မောင်ယဥ်နွယ် - လက်တွေ့အသုံး၀င်ရိုးရာဆေးပင်နှင့်ဆေးနည်းများ
ကရမက်
“နံ့သာဖြူ အကျော်ဖက်ပါလို့
သည်အငူ မော်အထက်မှာလ
ပျော်ကရမက်ကယ်က
မွှေးလှတယ်။
ဂိန်အကူးပေမို့ ချိန်ဦးဝသန်မီလို့
ဟန်ချီချီ ပျံပုရစ်တွေက
ဖူးလှစ်စရွယ်”
ချစ်စဖွယ် ပုရစ်မယ်ရွက်နုကလေးများသည် နွေအကုန် မိုးအကူးတွင် ပွင့်တိုင်းဝယ် အလှတန်ဆာဆင်သကြလေပြီ။ သည်အချိန်တွင် နံ့သာဖြူ၊ အကျော်၊ ကရမက်စသော မွှေးနံ့သာပင်များသည် လေအပင့်တွင် လွှင့်၍ မွှေးလှ၏ဟူ၍ မြန်မာ့စာဆိုကျော်တို့က ဖွဲ့သီကုံးခဲ့သည်။ ‘ကရမက်' ဟူသောစကားမှာ “ပသျှူး” စကားဖြစ်သည်ဟုဆိုသည်။ ကရမက်ကို ဟိန္ဒူလူမျိုးတို့က “ကရဗ(တ်)” ဟုခေါ်ဆိုသည်။ အင်္ဂလိပ် အမည်အားဖြင့် 'Sandel Wood” အမွှေးနံ့သာ သစ်သားဟုခေါ်ဆိုပါသည်။
ကရမက်သည် ရှားပါးသောပစ္စည်းမဟုတ်၊ မြို့ကြီးပြကြီးမှ ကျေးလက် ဘောရွာအိမ်များတွင် ရှိနေကြပါသည်။ “မိန်းမတို့အသက် ကရမက်” ဟူ၍ပင် တင်စားကာ မြန်မာအမျိုးသမီးများ အမြတ်တနိုး ဆေးဖက်ဝင်ပစ္စည်းအဖြစ် လိမ်းခြယ်ကြောင်းကို ဖော်ညွှန်းပြသနေပါသည်။
ကရမက်သည် မြန်မာတို့အသုံးများလှသည့် နံ့သာနီ၊ နံ့သာဖြူ၊ အကျော် စမ္မါ၊ ကရမက်” စသော နံ့သာမျိုးငါးပါးတွင် အပါအဝင်ဖြစ်သည်။ ကရမက်ကို မြန်မာတို့သည် အမွှေးနံ့သာအဖြစ်သာ သွေး၍လိမ်းခြယ်ရုံမက ဆေးဝါးအဖြစ်လည်း အသုံးပြုကြလေသည်။
ကရမက်ကို အထူးသဖြင့် နှလုံးကို ငြိမ်အေးစေသော သွေးဆေးများ တွင်လည်းကောင်း၊ ဆေးတစ်မည်အဖြစ် ထည့်သွင်းဖော်စပ် အသုံးပြုကြသည်။ အထူးသဖြင့် ကရမက်ကို အခြားသော ဆေးများနှင့်တွဲဖက်၍ ရေလဲအမျိုး မျိုးနှင့် သုံးစွဲသည်ကို တွေ့ရသည်။
ကရမက်နှစ်မျိုး
ကရမက်တွင် မြိတ်ကရမက်၊ တောင်ကရမက်ဟူ၍ နှစ်မျိုးရှိလေသည်။ နှစ်မျိုးစလုံးပင် အနံ့မွှေးကြသော်လည်း ရုက္ခဗေဒအလိုအရမူ မျိုးချင်းမတူပေ။ မြိတ်ကရမက်မှာ အပင်ကြီးမျိုးဖြစ်၍ တောင်ကရမက်မှာ အပင်လတ်မျိုးဖြစ်သည်။ အဆိုပါ ကရမက်နှစ်မျိုးစလုံးသည် မြန်မာနိုင်ငံ၌ ပေါက်ရောက်သည်။တနင်္သာရီတိုင်းတွင် မြောက်မြားစွာ ပေါက်ရောက်လျက်ရှိသည်။
မြိတ်ကရမက်
