Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်ရဲကြည်(လူငယ်) - သားသားတို့အရွယ်သူရဲကောင်းများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
၉ နှစ်သားအရွယ် ကဗျာသမား

          “ကလေး၊ မင်း... ဘယ်သူ့သားလဲကွဲ..”

          အဲဒီခေတ် အဲဒီအချိန်က လူငယ်ကလေးတစ်ယောက်၊ သူငယ်တစ် ယောက်ကို မသိရင်...

          “မင်းဘယ်သူလဲ” မမေးဘူး။

          ဘယ်သူ့သားလဲပဲ မေး တယ်။

 

          အခု အဲဒီလိုအမေးခံရတဲ့ ကလေးနှစ်ယောက်ဟာ တော်တော်ငယ်သေး တယ်။

          ခြောက်နှစ်သားအရွယ်ကလေးတွေပဲ။

          အဲဒီလိုမေးလိုက်တော့ ပထမ တစ်ယောက်က ဖြေလိုက်တယ်။

          “စာစပ်ကယ်ပလီ နှင်းဆီရဲ့ သား”

          “အလိုလေး... တယ်လာတဲ့လူပဲ”

          မေးမိသူ မျက်ခုံးပင့်တက်သွားတုန်းမှာ ဒုတိယကလေးကလည်း အားကျ မခံ ပြောလိုက်ပြန်တယ်။

          “တောင်မြောက်ကိုပြေး၊ ဒေါ်ဒွေးရဲ့ သား”

          “ဟား..ဟား..ဟား.. ဟုတ်လိုက်လေကွာ”

          ပျာယာပျာယာနဲ့ သွားလာတတ်တဲ့ မယ်ဒွေးရဲ့ပုံဟန်ကို ထင်းခန်၊ ကွင်းခနဲမြင်လိုက်တဲ့အတွက်၊ မျက်ရည်ထွက်မတတ် ရယ်မောနေရတယ်။ ကလေးနှစ်ယောက်ဟာ လုံချည် ကွင်းသိုင်းကိုကိုင်ပြီး နှပ်တရှုံ့ရှုံ့နဲ့ ပြေးထွက်သွားကြလေတော့တယ်။

 

          ကလေးနှစ်ယောက်နဲ့ လူကြီးဆုံမိတဲ့နေရာဟာ ကျောင်းပရိဝုဏ်တစ်ခုနဲ့ မနီးမဝေးမှာပဲ။ ကျောင်း ကတော့ ရတနာဗိမာန်ကျောင်းပေါ့။ မြို့ကတော့ တောင်တွင်းကြီးမြို့လေ။

 

          ဒီအချိန်မှာ ကျောင်းထိုင်သီတင်းသုံးနေတဲ့ ဆရာတော်ကတော့ နတ်မှီ ဆရာတော်လို့လည်း ခေါ်တဲ့ နတ်မီးလင်းဆရာတော် အရှင်သီလာစာရာဘိဓဇပါပဲ။ လူကြီးဟာ ဆရာတော်နဲ့ ရင်းနှီးဟန် တူပါတယ်။

 

          ဆရာတော်အရှေ့မှာ ရှိခိုးဦးချပြီးတဲ့နောက် စောစောကအကြောင်းကို ရယ်မောပြီး လျှောက်ထား တယ်။

 

          “ဒကာကြီးတော့ ငညိုတို့ ဥက္ကာတို့နဲ့ တွေ့ လာပြီထင်တယ်”

          “ဘယ်လိုပါလဲ ဘုရား”

          “စာစပ်ကယ်ပလီ နှင်းဆီရဲ့ သားဆိုတဲ့ ကလေးက ဥက္ကာ ပေါ့ ၊ ဒကာကြီးရဲ့ ”

          “တော်တဲ့ကလေးပဲဘုရား”

          “မယ်ဒွေးရဲ့ သားဆိုတာက ငညိုလေ”

          “သူလည်း တော်တာပဲဘုရား”

           “ဒါ့ထက်ပိုပြီး တော်တာကိုကြားရရင် ဒကာကြီး ပိုပြီးအံ့သြသွားလိမ့်မယ်”

           “သိပါရစေဘုရား”

