မောင်မြင့်ကြွယ် - မြင့်မားရာဆီ
ဤစာအုပ်၏မူရင်းအမည်မှာ Take The Stairs: 7 Steps to Achieving True Success ဖြစ်ပါသည်။
ကျွန်တော့်အနေနှင့် မြန်မာလိုပြန်ရသော် “လှေကားနှင့် တက်ကြ၊ စစ်မှန်သောအောင်မြင်မှုကို ရရှိစေမည့် လှေကားခုနစ်ထစ်” ဖြစ်ပါမည်။ စာဖတ်သူအနေနှင့် မိမိနှစ်သက်သလို၊ မြန်မာလိုဘာသာ ပြန်ကြည့်ကြပါ။ စာအုပ်အမည်တွင် လှေကားခုနစ်ထစ်ဟု ဖော်ပြထား သော်လည်း တင်စားချက်မျှသာ ဖြစ်ပါသည်။
လှေကားထစ်များအပေါ်သို့ ကိုယ်တိုင်နင်းတက်ရန် မဟုတ် ပါ။ ကိုယ်တိုင်စည်းကမ်းရှိစေမှု (Self-Disicipline) အတွက် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ရမည့်ကျင့်စဉ်များသာ ဖြစ်ပါသည်။
ဤစာအုပ်တွင် ကျွန်တော်က STAIR ကို လှေကားဟု သာမန်ဘာသာမပြန်ဘဲ ရိုးရိုးလှေကားဟု ပြန်ဆိုထားပါသည်။ ကျွန်တော်တို့သည် Lit ၊ သို့မဟုတ် Ekavator ကို ဓာတ်လှေကားဟု ဘာသာပြန်ဆိုခဲ့ကြပါသည်။ နောက်ပိုင်းတွင် Escalator ပေါ်ပေါက် လာသည့်အခါ စက်လှေကားဟု ပြန်ဆိုခဲ့ကြပါသည်။ ဤစာအုပ်တွင် Escalator ကို အသားပေး၍ ဖော်ပြထားပါသည်။
ယင်းကို စက်လှေကားဟု ဘာသာပြန်သည့်အခါ “လှေ ကား”ကိုလည်း ပို၍ ကွဲပြားခြားနားသွားစေရန်၊ ရိုးရိုးဆိုသည့် နာမ ဝိသေသနကို ရှေ့ထည့်၍ “ရိုးရိုးလှေကား”ဟု ရေးသားထားပါသည်။ စာဖတ်သူအနေနှင့် နှစ်သက်သလို ယူတော်မူကြပါရန် မေတ္တာရပ်ခံါသည်။
စာဖတ်သူတိုင်း “အာဂလူသား”များ ဖြစ်လာကြပါစေဟု ဆုတောင်းပါသည်။ အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်ကိုယ် ကိုးကွယ်ရာသာ ဖြစ်ပါသည်။ အောင်မြင်ကြပါစေ။
မောင်မြင့်ကြွယ်
၂၇-၅-၂၀၁၂
သင်မကြာသေးခင်က ရိုးရိုးလှေကားထစ်တစ်စင်းနှင့် စက်လှေကားတစ်စင်းတို့ကို ပြိုင်တူတွေ့ခဲ့ရစဉ်က ရိုးရိုးလှေကားကို အသုံးပြုခဲ့ပါသလား။ အကယ်၍ သင်သည် လူ ၉၅ရာခိုင်နှုန်းတွင် ပါဝင်သည်ဆိုပါက ရိုးရိုးလှေကားကို အသုံးပြုခဲ့ဖွယ်မရှိပါ။ လူအများ စုက ရိုးရိုးလှေကားကို မသုံးကြပါ။ အချိန်တိုင်း၊ အချိန်တိုင်း၌ ဖြတ်လမ်းများကိုသာ ရှာဖွေနေကြပါသည်။ ကျွန်ုပ်တို့အားလုံးအောင်မြင်လိုကြပါသည်။ ကျွန်ုပ်တို့အားလုံး ပျော်ရွှင်သောဘဝကို ရရှိလိုကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့က အမြဲတမ်းပင် လွယ်ကူသောနည်းလမ်းကို ရရှိလိုကြပါသည်။ ဘဝသည် ပို၍လွယ်ကူ ချောမွေ့လိမ့်မည် ဆိုသောမျှော်လင့်ချက်နှင့် “စက်လှေကား”ကို ရှာဖွေ လေ့ရှိကြပါသည်။ ကံဆိုးသည်မှာအရာရာကိုပို၍လွယ်ကူအောင်ရှာဖွေနေမှုကအမှန်တကယ်တွင်မူပို၍ဆိုးရွားသွားစေခဲ့ပါသည်။
အမေရိကန်လူမျိုးတွေ ကျရှုံးနေကြပါသည်။ ကျန်းမာရေး ဆိုင်ရာ ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စုမှ အရွယ် ရောက်သူ ၆၆ရာခိုင်နှုန်းသည် ရှိသင့်ရှိထိုက်သည်ထက် ကိုယ်အလေး ချိန် ပိုများနေကြပါသည်။ ၃၁ရာခိုင်နှုန်းကမူ အဝလွန်နေကြပါသည်။ ပထမအကြိမ် လက်ထပ်သူများ၏ကွာရှင်းမှုမှာ ၄၁ရာခိုင်နှုန်းရှိနေပြီး၊ ဒုတိယအကြိမ် လက်ထပ်သူများတွင်မူ ၆ဝရာခိုင်နှုန်းအထိ တိုးတက်နေခဲ့ပါသည်။ မကြာသေးခင်က ဒေဝါလီခံခွင့်ပြုပါရန် လျှောက်ထား သူပေါင်း ၈ဝဝ,ဝဝဝကျော် ရှိခဲ့ပါသည်။ ဆေးလိပ်သောက်သူများကမူ ၄၆.၆သန်းရှိနေပါသည်။
အဆိုပါ ပြဿနာတစ်ခုခုက သင့်ကိုထိခိုက်စေပါသလား
ကျွန်ုပ်ကိုမူ အသေအချာ ထိခိုက်နေစေပါသည်။ ကျွန်ုပ်ချစ်ခင်သော လူများကိုလည်း ထိခိုက်နေစေပါသည်။ တချို့သောပုဂ္ဂိုလ်များက အဆိုပါရွေးချယ်မှုများကို ယင်းတို့ကိုယ်တိုင် တမင်ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ကျွန်ုပ်တို့အများစု၏ ဘဝများကမူ ကျွန်ုပ်တို့၏ မူလရည်ရွယ်ချက်များနှင့် ချော်ထွက်သွားခဲ့ကြပါသည်။ လူအများ ကျဆုံးရှုံးနေကြပါသည်။ ကျွန်ုပ်၏စံနှုန်းအရ ကျဆုံးရှုံးနေခြင်းမဟုတ်ပါ။ ယင်းတို့၏ ကိုယ်ပိုင်စံနှုန်းများအရသာ ဖြစ်ကြပါသည်။
ဘဝ၏ သော့ချက်ကျသော နယ်ပယ်အများစုတွင် ကျွန်ုပ်တို့သည် “စံ”မမီဘဲ ရှိနေကြပါသည်။ ဤစိန်ခေါ်မှု များ၏ အချက်အချာကျသောကိစ္စမှာ ခေတ်သစ်ယဉ်ကျေးမှု၌ လျော့နည်းလာသော တန်ဖိုးတစ်ခုကြောင့် သို့မဟုတ် မိမိ ကိုယ်ကို စည်းကမ်းတကျ မနေထိုင်တတ်ကြတော့သောကြောင့်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် “ဥုံဖွ ချက်ချင်းချမ်းသာ ကြွယ်ဝလာစေသတည်း”ဆိုသော လူ့အသိုက်အဝန်း၌ နေထိုင်လျက်ရှိကြပါသည်။ ဤအသိုက်အဝန်းတွင် ခန္ဓာကိုယ်အလေး ချိန်ကို အမြန်ဆုံးလျှော့ချနိုင်သလို ၉၆ပါးဝေဒနာများကို ပျောက်ကင်းစေသော နတ်ဆေးလုံးများကိုလည်း ဆရာဝန်ထံမှတောင်းခံ၍ ရနိုင်ကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ “ဖြတ်လမ်းလူ့အဖွဲ့အစည်း”၌ နေထိုင်ရသည်မှာ မမြင်ရသော လူနေမှုစရိတ်များက ကြီးမားလွန်လှပါသည်။ကျွန်ုပ်တို့သည် ချက်ချင်းလက်ငင်း ကျေနပ်မှုရအောင် ဆောင်ရွက်နေမှုများက လူ့ကျင့်ဝတ်နှင့် ကိုက်ညီမှုရှိ သကဲ့သို့ထင်အောင် အခက်အခဲများကို အမြဲလိုပင် ရှောင်တိမ်း၍ရသည်ဟု ယုံကြည်လာအောင် ပုံစံသွင်းထားသည်ကို ခံကြရသူများလည်း ဖြစ်နေကြပါသည်။ ကျွန်ုပ်တို့သည် မည်သည့်စွန့်လွှတ်မှု အနစ်နာခံမှုများကိုမှ ပြုလုပ်လိုစိတ်မရှိကြပါ။ လူအများစုအနေနှင့်လည်း စွန့်လွှတ်အနစ်နာခံရန် မလိုအပ်ခဲ့ကြပါ။ ထို့အစား များပြားလှသော အနောက်တိုင်းမှ လူ့အဖွဲ့ အစည်းများသည် `စက်လှေကား” စိတ်နေစိတ်ထားကို မွေးမြူထားကြပါသည်။ ထိုစိတ်ထားမှာ မိမိလိုချင်သောပစ္စည်း များကို ပင်ပင်ပန်းပန်း အလုပ်မလုပ်ဘဲနှင့် ရစေဖို့ပင် ဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများနှင့် လူ့ဘဝတို့တွင်လည်း ဖြတ်လမ်းများ ရှိနေကြရသည်။
ပြဿနာမှာ “စက်လှေကား ပုံသေအတွေးအခေါ်”က ကျွန်ုပ်တို့၏ မိမိကိုယ်မိမိ ယုံကြည်မှုအား ခြေမွဖျက်စီးနေ သည့်အပြင် အမှန်တကယ်အောင်မြင်ရစေမည့် လုပ်ရပ်များကိုလည်း တုံ့ဆိုင်းရပ်တန့်နေစေခြင်းကြောင့်ပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံး အကြွေးတင်နေမှု၊ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေကြမှုနှင့် အီးရောအီးရော လုပ်နေကြမှုတို့အား တစ်ဦး တစ်ဦးက မသိဟန်ဆောင်နေကြသောကြောင့် အချင်းချင်း တာဝန်ခံမှုမရှိကြသလို ဖြစ်နေပြန်ပါသည်။ကျွန်ုပ်တို့က မည်သည့်အရာကိုမဆို ချက်ချင်းရယူလိုကြပါသည်။ ထိုက်တန်အောင် အလုပ်မလုပ်ဘဲနှင့် ရယူလိုကြပါသည်။ ကျွန်ုပ်တို့ သည် ညစာကို ပြီးစီးအောင် မစားရသေးခင်မှာပင် အချို့ပွဲလာချသည်ကို တွေ့ချင်နေကြပါသည်။ ကျွန်ုပ်တို့အားလုံးလိုလို သည် မိမိစလိုက် သောကိစ္စကို ပြီးစီးသည်အထိ အဆင်ပြေနေခဲ့သည်ဆိုပါက သို့မဟုတ် ပြီးပြည့်စုံစွာ ပျော်စရာကောင်းနေ သည် ဆိုပါတမူ ပြီးစီးသည်အထိ ဆောင်ရွက်ကြပေလိမ့်မည်။
