မောင်လှမျိုး(ချင်းချောင်းခြံ) - ချစ်သူနှင့်၀ေးရတဲ့ကံ
စိုးရေ ....။ ချစ်သူနဲ့ ဝေးရတဲ့ ကံကို၊
ရင်စည်း .. ခံ။
ငိုကြွေး .... ခံ။
အော်ဟစ် . ခံ။
လွင့်လူး ... ခံ။ ကြိတ်မှိတ် .. ခံကြရတဲ့အထဲမှာ
ဘယ်လို ကာယကံနဲ့၊ .., ခံယူခဲ့သလဲဆိုတာ၊
နင့်ကို သိစေချင်ပါတယ် .... စိုးစိုးရယ်။
ကုသိုလ်, အကုသိုလ် နှစ်ခုကို - ပြတ်ပြတ်ထင်ထင် မသိမြင်ဘဲ .... ကိုယ်, စိတ်, နှလုံး သုံးပါးစလုံးနဲ့ ပြုမူမိခဲ့ကြ .. လို့၊ သုခ, ဒုက္ခ ရောပြွန်းနေလေ့ရှိတဲ့ဟောဒီ လူ့ဘဝ,ကို ရခဲ့ကြရတာပါ။
အသိဉာဏ်နည်းတော့လည်း၊ ငိုပွဲဆင်ခဲ့ကြရတာ ပေါ့။ သတိဉာဏ် နည်းလို့လည်း .... အံခဲ ခံစား ခဲ့ကြရတာပေါ့။
“ဘယ်သူ မပြု မိမိမှု” .... ဆိုတဲ့၊ ရိုးစင်းလွန်းတဲ့ စကား တကယ့်အမှန်တရားပါပဲ စိုး။
စော်ကားလေခြင်း၊ ပစ်ပယ်ရက်လေခြင်း၊ သစ္စာနည်းလေခြင်း .... လို့ ရုတ်တရက် အပြစ်ဖို့၊ မြည်တွန် မိတတ်ကြပေမယ့် သတိနဲ့ ဆင်ခြင်ဖြစ်ကြတဲ့သူတိုင်း၊ “ကံသာလျှင် အမိ၊ ကံသာလျှင် အဖ” ဆိုတဲ့ တဖွဖွ မိန့်ကြားခဲ့တဲ့၊ ဘုရား အဆုံးအမကို၊ မျက်ရည်စက်လက် .... နှလုံးသွေး တပွက်ပွက် ဆူနေကြရတဲ့ကြား က၊ လက်အုပ်ချီ ခံစား သတိထား နှလုံးသွင်းပြီး သည်းခံ မျိုသိပ်ခဲ့ကြရတဲ့၊ (ချစ်သူနဲ့ ကွေကွင်းခဲ့ ကြရသူတွေ) ဝေးကွာခဲ့ကြရတဲ့သူတွေရဲ့ ကိုယ်စား၊ငါ .. စကားနည်းနည်း ပြောချင်လိုက်တာ။
ဘုရားကို တိုင်တည်ပြီး၊ နင့်ကို မဏ္ဍိုင်ထားရင် လောက, လူသားတွေရဲ့ နှလုံးသား လမ်းကြားထဲမှာ၊ လေ .. လေသံတိုးတိုးနဲ့၊ ကံကို လက်ညှိုးထိုး ပြီး စကားတွေ ... ပြောပြချင်လိုက်တာ။
နှလုံးသားကို၊ တံခါးပိတ်ချင်ပိတ်ပါ စိုး။ အမှန်တရား အမှန်စကားကို ကျောခိုင်းရင် ကျောခိုင်းပါ။ ဒါပေမဲ့ .. နားလေး နည်းနည်းစွင့်ထားပါ။
ငယ်ဘဝ တစ်လျှောက်လုံးကို၊ အသိဉာဏ်နည်းနည်းနဲ့၊ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ဖူးတဲ့ ငါတည်ငြိမ်ရင့်ကျက်အောင် အထူးကြိုးစားထားခဲ့ ရတာပါ ဘာကိုမှ အပြစ်မယူချင်တော့ပါဘူး .. ဆို ကာမှ၊ စော်ကားမှုတွေ ပိုများလာတတ်တာ၊
လောကသဘာဝလို့၊ ထင်ချင်ပေမယ့်၊ အဲဒါလည်း .. ကံတရားပါပဲ ... စိုး။
ဘာပဲဖြစ်ဖြစ်လေ။ ချစ်ချင်တဲ့သူကို ချစ်ခဲ့ဖူး သလို၊ မုန်းချင်တဲ့သူအပေါ် မေ့တတ်အောင်၊ ငါ ကြိုးစားနိုင်ခဲ့တယ်။ နင် .. နားစွင့်ထားပါ .. စိုး။
(၁)
“ငါ... မင်းကို ပြောစရာရှိတယ် ထွန်းဦး" ထွန်းဦးက ...
