Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်လွင်ပြင် - မိသားစုဘ၀ထဲကဆယ်ကျော်သက်တို့ဘ၀

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အပျိုဖြန်းလူပျိုဖြန်းတို့နှင့်တကွမိသားစုဘဝသာယာရေး

ဆယ်ကျော်သက် (သို့မဟုတ်) အပျိုဖြန်း လူပျိုဖြန်း

အကြင်ဇနီးမောင်နှံနှစ်ဦးမှာ အချိန်တန်လို့ သားသမီးထွန်းကားပြီ ဆိုတာ နဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ဆောင်နေစဉ်အတွင်း တစ်ချိန်ချိန် ကျရင်တော့ ဆယ်ကျော်သက်ရွယ်ဖြစ်လာမယ့် သားသမီးကို ထိန်းကျောင်း ကြပ်မတ်ရဦးမှာပဲလို့ တွေးထင်မိချင်မှ တွေးမိပါလိမ့်မယ်။

တကယ်တော့ ကလေးပေါက်စနလေးကို ပြုစုစောင့်ရှောက်နေခြင်းဟာ နောင်တစ်ချိန် ဆယ်ကျော်သက်ရွယ်ကို ပြုစုပျိုးထောင်ပေးဖို့ အစပျိုးနေခြင်းပဲ ဖြစ်ပါတယ်။ မိဘနှစ်ဦးတို့ခမျာ ဆယ်ကျော်သက်ရွယ်ဆိုတဲ့ အင်မတန် ရှုပ်ထွေး ပွေလီ နည်းမျိုးစုံ အစီအရီ အခက်အခဲ ပြဿနာပေါင်းများစွာ ရှိတတ်တဲ့ အချိန်ကာလတစ်ခုကို ကျော်ဖြတ်ရဦးမှာ အသေအချာပါပဲ။ အဲဒီအချိန်ကာလဟာ သုံးနှစ်ကြာချင်လည်း ကြာမယ်၊ ငါးနှစ်ကြာချင်လည်း ကြာမယ်၊ မကျော်ဖြတ် ချင်ပါဘူးလို့တော့ ငြင်းဆန်လို့မရနိုင်ပါဖူး။ ဆယ်ကျော်သက်ရွယ်ကို မထိန်း ကျောင်းချင်ပါဘူးဆိုပြီး လက်လွှတ်လိုက်လို့ ရတာမျိုးမှမဟုတ်တာလေ။

ဆယ်ကျော်သက် (Adolesence) ဆိုတာ ဒီဆောင်းပါးမှာတော့ မြန်မာ အခေါ် အပျိုပေါက်လူပျိုပေါက်အရွယ်ကို ဆိုလိုပါတယ်။ အပျိုလူပျိုခရီးကို စတင်နေပြီဖြစ်တဲ့ ရှက်သွေးဖြန်းတတ်ကြတဲ့ အပျိုဖြန်းလူပျိုဖြန်းအရွယ် ဖြစ် ပါတယ်။

မွေးကင်းစအရွယ် ကလေးကတည်းက မိဘနဲ့ ရင်အုပ်မကွာနေထိုင်ပြီး ကြီးပြင်းလာရတဲ့ အိမ့်ဆည်းလည်းကလေးဟာ အခုတော့ မိဘတွေရဲ့ ဒေါသ မြစ်ဖျားခံရာ အရွယ်ရောက်လာပါပေါ့လားလို့ ပြောရမလိုဖြစ်နေပါတယ်။

အဲဒီ အပျိုဖြန်းလူပျိုဖြန်းတို့မှာ ဒေါသဖြစ်စရာတွေ ရှဲပါလာသလား ဆိုတာမျိုး မဟုတ်ပေမဲ့၊ သူတို့အရွယ်မှာ လုပ်လာကြတဲ့ လုပ်ရပ်ကလေးတွေက ဒေါသထွက်စရာတွေ ဖြစ်ဖြစ်နေတတ်ပါတယ်။ မိဘတွေဘက်က ကြည့်ရင်လည်း တစ်ချိန်လုံး ငါတို့ပြောစကားအတိုင်း တစ်သဝေမတိမ်း နားထောင်လာခဲ့တဲ့ ကလေး၊ ငါတို့ပြုစုယုယသမျှ တစ်ချိန်လုံး နာခံလာခဲ့တဲ့ကလေး၊ ငါတို့ ကျွေး သမျှ၊ ဆင်ယင်ပေးသမျှ တစ်ချိန်လုံး ငြိမ်ခံလာခဲ့တဲ့ကလေး၊ အခုတော့ ခြေစုံ ကန်ပြီး ပုန်ကန်နေလိုက်ကြတာ စသဖြင့် အလိုမပြည့်မှုတွေနဲ့ ရှိနေကြမှာပါပဲ။

