Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်လွင်ပြင် - မိသားစုဘဝသာယာရေးနှင့်မိဘတို့၏ပြဿနာများ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

သားသမီးတို့အား အိမ်မှုကိစ္စများ စေခိုင်းခြင်း

စာရေးဆရာကြီး ဒေါက်တာ ဘင်ဂျမင်စပေါ့ခ် (Dr. Benjamin Spock) သည် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး၊ မိသားစုဘဝ ပျော်ရွှင်ရေး၊ အိမ်ထောင်ရေးပြဿနာများကို အထူးကျွမ်းကျင်နှံ့စပ်သော လူမှုရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် Baby and Child Care စာအုပ်ကို ပြုစုရေးသား ထုတ်ဝေခဲ့ရာ နာမည်ကြီးလွန်း၍ ကမ္ဘာပေါ် တွင် သမ္မာကျမ်းစာအုပ်ပြီးလျှင် ဒုတိယအရောင်းရဆုံး စာအုပ်အဖြစ် အသိအမှတ်ပြုခံရသည်။

သူသည် မိသားစုပြဿနာများကို လေ့လာ သုတေသနပြုထား သော စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့သေးသည်။ ယင်းစာအုပ်မှာ Problems of Parents “မိဘတို့၏ ပြဿနာ အခက်အခဲများ” ဖြစ်သည်။ ယင်းစာအုပ်ကို ဆရာမောင်စိုးသစ်က “သားသမီးကို နားလည်ခြင်းနှင့် မိသားစုဘဝ ထိန်းသိမ်းနည်းပညာ ́ဟု အမည်ပေးပြီး ဘာသာပြန်ဆို ထုတ်ဝေဖူးသည်။ ယင်းစာအုပ်ကို ကျွန်တော် ဖတ်ရသောအခါ မိသားစုကို ထိန်းကျောင်းနေရသော၊ မိသားစုဘဝတည်ဆောက်နေရသော၊ မိသားစုဘဝသာယာရေးကို ရှာဖွေနေကြသော မိဘများအား ပြန်လည်ဖောက်သည်ချ ချင်သည့်အကြောင်းများ တွေ့လာရသည်။ မိသားစုဟူသည် မိဘနှင့် သားသမီးများ ပေါင်းစည်းထားသော လူမှုအဖွဲ့ အစည်း အသေးစားကလေး ဖြစ်သည်။ မိသားစုဘဝထိန်းကျောင်းခြင်း ဟူသည်မှာလည်း မိဘက သား သမီးများအား မည်သည့်ပုံစံဖြင့် မည်သို့ ထိန်းကျောင်းသွန်သင် ပဲ့ပြင်ဆုံးမ မည်နည်း ဟူသည်ပင် ဖြစ်သည်။

ထို့ကြောင့် မိသားစုဘဝ သာယာရေး ရယူခံစားလိုသူတိုင်းသည် မိဘနှင့်သားသမီး မည်သို့ ဆက်ဆံနေသနည်း၊ မိဘနှင့် သားသမီး ဆက်ဆံရေး မည်မျှ ကောင်းမွန်နေသနည်း၊ မည်သည့် နည်းလမ်းများ သည် မိဘနှင့် သားသမီးဆက်ဆံရေးကို ကောင်းမွန်စေသနည်းတို့ကို လေ့လာထားရပေမည်။ အကြမ်းအားဖြင့်ဆိုရသော် မိဘနှင့် သားသမီး ဆက်ဆံရေးကောင်းမွန်နေလျှင် ထိုမိသားစုဘဝ သာယာနေမည်ဟု ပြောနိုင် ပါလိမ့်မည်။ မိဘနှင့် သားသမီး ဆက်ဆံရေးကောင်းမွန်စေရေးတွင် မိသည် အခရာကျသည်ဟု မြင်သည်။ မိဘသည် သားသမီးကို မည်သို့ ထိန်းကျောင်းကိုင်တွယ်နိုင်သနည်းဟူသည်ကို မူတည်ပြီး မိသားစုဘဝ မည်မျှ သာယာသနည်းကိုလည်း တိုင်းတာနိုင်ပါသည်ဟု ယူဆပါသည်။

