မောင်မြင့်မား(ဘိုကလေး) - အကျိုးပေးတဲ့ဟမ်းဖုန်းနှင့်အခြားပြဇာတ်များ
(၃) နှစ်
(တစ်ခန်းရပ်ပြဇာတ်)
ပါဝင်သရုပ်ဆောင်သူများ
ဦးထိပ်ခေါင် ။ ။ စာရေးဆရာ၊ အသက်(၆၀)ခန့်။
ဦးစိန်တလေး ။ ။ ကုန်သည်၊ အသက်(၅၀)ခန့်။
ဦးတိမ်လွှာ ။ ။ ကဗျာဆရာ၊ အသက်(၅၀)ခန့်။
ဦးရွှေဌေး ။ ။ ရပ်မိရပ်ဖလူကြီး၊ အသက်(၆၀)ခန့် ။
(လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် လာသောက်ကြသော အခြား မထင်မရှား ဇာတ်ဆောင်များ) ။
အချိန် ။ ။ နံနက်ခင်း ၊
နေရာ ။ ။ တစ်ခုသော လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း။
(အပြင်အဆင်) ။ ။ ရပ်ကွက်တစ်ခုအတွင်း စည်ကားသော လက်
ဖက်ရည်ဆိုင်တစ်ခုသဏ္ဌာန် ဖန်တီးထားရမည်။ စားပွဲများ၊ ဖင်ထိုင်ခုံများ၊ လက်ဖက်ရည်ဖျော်သောနေရာ၊ ငွေသိမ်း ကောင်တာ သူ့နေရာနှင့်သူ ရှိနေစေရမည်။
(ကားလိပ်ဖွင့်)
(လက်ဖက်ရည်ဆိုင်၏ စားပွဲခုံများတွင် လူများ ကျိုးတိုးကျဲတဲရှိနေ လျက် ထိပ်ဆုံးစားပွဲတစ်လုံးတွင် ဦးထိပ်ခေါင်၊ ဦးစိန်တလေး၊ ဦးတိမ်လွှာနှင့် ဦးရွှေဌေးတို့ထိုင်လျက် လက်ဖက်ရည် သောက်နေကြစေ။) ဦးတိမ်လွှာ ။ ။ (လက်ဖက်ရည်တစ်ငုံသောက်၍ ခွက်ကို ပြန်ချလိုက်ကာ) အခုတလော ဘယ်လိုတွေ ဖြစ်နေ သလဲ မသိပါဘူးဗျာ။
ဦးထိပ်ခေါင် ။ ။ (ရေနွေးကြမ်းသောက်လျက်) ဘာဖြစ်လို့လဲကွ။
ဦးတိမ်လွှာ ။ ။ မကြားဖူးတာတွေ ကြားကြားနေရလို့ပါ။
ဦးစိန်တလေး ။ ။ ပြောပါဦး။ ဘာကြားလို့လဲ။
ဦးတိမ်လွှာ ။ ။ ကျွန်တော်တို့ငယ်ငယ်က ဘာကိစ္စ၊ ဘာပြစ်မှုနဲ့ထောင်ကျကျ ထောင်ကထွက်လာရင်ထောင်ထွက် လို့အခေါ်ခံရရင် သိပ်အားငယ်ကြတာ။ အပြောမခံချင်ဘူး။ တချို့လူမိုက် တွေကတော့ အဲဒီလို အပြောခံရမှ လူတွေက သူ့ကို ကြောက်ကြမှာဆိုတော့ သူ့ကိုယ်သူတောင် ငါက ထောင်ထွက်ကွလို့ပြောတာ ကြားဖူး တယ်။ လူလိမ္မာတွေကတော့ မတော်တဆ ပြစ်မှုတစ်ခုကြောင့် ထောင်ကျ ရင်ထောင်ထွက်လို့ အပြောခံရမှာ အတော်ကြောက်ကြတယ်။
ဦးထိပ်ခေါင် ။ ။ အေးလေ..အခု ဘာဖြစ်လို့လဲ။
ဦးတိမ်လွှာ ။ ။ ဆရာတို့နဲ့ လယ်ဘယ်တန်းက ဆရာ မင်္ဂလာနိုင် အောင်မောင်းဆိုတဲ့ ဆရာကြီးနဲ့ သုံးလေးခါလောက် ဆုံဖူးတယ်။ သူက စကားပြောရင် ငါထောင်ထဲတုန်းက ဘယ်လိုကွ။ ငါထောင်ထဲမှာတုန်းက အပြင်မှာ ဘယ်လိုကွနဲ့ သူက ဂုဏ်ယူပြောနေတော့ ကျွန်တော်တို့လည်း သူနဲ့ ရွယ်တူမဟုတ်တော့ သူ့အကြောင်း သိပ်မသိ ဘူးပေါ့ဆရာ။ အရင်က သူထောင်ကျခဲ့တယ်ဆိုတာ တစ်ခါမှ သူမပြော ဖူးပါဘူး။