          ဆရာတော်ဟာ ချက်ချင်းမပြောနိုင်သေးဘဲ ထွေးခံကိုလှမ်းယူတယ်။

           ကွမ်းတံတွေးတွေကို ထွေး ပစ်လိုက်တယ်။

          မနှစ်တုန်းက နေ့တစ်နေ့မှာပေါ့ ၊ ကျုပ်ဟာ.. ဟိုဘက်က ကျောင်းကြီးအောက်မှာ တုံးလုံးလှဲရင်း စာကြည့်နေတယ်၊ အဲဒီလိုနေတုန်းမှာ ကလေးနှစ်ယောက်ရဲ့ အသံကြားရတယ်။

“ဘယ်လိုပါလိမ့်ဘုရား”

          “ဟေ့..ဟေ့...ဟောဒီတိုင်ထဲက '-အူး'လေး ရတယ်ကွတဲ့”

          “ဘယ်သူတွေလဲဘုရာ့”

          “နောက်တစ်ယောက်ကလည်း အားကျမခံဗျ။ ငါလည်းတိုင်ခြေရင်းက...-အဲ လေး ရတယ်ကွ တဲ့” ကျုပ် လှမ်းကြည့်လိုက်တော့ မိဒွေးရဲ့ သားနဲ့ မိနှင်းဆီရဲ့ သားပေါ့ ဒကာကြီးရာ”

 

          “ဆက်ပါဦးဘုရား”

 

          “တစ်ယောက်က လက်ထဲမှာ စူးကလေးတစ်ချောင်းကို ကိုင်ထားတယ်၊ တစ်ယောက်

          ကတော့ကျောက်ခဲကလေးကို ကိုင်ထားတယ်” ။

 

          “သူတို့အသက်က ဘယ်လောက်ရှိပြီလဲဘုရား”

          “ဘာရှိဦးမှာလဲ ဒကာရယ်၊ သင်းတို့ကို ကျောင်းလာအပ်တုန်းက ခုနစ်နှစ်သားဆိုတော့...

 

          အခုရှိလှ.. ကိုးနှစ်ပေါ့”

 

          “တော်တဲ့ကလေးတွေပါပဲဘုရား”

 

          “မြန်မာသက္ကရာဇ် ၈ဝဝ ပြည့်နှစ်၊ မိုးညှင်းဆရာတော်ဘုရားကြီး လက်ထက်မှာ တဘောင်ပေါ် တယ်တဲ့။ တဘောင်ဆိုတာ ကြိုတင်ဟောကိန်းထုတ်တဲ့စကား၊ ခန့်မှန်းချက်စကားလို့ ခေါ်ရမယ် ထင်ပါတယ်” ။

          “တဘောင်က... ပေလေးပင်၊ ရှင်လေးပါးပေါ်လိမ့်မယ်တဲ့။ ဒါဘဲ”

          ဒီတဘောင်ကိုပဲ တောင်တွင်းကြီးမြို့နယ်တစ်ဝိုက်မှာ အမျိုးမျိုးအဓိပ္ပာယ် ကောက်နေခဲ့ကြတယ်။ အကောင်းမြင်သူတို့က အကောင်းဘက်ကို ဆွဲပြောသလို အကောင်းမမြင်တဲ့ လူတွေကလည်း တစ်မျိုး ပြောကြတယ်ပေါ့။

          အဲ့ဒီလိုနဲ့ ဟိုလိုဖြစ်နိုးနိုး.. ဒီလိုဖြစ်နိုးနိုး၊ ပြောဆိုနေလာလိုက်ကြတာ ၁၅ နှစ်ကြာသွားမှ အကောင်အထည်ပေါ်လာတယ်။

          တောင်တွင်းကြီးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့လုလင်ရွာမှာ “ပေစို့ကြီး နှစ်စို့ ပေါ်လာတယ်။ သတိုးထမ်းရွာမှာတစ်စို့ ၊ မန်ကျည်းယောင်ရွာမှာလည်း တစ်စို့ပေါ်သေးတယ်။ စုစုပေါင်းလေးစို့။

