မောင်ယုပိုင် - စက်ရုပ်အက
ရှေးသရောအခါ ယနေ့ ပုဂံပြည်မှတ်တမ်း
မြို့ပြကနေ မော်တော်ကားနဲ့သွားလို့ရတဲ့ ၁၁ ရာစု။ လက်နဲ့ပွတ်သပ်ကြည့်လို့ရတဲ့ ဒဏ္ဍာရီ။ ငါ ဖုန်ထူထူမြေသားလမ်းအတိုင်း ဖိနပ်ချွတ်ပြီး လျှောက်လာ ဒီနေရာက ကျောက်ပြားတွေနင်းရတာ မျိုးနွယ်စုတွေနေအိမ်ရောက်သလိုနွေးထွေး။
လျှို့ဝှက်တဲ့ ဂူပေါက်လေးထဲဝင် မမျှော်လင့်ဘဲပေါ်လာတဲ့ လမ်းလေးအတိုင်းလျှောက်လာ မထင်မှတ်တဲ့လှေကားထစ်လေးအတိုင်းဆင်းသွားရင် ရာစုများစွာတိုင် မပျောက်မပျက်သယ်ဆောင်လာတဲ့ သူတို့ခေတ်က အလင်းနဲ့တွေ့ရမယ်။ အဲဒီမှာရှိတဲ့ အလုံပိတ်ဂူထဲက မပျော်ရွှင်တဲ့ဘုရားတဆူကို ရာစုများစွာ မိုင်များစွာဝေးကွာတဲ့ ကျွန်းတစ်ကျွန်းပေါ်
ငါပြန်ရောက်တဲ့အထိ မြင်နေရဆဲပဲ။ အဲဒီမှာ ထိုင်နေဆဲ ကိုယ်လက်မစုံတော့တဲ့ ဗုဒ္ဓတပါးကိုလည်း ကမ္ဘာ့ဘယ်အရပ်ကဖြစ်ဖြစ် လှမ်းမြင်နိုင်တယ်။ တခြမ်းပဲ့နေတဲ့ ရှေးဟောင်းစေတီတဆူဟာ ညရှစ်နာရီပြည်တွင်းသတင်းမှာ လွင့်ဖို့ တည်တဲ့ စေတီအသစ်စက်စက်တဆူထက် ငါ့ကို ယုံကြည်သက်ဝင်မှု ပိုဖြစ်စေတယ်။
ဒီမြေတစ်ဝိုက်မှာတွေ့ရတဲ့ အသားညိုညို သနပ်ခါးပါးကွက်ကျားနဲ့ ကလေးတွေဟာ အကောင်းဆုံးမြန်မာမော်ဒယ်လ်တွေပဲ။
ဘယ်အသက်အရွယ် ဘယ်အချိန်ပြန်ကြည့်ကြည့် အမြဲတမ်း “ဝါကြန့်အမှတ်ရမှုကာလ” effect ကိုရစေတဲ့ ဓာတ်ပုံတွေ အဲဒီမှာ ရနိုင် ရိုက်နိုင်တယ်။ ငလျင်က သူ့ကို ဖြတ်သွားတာမဟုတ်ဘူး ခေတ်အဆက်ဆက်ကို ကျော်ဖြတ်နေသူတို့ ကြုံဆုံရတတ်တာတွေထဲက တစ်ခုပေါ့
ပုဂံဟာ ထပ်ပြိုပျက်ဖို့မရှိ။ ။
၂၈၊ သြဂုတ်၊ ၂၀၁၆။