Skip to product information
1 of 2

Other Websites

မောင်သာချို - ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မင်းသစ် 

(အရှေ့တောင်အာရှ၊ သတ္တနှင့် မူးယစ်ဝေရ နေ့ညများ)

အရက်သောက်ပြီး ဆိုကရေးတီးလောက်နီးနီး သူများက အထင် ရောက်အောင် ပြောတတ် ဆိုတတ်သော မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ဘဝတစ်သက်တာမှာ တစ်ခါတော့ တွေ့ခဲ့ဖူးပါပြီ။ သူ့ကို ကျူရှင်ဆရာ၊ မတောက်တခေါက် စာရေးဆရာ၊ ဟိုစပ်စပ် သည်စပ်စပ်အယ်ဒီတာအဖြစ် လူသိများသည်။ ဒါပေမဲ့ ကျူရှင်ပဲပြပြ၊ စာပဲရေးရေး၊ အယ်ဒီတာပဲလုပ်လုပ် နာမည်တစ်မျိုးနဲ့ပဲ သူ ကျင်လည်သည်။

မင်းသစ်တဲ့၊

Bio မင်းသစ်၊

စာရေးဆရာ မင်းသစ်၊

အယ်ဒီတာ မင်းသစ်။

ဆိုင်ကိုတော့ ကျွန်တော် ကောင်းကောင်း မမှတ်မိနိုင်တော့။ အရက်ဖြူ ဆိုင်တော့ အရက်ဖြူဆိုင် တစ်ဆိုင်ဆိုင်မှာ ဖြစ်သည်။ ၅၅လမ်းက ဦးဘိုးတို့ ဆိုင်မှာလား၊ ပုဇွန်တောင် အမေတို့အိမ်မှာလား၊ ဘူတာရုံလမ်းမှာလား၊ ၄၂လမ်း မှာလား မှတ်မှတ်သားသား ကျွန်တော် မရှိပြီ။ လူတွေကိုလည်း ကျွန်တော် မမှတ်မိနိုင်တော့။

 

ယမုံ၊ ကိုခိုင်မာ၊ မောင်မောက်ဥက္ကလာ၊ စောဒေဝေါ၊ မြင့်ဦးဦးမြင့်၊ ကိုရန်ပိုင်၊ ကိုသင်းခိုင်၊ ဇော်(ပျဉ်းမနား) စသည်... စသည်...

 

သည်လူတွေထဲက သုံးယောက်တစ်၀်ုငါးလည်း ဖြစ်နိုင်သည်။ လေး ယောက်တစ်ဝိုင်းလည်း ဖြစ်နိုင်သည်။ လူအတွဲအစပ်ကိုလည်း အတိအကျ မမှတ်မိနိုင်တော့။ ကျွန်တော် မှတ်မိတာ တစ်ခုတော့ရှိသည်။ ကျွန်တော်တို့ အားလုံး မူးနေကြခြင်းကိုပါတည်း။

 

သည်တုန်းက ကျွန်တော်က လူတတ်လူစွာကြီးလုပ်ကာ ကိုယ့်ထက် ဆယ်စုတစ်စု၊ ဒါမှမဟုတ် နှစ်စုခန့်ကြီးသော ကိုမင်းသစ်ကို ဆုံးမသွန်သင် မိဖူးသည်။

 

အရက်နှင့်ပတ်သက်၍

“ကျွန်တော့်ကို စိတ်ဆိုးချင်လည်းဆိုး၊ မဆိုးချင်လည်းနေ ကိုမင်းသစ် ဒါဟာ အရက်ဆိုင်ပါ။ ဟုတ်တယ်နော် ဒါဟာ အရက်ဆိုင်၊ ဒီလို အရက်ဆိုင် ထဲမှာ အရက်သောက်တာ မကောင်းတဲ့အကြောင်း ပြောရတာတော့ ကျွန်တော် အားနာပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောမယ်။