လူပျိုပေါက်အပျိုပေါက်အရွယ် ရှိတဲ့ အိမ်ထောင်စုတစ်စုမှာ တစ်နေ့လုံး မှာ တစ်ခါတော့ အော်သံဟစ်သံ၊ ဆူညံဆူညံ မကြားမနေရ၊ ကြားကြရ ပါလိမ့်မယ်။ အော်ချင်ဟစ်ချင်၊ အိမ်ဆူပူညီချင်လို့ရယ်လို့တော့ မဟုတ်ပါဘူး။ သဘာဝတွေ မတူကြတော့ အားပြိုင်ရာက ပေါ်ထွက်လာတဲ့ မကျေနပ်သံတွေ ပေါ့။ တစ်နည်းအားဖြင့် အော်ကြီးဟစ်ကျယ် စကားသံတွေဟာ စိတ်သူပုန်ထ နေတဲ့ အပျိုဖြန်းလူပျိုဖြန်းတစ်ယောက်နဲ့၊ အဲဒီအပျိုဖြန်းလူပျိုဖြန်းအရွယ်ကို ဘယ်လို ထိန်းကျောင်းရမယ်မှန်း မသိတဲ့၊ အလိုမပြည့်တဲ့ မိဘတို့ အားပြိုင်ပွဲမှ ပေါ်ထွက်လာတဲ့ စကားသံ ဆူညံညံတွေပဲဖြစ်ပါတယ်။

တစ်ခါတစ်ခါမှာတော့ မိဘနဲ့ သားသမီးတို့ ပဋိပက္ခ ပိုမိုကြီးထွားလာ ပြီး၊ မကြာခဏ စိတ်အမာရွတ်တွေ ထင်ကျန်ရစ်ရတဲ့ အဖြစ်တွေလည်း ရှိနေ ပါသေးတယ်။

မိဘတို့ အခန်းကဏ္ဍအသက် စဖွင့်ရတော့မယ်

ဆယ်ကျော်သက်ရွယ် အသက် ၁၁ နှစ်၊ ၁၂ နှစ်၊ ၁၄ နှစ်အရွယ်ကို လွန်မြောက်လာပြီး၊ အပျို၊ လူပျိုဖြန်းအရွယ် ဝင်ပြီဆိုတာနဲ့ သူတို့ရဲ့ အခြေအနေ ဟာ ပြောင်းလဲလာပြီဆိုတာ အရင်သိလိုက်ရပါမယ်။ အပြောင်းအလဲဆိုတာ ခန္ဓကိုယ်အပြောင်းအလဲနဲ့ စိတ်ခံစားမှု အပြောင်းအလဲပဲဖြစ်ပါတယ်။ ။

ခန္ဓာကိုယ်အပြောင်းအလဲကြောင့် စိတ်ခံစားမှုတွေ အပြောင်းအလဲ ဖြစ် ပေါ်တယ်။ စိတ်ခံစားမှုတွေ ပြောင်းလဲ မှုကြောင့်လည်း ရုပ်ခန္ဓာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရပါတယ်။ သေချာတာကတော့ သူတို့ကိုယ်သူတို့ “ကလေးမဟုတ် တော့ဘူး” ဆိုတဲ့စိတ်ဟာ အခိုင်အမာ ကပ်ငြိနေပါတယ်။ ။

