Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်သာချို - ရပ်ရွာအရေးဖတ်စရာလေးတွေ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ခေါင်းစဉ်ကိုပါ ဆရာကြီးလက် အပ်သတဲ့

(တစ်)

ကျောင်းသင်ခန်းစာတွေကို အသစ်ပြန်ပြီး ပြုစုရေးသားနေတဲ့ အဖွဲ့နဲ့ ပတ်သက်နေတာကြောင့် တစ်ခါတစ်ခါ အဲသည့်အဖွဲ့က ခေါ်တဲ့ အစည်း အဝေးခန်းထဲမှာ သွားထိုင်နေရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ တာဝန်ရှိ တဲ့သူ အသီးသီးက ပြောကြတာတွေကို နားထောင်၊ ကိုယ်က ထပြီး ပြောသင့် တဲ့အခါမှာ ထပြော။ ။

တစ်ကြိမ်မှာတော့ ဆွေးနွေးတဲ့အကြောင်းအရာက ပုံပြောခိုင်းတဲ့ အကြောင်းအရာ။ မူကြမ်းစာအုပ်ကို ဖွင့်လိုက်တော့ ပုံပြင်ရဲ့ အခြေခံဖြစ်တဲ့ သရုပ်ဖော်ပုံကလေးတွေ။

အလံတိုင်ကလေးတစ်ခုကို စိုက်လို့။ စည်းကလေးတစ်ခုကို တားလို့။ သတ္တဝါကလေးနှစ်ကောင်က ပြေးဖို့အသင့်။ တစ်ကောင်က ယုန်ကလေး၊ တစ်ကောင်က လိပ်ကလေး။ နောက်တစ်နေရာမှာကျတော့ ယုန်ကလေးက ချုံပုတ်ကလေးတစ်ခုရဲ့နံဘေးမှာ ခေါင်းအုံးကလေးတစ်လုံးနဲ့ အိပ်ပျော်နေ တဲ့ပုံ။ လိပ်ကလေးက တရွေ့ ရွေ့သွားနေတဲ့ပုံ။ နောက်တစ်ပုံက ယုန်ကလေး အိပ်ရာက လန့်နိုးလာတဲ့ပုံ။ ပြီးတော့ အပြေးလိုက်တဲ့ပုံ။ နောက်ဆုံးပုံက မောကြီးပန်းကြီး အပြေးလိုက်လာတဲ့ ယုန်ကလေး ခေါင်းငိုက်စိုက်ကျနေတဲ့ပုံ။ သူ့နံဘေးမှာ လိပ်ကလေးက ပန်းတိုင်အလံကို မြှောက်ကိုင်ကာ အောင်ပွဲ ခံနေတဲ့ပုံ။

ကလေးက အဲသည့်ပုံကလေးတွေကို ကြည့်ကာ နှစ်သက်ရာ ပုံပြင် တစ်ပုဒ်ကို ပြောပြရမယ့် သင်ခန်းစာပါ။

စာဖတ်သူ ပြုံးသွားမယ်ထင်ပါရဲ့။ လွယ်လွယ်ကလေးလို့ ကော ကောက်ချက်ချသွားလေပြီလား မသိ။ ဟုတ်ပါရဲ့ ။ လွယ်ကလည်း တော် တော့်ကို လွယ်နေတာကိုး။

ယုန်နဲ့လိပ် အပြေးပြိုင်ကြတယ်။ ယုန်က လိပ်ကို အထင်သေးပြီး လမ်းမှာ အိပ်နေတယ်။ အိပ်မောကျသွားရာက လန့်နိုးပြီး ဆက်ပြီးတော့ တရွေ့ရွေ့ နှင်နေခဲ့တဲ့ လိပ်ကလေးက ပန်းတိုင်ကို ရောက်နှင့်နေပြီ။ ဒါပဲ မဟုတ်ပါလား။

ကျွန်တော်က သည်ပုံပြင်ဟာ သည်နိုင်ငံက လူတွေနဲ့ ရင်းနှီးပြီးသား ပုံပြင်တစ်ပုဒ် ဖြစ်တာကြောင့် မသုံးသင့်ဘူးလို့ အကြံပေးပါတယ်။ ဆရာမ တစ်ယောက်က ကလေးက သိပါ့မလားလို့ ပြန်မေးပါတယ်။ ကျွန်တော်က ကလေးတချို့ သိနေနိုင်ကြပြီး တကယ်လို့ ကလေးက မသိခဲ့ရင်တောင်မှ အိမ်က အဖေ၊ အမေ၊ အစ်ကို၊ အစ်မ တစ်ယောက်ယောက်က သိနေတဲ့အခါ ကိုယ့်ကလေးကို ကိုယ်ပြောပြထားနိုင်တာကြောင့် ကလေးက ပုံပြင်ကို သိနှင့် နေပြီး အဲသည့် ကြိုတင်သိ ပုံပြင်ကြီးကို ပြန်ပြောပြနေရင် ဘာအကျိုးရှိမှာ လဲလို့ မေးလိုက်တဲ့အခါ ဆရာမ ဖြေစရာမရှိ ဖြစ်သွားပါတယ်။ ။