ကျွန်တော်တို့တွေထဲမှာ အရက်နဲ့ ပတ်သက်လို့ စည်းကမ်းမရှိဆုံးဟာ ကိုမင်းသစ်လို့ ထင်တယ်ဗျာ၊ တခြားလူတွေသာ နားတဲ့နေ့ ရှိရင်ရှိမယ်။ ကိုမင်းသစ်မှာ မရှိဘူး၊ ပြီးတော့ ရေချိန်ကိုက်ပြီ ဆိုတာလည်း ကိုမင်းသစ်မှာ မရှိဘူး။ နည်းနည်းတော့ ဆင်ခြင်သင့်တယ် ထင်တယ်ဗျာ။ ဒါ စေတနာ စကားပါ။ စေတနာနဲ့ ပြောတာပါ"

 

“ဒီမှာ မောင်သာချို၊ မောင်ရင့်စကား မှားသွားပြီ၊ သိပ်ကိုမှားသွားပြီ မောင်သာချို၊ မင်းသစ် အရက်သမား မဟုတ်ဘူးကွ နားလည်လား၊ မင်းသစ် ဆိုတဲ့ကောင် ဘယ်တော့မှ အရက်သမား မဟုတ်ဘူး ရှင်းလား”

 

ပြောပြောဆိုဆို ကိုမင်းသစ်က ခုံကို နှစ်ချက်သုံးချက် ဆင့်ရိုက်သည်။ ခုံ ဆိုရအောင်ကလည်း နံမည်ကာမတ္တသာဖြစ်သည့် ထင်းရှူးသေတ္တာပုံးကိုမှောက်ခုံလုပ်ကာ ခုံအဖြစ် ဖန်တီးထားရသောကြောင့် ကိုမင်းသစ်ရိုက်ချက်ကို မဟန်နိုင်ဖြစ်ကာ ၀ရုန်းသုန်းကား ဖြစ်ကုန်သည်။ တစ်ယောက်က အမြည်း ပန်းကန်ကို ကိုင်ထားသည်။ ဖယောင်းတိုင်မီးကား ငြိမ်းလေပြီ၊ ပြန်၍ ထွန်းကြရ၏။

 

"မင်းသစ် ဘယ်တော့မှ အရက်သမား မဟုတ်ဘူးကွ။ ဒါ မင်းသစ် အရက်ကို သောက်နေတာ မဟုတ်ဘူးကွ၊ အဘိဓမ္မာကို သောက်နေတာ၊ အဘိဓမ္မာတွေကို လိုက်သောက်နေတာ။

 

မောင်သာချိုနဲ့တွေ့တယ်၊ ကိုယ် မောင်သာချိုအဘိဓမ္မာ သောက်မယ်။ ကိုချစ်ဦးညိုနဲ့တွေ့တယ်၊ ကိုချစ်ဦးညို၊ အဘိဓမ္မာ သောက်မယ်။ မင်းသစ် အဘိဓမ္မာကို ခုံမင်လွန်းလို့ အရက်လိုက် သောက်နေတယ် မှတ်ပါ။ အရက် သောက်ချင်ရုံ သက်သက်ကတော့ အိမ်မှာတင် ပြည့်လို့ ရှင်းလား”

 

ကိုမင်းသစ်က အရက်ဖြူခွက်ကို တစ်ရှိန်ထိုး မော့ချ၏။ နောက်ထပ် ရေတစ်ခွက် ဆင့်သောက်ချလိုက်တော့မှ သူ့မျက်နှာပေါ်က ရှုံ့တွသော မျဉ်းကြောင်းတွေ ပြေသွားသည်။ ပါးစောင်မှ ရေတွေ စီးကျလာ၏။ သူ့ကို ပိုင်းဝန်းငေးမောနေသော သူတွေလည်း ရီ၍ဝေ၍၊ မူး၍ယစ်၍ ဆေးလိပ် မီးခိုးငွေ့များက တောင်ယာမီးခိုးတွေနှယ်ပင် လွန့်လူး တွန့်ခေါက်နေပြန် သည်။

 