“မင်း... ပြောနေကျ ဘာသာတရားစကား တွေတော့ မဟုတ်လောက်ဘူးထင်တယ်"
ကျွန်တော်က ...
“ဘာသာတရားစကားကို ခံယူချင်တဲ့သူကို မှ... ပြောတာပါ။ လူတိုင်းကို ပြောပြနိုင်လောက် တဲ့အထိ၊ ငါ ... ဉာဏ်ပညာ မထက်မြက်ပါဘူး။
ပြီးတော့ ....... မင်းကိုလည်း ..ငါ, ပြောသင့်တာ ပြောပြထားပြီးသားပဲ။ မင်း.. ထပ်မမေးမချင်း၊ ငါ ထပ်ပြောဖို့ မလိုလောက်ပါဘူး” ထွန်းဦးက ရယ်လျက် ...... ။
“ငါ.....မင်းပြောသလို နေထိုင်ပါတယ် ကွာ၊ ဒါပေမဲ့ ... ထပ်သိချင်စိတ် ဖြစ်ရလောက်တဲ့၊ ဉာဏ်မျိုး၊ ငါ ... မရှိသေးဘူး။ ငါ... ဝန်ခံပါတယ်။ သူငယ်ချင်း"။
“ဝီရိယ ပိုစိုက်လိုက်ပေါ့ကွာ" ထွန်းဦးက ခေါင်းညိတ်ပြီး .
“ပြောစရာရှိတယ်ဆိုတာ ... ပြောလေ”
“ကောင်မလေးတစ်ယောက် ငါ့ကို ဖုန်း ဆက်တယ်""
“ဒါ ... ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ”
“မထူးဆန်းဘူးဆိုပေမယ့် တခြားယောက်ျားလေး မိန်းကလေးတွေ ဆက်တာ သူတို့ဘာသာ ဖုန်းနံပါတ် စုံစမ်းပြီး၊ ဆက်ကြတာ။အခု ဆက်တဲ့ ကောင်မလေးကိုကျ တော့ ငါ... ကိုယ်တိုင်၊ ဖုန်းနံပါတ်ပေးထားတာ"
“ဘယ်တုန်းက ပေးထားတာလဲ"
“မြနှင်းဆီနဲ့ လမ်းမခွဲခင်ကတည်းကပေး ထားတာ”
“ဒါဆို လွန်ခဲ့တဲ့ ကိုးလလောက်ကတည်းက ပေးထားတာပေါ့”
“အင်း ဟုတ်တယ်။ ဒါပေမဲ့ ... သူ .. အခုမှ ဆက်တာ"
“မင်းက ... ဖုန်းနံပါတ်ပေးတယ်။ သူက ဆက်တယ်။ အဲဒီမှာ ထူးဆန်းတာပါလို့လား"
“ဘာမှတော့ မထူးဆန်းဘူး၊ ဒါပေမဲ့ ... ထူးဆန်းသလို ဖြစ်နေတာက၊ ငါ... ဖုန်းနံပါတ် ပေးလိုက်တုန်းက မြနှင်းဆီနဲ့ ငါ, မကွဲသေးဘူး။
အခု မြနှင်းဆီ မရှိတော့တဲ့အခါကျမှ၊ သူ့ဖုန်းဝင်လာတာ။ ငါ့စိတ်ထဲ၊ တစ်ခုခု တိုက်ဆိုင် သလို ဖြစ်နေတယ်။
