မောင်လွင်ပြင် - ပျော်ပျော်ရွှင်ရွှင်မိသားစု
ပျော်ပျော်ရွှင်ရွှင်မိသားစု
လူတိုင်းပျော်ရွှင်ကြတယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို တည်ဆောက် လိုကြတယ်။ အိမ်ထောင်ရှင်တွေကလည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ကို ပိုင်ဆိုင်ချင်ကြတယ်။ သားတွေ သမီးတွေနဲ့ ပျော်စရာကောင်းတဲ့ အိမ်ကလေး ထဲမှာ ရယ်ကာမောကာ၊ စားကာသောက်ကာ နေလိုကြတယ်။
မိဘတွေကလည်း ပျော်ရွှင်နေတဲ့ သားသမီးတွေရဲ့ မျက်နှာကို မြင်လို ကြတယ်။ ကိုယ်တိုင်လည်း ပျော်ရွှင်နေပြီး သားသမီးတွေကိုလည်း ကြည်ကြည် နူးနူးဖြစ်နေတာကို မျှော်လင့်ကြတယ်။
ဒါပေမဲ့ လူတိုင်းမပျော်ရွှင်ခဲ့ကြဘူး။ပျော်လိုက်ရရင်လည်း တစ်ခဏ အတွင်း ပြန်ပျောက်ကွယ်သွားတယ်။ ပျော်ရွှင်မှုကို ကြာကြာကြီး ထိန်းထားလို့ မရနိုင်ဘူး။ အိမ်တစ်အိမ်မှာ ပျော်ရွှင်မှုဆိုတာ ခဏအလည် လာရုံသက်သက်ပဲ။ နေအိမ်တည်မြဲနေသမျှကာလပတ်လုံး ပျော်ရွှင်မှုဆိုတာလည်း အမြဲလိုက်တည်မြဲ နေတာ မဟုတ်ပါဘူး။
လူတွေဟာ မွေးကတည်းက ပျော်ရွှင်ချင်လိုက်ကြတာ သေခါနီး ကာလအထိပါပဲ။ သေရတော့မယ်ဆိုတဲ့ အချိန်အခါ ကလေးမှာတောင် ပျော်ပျော် ကြီး သေသွားချင်တတ်ကြသေးတယ်။ ဒါဟာ လူ့သဘာဝပါပဲ။ ဒီတော့ ပျော်ရ ဖို့အရေး ဘဝကိုပေးဆပ်ကြတယ်။ ပိုက်ဆံတွေနဲ့ ပေးဝယ်ကြတယ်။ အခွင့်အရေး တွေကို အသုံးချကြတယ်။ စည်းစိမ်ဥစ္စာတွေကိုတောင် စွန့်လွှတ်လိုက်ကြတာတွေရှိတယ်။
ပျော်ရွှင်မှုတွေကို ဝယ်ယူလို့မရပါဘူး။ လုယူလို့ မရပါဘူး။ အတင်း တောင်းဆိုလို့လည်း မရဘူး။ ပျော်ကြဟေ့ဆိုပြီး အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး။
ပျော်ရွှင်မှုဆိုတာ စိတ်ခံစားချက်ကို အခြေခံပါတယ်။ ပျော်ရွှင်မှုဆိုတာ စိတ်လှုပ်ရှားချက်တစ်ရပ်လို့ စိတ်ပညာရှင်တွေက သတ်မှတ်ပါတယ်။ ပျော်ရွှင်မှု လို့ သိလိုက်ရတဲ့ အခိုက်အတန့်တွေဟာ တကယ်တော့ ပြန်ပျောက်ကွယ်သွားတော့မယ့် ခဏတာ ပျော်ရွှင်မှု အတုအယောင်တွေပါ။ ပျော်ရမလားလို့ လုပ် လိုက်တဲ့ အပြုအမူတစ်ခုဟာလည်း နောက်ဆုံးတော့ စိတ်ညစ်ကြေကွဲစရာတွေ၊ ဝမ်းနည်းဆုံးရှုံးရတာတွေနဲ့ ရင်ဆိုင်ကြရစမြဲပါ။
ဒီတော့ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုစစ်စစ်ကို ဘယ်မှာ ရှာရပါမလဲ။
အဲဒီအတွက်ပျော်ရွှင်မှုအစစ်အမှန်ကိုရှာချင်ရင် မိမိကိုယ်မှာ မိမိဘာသာ ပြန်ရှာခြင်းနည်းလမ်းကို ကျင့်သုံးမှသာရပေလိမ့်မယ်လို့ ဆိုချင်ပါတယ်။
