မောင်လှမျိုး(ချင်းချောင်းခြံ) - နှလုံးသားအစားထိုးကုသနည်းနှင့်ရင်တွင်းဖွဲ၀ေဒနာများ
(၁)
အချစ်ကဗျာတွေ အချစ်ဝတ္ထုတွေ ရေးနေမိတဲ့သူဆိုတော့ အချစ်နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး၊ ဆက်လက် ဆွေးနွေးပေးဖို့၊ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
သိကြ ကြားကြ ကြုံဖူးကြမှာပါ။ အချစ်ရဲ့ ဘေးထွက်ဆိုး ကျိုးများစွာထဲမှာ၊ (ချစ်သူရဲ့ အပစ်ပယ်ခံရတဲ့ ချစ်သူရဲ့ အဖောက် ပြန်ခံရတဲ့ ချစ်သူရဲ့ သစ္စာဖျက်ခြင်းခံရတဲ့ ... ဝေဒနာ) အသည်းကွဲ ခြင်း ဝေဒနာဟာ ခံစားမှု အားလုံးထဲမှာ အပြင်းထန်ဆုံးပါပဲ။ (ဟုတ်ပါရဲ့ လား အသည်းကွဲသူများ ခင်ဗျာ)။
ဘယ်သူမှ မပေးအပ်တဲ့ တာဝန်တစ်ခုကို ယူတဲ့အနေနဲ့၊ အဲဒီ အသည်းကွဲခြင်း ဝေဒနာဆိုးကို ကုသဖို့၊ အစားထိုးနည်း တစ်နည်းနည်းကို၊ ဉာဏ်မီသလောက် ဖြန့်ဖြူးဖို့၊ ကျွန်တော် ... စဉ်းစားမိပါတယ်။ (ကိုယ်ချင်း စာနာစိတ် အပြည့်နဲ့ပါ)။ အဲဒီ ကိုယ်ချင်းစာစိတ် အပြည့်နဲ့ပဲ အင်တာနက်ကနေ
“အသည်းကွဲသူများ အားလုံး၊ နှလုံးသား အစားထိုးနည်း မမှားယွင်းကြစေရန်၊ သတိပေးအပ်ပါသည်” လို့ ကျွန်တော် အပူတပြင်း ကြေညာခဲ့ပါတယ်။
တကယ်ပါ။ စာနာလွန်းလို့ပါ။ သစ္စာမဲ့တယ် ... ဆိုတာ ပြုသူအတွက် ထ,သွား ထ,လာကိစ္စလောက်ပါပဲ။ ခံစားရတဲ့သူမှာ ကျားကျား, မမ, မခံစားနိုင်ရင်၊ ခံစားနိုင်စွမ်း နည်းပါးရင် ဘဝပါ ပျက်သွားနိုင်ပါတယ်။
(အသည်း တစ်ခါကွဲတာ၊ ဘဝ တစ်ရာပျက်မတတ် လို့ ကျွန်တော် ရေးဖူးခဲ့ပါသေးတယ်လေ)။
ချစ်ကြကြိုက်ကြတုန်းက၊ နှစ်ဦးအကြားမှာ အဖေ အမေ လည်း မပါဘူး။ ဦးလေး အဒေါ်လည်း မပါဘူး။ ဆွေမျိုး အသိုင်း အ၀ိုင်းလည်း မပါဘူး။
“ချစ်လား”, “ချစ်တယ်” ... ဆိုတဲ့ နှစ်ကိုယ်ကြား စကား လေးနဲ့၊ နွေးထွေးအေးမြခဲ့ကြတာပါ။ အဲ . . ဆုံစည်းဖို့လည်းကျရော အဖေက သွေးတိုး၊ အမေက နှလုံးရောဂါ ဦးလေးက ... သဘောမတူ၊ အဒေါ်က ... သည်းသည်းလှုပ်၊ အသိုင်းအဝိုင်းက . ကန့်ကွက်။
ချစ်တယ် ... လို့ အဖြေပေးတုန်းက အဲဒီ လူတွေ ဘယ် ရောက်နေပါလိမ့်။