နောက်ပြီး .... ငါ့ပြန်စာထဲမှာ သူ့ကို ပြောရမှာများလို့၊ ဖုန်းနံပါတ် ထည့်ရေးပေးခဲ့တာ။ အဲဒါ ကိုလည်းမြနှင်းဆီ သိတယ် ...။ စာကိုတောင်မြနှင်းဆီ ... သွားထည့်ပေးခဲ့တာ။
အခု သူ ဖုန်းဆက်တဲ့အချိန်မှာ မြနှင်းဆီ မရှိတော့ဘူး။ သူကတော့ ... မြနှင်းဆီကို မေး တယ်။ ငါ ... ခရီးသွားနေတယ်ပဲ ပြောထားခဲ့တယ်
"ဘာလဲ၊ မင်း အိမ်ထောင်ပျက်တစ်ယောက် ဖြစ်နေတာကို သူ .. မသိစေချင်လို့လား" ကျွန်တော်က . .
“အိမ်ထောင်ကွဲတယ်၊ အိမ်ထောင်ပျက်တယ်ဆိုတာ၊ မင်္ဂလာသတင်းမှ မဟုတ်တာ။ အ,မင်္ဂလာသတင်း၊ မလိုအပ်ဘဲ၊ မပြောချင်ပါဘူး” ထွန်းဦးက ..
“ဒါနဲ့ အဲဒီကောင်မလေးက ဘာ ထူး ခြားမှုရှိလို့လဲ။ မင်းဆီကို၊ စာတွေရေးပြီး ... မေး ကြ မြန်းကြတဲ့ သူတွေ အများကြီးထဲမှာ .. သူက တစ်ခုခု ပိုထူးခြားနေလို့လား”
“မထူးခြားဘဲနဲ့ စကားထဲ...ငါ ထည့်ပြော ပါ့မလား”
“ဪ ... အေး၊ မင်းနဲ့ ... အဲဒီကောင်မ လေးနဲ့၊ အခုမှ သိကျွမ်းကြတာ မဟုတ်ဘူးပေါ့"
“စာ ... အဆက်အသွယ်ရှိတာ ခုနစ်နှစ် လောက်ရှိပြီ"
“ဟာ၊ ဟုတ်လား"
“ဟုတ်တယ်၊ မေးကြမြန်းကြတဲ့ စာတွေကို ငါ ..., လိုအပ်ရင်၊ ပြန်ပေးနေကျပဲ။
ပြီး သူ့ကိုလည်း ငါ, စာတွေပြန်ခဲ့တာပဲ။ သူ့ တစ်ယောက်တည်းအပေါ် ဂရုတစိုက် ပြန်ဖြစ်ခဲ့တာ တော့ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ ... ဂရုစိုက်မိရလောက်အောင် ထူးခြားမှုတွေတော့ အများကြီးပဲလို့၊ ငါ... သိတယ်”
“ဪ .. မင်း.. အဲဒါတွေ ပြောပြချင်တာ"
“ဆိုပါတော့”
“ဘာလို့၊ ပြောပြချင်တာလဲ” ထွန်းဦးက၊ ပြုံးလျက် ပေး၏။ ကျွန်တော်က . ဘာမှ၊ မစားဘဲ တစ်ခုခုကို မျိုချလျက် ..
