မောင်သာချို - စိမ်းလန်းသောမိသားစုများ
သီချင်းတွေနဲ့ အိမ်ကလေး
(တစ်)
သားရေ
ငှက်ကလေးတစ်ကောင်တလေရဲ့ တေးဆိုသံကိုမှ မကြားရတဲ့တော လိုပဲ သီချင်းတစ်ပုဒ်တလေရဲ့ အသံဗလံကိုမှ မကြားရတဲ့ အိမ်တွေဟာလည်း တော်တော့်ကို သွေ့သွေ့ခြောက်ခြောက်နိုင်လွန်းလှပါတယ် သားရယ်။ အံ့သြ စရာကောင်းတာက လူ့ဘဝတစ်သက်တာမှာ သီချင်းကလေး တစ်ပုဒ်လောက် ကိုတောင်မှ အစကနေ အဆုံးအထိ ချောချောမောမော မဆိုတတ်နိုင်ခဲ့ဘဲ လူဖြစ်သွားခဲ့သူတွေ ရှိသလို၊ ဘယ်သူ သီဆိုတဲ့ သီချင်းတစ်ပုဒ်ပုဒ်ကိုမှ နားထောင် ခံစားတတ်တဲ့ အလေ့အထမရှိဘဲနဲ့ ထာဝရ တိတ်ဆိတ် ခြောက် ကပ်နေတဲ့ ကန္တာရဆန်တဲ့ မိသားစုတွေလည်း ရှိနေကြတာပါပဲ သားရယ်။
သား မှတ်မိဦးမလား မသိဘူး။ ဖေဖေတို့ အခန်းနဲ့ မလှမ်းမကမ်းက ပါမောက္ခအိမ်ကလေး တစ်လုံးလေ။ ဇနီးသည်နှင့်အတူ သားကလေးက တစ်ယောက် သမီးကလေးက တစ်ယောက်။ သူတို့အခန်းမှာ အသံထွက်စေတဲ့ အရာဆိုလို့ ဘာတစ်ခုမှကို မရှိတာပါသားရယ်။ ရေဒီယို၊ ကက်ဆက်၊ ရုပ်မြင်သံကြား၊ VCDဘာဆို ဘာမှကို မရှိတာပါ သားရယ်။ ဖေဖေအံ့ဩနေ မိတာက မဝယ်နိုင်လောက်အောင် ငွေကြေးချို့တဲ့နေလို့ မဝယ်တာမျိုး မဟုတ်ဘဲနဲ့ သီချင်းတို့၊ ဂီတတို့ဆိုတာတွေဟာ လူ့ဘဝအတွက် မလိုအပ်တဲ့ အရာတွေ ပါဆိုတဲ့ အယူအဆမျိုးနဲ့ အမြဲတမ်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ သူတို့ရဲ့ မိသားစုအတွေးအခေါ်ကို ဖေဖေက အံ့သြနေမိတာပါ။ အချိန်တန်ရင် ရုံးတက်သူတက်၊ ကျောင်းသွားသူသွား၊ ချက်သူချက်၊ ပြုတ်သူပြုတ်၊စားချိန်တန်စား၊ စာဖတ်ချိန်စာဖတ်၊ နောက်တော့ အိပ်ချိန်တန်တဲ့အခါ အမှောင်ထဲမှာ မိသားစုတစ်ခုလုံး အိပ်ပျော်နေကြပုံက ခြောက်ကပ်မာကျောလို့။ ဂီတဆိုတာ အပို ကိစ္စပါလို့ ထင်မှတ်မှားကြတဲ့ မိသားစုတွေထဲက မိသားစု တစ်ခုပါပဲ သားရယ်။
လောကမှာ သီချင်းဆိုသံတွေဟာ တကယ့်ကို မလိုအပ်ဘူးတဲ့လား။ စိမ်းစိုလန်းဆန်းတဲ့ မိသားစုဘဝတွေကို ထုဆစ်ဖို့ စိတ်ကူးရှိတဲ့သူတိုင်း တွေးခေါ်မြော်မြင်ကြည့်သင့်တဲ့ ကိစ္စပါပဲသားရယ်။