မိသားစုဘဝ သာယာရေးအတွက် မိဘတို့၏ ပထမပြဿနာ အခက်အခဲတစ်ရပ်ကို စတင် တင်ပြချင်ပါသည်။ ဒေါက်တာ ဘင်ဂျမင် စပေါ့ခ်က “ကလေးများ၏ အကူအညီရယူမှုနှင့် မိသားစုတာဝန်'ဟု ခေါင်း စဉ်ပေးထားပါသည်။ ယင်းပြဿနာအခက်အခဲတစ်ရပ်မှာ မိဘများသည် သားသမီးတို့အား အိမ်မှုကိစ္စအဝဝကို တာဝန်ပေးခိုင်းစေခြင်း ပြုလုပ်သင့် ပါသလား ဖြစ်သည်။ ကလေးများအား အိမ်အလုပ်တွေ ခိုင်းသင့်၊ မခိုင်း သင့်မှာ မိဘတို့ ဆုံးဖြတ်ရခက်သော အခက်အခဲတစ်ခုဖြစ်သည်။ ယင်း သည်လည်း မိဘက သားသမီးကို ထိန်းကျောင်းကိုင်တွယ်နိုင်ရေး အချက် ထဲတွင် အကျုံးဝင်နေသည်။ မိသားစုဘဝ သာယာရေးနှင့်လည်း သက်ဆိုင် နေသည်။

ဒေါက်တာစပေါ့ခ်က ကလေးများအား အိမ်အလုပ်ခိုင်းခြင်း၊ မခိုင်းခြင်းတွင် မိဘများ သဘောထားကွဲလွဲကြကြောင်း ပြောထားပါသည်။

နိစ္စဓူဝ အိမ်မှုကိစ္စလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ သားသမီး တွေကြားမှာ၊ မိဘ မိဘချင်းကြားမှာ တွေးမြင်ယူဆချက်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ အများစုကတော့ ကလေးတွေကို အိမ်အလုပ်တွေ ခိုင်းသင့်တယ်လို့ မြင်ကြတယ်။ ဒါပေမဲ့ တချို့ မိဘတွေကတော့ အိမ်အလုပ် တွေကို ကိုယ်တိုင်လုပ်လိုက်တာက ပိုပြီး ချောချောမွေ့မွေ့ ကောင်းကောင်း မွန်မွန် ဖြစ်သွားဦးမယ်၊ သူတို့ သားသမီးတွေကို အဲဒီအလုပ်တွေ ခိုင်းနေဖို့ နေနေသာသာ လုပ်ခိုင်းဖို့ ကြိုးစားပြောနေရတာနဲ့တင် အတော်လေး ဒေါသဖြစ်ရတာတွေရှိတဲ့အတွက် လုပ်ခိုင်းမနေတော့တာမျိုးလည်း ရှိပါ တယ်။ ။

တချို့ မိဘတွေကတော့ ကျွန်မတို့ကတော့ ကျွန်မတို့ကလေးတွေကို ကျွန်မတို့ လုပ်ခဲ့သလို တစ်ချိန်လုံး အလုပ်ချည်းပဲ လုပ်မနေစေချင်ဘူးလို့ ပြောတတ်ကြသလို သူတို့ဟာ ငယ်ရွယ်တဲ့ ကလေးဘဝကို တစ်ခါပဲ ရကြတာပါ၊ သူတို့ ပျော်ပျော်ရွှင်ရွှင်နေလို့ရတုန်း နေကြပါစေလို့လည်းပြောတတ်ကြပါတယ်။ နောက်တစ်ခုက ဘယ်အသက်အရွယ်မှာ ဘယ် အလုပ်မျိုးဟာ သင့်တော်စေမယ်၊ သူတို့ကို မုန့်ဖိုးအနေနဲ့ပဲ ဖြစ်ဖြစ်၊ တခြားပုံစံတစ်မျိုးမျိုးနဲ့ ဖြစ်ဖြစ် အခကြေးငွေ ပေးသင့်သလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်”ဟု ဆိုထားသည်။

