မောင်သာချို - အရိပ်နှင့်အရောင်၀ထ္ထုတိုများ
စစ်တောင်းနှစ်လီ
တစ်
အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ အလွတ်ဆိုနိုင်သလဲ လို့ ကျွန်တော်မေးခဲ့ရင် ခင်ဗျား ဘယ်လိုများ အဖြေပေးလိမ့်မလဲဆိုတာ ကျွန်တော် တကယ်မသိဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ စကားကို ကတ်သီး ကတ်သတ်တော့ မပြောကြေးပေါ့။ ဥပမာ တစ်ရာအလီ ရတယ် ဘာညာ ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုးသာ ပြောကြကြေးဆိုရင်ဖြင့် ကျွန်တော်ကလည်း ပြောလို့ သိပ်တတ်တာပေါ့။ ဟုတ်တယ်လေ။ တစ်သိန်းတစ်လီ တစ်သိန်း၊ တစ်သိန်းနှစ်လီ နှစ်သိန်း၊ တစ်သိန်းသုံးလီ သုံးသိန်း၊ တစ်သိန်းလေးလီ လေးသိန်း။ ကဲ.. ကျွန်တော် တစ်သိန်းအလီ ရပါတယ်လို့ပြောခဲ့ရင် ခင်ဗျား ဘယ်လိုငြင်းမလဲ။ ဒါကြောင့် စကားကို ကတ်သီးကတ်သတ်တော့ မပြော ကြေးဗျာလို့ ကျွန်တော်က ခင်ဗျားကို စကားပလ္လင် ခံထားခဲ့ရတာပါ။
ကဲဗျာ... ကျွန်တော့်မေးခွန်းကလေးဆီ ပြန်သွားရအောင်ပါ။ အမြှောက် အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ ခင်ဗျားရသလဲဆိုတာပါ။ ပြောလေ။ ကျွန်တော်ကတော့ ဆယ့်နှစ်အလီအထိလောက်ပဲဗျ။ ဆယ့်သုံး အလီတို့၊ ဆယ့်လေးအလီတို့ကို ကျော်ပြီး ဆယ့်ငါးအလီကလေးလည်း နည်းနည်းရသေးတယ်။ ဆယ့်ငါးတစ်လီ ဆယ့်ငါး၊ ဆယ့်ငါးနှစ်လီ သုံး ဆယ်၊ ဆယ့်ငါးသုံးလီ လေးဆယ့်ငါး၊ ဆယ့်ငါးလေးလီ ခြောက်ဆယ်၊ဆယ့်ငါးငါးလီ ခုနစ်ဆယ့်ငါး၊ လွယ်တယ်ဗျ။ ဆယ့်သုံးအလီကျတော့ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ။ ဆယ့်သုံးတစ်လီ ဆယ့်သုံး၊ ဆယ့်သုံးနှစ်လီ နှစ်ဆယ့်ခြောက်၊ ဆယ့်သုံးသုံးလီ သုံးဆယ့်ကိုး။ အဲ... ရှေ့ကျတော့ နည်းနည်းခက်သွားပြီ။ ကျွန်တော့်အတွက် ပြောတာပါ။ ခင်ဗျားကတော့ ရရင်ရမှာပေါ့။
ကျွန်တော့်စိတ်ထင် လူများစုကတော့ ဆယ့်နှစ်အလီလောက်မှာပဲ အမြှောက်အလီကိစ္စမှာ သင်ရိုးကုန်သွားကြတယ် ထင်ပါရဲ့။
ဪ... ဒါနဲ့ အမြှောက်အလီအကြောင်းတွေ ပြောရင်းကနေ နှစ်အလီ သင်တဲ့အကြောင်းကလေး သွားပြီး သတိရမိလိုက်တာ။ “ဖိုးခွာ”တဲ့။ ကရင် ကလေးလေး။ ဆံပင်နီကြောင်ကြောင်ကလေးနဲ့။ အသားကလည်း နီစပ်စပ် ရယ်။ ဟုတ်ပါတယ်လေ။ စစ်တောင်းမြစ်ပတ်ဝန်းကျင်က ရွာကလေးတွေ ဆီမှာ ကျွန်တော် တာဝန်ကျခဲ့တုန်းကပေါ့ ။ အင်း.. ခု နှစ်ထောင့်ဆယ့်သုံးခု နှစ်ကနေ ပြန်တွက်တော့ ဆယ်နှစ်နီးပါးတောင် ရှိရော့မယ်။