(နှစ်)
အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ကို သားသိမှာပေါ့ ။ ရူပ ဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်ကြီး၊ ၂၀ ရာစုရဲ့ Man off the century ဉာဏ် ကြီးရှင် လူသားကြီးလေ သားရဲ့။ ၁၈၇၉ ခုမှာ မွေးပြီး ၁၉၅၅ မှာ ကွယ်လွန် ခဲ့ရှာတဲ့ ပုဂ္ဂိုလ်။ အိုင်းစတိုင်းက ဂီတကို တော်တော်ချစ်တာတဲ့ သားရဲ့။ ဂန္ထဝင်မြောက် ဂီတစာဆိုကြီးတွေ ဖြစ်ကြတဲ့ ဘက်ချ် (Bach) တို့၊ မိုးဇက် (Mozart)တို့၊ ရှူးဘတ်(Schubert) တို့ကို တော်တော့်ကို ကြိုက်တာတဲ့ သားရဲ့။ ဖေဖေလည်း Time မဂ္ဂဇင်း 31 Dec 99 ထဲမှာ ဖတ်ရတာလေ။ ရူပဗေဒပုစ္ဆာတွေနဲ့ ခေါင်းထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါ တယော ပြားကလေးပေါ်မှာ ဘိုးတံကို တင်လိုက်တာ သူ့နားခိုရာဆိုပါလား သားရဲ့။ သီချင်းကလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ တယောထဲမှာ နစ်မျောသွားပြီးတဲ့နောက် ရူပဗေဒပုစ္ဆာတွေဆီ ပြန်အလာမှာ လူဟာ အသစ်ပြန်ဖြစ်နေတယ်လို့ အဲသည့် ရူပဗေဒသူရဲကောင်းကြီးက ပြောခဲ့တာပဲလေ။ သည်လိုဆိုရင်ဖြင့် ဂီတဆို တာဟာ ဖေဖေတို့ရဲ့ ဉာဏ်ပညာ ခြေကုန်လက်ပန်းကျမှု၊ စိတ်ဓာတ် သွေ့ ခြောက်မှုတွေအတွက် နားခိုရာစခန်းဖြစ်မှာ အမှန်ပဲသားရဲ့ ။
စာရေးဆရာကြီး ပါရဂူဆိုတာကိုရော သား ကြားဖူးမယ်ထင်ပါရဲ့ ။ ဖေဖေနဲ့ အင်မတန်မှကိုခင်တဲ့ ပညာရှင်စာရေးဆရာကြီးပေါ့။ Weekly Eleven စာမျက်နှာတစ်နေရာမှာ ဆရာပါရဂူက ရှင်ဇနကာဘိဝံသရဲ့ စကားတစ်ခွန်း ကို ကိုးကားပြီး ပြောဆိုခဲ့ဖူးတယ် သားရဲ့ ။ အမရပူရ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ (၁၉၀၀-၁၉၇၇)ရဲ့ စကားလေ။ မေရှင်သီဆိုတဲ့ အောင်ခြင်း ရှစ်ပါးသီချင်းဟာ ဘုန်းကြီးတွေ တရားဟောတာထက် သြဇာကြီးတယ်ဆိုတဲ့ စကားလေ။ ဟုတ်တယ် သားရဲ့ ။ အောင်ခြင်းရှစ်ပါး သီချင်းသံကို ကြားတဲ့အခါ ဂေါတမဘုရားရှင်ကို အလိုလိုကို ကြည်ညိုသွားမိတာ။ ဂီတဟာ ဖေဖေတို့ရဲ့ စိတ်တွေကို အလွယ်တကူ ညှို့ယူဖမ်းစားထားလိုက်ပြီးတဲ့နောက် ပြုပြင်ပေးနိုင်တာဟာ အမှန်ပါပဲလေ။