ဒေါက်တာ စပေါ့ခ်သည် ကလေးများအား အိမ်မှုကိစ္စ မိသားစု တာဝန် လုပ်ငန်းများကို လုံးဝမခိုင်းဘဲ ထားသော မိဘများနှင့် သဘော ထားချင်း မတိုက်ဆိုင်ဟု ဆိုသည်။ သားသမီးတို့အား တတ်နိုင်သရွေ့ မိသားစုတာဝန် အိမ်မှုကိစ္စများကို တစ်ပိုင်တစ်နိုင်စေခိုင်းသင့်သည်ဟု ဆိုသည်။ ထိုသို့ ဆောင်ရွက်စေခြင်းမှာ သားသမီးများအား ကိုယ်ချင်းစာ တရားထားတတ်အောင်၊ ယဉ်ကျေးသိမ်မွေ့အောင် သင်ကြားပေးခြင်း မည်သည်ဟု ဆိုသည်။ ထိုသို့ အလုပ်မခိုင်းစေလျှင် ထိုသားသမီးတို့သည် အိမ်နီးချင်းများကြား၊ ကျောင်းမှ သူငယ်ချင်းများကြား၊ မိသားစုဝင်များ ကြားတွင် စိတ်ကျေနပ်မှုမရှိစေသော၊ တစ်ကိုယ်ကောင်းဆန်တတ်သော၊ တကျည်ကျည်လုပ်တတ်သော ကလေးများ ဖြစ်သွားစေနိုင်သည်ဟု ဆိုသည်။

အဲဒီအကျင့်စရိုက်တွေဟာ သူတို့အလုပ်မှာ၊ အိမ်ထောင်မှုဘဝမှာ

ကျေနပ်နှစ်သက်မှုနဲ့ အလိုလိုက် အကြိုက်ဆောင်မှုတွေကို မျှော်လင့်ထား တတ်ကြတဲ့ လူကြီးတွေ ဖြစ်လာစေတဲ့အထိ ပါသွားနိုင်ပါတယ်။ အဲဒီလူမျိုးတွေဟာ ပျော်ပွဲစားထွက်တဲ့အချိန်မှာ ဘာတွေလုပ်ဖို့ လိုအပ် တယ်၊ ရုံးမှာဆိုရင် ဘာလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုတောင် သိပ်မသိကြ ပါဘူး။ သူတို့ ရဲ့ အိမ်ထောင်မှုဘဝမှာ အဆင်မပြေမှုတွေ တွေ့စပြုလာတဲ့ အချိန် သူတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ရဲ့ အပြစ်ကိုပဲ မြင်တတ်ကြပါ တယ်။ သူတို့တွေ အလုပ်ပြုတ်သွားတဲ့အခါကျတော့လည်း ပိုင်ရှင်သူဌေးကို အပြစ်တင်တတ် ကြပါတယ်။

မိဘတွေဟာ အိမ်အလုပ်တွေကို သူတို့ဘာသာ လုပ်လိုက်ရင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ မြန်မြန်ဆန်ဆန် ပြီးစီးသွားနိုင်တာပဲဆိုပြီး သားသမီးတွေကို မလုပ်ခိုင်းတာဟာ မှားယွင်းတယ်လို့ ကျွန်တော် ယူဆ ပါတယ်။ မူကြိုနဲ့ မူလတန်းကျောင်းတိုင်းက ဆရာမတွေက ကလေးတွေဟာ ဆရာမနဲ့ အတန်းအတွက် ကူညီလုပ်ဆောင်ပေးခြင်းအားဖြင့် တာဝန်ရှိမှုနဲ့ အသိစိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်လာစေပြီး အဲဒီလို ကူညီဆောင်ရွက်ပေး တာမျိုး သူတို့မလုပ်ကြဘူးဆိုရင် တာဝန်ယူတတ်တဲ့ အသိစိတ်ဓာတ် သူတို့မှာ ဖွံ့ဖြိုးတိုးတက်မလာကြဘူးဆိုတာ သိမြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွေ နှောင့်နှေးကြန့်ကြာသွားမယ်ဆိုရင်တောင် အိမ်အလုပ်တွေကို ကူညီဆောင်ရွက်စေခြင်း၊ တာဝန်ခွဲဝေပေးခြင်းတို့ကို လုပ်ဆောင်သင့်ပါ တယ်။ ဒါဟာ မိဘတွေက သူတို့ရဲ့ စာရိတ္တကို တည်ဆောက်ပေးနေခြင်းပဲ ဖြစ်ပါတယ်”ဟု ကလေးများအား အလုပ်ခိုင်းစေသင့်ကြောင်း ဒေါက်တာ စပေါ့ခ်က ရှင်းပြထားခြင်းဖြစ်သည်။