နှစ်
ရွှေကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့ ပဲခူးတိုင်းအစပ်က မြို့ကလေးတွေ ရှိရာဆီကို ခင်ဗျား ရောက်ဖူးမလားမသိဘူး။ စစ်တောင်းမြစ်ကြီးနဲ့ မလှမ်း မကမ်းက မြို့ကလေးတွေလေ။ ဘာမှတော့ သိပ်ပြီး ဝေးလှတာ မဟုတ်ဘူး ဗျ။ ညောင်လေးပင်ကနေ သွားရလှ တစ်နာရီခွဲ နှစ်နာရီပေါ့။ ကားကောင်း ရင် ကောင်းသလောက် တော်တော်လေး ခရီးတွင်ပါတယ်။
ညောင်လေးပင်ဆိုလို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးလေးဆယ် ပေါ့။ ရန်ကုန်-မန္တလေး ရထားလမ်းမကြီးတစ်လျှောက် ဗုံးကွဲပြီဆိုရင် မမေး နဲ့တော့။ အဲဒါ ညောင်လေးပင်ပဲ။ အဲဒါ ကညွတ်ကွင်းပဲ။ အဲဒါ ပဲနွယ်ကုန်း ပဲ။ ပြီးရင် ဖြူးလည်း ပါသေးသပေါ့။ ဒါတွေက ကရင်ပြည်နယ်နဲ့ ကပ်နေ တာကိုး။ ရန်ကုန်-မန္တလေး ရထားလမ်းမကြီးကနေ အရှေ့ဘက်ကို တင်လိုက် ရင် မြောက်ကနေ တောင်ကိုစီးနေတဲ့ စစ်တောင်းမြစ်ကြီးကို တွေ့ပါလိမ့်မယ်။ အဲသည်မြစ်ကြီးရဲ့ အရှေ့ဘက်ကပ်နေတဲ့ တောတွေ၊ တောင်တွေနဲ့ အရပ်ဟာကရင်ပြည်နယ်ပဲပေါ့ ။ .. မကျေနပ်မှုတွေ၊ လက်စားချေမှုတွေ၊ ကလဲ့စားချေပွဲတွေ။ ကွဲလိုက်တဲ့ဗုံး။ တော်ကြာနေ ကြေးမုံထဲ ပါလာလိုက်၊ တော်ကြာနေ မြန်မာ့အလင်းထဲ ပါလာလိုက်နဲ့။ ခြေပြတ် လက်ပြတ်တွေ။ ထားပါတော့ဗျာ၊ ကိုယ့်စကားပဲ ကိုယ်ပြန်ဆက်ကြရအောင်။
ပဲခူးတိုင်းအစပ်က ရွှေကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့ မြို့ကလေးတွေ ဆီကို ခင်ဗျား ရောက်ဖူးသလားလို့ ကျွန်တော် မေးခဲ့တာပါ။ ကျွန်တော်ကတော့ ရွှေကျင်ဆိုတဲ့ မြို့ကလေးရယ်၊ ပြီးတော့ စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့ ရွှေကျင်ချောင်းရယ်၊ ပဒဲကောတို့၊ မဘီးလေးတို့၊ မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ရှုခင်းသာတို့၊ ကုန်းမြင့်သာတို့၊ ကော်သာ စေးတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့ စတဲ့ ရွာကလေးတွေ ရွာကလေးတွေ။ ကရင်၊ မြန်မာ ရောနှောနေထိုင်တဲ့ အဲသည်ရွာကလေးတွေကို ဘယ်တော့မှ မမေ့နိုင် ဘူး။ ပစ်သံခတ်သံတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ထွက်ပေါ်လာတဲ့အခါတိုင်း ကလေးတွေက ဝေး”ဆိုတဲ့အသံနဲ့ ပြိုင်တူအော်ဟစ်ကာ ပျော်မဆုံးဖြစ်သွား တတ်တဲ့ ရွာကလေးတွေလေ။ ကျောင်းပိတ်တော့မှာမို့တဲ့။ ။
ဪ... နေ့ တထိတ်ထိတ်၊ ည တထိတ်ထိတ် ရွာကလေးတွေရှိရာဆီ မှာ ကျွန်တော် ကျောင်းဆရာဘဝနဲ့ ကျင်လည်ခဲ့ရတာ လေးငါးနှစ်လောက် တော့ ရှိမယ်ထင်ပါရဲ့။
သုံး
အဲသည် နေ့ တထိတ်ထိတ်၊ ည တထိတ်ထိတ်ရွာလို့ဆိုတဲ့ ရွာကလေး တွေထဲက ရွာကလေးတစ်ရွာမှာ ကျွန်တော် ကျောင်းဆရာအဖြစ်နဲ့ အတန်း ထဲကို ပထမဦးဆုံး ဝင်သွားခဲ့ရတဲ့ နေ့တစ်နေ့ပေါ့ ။ မိုးကလည်း စေ့လိုက် တာ။ တစ်နေ့လုံး တစ်ညလုံးကို စွေနေတော့တာ။ အနောက်ဘက်မှာ စစ် တောင်းမြစ်ကြီးက ညိုညစ်ညစ်နဲ့ သွင်သွင်စီးလို့။ အရှေ့ဘက်မှာ ကရင် တောင်တန်းကြီးတွေ။ မှောင်မှိုင်းပြီး ဆိုင်းညိုနေတာပဲနော်။
ကျွန်တော်ရောက်နေတဲ့ ရွာကလေးက တစ်ရွာတည်းမဟုတ်ဘူး။ ရွာ သုံးလေးရွာ လာကပ်ထားတာ။ သည်အရပ်မှာက လုံခြုံရေးအရ၊ စစ်ရေးအရတချို့ရွာကလေးတွေကို ဖျက်ပြီး ရွာတစ်ရွာဆီမှာ သွားပြီး ပေါင်းပေးထား တာကို ရွာကပ်တယ်ဆိုလား။ ထားတော့။
အဲသည်နေ့က ကျွန်တော်ဝင်သွားမိတဲ့ အတန်းက တစ်တန်းဗျ။ ကိုယ် ကလည်း ကျောင်းကို ရောက်ခါစ ကလေးတွေနဲ့လည်း ရင်းနှီးမှု ရချင်လှ တာနဲ့ စာကို သိပ်ပြီး နင်လား ငါလား သင်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ် လည်းမိတ်ဆက်၊ ကလေးတွေကိုလည်း တစ်ယောက်ချင်းစီ နာမည်မေးပေါ့။
အများစုက ကရင်ကလေးငယ်ကလေးတွေပါပဲ။ မိဘတွေကတော့ စိုက် ကြ ပျိုးကြ၊ ထွန်ကြ ယက်ကြပေါ့။ ။
နည်းနည်းကလေး ရင်းနှီးသွားတော့ ကျွန်တော်က သားတို့၊ သမီးတို့ နှစ်အလီ ရသလားလို့ မေးလိုက်မိပါရဲ့။ ဟုတ်တယ်လေ။ တစ်တန်းဆိုတော့ နှစ်အလီလောက်က စပြီး မေးမှ သင့်လျော်မှာပေါ့။ ကလေးသဘာဝ ရတယ်၊ မရဘူး တစ်ယောက်တစ်ပေါက်ပါပဲ။ စကားကလေးတွေ ဝဲတဲဝဲတဲနဲ့ ကျွက် ကျွက်ညံလို့။ အရင် ဆရာမက သင်ထားပြီးပြီဆိုတာလည်း ပါရဲ့။