ပျော်ရွှင်မှုရစေကြောင်း နည်းလမ်းကောင်းများလို့ ဆိုပြီး ရေးသား ကြတဲ့စာအုပ်တွေကတော့ အများအပြားရှိပါတယ်။ တစ်ကိုယ်တော်ပျော်ရွှင်ရေး၊ မိဘများပျော်ရွှင်ရေး၊ သားသမီးများပျော်ရွှင်ရေး၊ မိသားစုဘဝ ပျော်ရွှင်ရေး၊ပျော်ရွှင်သောပတ်ဝန်းကျင် တည်ဆောက်ရေး စသဖြင့်အကြောင်းရင်းခံတွေနဲ့ ရေးကြသားကြတာတွေ အများကြီးပါ။
ပျော်ရွှင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်ချင်သူတွေအတွက်ကို ပြောရမယ် ဆိုရင် ပျော်ရွှင်တဲ့ မိသားစုဖြစ်ရေးဟာ မိသားစုဝင်တွေဖြစ်တဲ့ မိဘနှစ်ဦး ကလည်း ပျော်ရွှင်ရေး အခြေခံသဘောတရား စိတ်ဓာတ်တွေထားနိုင်ဖို့ လိုသလို သားသမီးတွေကိုလည်း ပျော်ရွှင်အောင်နေတတ်ဖို့ စိတ်ထားတတ်ဖို့ သင်ကြား ညွှန်ပြပေးနိုင်ရပါမယ်။
ပျော်ရွှင်တဲ့မိသားစုဘဝ တည်ဆောက်နိုင်အောင် ညွှန်ပြနိုင်တဲ့ပျော်ရွှင် ရေးအကြောင်း ထောင့်စေ့အောင် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့ပါ တယ်။
မူရင်းစာရေးဆရာ ဒေါက်တာဒေးဗစ်နီဗန် David Niven, Ph.D ဖြစ်ပြီး The 100 Simple Secrets of Happy People လို့ သူ့စာအုပ်ကိုအမည်ပေးထားပါတယ်။ ဒီမူရင်းစာအုပ်ကို ဆရာကြည်ရွှန်းက “ပျော်ရွှင် ချမ်းသာ နည်းပေါင်း ၁ဝဝ” အမည်နဲ့ ဘာသာပြန်ဆို ထုတ်ဝေထားတာလည်း ရှိပါတယ်။
အခု စာအုပ်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအကြောင်းတွေ ကို စာအုပ်ထဲက ကောင်းနိုးရာရာအချက်တွေနဲ့ ကောက်နုတ်ပြီး ဆွေးနွေး ရေးသား တင်ပြပေးသွားပါမယ်။
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရေးဟာ စောစောကပြောခဲ့သလို ဝယ်ယူ လို့ တောင်းဆိုလို့ မရနိုင်တဲ့အရာဖြစ်တဲ့အတွက် မိမိတို့ စိတ်ခံစားချက်ထဲမှာ ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲဆိုတာ ရှာဖွေရပါမယ်။ ရှေ့အပတ်ကစပြီး တင်ပြမယ့် ဆောင်းပါးစဉ်ထဲမှာ ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ၊ စိတ်ထဲ ဘာတွေရှိနေရမလဲဆိုတာတွေ လေ့လာရပါလိမ့်မယ်။
အဲဒီအထဲကအချက်တွေကို အခြေခံပြီး လုပ်ဆောင်ကြည့်နိုင်ပါတယ်။ မိမိတို့ မိဘတွေ ပျော်စရာအချက်တွေ့ပြီဆိုရင် သားသမီးတွေကိုလည်း နည်းပေး လမ်းပြလုပ်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်စုလေး ဖြစ်လာပါလိမ့်မယ်။