ဪ အဘိဓမ္မာ ကိုမင်းသစ်၊ ဆိုကရေးတီး ကိုမင်းသစ်ပေတကား။

ကိုမင်းသစ်နှင့် ကျွန်တော်တို့ ရင်းရင်းနှီးနှီး ဖြစ်သွားကြသည်မှာ ၁၉၈၀ ပြည့်လွန်နှစ်များမှာ ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်လောက်ကဟု ကျွန်တော် ထင်ပါသည်။ သည့်မတိုင်ခင်ကတော့ ကိုမင်းသစ်နှင့်ပတ်သက်၍ သတင်းမျှသာ ကြားဖူးသည်။

 

မိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ဖူးသော ကိုမင်းသစ်၊

အဆိုတော် တွံတေးသိန်းတန် ဓာတ်ပြားတချို့မှာ သီချင်းရေးဖူးသော ကိုမင်းသစ်၊

အထက်တန်းပြကျောင်းဆရာလုပ်ဖူးသော ကိုမင်းသစ်၊

ဝတ္ထုတိုကလေး ကဗျာကလေး ခပ်ကျဲကျဲနေသော ကိုမင်းသစ် စသည်ဖြင့် ...

၁၉၇၅ ခုနှစ်တစ်ဝိုက်မှာတုန်းက ကျွန်တော်က ဆယ်တန်းကျောင်းသား ဖြစ်သည်။ ဆယ်တန်းမှာ Bio ဘာသာတွဲ ယူသဖြင့် ကိုမင်းသစ်နာမည်ကို ကြားဖူးသည်။

မှန်ပါသည်။ စတီရီယိုဘိုင်အို မင်းသစ်။

ဆူးလေဘုရားလမ်း ဗဟို မီးသတ်ကြီးနဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း တစ်ခုမှာ သူ Bio ကျူရှင်ပြသည်။

 

သန်းနိုင်၊ ပုလဲ စသော စတီရီယို တေးသံရှင်များ၏အသံဖြင့် ပိုးဟပ် တွေ၊ ဖားတွေ၊ ပလပ်စမိုဒီယမ်တွေအကြောင်းကို သီချင်းစပ်ကာ ကျူရှင်မှာ ဆိုဖူးသည်။

သူ့သင်တန်းမှာက ပိုးဟပ်တွေလည်း လျှပ်စစ် ဂစ်တာကြိုးပေါ်မှာ ပြေးလွှား ကုန်သည်။ ဖားတွေလည်း ဒရမ်ပေါ်မှာ ခုန်ဆူကုန်ကြသည်။ 

 

သည်သီချင်းအားလုံး ထိုစဉ်တုန်းက ဆယ်တန်းကျောင်းသူ ကျောင်းသားတွေ ပါးစပ်ဖျားပေါ်ကို ရောက် ကုန်ကြသည်။ ဆိုကြ ဟစ်ကြကျက်ကြ မှတ်ကြ။ သည်တုန်းက .. ကိုမင်းသစ်သည် စူပါစတား။ အခုလက်ရှိ ကဗျာဆရာ။အနုပညာ နယ်ပယ်သား တချို့ကို ထမင်းတင်ကျွေးထားဖူးသည်။ လေယာဉ်လက်မှတ် စီစဉ်ပြီး ပြင်ဦးလွင်သို့ လက်ဖက်သုပ် သွားစားဖူးသည်။

အဲသည် ကိုမင်းသစ်နှင့် ကျွန်တော်တို့ ၁၉၈၃ ခုနှစ်မှာ ဆုံကြသည်။ ဆုံကြသည့်နေရာက ရန်ကုန်တက္ကသိုလ်ထဲမှာ၊သည်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်သူငယ်ချင်းတစ်ဦးဖြစ်သူ ကိုဌေးသိန်းမှာ မြန်မာစာနည်းပြ အဖြစ် ခန့်စာရသောနေ့။ ကိုဌေးသိန်းမှာ အပျော်ကြီးပျော်နေသည်။ သူငယ်ချင်းတွေကိုလည်း ငွေမရှိ၍ မပြုစုနိုင်။

 

 

“နောက်နေ့မှ ကိုယ် ပြုစုပါရစေကွာ" သည်တုန်းမှာပဲ ကိုမင်းသစ် ဝင်လာသည်။ “ဒီမှာ ကိုဌေးသိန်း၊ ခင်ဗျား ဒီနေ့ မပျော်ဘူးလား” "ပျော်တာပေါ့ဗျာ” “အေး... အဲဒီ ခံစားချက်ကို ရက်စွဲရွှေ့လို့ရလား”