အဲဒီအချိန်မှာ မိဘတွေဟာ ငါတို့ရဲ့ အခန်းကဏ္ဍသစ်တစ်ခု စဖွင့်ရ တော့မှာပါလားလို့ အလျင်အမြန် ပြင်ဆင်ကြရတော့မှာပါ။ သူတို့အရွယ်ကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်ဖို့ ကိုယ်ကလည်း သူတို့နဲ့ ယှဉ်လိုက်နေရပါတော့မယ်။ သူတို့အခြေအနေကို အချိန်ပြည့် နားလည်နေနိုင်ဖို့၊ သူတို့ရဲ့ ရုပ်ခန္ဓာ ပိုင်းနဲ့ စိတ်ပိုင်းဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို အချိန်ပြည့် ကြည့်ရှုလေ့လာနေရပါတော့မယ်။

ဒါမှ ထိန်းမနိုင်သိမ်းမရ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီအရွယ် အပျိုဖြန်းလူပျိုဖြန်း တို့ကို ကောင်းကောင်းကိုင်တွယ် ဦးတည်ချက်တွေ ပေးနိုင်ပါလိမ့်မယ်။

အိမ်ထောင်စုတစ်စုမှာ အပျိုဖြန်းလူပျိုဖြန်း သားသမီး အရွယ်ရောက်ပြီ ဆိုတာနဲ့ မိဘက ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာ မပြင်ဆင် မိလိုက်တာနဲ့ သားဆိုးသမီးဆိုးလေးတွေ ဖြစ်သွားရတတ်တဲ့ အခြေအနေလည်း ရှိပါသေးတယ်။ ဟိုအရင် မွေးကင်းစကလေးကစလို့ မြေကြီးပေါ်လမ်းလျှောက် တတ်တဲ့အရွယ်အထိ အနာအဖျားမရှိအောင်၊ ဖွံ့ဖြိုးမှု မှန်မှန်တိုးတက်အောင် ထိန်းသိမ်းပြုပြင်ရတဲ့ ကာလတွေဟာ သားသမီးအတွက် အရေးကြီးကာလတွေ ဖြစ်နေသလို၊ အခုလို အပျိုလူပျိုဖြန်းအရွယ်၊ လူးလူးလဲလဲအရွယ်ကို ကိုယ်တွယ် ထိန်းကျောင်းရတဲ့ ကာလဟာလည်း အင်မတန်အရေးကြီးတဲ့ကာလတွေပဲ ဖြစ် ပါတယ်။

ဒေါသမီးအုံး မိုးသို့ချုန်း

အပျိုဖြန်းလူပျိုဖြန်းအရွယ်ကို ထိန်းကျောင်းနေရတဲ့ မိဘတို့ဟာ သူတို့ကို နားလည်ပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အခန်းကဏ္ဍသစ် ဖွင့်လှစ်ထားရမယ်။ အဲဒီ အခန်းကဏ္ဍသစ်ထဲမှာ သူတို့တွေရဲ့ ပေါ်ပေါက်လာတဲ့ ဒေါသကိုလည်း ဘယ်လို ချုပ်ငြိမ်းအောင် ထိန်းချုပ်ပေးရမလဲ။ ။

ဒေါသမီးအုံး မိုးသို့ချုန်းဆိုတာ သားသမီးနဲ့ မိဘတွေရဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ထကြွနေတဲ့ ဒေါသမီးအုံးကလေးတွေ ပေါင်းဆုံပြီး မိုးချုန်းသံ ပမာ မြည်ဟီးတတ်တဲ့သဘောကို တင်စားလိုက်တာပါ။ သားသမီးတို့ကလည်း ဒေါသစိတ်ကလေးနဲ့၊ မိဘတွေကလည်း ဒေါသစိတ်ကြီးနဲ့ ဖြစ်ကြတာ ပေါင်း ဆုံလိုက်တဲ့အခါမှာတော့ အဲဒီအိမ်ထောင်စုဟာ ဒေါသလက်နက်တွေပေါက်ကွဲ ဟိန်းထနေတဲ့ အိမ်ဆူအိမ်ပူကြီး ဖြစ်လို့နေမှာပါပဲ။