ကရမက်ပင်သည် ပေလေးဆယ်ကျော်ခန့်ရှိသည်။ အရွက်များမှာ ကြီးမား၍ ရွက်လွှဲထွက်သည်။ အရွက်မှာ ပြား၍ ကြီးသည်။ ရွက်ထောင့်များငယ် ထောင့်ခွန်းများပါသည်။ ထီးပုံသဏ္ဌာန်ရှိသည်။ ရွက်ကြောများထင်ရှား သည်။ အရွက်၏အောက်ဝယ် အမွှေးနုပါးပါးကလေးများ ပါသည်။ ကရမက် ပွင့်မှာ ရှည်၍ ညိုဝါရောင်ရှိသည်။ အေးသောညအခါ၌ ပို၍မွေးသည်။ ကရမက်ပွင့်သည် ခရေပွင့်ကဲ့သို့ ခြောက်သွားသော်လည်း အမွှေးနံ့မှာ အမြဲ သင်းလေသည်။ ကရမက်သီးသည် အတောင်ပါအသီးဖြစ်၍ အစေ့တစ်စေ့ ပါသည်။
တောင်ကရမက်
တောင်ကရမက်မျိုးတွင် “စန္ဒဝါပင်” ခေါ် “မှိုက်ခြောက်ပင်” “မြိတ်ပင်” “မှတ်ကျောက်ပင်” ဟူ၍ မျိုးကွဲများရှိလေသည်။ အသားအနံ့မှာမွှေးသည်။ အပင်၏အပွေးသည် အညိုနုရောင်ဖြစ်လျက် ကြွေကျသောအခါ မညီမညာသော အဖတ်အပြားကြီးလိုက် ကွာကျသည်။ အရွက်နုသောအခါ ကတ္တီပါမွေးများဖြင့် ဖုံးလျက်ရှိသော်လည်း ရင့်သောအခါမူ အမွေးအမှင်မရှိ ချေ။ သို့သော် အကြေးအဖြူကလေးများကို အရွက်တို့၏အပေါ်ဘက်တွင်တွေ့နိုင်သည်။ ငါးလက်မမှ ဆယ်လက်မအထိရှည်သည်။ အညှာသည်တစ်လက်မမှ နှစ်လက်မအထိရှိသည်။ အသီးသည် ပွင့်ခံခွက်သို့မဟုတ်ပွင့်ချပ်ခွက်တွင် တစ်ဝက်မြုပ်၍ သီးလေသည်။
တောင်ကရမက်၏ အသားအရောင်မှာ ညိုညစ်ညစ်ပင်ရှိသည်။ သို့ရာ တွင် မြိတ်ကရမက်ထက် အရောင်ဖျော့တော့ကာ နံ့သာဖြူရောင်ကဲ့သို့ရှိသောကြောင့် “နံ့သာဖြူကရမက်” ဟူ၍လည်း ခေါ်ကြသေးသည်။ တောင်ကရမက်၏ အသားမှာ “ခါးသက်၍ ချို၏ အေး၏" ဝိပါက၌ စပ်၏။ ဂုဏ်နှင့်ရသာမှာ မြိတ်ကရမက်ကဲ့သို့ပင်ဖြစ်သည်။
ဆေးဖက်ဝင်ကရမက်
မြိတ်ကရမက်၏အသားရောင်မှာ ညိုညစ်ညစ်ရှိသည်။ လိပ်သည်း ကရမက်ဟူ၍လည်း တချို့ကခေါ်ကြသေးသည်။ ထိုကရမက်သားကို သွေး၍လိမ်းထားလျှင် ရနံ့မှာ တသင်းသင်း စွဲကျန်ရစ်နေသဖြင့် “ရေချိုးခံကရမက်”ဟူ၍လည်း အချို့ကခေါ်ကြသည်။
အထက်ပါ ကရမက်နှစ်မျိုးတွင် အသားညိုသော မြိတ်ကရမက်က တောင်ကရမက်ထက် ပို၍ဆေးဖက်ဝင်သည်ဟု မြန်မာ့သမားတော်ကြီးများ က ဆိုပေသည်။
ကရမက်သားထုတ်ယူခြင်း
ကရမက်သားကိုယူရာတွင် “လူသတ်၊ နတ်သတ်” ဟူ၍ နည်းနှစ်နည်းရှိသည်။ လူသတ်ဟူသည်မှာ တောတွင်း၌ ကရမက်ပင်များကို သင်းသတ်၍ ထားခဲ့လေသည်။ သင်းသတ်ပြီးသော ကရမက်ပင်ကြီးများကို သည်အတိုင်း တောထဲတွင် ပစ်ထားခဲ့ရလေသည်။ သုံးနှစ်ခန့်ရှိသောအခါမှ တော တွင်းသို့ တစ်ဖန်သွား၍ သင်းသတ်ခဲ့သော ကရမက်ပင်များကို လိုသော အရွယ်အစားများအတိုင်း