အားလုံး ငြိမ်ကျသွားကြသည်။ ထိုနေ့က ကိုမင်းသစ်ကောင်းမှုဖြင့်" ကျွန်တော်တို့တစ်သိုက် အင်းလျားကန်ဟိုတယ်သို့ ရောက်သွားကြပါသည်။

Chinese room ထဲမှာ ကျွန်တော်နှင့် ကိုမင်းသစ်တို့ကြားမှာ အရက်က တံတားခင်းပေးခဲ့ပြီ။

 

သည့်နောက်ပိုင်းတွင်ကား ကျွန်တော်နှင့် ကိုမင်းသစ်တို့သည် အရင်း နှီးဆုံး နှစ်ကာလများကို ဖြတ်သန်းဖြစ်ကြသည်။ အဲသည် နှစ်ကာလများပေါ်က စာမျက်နှာတချို့မှာ ကိုမင်းသစ်ပုံရိပ်ကို ကျွန်တော် ပိုပြီး ဖတ်တတ်လာသည်။

 

မူးယစ်ဝေသီ မင်းသစ်၊ အနုပညာ မင်းသစ်၊ ကျောင်းဆရာ မင်းသစ်၊ လူမှုရေး မင်းသစ် စသော စရိုက်လက္ခဏာများဖြင့် ရှုပ်ပွနေသောလူ တစ်ယောက်။

မူးယစ်ဝေသီ မင်းသစ်ဟု ဆိုရလောက်အောင်ပင် ကိုမင်းသစ် တစ်ယောက် မူးပါ ယစ်ပါ ဝေသီပါသည်။ နေရာမရွေး၊ လူမရွေး၊ အရက်မရွေး၊ အချိန်အခါမရွေး။

 

တစ်ခါက ကျွန်တော်တို့တစ်တွေ ကုက္ကိုင်းက ပြည့်ဝမှာ သောက်ဖြစ်ကြ သည်။ ကိုမင်းသစ်တစ်ယောက် မဝဟုဆိုကာ ကားငှားစီစဉ်သဖြင့် အင်းလျား လိတ်ဟိုတယ်သို့ ရောက်သည်။ အင်းလျားလိတ်ကထွက်တော့ ကမာရွတ် ဘူတာရုံလမ်း၊ မဝသေးဟု ဆိုကာ သူ့ခြံထဲခေါ်သွားပြီး ခြံထဲမှာ ထွေးညိုခေါ်၊ ကော်နီခေါ် တောအရက်နှင့် နိဂုံးချုပ်စေသည်။

သည်အထိ နေရာမရွေးသူ။

 

တစ်ခါတစ်ခါ ဆရာတင်မိုးတို့ဝိုင်းမှာ ကိုမင်းသစ်ကို တွေ့သည်။ တစ်ခါတစ်ခါ ကိုခိုင်မာ၊ တစ်ခါတစ်ခါ အညာက မိတ်ဆွေတွေ၊ တစ်ခါတစ်ခါ၊ တစ်ခါတစ်ခါ... လူမရွေး။

တစ်ခါကလည်း ကိုမင်းသစ်နှင့် ကျွန်တော်တို့ တောအရက်ဆိုင်ကလေး တစ်ဆိုင်မှာ ဆုံဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တောဆိုပြီး တွန့်သည်။ ကိုမင်းသစ်ကတော့ သည်လို မဟုတ် ။

အရက်ကို တစ်ခွက်မော့ပြီး ပါးစပ်ကလေးက တပျတ်ပျတ်မြည်ကာ အရသာခံပြီးမှ၊

 

“မောင်သာချို သောက်ကြည့်စမ်း၊ ဒီတောလေးက တစ်မျိုး ကောင်းတယ်ဟ၊ တေ့စ်မဆိုးဘူး၊ တောတောင်မထင်ရဘူး... နော်သောက်ကြည့်စမ်း၊ သောက်ကြည့်စမ်းပါ၊ တေ့စ် ဘယ့်နှယ်လဲ" စသည်ဖြင့် တောဋီကာအဖွဲ့ကြောင့် ကျွန်တော်တို့ နွဲ့ခဲ့ဖူးသည်။ တစ်ခါကလည်း အင်းလျားလိတ်မှာ ထိုင်ဖြစ်ကြတော့ -