ထို့အပြင် မိဘတို့သည် သူတို့၏ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် တောင်းဆိုခြင်းသည် သူတို့၏ တာဝန်ယူလိုစိတ်နှင့် သူတို့ လုပ်ကိုင်ရမည့် အလုပ်ကို လုပ်ဆောင်နေချိန်တွင် ခံစားရမည့် ပီတိစိတ်ဖြစ်ပေါ်စေရန် ဖန်တီးခြင်းလည်း မည်သည်ဟု ဆိုထားသေးသည်။

မိသားစုတွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသည် ပန်းကန်ဆေး၊ မီးဖိုဆောင် သန့်ရှင်းရေးလုပ်၊ အိပ်ရာခင်း စသည့်လုပ်ငန်းများကို မိခင်နှင့် အတူ ကူညီလုပ်ပေးနိုင်သည်။ ထိုနည်းတူ ယောက်ျားလေးတစ်ဦးသည်လည်း ဖခင်နှင့်အတူ ကားရေဆေး၊ ဥယျာဉ်စိုက်ပျိုး၊ အိမ်ဝန်းကျင် သန့်ရှင်းရေး လုပ် ဟူသော လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ကိုင်နိုင်သည်။ အသက် ခြောက်နှစ်မှ ကိုးနှစ်အတွင်း ရှိပြီဆိုလျှင် ထိုသားသမီးတို့သည် မိဘတို့ အား ကောင်းကောင်းကူညီနိုင်ပြီ။ မိသားစုတစ်စုတွင် သားသမီးတို့သည် မိမိတို့နှင့်ဆိုင်ရာ တာဝန်များကို မဖြစ်မနေယူသင့်သည်ဟု ဒေါက်တာ စပေါ့ခ်က ဆိုထားသည်။ ယောက်ျားလေးတို့သည် မိမိအိပ်ရာ မိမိ ခင်းခြင်း၊ သိမ်းခြင်း၊ မိမိတို့ စားသောက်ပြီး ပန်းကန်များကို မိမိဘာသာ ဆေးကြောခြင်း စသည်တို့မှ အစ အခြား တစ်ကိုယ်ရေတစ်ကာယ ဆောင်ရွက် စရာများကို ကိုယ်တိုင်ဆောင်ရွက်သင့်သည်။ မိဘက လိုက်လုပ်ပေး ရခြင်းများကို ရပ်ဆိုင်းပစ်ရတော့မည်။ ညီအစ်ကို မောင်နှမများ၍ အစ်ကို အစ်မများ လိုက်လုပ်ပေးရခြင်းများကိုလည်း ရပ်ဆိုင်းပစ်ရမည်။ မိမိ တစ်ကိုယ်စာ မိမိဘာသာ တာဝန်ယူခြင်းသည် မိမိကိုယ်ကို ယုံကြည် အားကိုးစေသော စိတ်ဓာတ်ကို လေ့ကျင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးတောင်မှပဲ ထမင်းစားပွဲပေါ် လက်သုတ်ပဝါ တင်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ မိခင်က ကလေး လေးကို အဝတ်အစား လဲပေးနေချိန်မှာ သူက သူ့အမေကို လက်သုတ်ပဝါ ယူပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်မှာ သူ့ကစားစရာလေးတွေကို သူ့ဘာသာ သိမ်းနေတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ် အရွယ် ကလေးတစ်ယောက်ကို တစ်ညနေလုံး ရှုပ်ပွနေတဲ့ပစ္စည်းတွေကို တစ်ယောက်တည်း တာဝန်ယူစေပြီး သိမ်းဆည်းခိုင်းတာမျိုးကတော့ သဘာဝမကျလှပါဘူး။ အဲဒီလောက်ထိတော့ သူနားလည်နိုင်မှာ မဟုတ် သေးပါဘူး။

ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ဆိုရင် တော့ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးလုပ်ခိုင်းတာ၊ အဝတ်ခြောက်တွေ ခေါက်ခိုင်းတာ၊ ကားသန့်ရှင်းရေးလုပ်တာ စတဲ့ အလုပ်တွေကို တစ်နာရီလောက် လုပ်ခိုင်းဖို့ သင့်တော်ပါပြီ။ ဒါပေမဲ့ သူ့ကို အလုပ်စေခိုင်းရခြင်း ရည်ရွယ်ချက်ကို ကောင်းကောင်းရှင်းမပြထားဘဲနဲ့ စေခိုင်းတာဆိုရင်တော့ အဲဒီအလုပ်တွေ ဆက်လုပ်ဖို့၊ အပတ်စဉ် ဆောင်ရွက်ဖို့ သူဝန်လေးနေပါလိမ့်မယ်၊ ငြင်းဆန်နေပါလိမ့်မယ်၊ ရှောင်ထွက်သွားဖို့ ဉာဏ်နီဉာဏ်နက် ဆင်ပါလိမ့်မယ်”ဟု ဒေါက်တာ စပေါ့ခ်က အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်ပြီး ရှင်းပြထားသည်။

အိမ်အလုပ်များ စေခိုင်းခြင်းတွင် မိဘများ ရင်ဆိုင်ရဦးမည့် နောက်ထပ် ပြဿနာတစ်ရပ် ရှိသေးသည်။ အလုပ်လုပ်ခိုင်းခြင်းအတွက် မုန့်ဖိုးဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ အခကြေးငွေ ပေးသင့်၊ မပေးသင့် ပြဿနာ ဖြစ်သည်။ ဒေါက်တာ စပေါ့ခ်က အလုပ်လုပ်ခြင်းနှင့် ငွေကြေး မည်မျှလောက် ဆက်စပ်မှုရှိသနည်းအပေါ် သူတို့ မည်သို့ နားလည်သနည်း ဆိုသည့်အပေါ် မူတည်ကာ မိသားစုအမျိုးမျိုး ကွဲပြားသွားနိုင်သည်ဟု ထင်မြင်ချက်ပေးထားပါသည်။ ။

အဲဒါဟာ မိဘတွေက သားသမီးတွေကို အပိုဝင်ငွေ (ပေးနေကျ မုန့်ဖိုးအပြင်) ရှာဖို့ အားပေးချင်သည်ဖြစ်စေ၊ မပေးချင်သည်ဖြစ်စေ၊ နိစ္စဓူဝ အိမ်မှုကိစ္စတွေဟာ မက်လုံးတစ်ခုမပါဘဲ ပြီးနိုင်သည်ဖြစ်စေ၊ မပြီးနိုင်သည်ဖြစ်စေ မိဘတွေရဲ့ သဘောထားပေါ်ပဲ မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုမပြီးရင် အခကြေးငွေ မရနိုင်ဘူးဆိုတဲ့ အသိ ကတော့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ကောင်းမွန်တဲ့ အထိန်းအကွပ်တစ်ခု ဖြစ်တယ်ဆိုတာကတော့ သေချာပါတယ်” ဟု ဆိုသည်။

ယင်းသို့ ဆိုသဖြင့် ဒေါက်တာ စပေါ့ခ်သည် အလုပ်ခိုင်းလျှင် ထိုက်သင့်အားလျော်စွာ အခကြေးငွေပေးသင့်သည်ဟု ယူဆပုံရသည်။ ယင်းမှာ အလုပ်ကို တန်ဖိုးထားစေချင်၍ ဖြစ်နိုင်သည်။ အလုပ်ပြီးမြောက် အောင် လုပ်ဆောင်တတ်ခြင်းအတွက် ဂုဏ်ပြုချင်၍လည်း ဖြစ်နိုင်သည်။

ဒါပေမဲ့ ကလေးတစ်ယောက်ဟာ သူလုပ်သမျှ အရာရာတိုင်း အတွက် အခကြေးငွေတောင်းခံလာမှာကို ကျွန်တော်တို့ ခွင့်မပြုသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု ဆိုထားပြန်သည့်အတွက် ကလေးဘဝမှာ ကြေးစားဆန်ခြင်း စိတ်ဓာတ်ကိုတော့ မိဘများ သတိထား ရှောင်ရှား ရမည်ကိုလည်း နားလည်လိုက်ရပါသည်။