Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်သာချို - သုညနှစ်ကာလများ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

ခမာနှုတ်ခွန်းဆက်

(တစ်)

ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံရေးသမားမဆို သူတို့လက်ခံယုံကြည် သည့် နိုင်ငံရေးဝါဒ နိုင်ငံရေးအယူအဆ နိုင်ငံရေးလမ်းစဉ် သင့်မြတ်မှန်ကန်ကြောင်းနှင့် ယင်းသည် လူ့အဖွဲ့ အစည်းနှင့် လူသားတို့ ကောင်းစားဖို့ရာ ကိုသာ ဦးတည်ထားကြောင်း ရှင်းလင်းပြောပြ ဖွင့်ဆိုကြစမြဲပင် ဖြစ်ပါသည်။ ထို့နောက် သူတို့လက်ခံယုံကြည်သည့်အတိုင်း သူတို့လူ့အဖွဲ့ အစည်းကို အကောင်အထည်ဖော် ပုံသွင်းတတ်ကြစမြဲ။

၁၉၇၅ ခုနှစ်က ပိုပေါ့ (pol pot) ဦးဆောင်သည့် ခမာနီ(Khmer Rough )တို့သည်လည်း သူတို့၏ ကမ္ဘောဒီးယားနိုင်ငံကို Social purification ခေါ် လူမှုသန့်စင်ရေးလမ်းစဉ်ဖြင့် တိုင်းပြည်အသစ် ပြန်လည်တည်ဆောက်ခဲ့ကြရာ ထိုနှစ် ၁၉၇၅ သည် Year zero ခေါ် သုညနှစ်ကာလအဖြစ် ထင်ရှားပါသည်။ အားလုံးကို တစ်က ပြန်စကြစို့ဟူသည့် နှစ်ကာလ။ မသန့်စင်သည့် လူ့အဖွဲ့အစည်း အဟောင်းကြီးကို အမှိုက်ကလေး တစ်စ ပင်လျှင် ကြွင်း၍ကျန်၍ မနေရလေအောင် သုတ်သင်ရှင်းလင်းပြီးနောက် လူတန်းစားမဲ့ လူ့အဖွဲ့ အစည်း၊ ဆူကြုံနိမ့်မြင့် မရှိသည့် လူ့အဖွဲ့အစည်း၊ Classless society ကြီး ပေါ်ပေါက်လာစေဖို့ရာ ကမ္ဘာကို အသစ်ပြန်လုပ် မည့် နှစ်အဖြစ် သုညနှစ်ကာလ (Year zero) ဟု သမုတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

တကယ်ပဲ ဆူကြုံနိမ့်မြင့်ကင်းကာ လူတန်းစားမဲ့ လူ့အဖွဲ့ အစည်း အဖြစ်ဖြင့် ခမာလူထုတစ်ရပ်လုံး၊ ကမ္ဘောဒီးယားနိုင်ငံတစ်ခုလုံး သူတို့၏ ကမ္ဘာကို သုညနှစ်ကာလအဖြစ် အသစ်ကပြန်စကာ ပျော်ရွှင်ခုန်ပေါက် မြူးထူးနိုင်ခဲ့ကြပါရဲ့လား။

နောက်ဆုံး အဖြေထုတ်ကြည့်လိုက်သည့်အခါ ခမာနိုင်ငံတော် တစ် နိုင်ငံလုံး ပျက်ပြုန်းဆိတ်သုဉ်းကာ သုညအမှတ်သို့ ထိုးဆင်းသွားခဲ့ရခြင်းသာ လျှင် အဖတ်တင် ကျန်ရစ်ပါ သည်။ ထိုသုညနှစ်များဆီက မည်သည့်ဘာသာ ကိုမှ ယုံကြည်သက်ဝင်စရာ မလိုကြ။ ကိုးကွယ်မှုသုည။ အရွယ်ရောက်သူ တွေ မိဖြူ၊ မောင်မည်း ခွဲမနေဘဲ အတူနေလိုက်ကြ။ အချစ်သုည။ ပေါင်း နုတ် မြှောက် စား ရေးတတ်လျှင်ရပြီ။ ပညာရေးသုည။ အကအခုန် အတီး အမှုတ် ပန်းချီ၊ ပန်းပု၊ သုခုမ ဘာတစ်ခုမှမလို။ အနုပညာသုည။