အရစ္စတိုတယ် (Aristotle) (BC-384-322) ဆိုတာဟာ ဂရိတွေးခေါ် ရှင်တွေထဲမှာ ဖေဖေတို့နဲ့ မစိမ်းတဲ့ နာမည်ပါ သားရယ်။ ဂီတနဲ့ပတ်သက်တဲ့ သူ့စကားကိုလည်း ဖေဖေ တော်တော့်ကို သဘောကျမိတယ်။ Mental Catharsisတဲ့။ သည်စကားလုံးကို ဆရာမြသန်းတင့်ရဲ့ မြောက်ဘက်တောင် ကုန်းဒေသမှအပြန် စာအုပ်ထဲမှာ ဖေဖေ တွေ့ခဲ့ဖူးတယ်။ ဆရာမြသန်းတင့် က စိတ်ကို ဆေးကြောသန့်စင်ပစ်တဲ့ အလုပ်လို့ ဘာသာပြန်ထားခဲ့လေရဲ့ ။ တော်တော့်ကို သဘောကျဖို့ကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့ ။ဟုတ်တယ်။ သီချင်းတစ်ပုဒ်ပုဒ်ကို ညည်းနေရတာ ဒါမှမဟုတ် အားရပါးရ အော်ဟစ်ပစ် လိုက်ရတာဟာ စိတ်ထဲက အညစ်အကြေးတွေကို ဖွပ်လျှော်ပစ်လိုက်ရတဲ့ အတိုင်းပါပဲလေ။
ချစ်သူနဲ့ ကွေကွင်းရလို့ ညစ်ထေးနေတဲ့ စိတ်တွေအတွက် ဆိုစရာ သီချင်းတွေအများကြီး။ ယောက်ျားမှာလည်း အသည်းနဲ့ပါ၊ ချစ်သူဝေးဝေးသွား ပါနဲ့လား၊ သည်နွေမိုးဆောင်းပြောင်းသော်လည်း၊ နှမလက်လျှော့နေလေတော့၊ ချစ်သူတိုင်းလည်း ညားကြပါစေ၊ တကယ်လို့ ရွာကိုလွမ်းတယ်ဆိုရင် အမေ နဲ့ရွာကို လွမ်းတယ်၊ ဟစ်ပစ်လိုက်ပေါ့။ အညာကို လွမ်းတယ်ဆိုရင်လည်း မွေးဌာနေတို့ မမေ့သောအညာတို့ကို ဆိုပစ်လိုက်ရုံပေါ့ ။ အမေ့ရဲ့ ကျေးဇူးနဲ့ အမေ့ရဲ့ မေတ္တာကို အမှတ်ရတဲ့အခါ ဆိုစရာသီချင်းတွေ တစ်ပုံကြီး။ ထူးအိမ်သင် ရဲ့ ကျေးဇူးပါမေမေ၊ အမေ့ရဲ့ဒုက္ခအိုးလေး၊ မေမေနေကောင်းလား၊ မေမေ ချစ်တဲ့သားကြီး၊ အမေ့အိမ်၊ အရိပ်စစ် အများကြီးပါသားရယ်။ တရားခံရှာ မရတဲ့ ဒေါသတွေအတွက် စိုင်းထီးဆိုင်ရဲ့ နံရံကိုလက်သီးနဲ့ထိုးမိတယ် ဆိုမယ်ကွာ။ ရုန်းဖို့ကန်ဖို့ သတ္တိတွေအတွက် ခိုင်ထူးရဲ့ အားလုံးကို ကျော်ဖြတ် ရမယ် သီချင်းဆိုမယ်ကွာ။ ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်အတွက် ခင်မောင်တိုးရဲ့ မဟာဆန်သူ ဆိုမယ်ကွာ။ ကိုယ့် ကိုယ်ကျင့်တရား ကိုယ် ပြန်လေးစားဖို့ ခိုင်ထူးရဲ့ မြတ်သောအကျင့်၊ အမေ့သား ပီသသူအတွက် ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေ၊ မိသားစုအနွေးဓာတ်အတွက် လက်ရည် တစ်ပြင်တည်း၊ မန္တလေးရတနာပုံ အလွမ်းပြေအတွက် စစ်ကိုင်းတောင်၊ စစ် ကိုင်းတံတား၊ အောင်ပင်လယ်၊ ရွှေမန်းဆီသို့ သီချင်းတွေ သီချင်းတွေသီချင်းတွေ။ ဖေဖေတို့စိတ်ထဲက မှောင်နေတာတွေ လင်းသွား၊ ရှင်းသွားအောင် တင်းနေတာတွေ ပျော့သွား၊ လျော့သွားအောင် ဆိုစရာသီချင်းတွေက တစ်ပုံ ကြီး။ ဒါမှမဟုတ် ညည်းဖို့၊ ဒါမှမဟုတ် နားထောင်ဖို့။
VCD စက်ကလေးရှေ့မှာ မိသားစု ဝိုင်းဖွဲ့ နားထောင်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ Ear Phone ကလေးနဲ့ တစ်ယောက်တည်း နားထောင်နေ တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပဲ။ ကာရာအိုကေစက်ကြီးဖွင့်ကာ အားရပါးရ ရင်ဖွင့်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါမှမဟုတ် မီးပူတိုက်ရင်း၊ အိမ်သိမ်းရင်း၊ ချက်ဖို့ပြုတ်ဖို့ စီမံရင်း၊ အဝတ်လျှော်ရင်း၊ စာရင်းဇယားတွေ ရေးဆွဲရင်း၊ ကောက်စိုက်ရင်း၊ ပျိုးနုတ်ရင်း၊ နွားလှည်းမောင်းရင်း၊ ကားရေ ဆေးရင်း၊ ဘုရားပန်းအိုးလဲရင်း၊ ဆန်ပြာရင်း၊ စပါးလုံးကောက်ရင်း၊ ညည်း ချင်ရင်လည်း ညည်းပေါ့ သားရယ်။ ဘာပဲဖြစ်ဖြစ် မောကြီးပန်းကြီး ဘဝ တွေကနေ ခဏခိုနားဖို့၊ ဉာဏ်စွမ်းရည် တစ်ဖန်နိုးထလန်းဆန်းလာစေဖို့၊ စိတ်အညစ်အဆေးတွေကို လျှော်ဖွပ်ဖို့ အတိတ်ကို ခဏပြန်သွားဖို့ မိသားစုတိုင်း မှာ သီချင်းတွေလိုတယ် သားရဲ့။
ဂီတတွေနဲ့ပတ်သက်တဲ့ စမ်းသပ်မှုကလေးတွေကို စာမျက်နှာတချို့မှာ ဖေဖေ ဖတ်ခဲ့ဖူးတယ်ကွ။ ပန်းခင်းနှစ်ခင်းရှိတယ်တဲ့။ တစ်ခင်းမှာ ငြိမ့်ညောင်း တဲ့ ဂီတသံတွေကို အမြဲတမ်း ဖွင့်ပေးထားတယ်တဲ့။ ပန်းပွင့်တဲ့အခါ အဲသည့် သီချင်းတွေနဲ့ပန်းခင်းက ပိုပြီးတော့ ပွင့်နေသတဲ့ သားရဲ့။ နောက်တစ်ခါ ဥစားကြက်ခြံ နှစ်ခြံမှာလည်း သည်အတိုင်းပဲ။ တစ်ခြံမှာ သီချင်းတွေ အမြဲ တမ်း