အပျိုလူပျိုဖြန်းဆိုပေမဲ့ သူတို့မှာလည်း အစွယ်နဲ့လို့ ပြောရမလိုပါပဲ။ သူတို့လည်းပဲ အလိုမကျတဲ့အခါ ရုတ်တရက် ဒေါသထွက်တတ်ပါလားဆိုတဲ့ စိတ်သဘာဝကို မိဘများ နားလည်စေလိုပါတယ်။ အဲဒီ သူတို့ ဒေါသကနေ ထွက်ပေါ်လာတဲ့ စကားလုံးတွေဟာလည်း မိဘတို့အဖို့ မခံချိမခံသာ ဖြစ်နိုင် တယ်။ နားမခံသာတာမျိုးလည်း ဖြစ်နိုင်တယ်။ နှုတ်လွယ်လွယ်နဲ့ ခံပက်တတ် ကြပါတယ်။ မိခင်အဖို့ကတော့ ရင်ဘတ်လက်နဲ့ဖိပြီး “အမလေး” တချင်လည်း တနေနိုင်ပါတယ်။

အိမ်ပူအိမ်ဆူတယ်ဆိုတာ အဲဒီက စနိုင်ပါတယ်။ သူတို့ဒေါသကို မိဘက ရေအေးအေးနဲ့ မငြိမ်းသတ်နိုင်ဘဲ ပွက်ပွက်ဆူတဲ့ ရေနွေးနဲ့ လောင်းချလိုက် မိရင် ဒေါသနှစ်ဒေါသက ပုန်ကန်ထကြွတော့တာပါပဲ။ အဲဒီအခြေအနေကို ဘယ်သူကဖန်တီးတာလဲ

အဲဒီအခြေအနေ ရောက်လာအောင် ဖန်းတီးသူ၊ သယ်ဆောင်လာသူက တော့ မိဘတို့ပဲ ဖြစ်ပါတယ်။ ဒီကောက်ချက်ကို စိတ်ပညာရှုထောင့်က ဆွဲထား တာပါ။ ကလေးသူငယ်နဲ့ ပျိုဖော်ဝင်စဘဝတွေမှာ မိဘရဲ့ ပြုစုပြောဆိုမှုတွေ ဟာ သူတို့ရဲ့ လက်ဦးဆရာ မိဘဆီက အတုခိုးယူလာခဲ့ကြပြီးသားပါ။ ကလေး တွေ ငယ်စဉ်မှာ မိဘရဲ့ အပြောကြမ်း၊ အဆိုကြမ်းမှုတွေ၊ အဆဲအဆို အမြီး အမောက်မတည့်စကားတွေနဲ့အတူ အမိအဖတို့ရဲ့ ဒေါသထွက်ပုံထွက်နည်း၊ ဒေါသအလျောက် တုံ့ပြန်ပုံ တုံ့ပြန်နည်းတွေဟာ သူတို့ရဲ့ အတုယူဖွယ်ရာ ဖြစ်ခဲ့ပါတယ်၊ တတ်လည်း တတ်ခဲ့ကြပါတယ်။

တကယ်လို့များ ကလေးငယ်ဘဝမှာ သူ့တို့ကလေးတွေကို သိမ်မွေ့ညင် သာစွာ ကိုယ်တွယ်ပြောဆိုခဲ့မယ်ဆိုရင် ကိုယ့်ဒေါသတွေလည်း သူတို့ကို မကူး စက်ခဲ့ဘူးဆိုရင်တော့ အခုနေအခါ အပျိုဖြန်းကလေးဟာ အတော်အတန်ငြိမ်ဝပ် အေးချမ်းနေမှာ မလွဲပါဘူး။

ဒါပေမဲ့ စင်းလုံးချောပြီး ဒေါသကင်းရှင်းနေမယ်ဆိုတာတော့ သိပ်မဖြစ် နိုင်ပါဘူး။ သူတို့ရဲ့ အရွယ်အရ စိတ်အသွားအလာသဘောက ရှိနေတော့ အခါ ခပ်သိမ်း ဒေါသကင်းငြိမ်း မနေပါဘူး။

မိခင်တစ်ဦးအနေနဲ့ မျက်စိအောက်က ကိုယ့်သမီးပျိုလေးကို အမြဲတစေ စောင့်ကြည့်နေမှာ မလွဲပါဘူး။ မျက်စိအောက်က ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ပြောင်းလဲနေတဲ့ အတွင်းစိတ်သဘောကိုလည်း စောင့်ကြည့် ဖို့လိုနေကြောင်း သိထားရပါမယ်။