ဖြတ်တောက်ယူရသည်။ ကရမက်သားသည် “ကြာလေ ဆွေးလေ မွှေးလေ” ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ကရမက်သားကို တောတွင်း၌ ပစ်ထားခဲ့ခြင်းဖြင့် အသားမှာ တဖြည်းဖြည်း ရေဒဏ်၊နေဒဏ်တို့ကြောင့် ဆွေးမြေ့လာသည်။ ကရမက်သားမှာ ဆွေးမြေ့လာပါမှ ပို၍မွှေးလာသည်ဟု ဆိုသည်။“နတ်သတ်” အပင်ဟူသည်မှာ ကရမက်ပင်များ ကြီး၍ အိုပြီး သူ့ အလိုလို သေသွားခြင်းပင်ဖြစ်သည်။ ထိုအပင်များကို ရှာဖွေတွေ့လျှင် ပို၍ တန်ဖိုးရှိသည်။ အမွှေးနံ့ ပို၍စူးရှသည်ဟုဆိုသည်။
ဂုဏ်နှင့်အရသာ
မြိတ်ကရမက်နှင့် တောင်ကရမက်သားတို့သည် “ခါး၏၊ ချို၏။ ဖန်၏။ မွှေး၏” ထို့ကြောင့် လေ၊ သလိပ်၊ သည်းခြေနာများကို နိုင်သည်။ကရမက်သားတို့သည် “ဖန်၊ စပ်၊ ခါး” အရသာရှိသည်။ထို့ကြောင့် သည်းခြေနှင့် သလိပ်တို့ ငြိမ်းအေးစေ၏။ နည်းငယ်ပူသောကြောင့် လေကို ငြိမ်းစေ၏။
ရိုးရာဆေးနည်းများ
(၁) ပြည်တည်သောအနာဖြစ်လျှင် အနာကို ရေဖြင့်စင်ကြယ်စွာဆေး၍ကရမက်ကို နေ့စဉ်လိမ်းပေးပါ၊ အနာပျောက်မြန်သည်။
(၂)အရွယ်မရောက်သေးဘဲ ဆံပင်ဖြူခြင်း၊ ဆံပင်များ အထွေးလိုက်ကျွတ်ခြင်းများ ဖြစ်နေပါလျှင် ကရမက်ကိုသွေး၍ ဆားအနည်းငယ်ခတ်ပြီး အိပ်ရာဝင်ခါနီးတိုင်း ဟင်းခပ်ဇွန်းတစ်ဇွန်းသောက်ပေးပါ။ ဆံပင်ဖြူခြင်း၊ ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါသည်။
(၃)နှလုံးတုန်ရင်ခုန်သူများ၊သွေးပူရောဂါရှင်များကရမက်ကိုနေ့စဉ်ရေချိုးပြီးတိုင်းတစ်ကိုယ်လုံးသွေးလိမ်းပေးပါ။ ထို့နောက် ကရမက် သွေးရည်ကို ဟင်းခပ်ဇွန်းတစ်ဇွန်း နေ့စဉ်သောက်ပေးပါ။ ရောဂါဝေဒနာမှ သက်သာပျောက်ကင်းသွားပါမည်။
(၄)မိတ်ဖုကလေးများ၊ မိတ်ဖုကြီးများထွက်၍ ယားလျှင် ကရမက်ကိုဆားနှင့်သွေး၍ ရေချိုးပြီးတိုင်း တစ်ကိုယ်လုံးလိမ်းပေးပါ။ အပျောက်မြန်သည်။
(၅)အပြင်းဖျား၍ အပူကြီးလျှင် ကရမက်သွေးရည်နှင့် ကြက်ဟင်းခါးသတ္တုရည် (ရွက်စိမ်းရည်) နှစ်မျိုးတို့ကို ရောစပ်၍ မကြာခဏလိမ်း ပေးပါ။ (ဤသို့မလိမ်းပေးမီ လူနာကို ပထမဦးစွာ ထိုအရည်ဖြင့်တောက်ပေးပါ) ထို့နောက် အဝတ်ပါးပါးဖြင့် ခြုံ အုပ်ထားရသည်။ ကိုယ်ပူများ လျော့ကျသွားမည်ဖြစ်သည်။ ကြက်ဟင်းခါးရွက်စိမ်း ရည်မရလျှင် ဆန်ဆေးရည်ဖြင့်လည်း အသုံးပြုနိုင်သည်)