ပြောရလျှင် စပါးနှင့်သားငါးရှိလျှင် နိုင်ငံသားတို့ ရှင်သန်နိုင်ကြသည် ဖြစ်ရာ ကျန်သောအရာတွေက လူ့အဖွဲ့အစည်းအတွက် အပို။ အမှိုက်များ။ ပညာတတ်တွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ မြို့နေလူထုတွေ၊ ဝန်ထမ်း တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အင်ဂျင်နီယာတွေ။ အပို။ အမှိုက်။

အားလုံးကို ခုံရုံးတင်ကာ အမှုစစ်ပါသည်။ S-21 ကဲ့သို့ ကမ္ဘာကျော် စစ်ကြောရေးစခန်းများ၌ ကျောင်းဆရာလား၊ ဆရာဝန်လား၊ ရုပ်ရှင်မင်းသား လား၊ အဆိုတော်လား၊ ပန်းချီဆရာလား၊ ဈေးသည်လား စသည်ဖြင့် ဝန်ခံ ခိုင်းကာ မြို့ပြင်ရှိ လူသတ်ကွင်းများ (Killing Field) ရှိရာဆီသို့ပို့ကာ ရက်ရက်စက်စက် သတ်ပါသည်။ ကျောင်းဆရာ၏ သားကလေး၊ ဆရာဝန် ၏ သမီးကလေး၊ ပန်းချီဆရာ၏ ဇနီးကအစ မချန်ဘဲ မသန့်ရှင်းသော လူသားအဖြစ် စွဲချက်တင်ကာ သတ်ပါသည်။ ။

ဂီတမရှိ၊ ပန်းချီမရှိ၊ အကမရှိ၊ ကျောင်းမရှိ၊ ဆေးရုံမရှိ၊ ဘဏ်မရှိ၊ ဈေးမရှိ၊ အချစ်မရှိ၊ ဘာမှမရှိသည့် တိရစ္ဆာန်များပမာ သန့်စင်သော လူ့အဖွဲ့ အစည်းဖြစ်ရမည်ဟု ခမာနီတို့က ကြွေးကြော်ပါ သည်။

We will burn the old grass and the new will grow တဲ့။ မြက်ခြောက်တို့ကို မီးတိုက်ပစ်လိုက်သည့်အခါ မြက်ခင်းသစ်တွေ ပေါ်ပေါက် လာလိမ့်မည်ဆိုလား။

To Kill the grass, you must also remove the root တဲ့။ မြက်ကို အပြတ်ရှင်းချင်ရင် အမြစ်ပါမချန်နဲ့ဆိုလား။

Better to Kill an innocent by mistake than spare an enemy by mistakeတဲ့။ ရန်သူတစ်ယောက်ကို မှားပြီးလွှတ်လိုက်မိတာထက် အပြစ်မရှိသူတစ်ယောက်ကို မှားပြီးသတ်လိုက်မိတာ ပိုကောင်းလေသတဲ့။

ယင်းသည် ခမာနီခေါင်းဆောင် ပိုပေါ့ (pol pot) ၏စကားများ။ ထိုနိုင်ငံတော်သစ်အတွက် လမ်းညွှန်စကားများအတိုင်း ခမာနီတို့ ၁၉၇၅ မှသည် ၁၉၇၉ အထိ ကိုယ့်လူမျိုးကိုကိုယ် သုတ်သင်ရှင်းလင်းပစ်ခဲ့ရာ လူနှစ်သန်းဝန်းကျင် အသက်ဆုံးခဲ့ရပါသည်။ မြို့ကလူတွေ တောကိုအကုန် သွားစနစ်ဖြင့် လူ့အဖွဲ့အစည်းကို မှောက်လှန်ပစ်ခဲ့ရာ သုညနှစ်ကာလများ အလွန်၌ ကမ္ဘောဒီးယားနိုင်ငံကြီး ကျွမ်းပြန်၍ ကျန်ရစ်ခဲ့ပါသည်။

(နှစ်)

၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ကမ္ဘောဒီးယားသို့ ကျွန်တော်တို့ ရောက်သွားကြပါသည်။

ဂျူး၊ သန်းမြင့်အောင် စသည့် စာပေနယ်က ပုဂ္ဂိုလ်များ၊ မြင့်မောင် ကျော်၊ ဖြူအိသိမ်း စသည့် ပန်းချီနယ်က ပုဂ္ဂိုလ်များ၊ မြင့်မိုးအောင်၊ ကျီ၊ စောဖိုးခွား စသည့် ဂီတနယ်က ပုဂ္ဂိုလ်များ စသည်ဖြင့်။ ဦးဆောင်သူက နွဲ့ကေခိုင်။ ။