          ပေပင်များဟာ သီးခါနီးရင် အလက်တွေဘေးပြန့်သွားပြီး ပင်စည်ထိပ် တည့်တည့်က ဘုလုံးကြီး ပေါ်လာလေ့ရှိတယ်။ ဒီအခါမှာ ပေပင်ဟာ အလွန်မြင့်နေပြီလေ။ အောက်ကမြင်နေရတာ အစို့ အညှောက်ကြီးနဲ့တူလို့ ‘ပေစို့”လို့ခေါ်တာပဲ။

          ဒါပေမဲ့ ထူးခြားတာက ဒီရွာသုံးရွာက ပေပင်လေးပင်ဟာ ထွက်ချိန် မတန်သေးတဲ့ ပေပင်အငယ် လေးတွေပဲတဲ့။ ပေစို့ကြီးလေးစို့ ပေါ်လာတော့ လူတွေဝမ်းသာကြတယ်။

          “ပေလေးပင် မှန်သွားပြီဟေ့။ ရှင်လေးပါးပဲ ကျန်တော့တယ်” ။

          ဟုတ်ပါတယ်။ ရှင်လေးပါးလည်း တိုက်ဆိုင်စွာပဲ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါတွေကတော့ ဒီလိုပါလေ...

          ဒီသက္ကရာဇ် ၈၁၅ခုနှစ် အတွင်းမှာပဲ ရှင်လေးပါး အပါအဝင်ဖြစ်တဲ့ ရှင်ဥတ္တမကျော် လောင်းလျာကို မြို့လုလင်ရွာ အရှေ့ပိုင်းမှာ မွေးဖွားတယ်။ မိဘအမည်က ဦးသောကြာ၊ ဒေါ်နှင်းဆီတဲ့။

          ဒီနေ့ဒီရက်မှာပဲ သတိုးထမ်းရွာမှာ တစ်ယောက်ဖွားမြင်တယ်။ သူက ရှင်အုန်းညို၊ လောင်းလျာ ကလေးပေါ့...

          ခြောက်ရက်ကြာသွားတဲ့အခါကျတော့မှ မြို့လုလင်မှာ တစ်ယောက် ထပ်မံမွေးဖွားပြန်တယ်။ ရွာအရှေ့ပိုင်းက အသည်မျိုးဦးကြည်၊ ဒေါ်ထွေးတို့ အိမ်မှာ ...

          ဒေါ်ထွေးက ဖွားမြင်တဲ့ကလေးဟာ “သဒ္ဒါတွင် ရှင်မဟာကစ္စည်း၊ ကဗျာတွင် ရှင်မဟာသီလဝံသ တည်း”လို့ ဥဒါန်းတွင်ရတဲ့ ရှင်မဟာသီလဝံသ အလောင်းအလျာပဲ၊ နံတော်သောကြာသား ဖြစ်ပေမဲ့ နာမည်ကတော့ မောင်ညို။

          မောင်ညိုကိုဖွားမြင်ပြီးမှ၊ စတုတ္ထရှင်တစ်ပါးကို ဖွားမြင်ပြန်တယ်။ မကျည်းယောင်ရွာမှာလေ၊

          ရှင်ခေမာလောင်းလျာပေါ့..

          ရှင်လေးပါးလောင်းလျာတွေဟာ ရွာချင်းမဝေး၊ အသက်ချင်းမကွာပေမဲ့ မောင်ညိုနဲ့ မောင်ဥက္ကာ ပဲ တစ်ကျောင်းတည်းနေတယ်၊ တစ်ဆရာတည်းကျတယ်။ အစမှာတော့ ကလေးနှစ်ယောက်ဟာ ပိန်မသာ လိန်မသာပဲ။

          ကြာလာတဲ့အခါကျတော့မှ မောင်ညိုက ပိုသာလာတာကိုး။

          တစ်ခါမှာတော့ ကျောင်းနားက သစ်ပင်သစ်ခေါင်းတွေမှာ အောက်ချင်းငှက်ကလေးတွေ ပေါက် လာတယ်။ အစာရှာသွားတဲ့ မိခင်၊ဖခင်ပြန်လာရင် တကျီကျီအော်ပြီး အစာတောင်းတယ်။ ဒါကိုမြင်တဲ့ ဦးပဉ္စင်းတွေက အပျင်းပြေ စာစပ်ကြသတဲ့။