ဥပမာ သင်သည် ဤစာအုပ်ကို ပြီးဆုံးသည်အထိ ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်ပေလိမ့်မည်။ အနည်းဆုံး အစမှအဆုံး အထိ ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်ပေလိမ့်မည်။ အကယ်၍သင်သည် ယနေ့ကမ္ဘာမှ လူအများစုနှင့် တူညီသည်ဆိုပါက သင့်ဘဝတွင် သင်သည် စာအုပ် ၅အုပ်အထိ အစမှအဆုံးထိ ဖတ်ဖြစ်မည်မဟုတ်ပါ။ အမေရိကမှ အဓိကရ စာအုပ် ထုတ်ဝေရေး ကုမ္ပဏီကြီးတစ်ခုက အဆိုအရ ဝယ်ယူသွားကြသော စာအုပ်များ၏ ၉၅ရာခိုင်းနှုန်းသည် မည်သည့်အခါကမှ ပြီးဆုံးအောင် ဖတ်ရှုသည်ကို မခံကြရဟု ဆိုပါသည်။ ယခုသင်သည် ဤနေရာအထိ ဖတ်ရှုနေသေးသည် ဆိုပါက ချီးကျူးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဝယ်ယူသွားသော စာအုပ်အားလုံး၏ ၇ဝရာခိုင်းနှုန်းသည် ဖွင့်၍ဖတ်ရှုသည်ကိုပင်မခံကြရဟု ဆိုပါသည်။
ကျွန်ုပ်တို့သည် စာအုပ်ကို ဖတ်ရှုမည့်အစား စာအုပ်အညွှန်းများကိုသာ ဖတ်ကြပါသည်။ အစားအသောက်ပုံစံကို ပြောင်းလဲပစ်မည့်အစား နောက်ဆုံးပေါ် ကျန်းမာရေးလေ့ကျင့်ခန်း အသစ်အဆန်းများနောက်သို့သာ လိုက်နေကြပါသည်။ ငွေကြေးသုံးစွဲရာတွင် စိစစ်၍ သုံးစွဲမည့်အစား ထီထိုးကြရသည်။ အကြွေးဝယ်ခွင့်ကတ်ပြားများကို အသုံးပြုနေကြပါသည်။
ပြောရမည် ဆိုပါက ကျွန်ုပ်တို့အားလုံးလိုလိုသည် “စက်လှေကား”ကို သုံးလို့ရနေမှတော့ ရိုးရိုးလှေကားနဲ့ ဘာဖြစ်လို့ ဆက်ရမှာလဲ” ဆိုသည့် လူစားမျိုးဖြစ်နေကြလေပြီ။ ။
ကျွန်ုပ်တို့အားလုံးလိုလိုက ဖြတ်လမ်းများကိုသာ လိုက်ရှာနေကြပါသည်။ ကျွန်ုပ်တို့ဆောင်ရွက်သမျှ အားလုံးလိုလို၌ပင် ရှာနေခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ အဓိကကျသော မီဒီယာအားလုံးလိုလိုမှ ဖြတ်လမ်းနည်းများကို ကြော်ငြာနေကြသောကြောင့် ကျွန်ုပ်တို့သည် မူလကတည်းကပင် “ဗူး သွင်းသည်ကို ခံနေကြရသူများ ဖြစ်နေကြပါသည်။ တစ်ရက်လျှင် ၄ မိနစ်နှစ်တည်းနှင့် ကိုယ်အလေးချိန် လျှော့ချနည်း” ဆိုသောကြော်ငြာကို မဂ္ဂဇင်းများ၌ ဖတ်နေကြရပါသည်။ “ဘာကိုမှ
လုပ်စရာမလိုဘဲ အောင်မြင်မှုအား မိမိထံ အလိုလိုရောက်လာအောင် ဆွဲဆောင်နည်း” ဆိုသောစာအုပ်များကို ကျွန်ုပ်တို့ ဝယ်ဖတ်နေကြပါသည်။