ဒါနဲ့ ကျွန်တော်က အတန်းကို ငြိမ်သွားအောင်လို့ ထိန်းလိုက်ရင်း ကဲ-နှစ်အလီကို တစ်ယောက်စီ မေးမယ်။ မေးတဲ့လူကပဲ ဖြေမယ်။ အလီ ကိုလည်း အစအဆုံး အစဉ်အတိုင်း မမေးဘူး။ ဖြတ်ဖြတ်ပြီး မေးမယ်လည်း ဆိုလိုက်ရော တစ်တန်းလုံး တိတ်ကျသွားတော့တာပါပဲ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းပဲဗျ။ အလီကို ဖြတ် မေးမှာ သိပ်ကြောက်တာ။ လေးအလီက ရပြီးသား။ ဆရာမက လေး ခုနစ် လီလို့လည်းဖြတ်မေးရော အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ပါလေရော။ လေး ခုနစ်အထိ ရောက်အောင် စိတ်ထဲကနေ မနည်း ကျိတ်ဆိုရတာ။
အဲသည်နေ့က ကျွန်တော် စမေးမိတဲ့ ကလေးလေးက ဖိုးခွာတဲ့ဗျ။ သားနာမည်လို့ မေးတော့ သူက ဖိုးခွာလို့ ပြောတာကိုး။ ကျွန်တော်က နှစ်ငါးလီလို့ မေးလိုက်တာ။ မျက်လုံးလေး ကလယ်ကလယ်နဲ့။ ကလေး ဘာသာဘာဝကိုး။ အဲသည်မှာ ကျွန်တော်က ကဲတာဗျ။
သူ့ဘာသာသူ သိတော့မယ့်အဖြေကို ကိုယ်က လူတတ်ကြီးလုပ်ပြီး လမ်းကြောင်းပေးမိရာက ငါးပါးမှောက်ခဲ့ရတာပါပဲလေ။
“ကဲ... သား.. လူတစ်ယောက်မှာ ခြေထောက်ဘယ်နှချောင်းရှိလဲ”
“နှစ်ချောင်း”
ကလေးက လက်ပိုက်ထားရာကနေ လက်ကလေးနှစ်ချောင်း ထောင်ပြ ရှာပါတယ်။ နွမ်းရော်လို့၊ တွန့်ကြေလို့ ၊ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့။
“ဟုတ်ပြီ... ကဲကွာ... လူငါးယောက်ဆိုရင် ခြေထောက်ဘယ်နှချောင်းရှိ မလဲ၊ လွယ်လွယ်လေး”
ဟုတ်ပါတယ်။ အဖြေက လွယ်လွယ်လေးပါ။ ဒါပေမဲ့ ဘယ်တော့မှ မလွယ်အောင်ဖြစ်သွားခဲ့ရတဲ့ ကလေးရဲ့ အဖြေက တစ်ခွန်းတည်းပါ။
“သားတို့အိမ်မှာ ရှစ်ချောင်း” တဲ့။ ။
ဟာ... ဟုတ်ပါတယ်။ ကျွန်တော် ဟာခနဲ ဖြစ်သွားမိပါတယ်။ တစ်ခုခု ကတော့ တိုက်ဆိုင်သွားခဲ့ပြီဆိုတာကို ကျွန်တော်လည်း ဘွဲ့ရပြီးတဲ့ ကျောင်း ဆရာတစ်ယောက် သိတာပေါ့ ။ ။
“ဟုတ်တယ်ဆရာ၊ သူ့အဖေမှာ ခြေထောက်တစ်ချောင်းတည်း”
“သူတို့ အစ်ကိုကြီးမှာလည်း ခြေထောက်တစ်ချောင်းတည်းပဲ ဆရာ”
တော်ပါတော့။ တော်ကြစမ်းပါတော့။ တကယ့်ကိုလည်း ကျွန်တော်က ကလေးတွေကို တော်ပြီဟေ့လို့ အော်လိုက်ရင်းက ဘယ်သူ့ဆီကမှ ခွင့်မ တောင်းဘဲ ပြန်ထိုင်နေတဲ့ ဖိုးခွာကလေးကိုကြည့်ကာ မျက်နှာပူလိုက်တာ။
အဲသည်နေ့က နှစ်အလီဆီ ကျွန်တော် ပြန်မရောက်တော့ဘဲ တောင်ပြော မြောက်ပြောနဲ့ အတန်းထဲက ပြန်ထွက်လာခဲ့မိတာ အမှန်ပါပဲ။