          အောက်ချင်းရင်သွေး၊ ဥကမွေးသည်။

          ကွေးလေးနုနယ်၊ သနားဖွယ်။ “မဟုတ်ဘူးဘုရာ့.. ငှက်မကြီးကမွေးတဲ့ ဥကပေါက်တာပါဘုရား”

          ၁၅ နှစ်ရောက်နေတဲ့ မောင်ညိုဟာ သာမဏေလေး ဖြစ်လာတော့ ပြောရဲဆိုရဲလာပြီ။ သူ့ အကြောင်းသိထားတဲ့ ဦးပဉ္စင်းတွေကလည်း မငေါက်ရဲဘူး။ “မဟုတ်ရင်လည်း ဟုတ်တာကို မောင်ရှင်ဆိုပြလေ”

          အောက်ချင်းရင်အောက်၊ ဥကပေါက်သည်။

          တောင်ရောက်နုနယ်၊ သနားဖွယ်။ “တော်ပါပေတယ် မောင်ရှင်၊ တော်ပါပေတယ်”

          ပဉ္စင်းတွေဟာ ၁၅ နှစ်သား သာမဏေငယ်ကလေးကို ခေါင်းပုတ်ပြီး ချီးကျူးကြတယ်။ ကျော ပွတ်ပြီး ချီးကျူးကြတယ်။

          ကိုရင်ညိုဟာ မြန်မာသက္ကရာဇ် ၈၃၅ ခုနှစ်မှာ ရဟန်းအဖြစ်ကို ရောက်တော်မူတယ်။ ရဟန်း ဘွဲ့တော်က ရှင်သီလဝံသ”

          ရှင်သီလဝံသဟာ သက်တော် ၃၈ ဝါတော် ၁၈ ဝါအရမှာ ပျို့တစ်ဆူ ကို ဦးစွာစပ်ဆိုတော်မူတယ်။ အဲဒီပျို့ဟာ “ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က” အစချီတဲ့ ပါရမီတော်ခန်းပျို့။ “ပါရမီမသီနဲ့” လို့ အမှာ အထားပြုရတဲ့ ပါရမီတော်ခန်းပျို့ပဲ။ ဘာကြောင့် ပါရမီမသီရမှာလဲ။

          တော်ရုံတန်ရုံပုဂ္ဂိုလ် နားမလည်လို့ပဲ။ ပိဋကတ်သုံးပုံကို ထုံးလိုခြေ ရေလိုနှောက်ပြီး ရေးစပ်တဲ့ပျို့ ဖြစ်တဲ့အတွက် အလွန်နက်နဲတယ်။ အလွန်ခက်ခဲတယ်၊ အလွန်သိမ်မွေ့တယ်။

          အရေးအသား အစပ်အဟပ်ကလည်း ကျစ်လျစ်သိပ်သည်းတယ်။ ပညာရှင်ကြီးတွေ အားလုံးက ကောင်းချီးပေးရလောက်အောင် ကောင်းတယ်တဲ့။ ဒါပေမဲ့ အရှင်သီလဝံသဟာ ဒါလောက်နဲ့ မတင်း တိမ်ဘူး၊ မကျေနပ်ဘူး။

          နေပြည်တော်မှာ စိုးစံနေတဲ့ ဒုတိယမင်းခေါင်ဟာ ကိုယ်တိုင်လည်း ပညာရှိတယ်။ ပညာရှိတွေ ကိုလည်း လေးစားချီးမြှောက်တယ်လို့ ကြားထားရတယ်။ ဒါကြောင့် ပါရမီတော်ခန်းပျို့ ကို ဒီဘုရင် ဘာပြောမလဲ သိချင်တယ်။ မင်းနေပြည်တော် ဆိုတော့လည်း ပညာရှိမျိုးစုံပေါတယ်။ အဲဒီမှာ ပညာ ဆည်းပူးချင်တယ်။

          ဒီရည်ရွယ်ချက်တွေနဲ့ ရှင်သီလဝံသဟာ ဆရာ့ထံခွင့်ပန်တယ်။ တစ်ကြိမ်မရ၊ နှစ်ကြိမ်မရပေမဲ့ သုံးကြိမ်မှာတော့ အခွင့်အရေးရတယ်။ ဒါလောက် ဆန္ဒပြင်းပြနေတဲ့ တပည့်ကို ဆရာကလည်း ဆက်ပြီး မတားတော့ဘူး။