“ငါ ... သူ့ကို ဖုန်းမဆက်ဖို့ ပြောလိုက်ပါ တယ်။ ပြီးခဲ့တဲ့ တစ်လ,လောက်က” ထွန်းဦး မျက်ခုံးတွန့်သည်။ ပြီး ရုတ်တရက် ချက်ချင်း၊ သူ .. နားမရှင်းလောက်။
“ငေါက်ငေါက်ငမ်းငမ်းပြောလိုက်တာလား"
“အဲဒီလိုတော့ မဟုတ်ဘူးပေါ့။ စာစီစာကုံး စာအုပ်တစ်အုပ်ရေးမလို့ မအားတော့ဘူး . လို့ပြောလိုက်တာ။ အခု တစ်လပြည့်တော့ သူ ဖုန်းပြန်ဆက်တယ်၊ ဆက်တဲ့အခါမှာ၊ ငါ.. ဘာစာ အုပ်မှ ရေးနေတာ မဟုတ်ဘူးဆိုတာ သူသိသွားတယ်”
“ဒါဆို ... မင်းက ... တမင်ရှောင်ခဲ့တဲ့ သဘောပေါ့” ကျွန်တော် ခေါင်းညိတ်ပြီး ၊
“ဘာကြောင့် ရှောင်တာလဲ”
ကျွန်တော် စကားမတုံ့ပြန်။
“အဲဒီကောင်မလေး ဖုန်းမဆက်တော့အောင်၊ တားလိုက်တာဟာ၊ မင်း နှလုံးသားကို တားလိုက်တာမျိုး၊ ဖြစ်နေတာလား ကိုကိုအောင်"
ကျွန်တော်၊ အဖြေစကား မရှိ။ အတန်ကြာမှ၊ ထွန်းဦးကို ကြည့်ရင်း ..
“မေးခွန်းတစ်ခုတည်းကို ဖြေရမယ့်အဖြေ စကားက တစ်ခွန်းတည်းနဲ့ မလုံလောက်ဘူး ထွန်းဦး။
ရင်ဖွင့်ချင်လို့၊ ပြောစရာရှိတယ် .... ဆိုပြီး၊ ငါ.., စကား စ,ထားတာပါ”
“အေးပါ။ ငါ ... နားလည်ပါတယ်"
“အဲဒီ ကောင်မလေးနဲ့ငါ...၊ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ... စာအဆက်အသွယ်ရှိတာ၊ ငါ ... အိမ်ထောင် မကျခင်ကတည်းကဘဲ။
ရိုးသားဖြူစင်တဲ့ .... ဆက်သွယ်မှုဆိုတာတော့ ငါ... ရှင်းပြစရာ မလိုဘူး ထင်ပါတယ်” ထွန်းဦး ခေါင်းညိတ်၏ ။
“အခု ..၊ ... စိတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေကို၊ ပါးစပ်နဲ့ ပြောပြမယ် ... ဆိုရင်၊အချိန်တွေ အများကြီး လိုမယ်လေ။ (ခုနစ်) ... နှစ် စာလောက်ကို တစ်ထိုင်တည်း ပြောဖို့ မလုံလောက် ဘူး”
“အေး၊ ဟုတ်ပါတယ်။ ငါ .... သဘော ပေါက်ပြီ။ သူငယ်ချင်း”
“ဒီတော့ကွာ။ မင်း အချိန်ပေးနိုင်မယ်ဆို ရင် ၊ သူ ရေးထားတဲ့စာတွေ ငါ.. ပေး ဖတ်မယ်။ အဲဒီ စာတွေအပေါ်၊ ငါ .... ဘယ်လို ပြန်စာရေးတယ်ဆိုတာ၊ ပါးစပ်နဲ့ ပြောပြမယ်။ တချို့ ပြန်စာတွေကို မိတ္တူကူးထားသေးတယ်။
(ခုနစ်) နှစ်စာ။ ပြီးတော့မှ၊ အခု လက်ရှိ၊ ငါ့.. နှလုံးသား အခြေအနေကို ပြောပြလို့ ရမှာ။ ပြည့်စုံမှာ ....”