“ကဲကွာ (Something Special) သောက်ကြတာပေါ့ ၊ ဝီစကီပဲရှာ ဒီကောင် နှိပ်တယ်ဟ မောင်သာချိုရ”

ဘာစပါယ်ရှယ်၊ ညာစပါယ်ရှယ် ဝီစကီတွေကို အမြင်ကတ်လို့ Something Special ဆိုပြီး ဖျော်ထားတဲ့ ဝီစကီ အညွှန်းမှာ ကျွန်တော်တို့ လွမ်းဖူးသည်။ ယမုံက ရိုးရိုးစီးကရက်လေး ဘာလေး မပါဘူးလားမေးတော့ ကိုမင်းသစ် ဒေါသူပုန်ထသည်။

 

“ဟ-ယမုံ၊ ယူ သိပ်အောက်တာကွာ၊ ရိုးရိုးစီးကရက်က တောသူဌေး သောက်တာ၊ ရော့”

ဟုဆိုပြီး နိုင်ငံခြားဖြစ်စီးကရက်ကို ထုတ်တိုက်သည်။ ပြီးတော့ မေးသေးသည်။

“အဲဒီ စီးကရက်ကို သောက်တော့ မောင်ရင့်စိတ်ထဲ ဘယ်လို ခံစားရလဲ”

ယမုံက ငေးငိုင်ပြီး စီးကရက် မီးခိုးကိုလည်း မှုတ်ထုတ်ပြီး၊ ဟိုလူ သည်လူလည်း ကြည့်ပြီး

“ဘာမှ မခံစားရပါဘူး ကိုမင်းသစ်ရာ”

“အောက်သွားပြီ ယမုံ သိပ်အောက်သွားပြီ၊ ဒီစီးကရက်က ဖွာလိုက် တာနဲ့ ကိုယ့်ကိုယ်ကိုယ် အိမ်ရှေ့မင်းသာလို့ ထင်သွားရတယ်ကွ၊ နို့မဟုတ်ရင် မောင်ရင် စီးကရက် မသောက်တတ်သေးလို့”

ကိုမင်းသစ် တဟားဟားရယ်သည်။ ဝီစကီကို တစ်ငုံငုံသည်။ အရက် မရွေးသော ကိုမင်းသစ်။

တစ်ခါကတော့ ကိုမင်းသစ်တစ်ယောက် ကျွန်တော် နေထိုင်ရာ မြောက်ဥက္ကလာသို့ အချိန်မတော် ပေါက်ချလာသည်။ ညကြီးသန်းခေါင် အိပ်မောကျနေသော ကျွန်တော်တို့ကို တော်တော်နှင့် နှိုးမရ၍ အိမ်ရှေ့မှာ ဆူညံနေသည်။

 

“ဟေ့ မင်းသစ်က လူကိုခင်လို့ လာတာကွ နားလည်လား၊ အရက် သောက်ချင်လို့ လာတာမဟုတ်ဘူး” • စသည်ဖြင့် ... ။

အိမ်ထဲရောက်လာတော့ ကြောင်အိမ်ပေါ်က ဆီပုလင်းကို ရမ်ပုလင်း မှတ်ပြီး မော့ချပါလေတော့သည်။ ပြီး အရက်မရှိကောင်းလားဟု ဒေါပွပွ။ အချိန်အခါမဲ့ပေတကား။

 