လေး
စိုထိုင်းထိုင်း အငွေ့အသက်နဲ့ ရုံးခန်းကလေးထဲ ပြန်ရောက်တော့ ဆရာမကလေး နှစ်ယောက်၊ သုံးယောက်က ဟုတ်တယ် ဆရာတဲ့။ ဖိုးခွား အဖေရော၊ အစ်ကိုရော မိုင်းထိထားကြတာတဲ့။ မိုင်းတွေက သူ့ဘက် ကိုယ့် ဘက် ထောင်ကြတာဆိုတော့ သည်အရပ်မှာက မကြာခဏ နင်းမိတတ်ကြ တာပါပဲတဲ့။ ဟင်းသီးဟင်းရွက်ရှာရင်း၊ ကျွဲကလေး၊ နွားကလေး ကျောင်း ရင်း၊ ဝါးကလေး၊ သစ်ကလေးခုတ်ရင်းတဲ့။ တညင်းတက်ချိန်ဆို အဆိုးဆုံး ပဲတဲ့။
သော်.. သည် ကရင်တောင်တန်းတစ်ကြောမှာက တညင်းတောတွေ တညင်းတောတွေ။ တညင်းသီးခူးတာကို တညင်းတက်သတဲ့။ တညင်းတက် ရင်းက မိုင်းနင်းမိတဲ့ ဇာတ်လမ်းတွေ။
ငါး
အေးဗျာ.. ခင်ဗျားဘာသာ ခင်ဗျား အမြှောက်အလီကို ရချင်သလောက် ရပေါ့။ ကျွန်တော်ကတော့ ရွှေကျင်နဲ့ ကျောက်ကြီးကြား စစ်တောင်းမြစ် ကမ်းပါးက ရွာကလေးများကို မမေ့သလို နှစ်ငါးလီမေးခဲ့မိတဲ့ ဖိုးခွာကလေး ကိုလည်း မမေ့နိုင်ပါဘူး။ အဖြေတစ်ဆယ်လိုချင်လို့ လူငါးယောက်ကို ခြေထောက်နှစ်ချောင်းနဲ့ မြှောက်ခိုင်းမလို့ ကြံခဲ့တာ ရှစ်ချောင်းနဲ့ တိုက်တိုက်ဆိုင် ဆိုင် ကြုံပြီး ချာလပတ်လည်ခဲ့ရပါသော်ကော။
ပဒဲကောတို့၊ မဘီးလေး၊ မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ကော်သာစေးတို့၊ ရှုခင်းသာတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့၊ ကုန်းမြင့်သာတို့ ရွာကလေးတွေ၊ ရွာကလေးတွေ။
နှစ်ငါးလီကို ရှစ် မလုပ်ကြနဲ့တော့ဗျာ။ နှစ်နှစ်လီကို သုံးမလုပ်ကြနဲ့ တော့ဗျာ။ နှစ်လေးလီကို ခြောက်မလုပ်ကြနဲ့တော့ဗျာ။ ။
သော်... ကျွန်တော်တောင် သည်ရွာကလေးတွေဆီကနေ ခွဲခွာခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ မသိတော့ဘူး။ ညောင်လေးပင် ရောက်လိုက်၊ ကညွတ် ကွင်းရောက်လိုက်နဲ့။ ကျောင်းဆရာဆိုတော့လည်း နှစ်အလီကဖြင့် သင် ရတုန်း။
ရနံ့သစ်၊ ဧပြီး ၂၀၁၃။
အရိပ်နှင့်အရောင်အတွက် အမှာစကား
ကျွန်တော့် ပထမဦးဆုံး ပုံနှိပ်စာမူက ၁၉၇၃၊ ဒီဇင်ဘာထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၌ ဖော်ပြပါရှိသည့် “ခေတ်သစ်မေတ္တာ” ကဗျာဖြစ်ရာ ယခု ၂၀၁၉ ဒီဇင်ဘာတွင် စာရေးသက် ၄၆ နှစ် ရှိပြီ။