ကျွန်တော်က အဲသည့်သင်ခန်းစာ ဘာကြောင့်ထည့်တာပါလဲ မေးရပါ တယ်။ ကလေးရဲ့ စာဖတ်စွမ်းရည် (Reading) အတွက်လား၊ မဟုတ်ပါဘူး တဲ့။ အရေးစွမ်းရည် (Writing) အတွက်လား၊ မဟုတ်ပါဘူးတဲ့။ ဒါဆို နားထောင်နိုင်တဲ့စွမ်းရည် (Listening) အတွက်လား၊ ဒါလည်း မဟုတ်ပါ ဘူးတဲ့။ ဒါဖြင့် အပြောစွမ်းရည် (Speaking) အတွက်လားဆိုတော့လည်း မဟုတ်ပြန်ပါဘူးတဲ့။ ။

နောက်မှ ဆရာမက ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း သင်ခန်းစာ ပါတဲ့။ ကောင်းတာပေါ့။ Imagination သင်ခန်းစား။ Creative Thinking သင်ခန်းစာ။ ခေတ်မီပညာရေးမှာ ဒါလည်း လိုအပ်တာပဲဥစ္စာ။

သို့သော်လည်းပေါ့။ ဒါဆို ဆရာမရယ်လို့ အဲသည့် စိတ်ကူးစိတ်သန်း ကွန့်မြူးစေချင်လို့ ထည့်ထားတဲ့ သင်ခန်းစာမှာ ဘာဖြစ်လို့ လူတွေနဲ့ ယဉ်ပါး နေတဲ့၊ လူများစု ရိပ်မိနေတဲ့ပုံပြင်ကို အခြေခံထားရတာတုံးဗျာလို့။ သည်တော့ မှ ဆရာမက တော်တော်ကလေး လေးနက်သွားတဲ့ မျက်လုံးတွေနဲ့ ဟုတ်ပါရဲ့ နော်တဲ့။ ပုံပြင်ရှာဦးမှတဲ့။

(နှစ်)

ရှေ့ကိုရောက်နေတဲ့ နိုင်ငံတိုင်းရဲ့ အခြေခံပညာသင်ရိုးတိုင်းမှာ စိတ် ကူးစိတ်သန်းကို နှိုးဆွတဲ့ သင်ခန်းစာတွေ ပါတတ်ပါတယ်။

စာအုပ်တစ်အုပ်ကို လှန်ကြည့်တဲ့အခါ ပုံပြင်တစ်ပုဒ်ကို ငါးကြောင်း လောက် ရေးထားပါတယ်။ ပြီးတော့ သင်ကြိုက်သလို ဆက်ရေးပါတဲ့။

နောက်စာအုပ်တစ်အုပ်ထဲမှာကျတော့ စာမျက်နှာအပြည့် ရောင်စုံ သရုပ်ဖော်ပုံကြီးတစ်ခု။ အဲသည့်ပုံကိုကြည့်ကာ ကိုယ်ကြိုက်တာ ကိုယ်ပြော။ အမှားမရှိ၊ အမှန်မရှိ။ စိတ်ကူးမိတာကို ကူးမိတဲ့အတိုင်း လျှောက်ပြော။ ရယ်ကြမောကြ။ တဝါးဝါး တဟားဟားနဲ့ လွတ်လွတ်လပ်လပ် ပျော်စရာ ကြီး။ ။

စိတ်ကူးခွင့်ပေးတဲ့ သင်ခန်းစာ၊ ပြောချင်ရာ ပြောခွင့်ပေးတဲ့ သင်ခန်း စာ၊ ရယ်ရ မောရတဲ့ သင်ခန်းစာ၊ လွှတ်ထားတဲ့ သင်ခန်းစာ၊ “ဟ”ထားတဲ့ သင်ခန်းစာ၊ ကျောင်းကို ကျောင်းဖြစ်တယ်ဆိုတာ မေ့သွားစေတဲ့ သင်ခန်းစာ။

(သုံး)

နှစ်ဆယ်ရာစုရဲ့ ထိပ်တန်းလူသား (Man of the Century) ဖြစ်တဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်ကြီး ခိုင်းစတိုင်း (Albert Einstein) က အသိပညာထက် စိတ်ကူးစိတ်သန်းက အရေးကြီးပါသတဲ့ခင်ဗျ။