ဖွင့်ပေးထားခဲ့သတဲ့။ အဲသည့် သီချင်းတွေနဲ့ ကြက်ခြံကပဲ ကြက်ဥတွေ ပိုဥလေသတဲ့။ အခုခေတ် ဆေးသိပ္ပံပညာရှင်တွေက မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်ထားစဉ် အချိန်ကတည်းက ငြိမ့်ညောင်းတဲ့ သီချင်းသံကလေး တွေကို နားထောင်သင့်တယ်လို့ ဆိုတာပါပဲ သားရယ်။ နောက်ပြီး ဂီတနဲ့ နေထိုင်တဲ့ ကလေးတွေဟာလည်း ဉာဏ်စွမ်းရည် ပိုထက်မြက်တယ်လို့ လက်ခံနေကြတယ်လေ။
သိင်္ဃသူဆိုတဲ့ အမတ်ကြီးတစ်ယောက်က ရေးထိုးခဲ့တဲ့ ပုဂံခေတ်က ကျောက်စာတစ်ချပ် ရှိပါသော်ကော သားရဲ့။ သူက သူ့ရဲ့ ဆုတောင်းထဲမှာ ဘဝအဆက်ဆက် အိပ်ရာမှနိုးထတိုင်း သာယာငြိမ့်ညောင်းသော ဂီတသံများနဲ့ နိုးထ ထရလိုပါကြောင်း ဆုတောင်းထားခဲ့တယ်လေ။ ဖေဖေ့မိတ်ဆွေ အယ်ဒီ တာ ကလေးတစ်ယောက်ဟာ သူ့အလုပ်ခန်းမှာ အမြဲတမ်း သီချင်းတွေဖွင့်ဖွင့်ထားတတ်တယ်။ ခပ်တိုးတိုးကလေးပေါ့ ။ မနက်ခင်းဆိုရင် ရေကင်း သံကလေးတွေ၊ နံနက်ချိန်ခါ တေးသံသာကလေးတွေ၊ ညညတွေဆိုရင် အလွမ်းအဆွေး၊ အအေးသီချင်းကလေးတွေ၊ Mp3 နဲ့ ဖွင့်ထားတာဆိုတော့ သီချင်းနဲ့ အိပ်ပျော်သွားလိုက်၊ သီချင်းနဲ့ နိုးထလာလိုက်၊ ဖေဖေစိတ်ထဲမှာ လူဟာ အမြဲတမ်း လတ်ဆတ်ကြည်လင်ကာ နှိုးကြွနေသလိုပါပဲ သားရယ်။
(သုံး)
ဂီတမရှိတဲ့ အိမ်တွေဟာ ပပ်ကြားအက်ကြီးတွေနဲ့ တူတယ်ဆိုတာ တကယ်ပါပဲ သားရယ်။ အဖေရယ်၊ အမေရယ်၊ သမီးရယ်၊ သားရယ် ကိုယ့် ကိစ္စနဲ့ကိုယ် ငုတ်တုတ်။ ဆေးလိပ်တစ်တိုနဲ့ ဖြစ်ချင်ဖြစ်မှာပေါ့။ အဝတ်ဟောင်း တစ်ပုံနဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါမှမဟုတ် ကျောင်းသင်ခန်းစာတစ်အုပ် နဲ့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ သူတို့မှာ ဂီတမရှိ။ သူတို့အိမ်မှာ ဘာသီချင်းသံမှ မကြားရ။ သွေ့ခြောက်လို့ ၊ အုံ့မှိုင်းလို့၊ ဝါရော်လို့၊ ကန္တာရ တွေလို အစိုဓာတ်တစ်စက်ကလေးမှ မရှိ။
ဖေဖေကတော့ သားရယ် ကိုယ့်မိသားစုကိုယ် စိမ်းစိမ်းစိုစိုဖြစ်အောင် လုပ်ရတဲ့နေရာမှာ သီချင်းတွေလည်း လိုတယ်လို့ ထင်နေမိတာပါပဲ သားရယ်။