ဦးထိပ်ခေါင် ။ ။ (ရယ်လျက်) ဟုတ်လား။
ဦးတိမ်လွှာ ။ ။ သူ တကယ်ထောင်ကျဖူးလို့လား ဆရာ။
ဦးထိပ်ခေါင် ။ ။ အေး...ကျဖူးတယ်။ ဒါပေမဲ့ သူ ထောင်ကျတာက သူ တစ်ချိန်က သ/မဥက္ကဋ္ဌလုပ်ခဲ့တုန်းက သ/ မပိုင် ငွေတွေစားပြီး ထောင်ကျခဲ့တာကွ။ ထောင်ဝင်စာတွေ့တုန်းကတောင် သူ့မိန်းမနဲ့ ငါလိုက်သွားဖူးတယ်။ ဦးတိမ်လွှာ ။ ။ဒါများ ဆရာ ဂုဏ်ယူပြီးတော့ ပြောနေရသေးတယ်။
ဦးစိန်တလေး ။ ။ ကျုပ်မိတ်ဆွေ အနုပညာသမားတစ်ယောက်လည်းကြုံဖူးတယ်။ ကျုပ်က ငယ်ငယ်က အပေါင်းအသင်း တော်တော်စုံခဲ့တာ။ အဲဒီ အနုပညာသမားက တစ်ချိန်က ကျုပ်နဲ့ လည်ပင်း ဖက်နေကြတာ။ ရုပ်ကလည်းဖြောင့် အနုပညာလုပ်ငန်းကလည်း အောင် မြင်ဆိုတော့ ရွံတယ်ပေါ့ဗျာ။ အဲဒါ လည်လွန်းတော့ သူများမယား ကြာခို မိပြီး အမှုဖြစ်တော့ ထောင်ကျရော။ ထောင်ကထွက်လာတော့ ကျုပ်ဆီ လည်းမလာ၊ ရင်းနှီးတဲ့လူတွေဆီလည်း မသွား ရှက်လို့ နေမှာပေါ့ ဗျာ။ အခုတော့ သူ့အကြောင်း သတင်းကြားရပါတယ်။ စကားဝိုင်းမှာ သူထောင်ကျဖူးတဲ့အကြောင်း ပြောနေလိုက်တာ ထောင်ထဲမှာတုန်းကဆိုတာ ထပ်နေတာပဲတဲ့။ ကျုပ်တို့ ရှေ့တော့ လာမပြောပါဘူး။ သူ့အကြောင်း အဆင်းသိဆိုတော့..။
ဦးရွှေဌေး ။ ။ ဟုတ်ပါ့ ဗျာ။ ကျုပ်က ဒီရပ်ကွက်ထဲမှာနေတာ
အခု အသက်(၆၀)ကျော်အထိဆိုတော့ ဘယ်လူက ဘာဆိုတာ ၁ဝဝ မှာ ၉၀ လောက် ကျုပ်သိတယ်။ တခြား တစ်နေရာကပြောင်းလာတဲ့လူဆိုရင်တော့ သိပ်မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ စုံစမ်းရင်တော့ သိတာပါပဲ။ ဒီတစ်လမ်းကျော်က လမ်းမှာနေတဲ့ ငွေသိန်းဆိုတဲ့ကောင်ဟာ ငယ်ငယ်ကတည်းက အကျင့်မကောင်းဘူး။ အရက်၊ ဖဲ၊ မိန်းမစုံတယ်။ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး အကုန်လုပ်တယ်။ မိုက်လည်းမိုက်တယ်။ထောင်ထဲလည်း ထွက်လိုက် ဝင်လိုက်ပဲ။ ဒါပေမဲ့ သူထောင်ထွက်ဆိုတာ အရင်က တစ်ခါမှမပြောဘူး။ အားလုံးက သိနေတာပဲ။ မနေ့တစ်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာပြီးမှ သူထောင်ထွက်ဆိုတာ ပြောလိုက် တာ မိုးမွှန်နေတာပဲ။ ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲ မသိပါဘူး။