ငွေသန်းပေါင်းများစွာရနိုင်သော အခွင့်အရေးအတွက် သို့မဟုတ် ရုပ်မြင်သံကြား၌ နာမည်ကျော်သရုပ်ဆောင် ဖြစ်နိုင်ရေးအတွက် တခြားပုဂ္ဂိုလ်တစ်ယောက်၏ နောက်ကျောအား ဓားနှင့်ထိုးရန် ဝန်မလေးကြသော ကျွန်ုပ်တို့၏ မတော်လောဘကို စမ်းသပ်စစ်ဆေးသည့် ဗီဒီယိုဂိမ်းများ ရှိနေကြပါသည်။ မိမိတို့၏ ဘဝနယ်ပယ်အသီးသီးတွင် ပို၍သက်သောင့်သက်သာ နေထိုင်နိုင်စေရေးကို အကူအညီပေးမည့် ဆေးပြားများ၊ ဆေးလုံးများ၊ စာအုပ်များ၊ မဂ္ဂဇင်းများ ဆန်းဆန်းပြားပြား တီထွင်ထားသောပစ္စည်းများ စသည်တို့ကို ကျွန်ုပ်တို့အား ရောင်းချနေကြပါသည်။ ကျွန်ုပ်သည်လည်း “လျှို့ဝှက်ချက်”ကို လိုက်ရှာနေခဲ့သည့် လူတစ်ယောက်ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်တို့က ဘာကိုမှ ပင်ပင်ပန်းပန်း အလုပ်မလုပ်ဘဲ သူ့အလိုလိုရောက်ရှိလာစေမည့် အလွယ်နည်းကိုသာ လိုက်ရှာနေခဲ့ကြပါသည်။
ကျွန်ုပ်သည် အဆိုပါဂိမ်းများကို အလွန်နှစ်ခြိုက်မိခဲ့ပါသည်။ အဆိုပါ ဆေးပြား၊ ဆေးလုံးတချို့ကိုလည်း စမ်းကြည့်ခဲ့ဖူးပါသည်။ အောင်မြင်ရေးနှင့်ပတ်သက်သော စာအုပ်တချို့ ကိုလည်း ဝယ်၍ဖတ်ခဲ့ပါသည်။ သို့ရာတွင် တစ်ရက်၌ ကျွန်ုပ်အိပ်ရာမှ နိုးလာသောအခါ ဦးနှောက်ဆေးကြောထားသည်ကို ခံလိုက်ရသူကဲ့သို့ ခံစားလိုက်ရပါတော့သည်။ ဘယ့်ကြောင့်ဆိုသည်ကို မိမိကိုယ်တိုင် သဘောမပေါက်သော်လည်း ကျွန်ုပ်၏စိတ်ထဲ၌ အရာအားလုံး စည်းကမ်းလိုက်နာဖို့ လည်း မရှိ၊ အနစ်နာခံဖို့လည်း မရှိ အလုပ်လုပ်ဖို့ပင် မလိုဘဲ အစစအရာရာကို အလိုလိုရရှိလာနိုင်သည်ဟု ပြောင်းလဲ၍ တွေးတောစပြုနေမိသောကြောင့် ဖြစ်ပါသည်။
ဖြတ်လမ်းများကို အမြဲတမ်းရှာဖွေနေမှုနှင့် ပတ်သက်သောပြဿနာမှာ ကျွန်ုပ်တို့အများစုသည် အမေရိကန်အချစ် တော်များ ဖြစ်လာကြမည်မဟုတ်သလို၊ သန်းထီဆုကြီးလည်း ပေါက်ကြမည် မဟုတ်ပါ။ သင်၏ အသိမိတ်ဆွေများထဲတွင် လည်း ဟောလီဝုဒ်မှ နာမည်ကြီးသရုပ်ဆောင်များ၊ နာမည်ကျော် ဘတ်စကက်ဘော ကစားသမားများ၊ အိုလံပစ် ရွှေတံဆိပ်ဆု ရှင်များ ပါရှိနေကြမည် မဟုတ်ပါ။ ထို့ကြောင့် အကြီးအကျယ် နေ့ချင်းညချင်း အောင်မြင်မှုရရှိသွားကြသည် ဆိုသော ဇာတ်လမ်းတချို့ ရှိနေသည့်တိုင်အောင် ဘဝတွင် 'နေ့ချင်းညချင်းအောင်မြင်မှု ရရှိရေးအပေါ်၌ လောင်းကြေးထပ်၍ နေထိုင်ဖို့ဆိုသောကိစ္စမှာ မသင့်လျော်သည့် ပင်ဖြစ်ပါသည်။ ကျွန်ုပ်ကမူ မိမိဘဝ၏ အောင်မြင်မှုကို ကံတရားအတိုင်းပဲ ဟု ကံကို ပုံအပ်ထားရန် မရည်ရွယ်ပါ။ ကဲ ခင်ဗျားကရော ဘယ်လိုပါလဲ။