          ရှင်သီလဝံသဟာ စာပလွေရင်မှာပိုက်ပြီး ပညာရှိပေါ်တဲ့ မင်းနေပြည် ရတနာပူရကို ကြွခဲ့တယ်။ မင်းနေပြည်မှာရှိတဲ့ သိင်ယိဒ္ဓိဆရာတော်ဟာ ဒီသတင်းကိုကြားတယ်၊ တပည့် ရှင်မဟာရဌသာရကို လွှတ်လိုက်တယ်။

          “တောင်တွင်းက ရှင်သီလဝံသအကျော် ရောက်ရှိတော်မူတယ်ကြားတယ်။ မောင်ပဉ္စင်း စုံစမ်းချေစမ်း”

          အရှင်ဟာ နေပြည်တော်ရောက်ပြီး မကြာခင်မှာ ဘုရင်နဲ့ အဆက်အသွယ်ရတယ်။ မေတ္တာစား ဧကပိုဒ်ရတုတစ်ပုဒ်ရယ်၊ ပါရမီတော်ခန်းပျို့ရယ် ရှင့်ဘုရင့်လက်ထဲ ရောက်အောင်ပို့လိုက်တယ်။

          ဒုတိယမင်းခေါင် ဘုရင်မင်းမြတ်ဟာ ပါရမီတော်ခန်းပျို့ကို အင်မတန်နှစ်သက်တယ်။ ကြည်ညို မြတ်နိုးတယ်၊ ရွှေနန်းတော်တွင်း စာပွဲသဘင်တွေမှာ ဖတ်ကြားခိုင်းတယ်၊ ကြားနာရသူတိုင်းဟာ သာဓုခေါ်ကြတယ်။

          ဘုရင်မင်းတရားကြီးဟာ စာကိုကြည်ညိုတဲ့အတွက် စာပြုစာဆိုပုဂ္ဂိုလ် ရှင်သီလဝံသကိုလည်း ကိုးကွယ်ချီးမြှောက်တယ်။ စစ်ကိုင်းဘက်ထူပါရုံစေတီတော်ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ ရတနာ့ ဗိမာန်ကျောင်းတော်ကို လှူဒါန်းဆက်ကပ်တယ်။ သီလဝံသာဘိဓဇမဟာဓမ္မရာဇဂုရုဘွဲ့တံဆိပ်ကို လည်း ကပ်လှူတယ်။

          ပါရမီတော်ခန်းပျို့ရဲ့ နောက်ဆက်တွဲ ဆုတောင်းခန်းပျို့ကိုတော့ သုံးရက်တည်းနဲ့ အပြီးစပ်ဆို တော်မူတယ်။ ဘုရင်ကိုးကွယ်တဲ့ ဆရာတော်ဖြစ်လာတဲ့ အခါမှာတော့ ဘွဲ့တော်ဟာလည်း အရှင်မဟာသီလဝံသ ဖြစ်လာတာပေါ့လေ။

          မြန်မာစကားပြေဝတ္ထုတို့ရဲ့ အဦးဆုံးဝတ္ထု အဟောင်းဆုံးဝတ္ထုဖြစ်တဲ့ “ပါရာယန' ကိုလည်း ရှင်မဟာသီလဝံသပ် ရေးသားပြုစုတော်မူတယ်။ သက္ကရာဇ်ကတော့ ရွှေနန်းကြော့ရှင် ဘုရင်နရပတိ လက်ထက် ၈၆၃ ခုနှစ် ဖြစ်ပါတယ်။

          သက္ကရာဇ် ၈၈၀ ပြည့်နှစ် သက်တော် ၆၅၊ ဝါတော် ၄၅ ဝါမှာ ခန္ဓာရုပ်သိမ်း၊ ချုပ်ငြိမ်းပျံလွန် တော်မူတယ်။

ဆရာတော်ရဲ့ စာတော်စာရင်း

၁။ ပါရမီတော်ခန်းပျို့