ဦးထိပ်ခေါင် ။ ။ ဟုတ်တယ်ဗျ။ ကျုပ်တို့နဲ့ ရင်းနှီးနေတဲ့ ဟို အာကာထိပ်ဖျားဆိုတဲ့ စာရေးဆရာကို ကိုတိမ်လွှာ သိတယ် မဟုတ်လား။
ဦးတိမ်လွှာ ။ ။သိတယ်။ သိတယ်။
ဦးထိပ်ခေါင် ။ ။ အရေးအခင်းတစ်ခုမှာ နောက်ကနေလိုက်ကြည့်ရင်း အဖမ်းခံရတဲ့အထဲမှာ သူပါသွားတယ်။ဒီလူက လူအေး၊ နိုင်ငံရေးဆိုတာ နားလည်တာ မဟုတ်ဘူး။ ရောယောင် ပြီးပါသွားတာ။ နှစ်လလောက်နေတော့ ဘာမှမဟုတ်လို့ ပြန်လွတ်လာ တယ်။ အဲဒီတုန်းက ငြိမ်နေတာပဲ။ သူအဖမ်းခံရတယ်ဆိုတာ သိတောင် မသိဘူး။ အခုတော့ဗျာ စာရေးဆရာတွေ မဆုံလိုက်နဲ့ ဆုံလိုက်ရင် သူထောင်ထဲမှာတုန်းက ဘယ်လို၊ ထောင်ထဲမှာ ဘယ်သူတွေနဲ့ နေခဲ့ရတာ၊ သူ့ကြောင့် ဘယ်သူတော့ သက်သာသွားတာ။ ရွှန်းရွှန်းကိုဝေနေတာပဲ။ သူထောင်ကျတာက နှစ်လတည်း။ ပြောမဆုံးတော့ဘူး။ ဦးစိန်တလေး ။ ။ ထောင်ကျတာများ ဂုဏ်ယူစရာ ပြောနေလိုက်တာ။ ထောင်ထဲမှာ နှိပ်စက်ခံရတာကျတော့ ဘယ်သူမှ မပြောဘူး။ ကဲ...ကဲ နောက်နေ့ ဆုံကြသေးတာပေါ့ ။ ထိုင်တာ လည်းကြာပြီ။ ရှင်းလိုက်ကြရအောင် (ဆိုင်တွင်းသို့ လှမ်းပြော) ရှင်းမယ်ဟေ့။
ဦးတိမ်လွှာ ။ ။ အေးဗျ.. ထောင်ကျပြီး ထောင်ထဲမှာ ဘယ်လိုဒုက္ခရောက်တာ၊ ဘယ်လိုခံစားရတာကျတော့ ရှက်လို့ မပြောကြဘူး။ ထောင်ကျတယ်ဆိုတာ...။
(စားပွဲထိုးလူငယ်တစ်ယောက် အနားသို့လာရပ်စေ)
စားပွဲထိုးလူငယ် ။ ။ ရှင်းမှာလား ဆရာတို့..။
ဦးရွှေဌေး ။ ။ အေး...။ ။
စားပွဲထိုးလူငယ် ။ ။ဒါထက် စောစောက ဆရာတို့ ထောင်အကြောင်းပြောတာ ကြားလိုက်ပါတယ်။ ကျွန်တော်လည်း ထောင်ကျတာ သုံးနှစ်။ မကောင်းပါဘူး ဆရာတို့ရယ်။ ဒုက္ခရောက်ပါ တယ်။ အတော်စွန့်စားရတယ်။ အခုဆို ကလေးနှစ်ယောက်က ပါလာပြီ။ စဉ်းစားသာကြည့်တော့။
ဦးထိပ်ခေါင် ။ ။ဟ...မင်းက ဘယ်လိုထောင်ကျတာလဲ။ ဒီဆိုင်မှာမလုပ်ခင်ကလား။
စားပွဲထိုးလူငယ် ။ ။ မဟုတ်ဘူးလေ ဆရာ။ ဒီဆိုင်မှာ ကျွန်တော်လုပ်နေတာ (၅)နှစ်ရှိပြီ။
ဦးထိပ်ခေါင် ။ ။ ထောင်ကျတာက...။
စားပွဲထိုးလူငယ် ။ ။(၃)နှစ်။
ဦးထိပ်ခေါင် ။ ။ ဟာ...မင်းဟာက...။
စားပွဲထိုးလူငယ် ။ ။ အိမ်ထောင်ကျတာလေ ဆရာ။ (၃)နှစ်ရှိပြီ။ ဒုက္ခရောက်တယ်။
ဦးထိပ်ခေါင် ။ ။ (စိတ်တိုလျက်) တော်တော်...ရော့...ပိုက်ဆံ။သွားကြမယ်ဟေ့။
(ကားလိပ်ချ)