နှစ်ကိုယ်တူ ချစ်ကြပါလျက်၊ နောက်ဆုံးတော့ မိသားစု အသိုင်းအဝိုင်းက ဘာဖြစ်တယ် ညာဖြစ်တယ် ... နဲ့၊ ကမ္ဘာဆယ် သိန်းလောက် ရည်စူးနှင်းအပ်ထားတဲ့ သစ္စာစကားကို အိမ်သာတက် သလောက် သဘောထားပြီး၊ စွန့်ခွာရက်ကြတယ်လေ။
၂၀၁၀ ... တစ်နှစ်လုံး၊ အသည်းကွဲသူ တော်တော်များများ နဲ့၊ စိတ်မကောင်းခြင်းကြီးစွာ၊ ကျွန်တော် ဆုံတွေ့ ဖေးမခဲ့ရပါရောလား၊ (သူတို့က,တော့ မသိကြရှာဘူး။ ကျွန်တော် ကိုယ်တိုင် အသည်းကွဲနေရသူဆိုတာ၊ (ဘယ်သိမှာလဲ)။ ကျွန်တော်က ကွဲတဲ့ အသည်းကို ရဲရဲဝံ့ဝံ့ ငုံ့ကြည့်တယ်လေ)။
(၂)
၂ဝ၁ဝ- ဇန်နဝါရီ (၁) ရက်၊ ည ၁၀ဝ၅ မှာ ကျွန်တော့် အဖျား ၁၀၃၊ (တိုက်တိုက်ဆိုင်ဆိုင် ထည့်ပြောရရင်၊ ဒီနှစ် ၂၀၁၁ဇန်နဝါရီ (၁) ရက်၊ ည ၁၀းဝ၅ မှာ၊ ကျွန်တော် အဖျား ၁၀၂)
မှတ်မှတ်ရရ စ,ပြောရရင်၊ ၂၀၁၀- ဇန်နဝါရီလ,မှာပဲ။ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘဝ ရာထူးပြုတ်သွားပါတယ်။ (အိမ်ထောင်ပျက် ဖြစ်သွားတာပေါ့)။
အဲဒါကို မသိကြဘဲ၊ အဝေးက ညီ၊ညီမတွေ (ပရိသတ်တွေ က) သူတို့ရဲ့ အသည်းနှလုံးရေးရာတွေကို ရင်ဖွင့်ဆွေးနွေးနေလိုက်ကြတာ၊ ကျွန်တော့်ဆီမှာ၊ အကြံဉာဏ်တွေ၊ တောင်းနေ လိုက်ကြတာ၊ ကျွန်တော့်မှာ၊ ကိုယ်ပိုင်အသည်းကွဲချိန်တောင် အင်မတန် နည်းပါးသွားရပါရောလား။ (ဒါပေမဲ့ .. သူတို့ နေကောင်း သွားကြတာ၊ ကြားရတော့ ဝမ်းသာရတာပေါ့)။
အဲ...၊ သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ အိမ်ထောင်ပျက် ဘဝကြီးကို သနားကရုဏာသက်သွားရှာတဲ့၊ ကထိကဆရာမလေး တစ်ယောက်က ကျွန်တော့်အပေါ်၊ သံယောဇဉ် ဖြစ်မိပါသတဲ့။
နှစ်ဦးသား သံယောဇဉ်တွေ ရှေ့တိုးမိကြရင်း၊ ချစ်သူတွေ ဖြစ်သွားကြတာ။ ပြောပြရင် , လွမ်းချင်စရာ။
သူနေတဲ့ မြို့ကနေ၊ သူအမှုထမ်းတဲ့ တက္ကသိုလ်ကျောင်း ကြီးဆီကို၊ မသွားဘဲ (ခွင့်တင်ပြီး) ကျွန်တော်နဲ့ လာတွေ့။ ပြီးတော့ ... ကျွန်တော့်အနေနဲ့ တွေ့။
ကျွန်တော်နဲ့ လက်ထပ်မယ့်ချစ်သူအဖြစ်၊ မေမေနဲ့ မိတ် ဆက်ပေး ပြီး သူ တက္ကသိုလ်ကြီးရှိတဲ့ မြို့ကို ကျွန်တော်က လိုက်ပို့။
သူ လာလိုက်။ ကျွန်တော် ပို့လိုက်။ ကျွန်တော် သွားလိုက် သူ မျှော်လိုက်နဲ့၊ နှစ်ဦးသား အချစ်တွေ၊ ဇွဲကပင်မြေမှာ၊ နှင်းလို •• • ဝေ။
သူ့ အိမ်ကတော့ ဘယ်သိမှာလဲ။ အိမ်က, တစ်မြို့။ ကျောင်းက တစ်မြို့။