“အေး၊ ဟုတ်ပြီး ဟုတ်ပြီး ငါ... အချိန်ပေး တယ်ကွာ။
မင်းပါးစပ်က ... ၊ ဘုရား, တရားအကြောင်း ပဲကြားရတာ များတယ်။ ဒီ စကားမျိုး ကြားရတာ၊ ဒီ အကြောင်းအရာမျိုး ဆွေးနွေးတာအခုမှ ကြုံဖူးတာ။
"ငါ ... စိတ်ဝင်တစား အချိန်ပေးပါတယ် ကွာ။ နှုတ်လည်း လုံပါ့မယ်" ကျွန်တော် ခေါင်းခါလျက်
“ဒါ... လျှို့ဝှက်ချက် မဟုတ်ဘူး ထွန်းဦး။"
အရိုးသားဆုံး နှလုံးသားကိစ္စကို၊ ဘာနဲ့မှ၊ ဖုံးဖိထားစရာ မလိုဘူး။
ဘုရား, တရား, သံဃာ တန်ဖိုးကို ငါ... ဉာဏ်ကောင်းကောင်းနဲ့၊ သိထား ရိုသေ ကိုင်းရှိုင်း ထားတဲ့အတွက်နီးစပ်ရာ လူတိုင်းကို၊ ဘုရားကြည်ညိုဖို့၊ တရားလေ့လာဖို့၊ သံဃာ ရိုသေဖို့ စကားပါး ငါ့စေတနာ။
လူယောက်ျားတစ်ယောက်က လူ ... မိန်း ကလေးတစ်ယောက်အကြောင်းကို ပြောမိ ဆွေးနွေး မိတာ၊ လူပီသတဲ့ ငါ့.. ဘဝ။
ဒါ - ဖုံးကွယ်ထားစရာလို့ ငါမယူဆ, သလို၊ ရှက်စရာလို့၊ မခံယူဘူး။
တစ်ခုတော့ ရှိတာပေါ့။ ဘုရား, တရား အကြောင်းပြော မိန်းမ အာရုံပေါင်းများစွာ ထားနေ တာမျိုးဆိုရင်တော့...၊ ဒါ.. ရှက်စရာကောင်း တဲ့ အခြေအနေပေါ့။
အခု , မင်းကို ပြောပြမှာ၊ တစ်ဦးတည်း သော၊ မိန်းကလေးတစ်ယောက်ရဲ့ ကိစ္စ။
ဖုံးဖိထားစရာ မလိုသလို ရှက်ရွံ့စရာလည်း၊ မလိုဘူး။ အဲဒီ မိန်းကလေးသာ၊ ငါ့ နှလုံးသားကို မြင်နိုင်စွမ်းရင်၊ သူလည်း .... သာဓုခေါ်မှာပါ"
“နာမည် ဘယ်သူတဲ့လဲ” “စမ်းစမ်းစိုး" “နယ်က ... ပေါ့"
“ဟုတ်တယ်။ နယ်က မော်လမြိုင်က။ အခု လောလောဆယ် တက္ကသိုလ်မှာ အမှုထမ်း နေတယ်။ ဆရာမ, ပေါက်စလေးပေါ့"
“လူ မမြင်ဖူးသေးဘူးပေါ့" “နောက်ဆုံးရေးတဲ့စာမှာ ... ဓာတ်ပုံထည့်ပေးတယ်" ဟု၊ ကျွန်တော် ပြောလိုက်သည်။
အခြားသော စာပေါင်းများစွာ ထည့်ထားသည့် ပလတ်စတစ် ခြင်းကြီးထဲမှ ရွေးထုတ်စီထပ်ထားသော၊ စမ်းစမ်းစိုး၏စာများစွာကို ထွန်းဦး၏အနီးတွင် ပုံပေးလိုက်၏။
စိတ်ကူး အိပ်မက်များကို၊ စုပုံလေသည် ....... ဟု မခံစားချင်။