Centre for peace and conflict studies ခေါ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ကိုမြင့်ဇော်တို့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ရောက်ရှိသွားခဲ့ရခြင်း ဖြစ်ပါ သည်။

ကျွန်တော်တို့ရောက်တော့ ကမ္ဘောဒီးယားသည် သုညနှစ်ကာလများ ကို ကိန်းဂဏန်းများဖြင့် တန်ဖိုးမြှင့်တင်ကာစ။ ပြန်ကကြ၊ ပြန်တီးကြ၊ ပြန်ဆို ကြ၊ ပြန်ရေးကြ၊ ပြန်သရုပ်ဆောင်ကြ။

လူဆိုသည်မှာ တိရစ္ဆာန်မှမဟုတ်တာကလား။ ခံစားတတ်၊ ဖန်တီး တတ်၊ မြတ်နိုးတတ်သည့် သတ္တဝါ။ ယင်းကို အိပ်စား ကာမသုံးခု ပြည့်စုံလျှင်လုံလောက်ပြီဟုဆိုကာ တိရစ္ဆာန်ဇာတ်သွင်းလို့ တော့ဖြင့် မဖြစ်ကောင်း စရာပါ။

(သုံး)

မင်းတို့ဆင်းရဲနေတာ မသန့်စင်တဲ့ လူတွေကြောင့်ဟု သဘောတရား သွတ်သွင်းပေးကာ အသိဉာဏ်နှင့် ပညာချွတ်ခြုံကျနေသည့် ခမာလူငယ် တို့ကို လက်နက်တပ်ဆင်ပေးပြီး ပိုပေါ့ (pol pot) တို့ ဖနွမ်းပင် (Phnom penh) မြို့ထဲ ဝင်လာကြသည်က ၁၇ ဧပြီ ၁၉၇၅ ဖြစ်ပါသည်။ ဗီယက်နမ် စစ်သည် ခြောက်သောင်းနှင့် ခွဲထွက်ခမာနီတို့ပေါင်းကာ ၁၉၇၇၊ ၁၉၇၈၊ ၁၉၇၉ နှစ်များအတွင်း ပိုပေါ့ (pol pot) တို့ကိုတိုက်ရာ ၇ ဇန်နဝါရီ ၁၉၇၉ ၌ ဖနွမ်းပင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။

တောသို့ထွက်ပြေးသူ ပိုပေါ့ (pol pot) ကို ခွဲထွက်ခမာနီတို့က ၁၉၉၇ ၌ ဖမ်းမိပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားစဉ် ၁၅ ဧပြီ ၁၉၉၈ ၌ ဆုံးပါသည်။ သူဆုံးတော့ အသက် ၇၂ နှစ်။

သူ့လက်ရုံးများဖြစ်သည့် ခံယူဆန်ဖန် (Khieu samphan) ယခု အသက် ၈၆ နှစ်(၂၀၁၈)၊ နျူအွန်ချီရာ (Nuon chea) ယခု အသက် ၉၁ နှစ်(၂၀၁၈)တို့ကို စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချမှတ်ထားခဲ့ပြီး အယူခံ ဝင်ထားဆဲလည်း ဖြစ်ပါသည်။ ။

နိုင်ငံတော်ပေါ်သို့ သုညနှစ်ကျရောက်ခဲ့ရာ ကမ္ဘောဒီးယား ခေါ် ခမာဒေသသို့ ရောက်ရှိစဉ် ခံစားရသည်များကို ရေးခြစ်လျက် 7 Day News ၌ဖော်ပြဖြစ်ပါသည်။ ကူကယ်ရာမဲ့သည့် တစ်ခါက ခမာလူထု၏ အော်သံ များကို ကြားယောင်ကာ စာနာစိတ်များဖြစ်ထွန်းလာပြီး ဤကဲ့သို့ လူမဆန် သည့် နိုင်ငံတည်ဆောက်မှုမျိုးကို နောင်ဘယ်သောအခါတွင်မှ ကမ္ဘာပေါ်၌ တစ်ကျော့ပြန်မလာအောင် တားဆီးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

ယခုလက်ရာများကို မူလပထမဖော်ပြခဲ့သည့် 7 Day News နှင့် စာအုပ်အဖြစ် ဖန်တီးသူ စိတ်ကူးချိုချိုစာအုပ်တိုက်ကို ကျေးဇူးတင်ရှိပါသည်။

မောင်သာချို | ရန်ကုန်မြို့။