲ တိုက်ချင်လိုက်တာမမဖူးရာ” လို့ ဆိုလိုက်တဲ့အခါ ပြစ်မှုတစ်ခုကို ကျူးလွန်မိလိုက်တဲ့ မျက်လုံးတွေနဲ့ သမီးမေမေ ဖေဖေ့ကို လှမ်းကြည့်နေခဲ့လိုက်တာ လေ။ သမီးရယ် ...ဖေဖေကတော့လေ၊ ဖေဖေမရှိတုန်းမရှိခိုက်မှာ သမီးက ရေခဲမုန့်ဘူး စားချင်တယ် ဘာညာနဲ့ ပူဆာတာကအစ သူတို့တောင် ဝယ်မစားဖြစ်တဲ့ ကလေးတွေကို အဝယ်မခိုင်းဖို့ သမီး မေမေကို မှာထားရတယ်။ ဖေဖေပြန်လာတော့ ဝယ်ကျွေးမယ် ပေါ့ ။ ခုလည်းကြည့် ။ပြာသိုရက်များမှာ သမီးတို့ ကြက်သားမစားကြပါဘူးတဲ့။ ဒါဟာလည်း ဘဝမှာ မင်္ဂလာရှိတဲ့ နေနည်းနေဟန်တစ်ရပ်ပါ ပဲလေလို့ ဖေဖေ စဉ်းစားမိရင်း ကြက်သားသည် မဖြူဖြူရှေ့ မှာ မတ်တတ်ရပ်မိတော့ မဖြူဖြူက ကြက်တစ်ကောင်ကိုတောင် လှမ်းဆွဲလို့ နေခဲ့လိုက်ပါပြီ။ ပြီးတော့မှ ဖေဖေ့ကို တစ်ချက်လှမ်းကြည့်ကာ

 “အရိုးလွတ်ပဲလားတဲ့။” ကြက်သားချက်စားကြ ဦးစို့ရဲ့ သမီးရယ်။

(၁၉၉၉၊ ဇူလိုင်၊ ချယ်ရီမဂ္ဂဇင်း)



 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)