တစ်ခါတလေကျတော့လည်း သူတို့ရဲ့ ညင်သာတဲ့ ဒေါသစိတ်ကလေး တွေက ကိုယ့်ကို ရိုက်ခတ်လာနိုင်ပါတယ်။ သမီးက အမေကိုပြောမယ်။ သမီးသူငယ်ချင်းက အမေ့ထက်တောင် ပိုနားလည်သေးတယ်၊ အမေ အသာ နေစမ်းပါ ဆိုတာမျိုး။ သားကပြောမယ်၊ အမေက မလုပ်ပါနဲ့ ပြောလည်း သား ကတော့ လုပ်ကိုလုပ်ရမှာပါပဲ၊ ဘာလို့လုပ်လဲလို့ မမေးနဲ့ အမေ၊ ပြောမပြ ဘူး ဆိုတာမျိုး။

ဟိုတုန်းက ငါ တစ်ခွန်းပြော တစ်ခွန်းရတဲ့ ကလေးတွေ၊ ခုတော့ ဘယ် လိုဖြစ်ကုန်ကြပါလိမ့်လို့ မိခင်တစ်ယောက် ဝမ်းနည်းပက်လက် ဖြစ်ချင်ဖြစ်နိုင် တယ်။ မိဘတို့ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရမယ်ဆိုတဲ့အထဲမှာ ကိုယ့်ကိုယ်ကို ခံနိုင်ရည်ရှိအောင်လည်း အားမွေးရဦးမယ်ဆိုတာ ပါဝင်ပါတယ်။

ပြီးတော့ သူတို့ရဲ့ ထွက်ထွက်လာတဲ့ ဒေါသစိတ်ကလေးတွေကိုလည်း ထိန်းချုပ်ထားရဦးမယ်၊ ကိုယ်က တစ်ဖန် ပြန်ထွက်လာတတ်တဲ့ ဒေါသစိတ် ကိုလည်း ထိန်းချုပ်ရပါဦးမယ်။ မိသားစုတွင်းမှာ ပေါက်ကွဲတဲ့အထိ မိဘနဲ့ သားသမီး ဒေါသထိန်းချုပ်နည်းလေးတွေကို ဆက်လက်တင်ပြသွားပါမယ်။

မိဘနှင့်သားသမီး ဒေါသထိန်းချုပ်နည်း

အပျိုလူပျိုဖြန်းတို့ရဲ့ အပြုအမူတစ်ချို့က မိဘတွေကို ဒေါသဖြစ်စေတယ်။ `သူတို့က သိချင်မှတောင် သိလိုက်မယ်။ သူတို့ကြောင့် ဒေါသဖြစ်ရကောင်းလား လို့တောင် အပြစ်တင်ချင်တင်ပါဦးမယ်။

ဒေါသဖြစ်ရတဲ့အနေအထားဟာ အိမ်ကို ဧည့်သည်လာတဲ့အခါမျိုးမှာ အဖြစ်များရတတ်ပါတယ်။ မျက်နှာစိမ်းဧည့်သည်၊ ဆွေမျိုးသားချင်းဧည့်သည်၊ ဘာဧည့်သည်လဲဆိုတာ သူတို့မခွဲခြားပါဘူး။ ဧည့်သည်ရောက်ခိုက်၊ စကားပြော ခိုက်၊ တည်းခိုခိုက် သူတို့က အခွင့်ကောင်းယူတတ်ကြတယ်။ အခွင့်ကောင်း ယူတဲ့အထဲမှာ သူတို့ အစွမ်းအစကိုလည်း ထုတ်ထုတ်ပြတတ်တယ်။

ဧည့်သည်ရှိခိုက်မှ သူတို့ရဲ့ အစွမ်းအစကို ထုတ်ပြရင်း မိဘကို ပက်ခနဲ ခံပြောလိုက်တာမျိုး မကြာခဏ ပေါ်ပေါက်နိုင်တယ်။ အပြောခံလိုက်ရတဲ့ မိဘ အဖို့တော့ ဒေါသက ထောင်းခနဲ ထရပြီပေါ့။ ဒီနေရာမှာ မဖြစ်မနေ ဒေါသစိတ်