ကိုမင်းသစ်နှင့် ပတ်သက်၍ အနုပညာမင်းသစ်ဟု ဝိသေသနပြုရ လောက်အောင်ပင် အနုပညာရှိကြောင်း ကျွန်တော် နားလည်သွားသည်။ ဟိုအရင် မိုးခေတ်က အသံမှန်ဖြင့် ဖွဲ့ဆိုသည့် သူ့လေးချိုးကဗျာတွေ ကျွန်တော် ဖတ်ဖူးသည်။ နောက်တော့ “အပျိုရှုပ်ထွေး ဗိုလ်ချုပ်ဈေး၊ “လန်ဒန် မိုးခါးရေ” စသောဝတ္ထုတိုများ၊ သည်ဘက်ပိုင်းမှာကျတော့ ချယ်ရီက “ခံစား သူကြီး ဝတ္ထု'၊ “ကျန်စစ်သားနဲ့ တွေ့ချင်လိုက်တာ” စသော ဝတ္ထုတွေ ထင်ရှားသည်။

 

တစ်ခါက ကဗျာလောကကို စော်ကား မော်ကား စကားဆိုသော ဝေဖန်ရေးဆရာတစ်ဦးကို ကိုမင်းသစ်က ဝတ္ထုရှည်ဖြင့် တုံ့ပြန်သည်။ ပန်က “ဘာလင်အိပ်မက် (၁၉၈၈)"။

သည်ဝတ္ထုရှည်နှင့် ပတ်သက်၍ ကျွန်တော်တို့က သူ့ကို လေးစား ကြသည်။ သူကလည်း

"ဒီမယ်၊ မင်းသစ်က မသေချာရင် ဘာမှ မလုပ်ဘူးမှတ်ပါ၊ ရိုးရိုး မင်းသစ် မဟုတ်ဘူးကွ၊ သည် မင်းသစ် (The Min Thit) ဒက်ဖနိတ် အာတီကယ် (Definite Article) သည်ကို နာမည်ရှေ့မှာ ထည့်ထားတာ”

စသည်ဖြင့် ..."

တစ်ခါက အနုပညာငြင်းခုံပွဲတစ်ခုမှာ ကိုမင်းသစ် ဝုန်းဒိုင်းကြဲနေတာ ကျွန်တော် တွေ့ဖူးသည်။ Existentialism နှင့်ပတ်သက်၍

“ဘာ အိပ်ဇစ် (Exist) လဲ၊ အဲဒီအိပ်ဇစ် (Exis) ကို မင်းသစ် လက်မခံဘူးကွ၊ မင်းသစ် ဘယ်တော့မှ လက်မခံဘူး၊ အလကား ပညာတတ် အလေဏတောဝါဒ”

တစ်ခါက အရက်ဆိုင်တစ်ဆိုင်မှာပဲ စောဒေဝေါက ကိုမင်းသစ်၏ ကျူရှင် ကြော်ငြာသော “တစ်ကြိမ်ဆက်ဆံ၊ မင်းလက်ခံမှ၊ ပုံမှန်အတိုင်း၊ ဆက်တက်ပါ” ဆိုသော ကဗျာကို ကျီစယ် နောက်ပြောင်ဖူးသည်။ မူးယစ်ရီဝေ ကိုမင်းသစ်က ပေါက်ကွဲပါလေပြီ။ ။

 

"ဟေ့ ဒေဝေါ၊ မောင်ရင် သိပ်ငယ်သေးတယ်နော်၊ သိပ်ငယ်သေးတယ်။ မင်းသစ် ကဗျာရေးတာက ကြာပြီကွာ၊ ဒါလှောင်စရာမဟုတ်ဘူး၊ အနုပညာနဲ့ မိုင် ၂၀၀၀ လောက် ဝေးတဲ့ကောင်တွေက လှောင်လားပြောင်လာနဲ့၊ ဒီမှာ မင်းသစ် အရှေ့တောင်အာရှ ပတ်လာတဲ့ကောင်ကွ ရှင်းလား၊ မင်းသစ် အရှေ့တောင်အာရှ ပတ်လာတဲ့ကောင်”

သည့်နောက်တွင်တော့ “ဟေ့-မောင်သာချို၊ ပိုက်ဆံတစ်ဆယ်လောက် ပေးစမ်းကွာ" ဟု ဆိုကာ အိမ်ပြန်တတ်မြဲ။

 