Imagination is more Important than Knowledge ဆိုတာ သူပြောခဲ့တဲ့ ကမ္ဘာကျော် အကိုးအကားစကားပဲပေါ့။ သူ့ကို သူ့အဖေ ငယ်ငယ် က ပေးခဲ့တဲ့ တောင်နဲ့မြောက် တန်းနေတဲ့ သံလိုက်အိမ်မြှောင်ကလေးဟာ သူ့ရဲ့ ဘာမှန်းမသိတဲ့ စိတ်ကူးစိတ်သန်းကို နှိုးဆွခဲ့တဲ့အရာပေါ့ ။

လေးထောင့် သစ်သားတုံးကလေးနှစ်လုံးလောက်နဲ့ ကစားနေတဲ့ ကလေးတွေကို တွေ့ဖူးမလားမသိဘူး။ သူ့ကမ္ဘာထဲမှာ၊ သူ့စိတ်ကူးစိတ်သန်း ထဲမှာ အဲသည့်သစ်သားတုံးနှစ်တုံးဟာ သူ ဖြစ်ချင်တာတွေ အကုန်လုံး ဖြစ်လို့။ ယုတ္တိတန်တာတွေ၊ မတန်တာတွေ မသိ၊ မရှိ။

(လေး)

တစ်ရက်မှာ လက်နက်ကိုင်အဖွဲ့ အစည်းမှာ အရာရှိလုပ်နေသူ တစ် ယောက်က ကျမ်းကို အငှာရေးပေးနေတယ်ဆိုတဲ့ လမ်းဘေးရောက် လူကြီး တစ်ယောက်ဆီ ရောက်လာပါတယ်။ ။

ဆရာကြီးခင်ဗျ။ ကျွန်တော် ပါရဂူကျမ်းကလေးတစ်ကျမ်းလောက် အလုပ်အပ်ချင်ပါတယ် ခင်ဗျပေါ့။ အဲသည့်လုပ်ငန်းမှာ နာမည်ရသူ ဆရာ ကြီးက မေးပါတယ်။ ရပါတယ်ဗျာတဲ့။ ကျမ်းခေါင်းစဉ်က ဘာကိုရွေးထား ပါသတုံးတဲ့။

အရာရှိလုပ်သူ ကြောင်သွားသဗျ။ သူ့စိတ်ထဲမှာ ဒါဟာ မမေးရမယ့် မေးခွန်းပါလားဆိုတဲ့အတွေးနဲ့ ပေါ့ ။ ပြန်ပြောပုံက ကြည့်ပါဦး။

ဆရာကြီးရာ... အလုပ်အပ်ပါပြီဆိုမှ ခေါင်းစဉ်ပါ ဆရာကြီးကို အပ်တာပေါ့ ။ ကျွန်တော့် သုတေသနခေါင်းစဉ် ဆရာကြီးပဲ စဉ်းစားဗျာ”

ကြည့်စမ်း။ စိတ်ကူးစိတ်သန်းတွေ ခန်းခြောက်သွားခဲ့ကြပုံတွေက။ ကိုယ် ဘာရေးမလဲဆိုတာကိုတောင် ကိုယ် မတွေးနိုင်တော့တဲ့ဘဝ။ ကိုယ့် စိတ်ကူးကို သူများဆီမှာ အလုပ်အပ်သတဲ့။

စာသင်ခန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မထပ်မယ့် ပုံပြင်တွေ၊ ကိုယ်ကြိုက်ရာ ကိုယ်ပြောမယ့် ပုံပြင်တွေနဲ့ စလိုက်ကြရအောင်လား။ ။

အမှာစကား

ကမ္ဘာကျော် သတင်းမဂ္ဂဇင်းကြီးတစ်စောင်နှင့် တွေ့ဆုံ ခန်း (Interview) လုပ်စဉ် ခင်ဗျားတို့အလုပ်က ဘာလဲဟု မေးလိုက်ရာ ကျုပ်တို့က သမိုင်းကို အကြမ်းရေးနေတာဟု ဖြေပါသည်။

သတင်းစာများသည် သမိုင်းကို အကြမ်းရေးနေခြင်း ပင်ဖြစ်ပါသည်။

ယခု 7Day Daily သတင်းစာတွင် ရေးပြီးခဲ့သမျှ ဆောင်းပါးများထဲမှ စာအုပ်မလုပ်ရသေးသည့် လက်ကျန် ဆောင်းပါးများကို စုစည်းတင်ဆက်လိုက်ပါသည်။

အကြမ်းဟုဆိုသဖြင့် မပြည့်စုံ၊ မပြေပြစ်၊ မကြွယ်ဝ သည်များကို ဖြည့်စွက်နားလည်ပေးကြပါစေလိုကြောင်း။

မောင်သာချို