ထိုနှစ်များအတွင်း ကဗျာ အတန်အသင့်၊ ဝတ္ထုတို အနည်းငယ်နှင့် ဝတ္ထုမဟုတ်သည့်စာများ (Nonfiction) တော်တော်ကလေး အမြောက်အမြားကို ရေးဖြစ်ခဲ့ပါသည်။
ယခု ဝတ္ထုတိုတချို့ကို စု၍ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ ယခု စုစည်းမှုထဲ၌ မြေမြှုပ်မိုင်းဝေဒနာ ပါ ပါသည်။ တောကျောင်းဆရာကလေး၏ ဝေဒနာ ပါ ပါသည်။ ရာသီဥတုပြောင်းလဲမှု ဝေဒနာ ပါ ပါ သည်။ ဇာတ်လမ်းအသေကြီးကို ရေးထားမိ၍ ဇာတ် လိုက်ရော လူကြမ်းပါ ကပြ၍ မဖြစ်တော့သည့် ဝေဒနာ ပါ ပါသည်။ မြစ်ထဲ ချောင်းထဲ လုပ်ကိုင် စားသောက်ရသူတို့၏ ဝေဒနာ၊ ကျွဲစားကျက် နွား စားကျက် ရှာရသူတို့၏ ဝေဒနာ၊ ဂေါက်ကွင်းထဲက ဂေါက်သီးကောက်သူ ကလေးတို့၏ ဝေဒနာ စသည် ဖြင့် လူထု၏ ခံစားမှုကို စုစည်းထားခြင်း ဖြစ်ပါသည်။
ဝတ္ထုသည် ထိုခေတ်လူတို့၏ ဘဝနှင့် ခံစားမှုကို ဖော်ပြနိုင်သည့် အရိပ်နှင့်အရောင်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဝတ္ထုတိုစုအမည်ကို “အရိပ်နှင့်အရောင်” ဟု ပေးလိုက်ပါသည်။ “အယောင်” မဟုတ်ပါ။
လူတို့ ရသစာပေ အဖတ်အရှုနည်းကာ Nonfiction များ မိုးကောင်းနေသည့် နေ့ရက်များထဲ၌ ဝတ္ထုတို စုစည်းမှု ထုတ်ဝေရသည်မှာ စွန့်စားခန်းပင် ဖြစ်ပါသည်။ သို့သော် Non-Fiction များက လူ၏ အတွေးအခေါ် အယူအဆကို မွမ်းမံကာ ရသစာပေ ကသာ လူ့ခံစားမှုကို ဖွံ့ဖြိုးတောက်ပစေသည်ဟု ယုံကြည်နေဆဲဖြစ်ပါသည်။
စာဖတ်သူအဖို့ ဝတ္ထုတိုအားလုံးကို ခံတွင်း တွေ့ချင်မှ တွေ့ပါလိမ့်မည်။ နှစ်သက်ရာကို ကောက် ယူ၍ မနှစ်သက်ရာကို လွှတ်ချလိုက်ရုံသာ။
ဝတ္ထုတိုများကို ဖော်ပြပါရှိခဲ့ရာ နှစ်ကာလ အလိုက် စဉ်မထားဘဲ အလျဉ်းသင့်သလို စဉ်ထား ခြင်းဖြစ်ပါသည်။
မိုးဝေစာပေမဂ္ဂဇင်း၊ ပေဖူးလွှာမဂ္ဂဇင်း၊ စာပေ လုပ်သားမဂ္ဂဇင်း၊ စံပယ်ဖြူမဂ္ဂဇင်း၊ စန္ဒာမဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်း၊ ရနံ့သစ်မဂ္ဂဇင်း၊ ခေတ်ရနံ့မဂ္ဂဇင်း၊ အကောက်ခွန်မဂ္ဂဇင်း အယ်ဒီတာများနှင့် စိတ်ကူး ချိုချို စာအုပ်တိုက်တို့အား ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။
စာဖတ်သူတို့အား ထာဝစဉ်လေးစားလျက်
မောင်သာချို ရန်ကုန်မြို့၊