ကိုမင်းသစ်နှင့်ပတ်သက်၍ ကျွန်တော်တို့ စိတ်ညစ်ရတာ တစ်ခုရှိသည်။ ယင်းမှာ စာသင်ခန်းအပြင်ဘက် နေရာတကာတွင် သူ၏ကျောင်းဆရာ ဝိညာဉ်က လာရောက် ပူးကပ်နေခြင်းပါတည်း။ “ဒီမှာ မင်းရှာနေတဲ့ မင်းသစ်" ဟု ဆိုင်းဘုတ်ဆွဲထားသော ဆူးလေဘုရားလမ်းမှ ကျူရှင်ခန်းပြင်ပတွင်ပါ ဆရာစကားတွေနဲ့ ကိုမင်းသစ် နေထိုင်သည်။

 

တစ်ခါက သူ့ကျူရှင်စာအုပ်ကိစ္စတွေ ယမုံ့ကို ရှင်းပြနေသည်။

“ယမုံ၊ ကိုယ့်ဘိုင်အိုစာအုပ်က တစ်အုပ်အစိတ်ကွ၊ အဲတော့ နှစ်ဆယ့် ငါး လေးလီ ဘယ်လောက်လဲ"

"တစ်ရာ...”

“ဟုတ်ပြီ၊ အဲဒီ တစ်ရာကို မှတ်ထား၊ ကိုယ် အုပ်ရေ ၃၀၀၀ လောက် ရိုက်ထားတယ်ကွာ၊ အဲတော့ ၃၀၀၀ ကို လေးနဲ့စားလိုက်စမ်း၊ လေးခုနစ်လီ

"၇၅၀ ပါဗျာ” “ဟုတ်ပြီ၊ အဲဒီ ၇၅၀ ကို ခုန ၁ဝဝ နဲ့ မြှောက်လိုက်တော့...” “ခုနစ်သောင်း ငါးထောင်” ကျွန်တော့်မှာ မနေသာတော့။

 

“ကိုမင်းသစ်ရာ၊ ကိုယ့်ဘာသာတွက်ပြီး ပြောလိုက်လည်း ရတဲ့ဟာ။ အမေးအဖြေလုပ်နေရသေးတယ်**

ဟု ဝင်ပြောမှ ရယ်ကျဲကျဲ၊ ဒါလည်း သူ့ညာဉ်မပျောက်။

တစ်ခါက နယ်မှ ကဗျာဆရာတစ်ယောက်ကို ချယ်ရီမဂ္ဂဇင်းတိုက် နေရာကို ညွှန်ပြနေသည်။ စာရွက်နှင့် ဘောလ်ပင်နှင့်။

"ဒါ... အနော်ရထာလမ်းမကြီး မဟုတ်လား။ ဒါက အခု ကိုယ်တို့ ရပ်နေတဲ့လမ်း၊ ၃၃လမ်း၊ အဲတော့ ဒါက”

“၃၄ လမ်း..“ 

“ဟုတ်ပြီ၊ ဒါက..." 

"မဟာဗန္ဓုလလမ်း " 

“ဟုတ်ပြီ။ ဒါက...”

 “၃၅ လမ်း..."

 “အိုကေ၊ ဒါက...."

 “၃၆ လမ်း ..." 

“ဟုတ်ပြီ၊ ဒါက... လမ်းကျယ်ကြီးနော်”

 “ပန်းဆိုးတန်းလမ်း ..." 

“ ဒါက ” “၃၇ လမ်း...” 

"ဟုတ်ပြီ၊ ဒါကကော" "၃၈ လမ်း...”

 “ဟုတ်ပါပြီ၊ ဟော့ဒီမှာ လမ်းကျယ်ကြီး

 “ဆိပ်ကမ်းသာလမ်း..."

“အိုကေ... မောင်ရင် အပေါ်ဘလောက်ကို ကွေ့လိုက်၊ ဘယ်ဘက်မှာ လေးငါးဆယ်ခန်းအကျော်မှာ ချယ်ရီမဂ္ဂဇင်းလို့ ရေးထားတယ်"

“ဪ ဆိပ်ကမ်းသာလမ်းအပေါ်ဘလောက်ကို တစ်ခါတည်း တန်းပြောလိုက်ပါလား ကိုမင်းသစ်ရယ်။

မိလိန္ဒပဉ္စာ ဆန်လွန်းလှပေစွ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)